အန်လင်း၏တုံ့ပြန်ချက်
Vol. 77 Ch. 1077
အန်လင်းမှာ ထိတ်လန့်နေမိသည်။
သူသည် ဝံပုလွေအုပ်ထဲ ရောက်နေသော သိုးငယ်လေး တစ်ကောင်လိုပင်။
ဘယ်လိုလုပ်ရမလဲ......
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာနှင့် တီနာမှာ တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။
သင်းပျံ့သော ရနံ့တစ်ခုနှင့်အတူ အပြာရောင်ပုံရိပ်မှာ သူ့ရှေ့သို့ ရောက်လာသည်။
“ဆရာကြီးအန်လင်းကို ဘယ်သူမှ မထိကြနဲ့။”
လန်ရှောင်နီ အော်ဟစ်လိုက်သည်။
ဝိဥာဥ်ငါးကလန် မျိုးနွယ်စုဝင်တစ်ဦး ရယ်မောလိုက်သည်။
“မင်းသမီးလေးရယ် ကျွန်တော်တို့ထဲမှာ မင်းသမီးကို မဖိနှိပ်နိုင်တဲ့သူ မပါဘူးနော်။”
လန်ရှောင်နီသည် သူမအခြေအနေအား သဘောပေါက်သွားပြီးနောက် ရေခဲဓားတစ်လက် ဖန်ဆင်းကာ သူမလည်တိုင်တွင် ထောက်ထားလိုက်သည်။
“ဆရာကြီးအန်လင်းကို တစ်ခုခု လုပ်တာနဲ့ ငါ့ကိုယ်ငါ သတ်သေပစ်လိုက်မယ်။”
ထိုစကားကြောင့် အားလုံး တိတ်ဆိတ်သွားရသည်။
အန်လင်းသည်ပင် ကြောင်တောင်တောင် ဖြစ်သွားမိသည်။
လန်ရှောင်နီသည် ၎င်းတို့အား အနိုင်မတိုက်နိုင်ပါသော်လည်း သူမကိုယ်သူမ သတ်သေနိုင်သည်ပင်။
အနောက်ပင်လယ်၏ အနာဂတ် ဘုရင်မအား မည်သူကမှ သတ်သေစေချင်မည် မဟုတ်ပေ။
“နီလေး မင်းရူးသွားပြီလား။ ဓားကိုချထားလိုက်။”
လန်ရှင်းယန် အော်ဟစ်လိုက်သည်။
လန်ရှောင်နီမှာ ရေခဲဓားအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
“ဆရာကြီးအန်လင်းက သမီးကို ကယ်ခဲ့တာ။ သူသာမရှိရင် သမီး အသက်ရှင်နေတော့မှာတောင် မဟုတ်ဘူး။”
ဆုံးဖြတ်ချက် ပြတ်သားလွန်းသော လန်ရှောင်နီကြောင့် အားလုံး အခက်တွေ့ကုန်သည်။
၎င်းတို့အနေဖြင့် လန်ရှောင်နီ၏ အသက်အား အလောင်းအစား မလုပ်ရဲပေ။
“ဘုရားရေ.... ငကြောက်အစ်မတော်က ဘာဖြစ်သွားတာလဲ။ တစ်ခုခု ဝင်ပူးနေတာလား။”
လန်ရှောင်ဟွမ် မယုံကြည်နိုင်ပေ။
“ညီမတော်က အရင်တည်းက အဲ့လိုပဲလေ။ သူမ ဆုံးဖြတ်လိုက်ရင် ပြန်မပြင်တော့ဘူး။”
ချောမောခန့်ညားသော ရေသူထီးမှာ ခေါင်းခါလိုက်သည်။
လန်ရှောင်နီသည် အနောက်ပင်လယ်၏ အရေးကြီး ပုဂ္ဂိုလ်များအား ထိုကဲ့သို့ ဆန့်ကျင်လာမည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
ထိုအချိန်တွင် လက်တစ်စုံမှာ သူမလက်ပေါ် အုပ်မိုးလာသည်။
“ဓားကိုချလိုက်။ ငါ့လက်အောက်ငယ်သားကို အဲ့လိုလုပ်ခိုင်းပါ့မလား။”
လန်ရှောင်နီ အန်လင်းအား လှည့်ကြည့်လိုက်သည်။
“ဒါပေမယ့် ငါသာဓားချလိုက်ရင်....”
အန်လင်း စကားဆိုလိုက်သည်။
“ငါ့စကားကိုသာ နားထောင်ပါ။”
လန်ရှောင်နီ တိတ်တဆိတ်ပင် ဓားအားချလိုက်သည်။
သမီးဖြစ်သူမှာ သူစိမ်းတစ်ယောက်၏ စကားအား ပိုမိုနာခံမှု ရှိနေသောကြောင့် လန်ရှင်းယန် ဒေါသထွက်သွားရသည်။
ကုယွီ ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် မျိုးနွယ်စု လျှို့ဝှက်ချက်ကို အန်လင်းက ယူလာပေးတာဆိုတော့ သူကငါတို့ရဲ့ ကျေးဇူးရှင်ပဲ။ အဲ့ဒါကြောင့် အသုံးမဝင်တော့ဘူးဆိုပြီး ရှင်းထုတ်ပစ်လိုက်လို့ မရဘူး။”
အာမေဋိတ်သံများ ထွက်ပေါ်လာပြန်သည်။
ကောင်းကင်ဘုံလိပ်မျိုးနွယ်စု၏ နတ်ဆရာခေါင်းဆောင် ကုယွီမှာ အန်လင်းအား ကာကွယ်လာမည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ထိုအချိန်တွင် သက်ပြင်းချသံတစ်ခုအား ကြားလိုက်ရသည်။
“ဟူး..... ဒီအခြေအနေတောင် ရောက်လာမှတော့ ဖုံးကွယ်လို့ မရတော့ပါဘူးလေ။”
လန်ရှောင်နီမှာ အန်လင်း အရိပ်အခြည်ကြည့်ကာ တုံ့ပြန်လာသည်။
“အမှန်ကို ထုတ်ပြောမလို့လား ဆရာကြီးအန်လင်း....”
မျိုးနွယ်စု နှစ်ခုလုံး နားမလည်နိုင် ဖြစ်သွားရသည်။
ဖုံးကွယ်ထားတာတွေ ရှိနေသေးတာလား.....
အန်လင်းမှာ ဆရာ့ဆရာကြီးဟန်ဖြင့် သိုလှောင်လက်စွပ်ထဲမှ သရဖူအား ထုတ်လိုက်သည်။
ထိုသည်မှာ ရှောင်တု၏ တော်ဝင်သရဖူဖြစ်ကာ ကြွားဝါခြင်းအတွက် အသုံးဝင်လှ၏။
အန်လင်းသည် သရဖူအား ဆောင်းလိုက်သည်နှင့် အရှိန်အဝါများ ဖြာထွက်လာသည်။
အံ့ဖွယ်ခွန်အားနည်းစနစ်.......
အန်လင်းမှာ ဟင်းလင်းပြင်သို့အပြန် အဆင့်များထက်ပင် အရှိန်အဝါ သာလွန်သွားသည်။
“ဒါက....”
“သူက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ပဲ ရှိသေးတာမလား။”
အန်လင်းသည် စိတ်ဓာတ်စစ်ဆင်ရေးအား အနိုင်ရလိုက်ပုံပင်။
အန်လင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“လန်ရှောင်နီက တကယ်ပဲ ကောင်းကင်ပင်လယ်နတ်ဘုရားဆီကနေ အမွေဆက်ခံခဲ့တယ်။”
“ဟုတ်တယ်။”
လန်ရှောင်နီ အမှန်ကို ဝန်ခံလိုက်သည်။
အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
ခန့်မှန်းထားပြီးသား ဖြစ်ပါသော်လည်း အမှန်အား ကြားလိုက်ရသော ခံစားချက်မှာ ခြားနားပေသည်။
ဝိဥာဥ်ငါးကလန် မျိုးနွယ်စုဝင်အချို့ မျက်ရည်ကျကုန်သည်။
“နတ်ဘုရားတွေက ဝိဥာဥ်ငါးကလန်ကို မျက်နှာသာ ပေးလိုက်တာပဲ။”
ကောင်းကင်ဘုံလိပ်မျိုးနွယ်စုမှာ ခံစားချက်များ ရောထွေးနေကြသည်။
၎င်းတို့မှာ အန်လင်းအား နားမလည်နိုင်ပေ။
သူသည် ဆရာ့ဆရာကြီးဟန်ဖြင့် လန်ရှောင်နီအား တောက်ပစေခဲ့သည်။
ထိုသည်ကိုပင် ဟန်ကိုယ်ဖို့ လုပ်နေသေးသည်။
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“ဒါပေမယ့် ကျုပ်ဘယ်သူလဲဆိုတာရော ခင်ဗျားတို့ သိရဲ့လား။”
သူ၏ပုံစံမှာ ယုံကြည်ချက် ရှိလှသည်။
အန်လင်းက ဘယ်သူလဲ.....
ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားငယ်..... စုကျိုးအင်မော်တယ်ဂိုဏ်းချုပ် မဟုတ်ဘူးလား......
“ကျုပ်ရဲ့ ဘွဲ့ကို မသိကြဘူးပဲ။”
အန်လင်း၏ လက်ဝါးထက်တွင် လျှပ်စီးများ ဖြစ်ပေါ်လာသည်။
ကောင်းကင်ထက်တွင်လည်း ရွှေရောင်လျှပ်စီးများ ထင်ဟပ်သွားသည်။
“ကျုပ်က မိုးကြိုးအရှင်သခင်.....”
“အံ့ဖွယ်လျှပ်စီးထိန်းချုပ်သူပဲ။”
လန်ရှောင်ဟွမ် စကားဖြတ်ပြောလိုက်သည်။
အရေးကြီး ပုဂ္ဂိုလ်များ : “.....”
အန်လင်း : “.....”
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။
အန်လင်း သတ္တိများကိုစုကာ စကားဆိုလိုက်သည်။
“ကျုပ်က ကောင်းကင်တာအိုရဲ့ ရွေးချယ်ခြင်း ခံရသူ ကောင်းကင်မိုးကြိုးနတ်ဘုရားပဲ။”
ထိုစကားများကြောင့် အားလုံးမှာ မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရတော့သည်။