← Chapters

ငါတို့ကမတူဘူး

Vol. 77 Ch. 1079

ငါတို့ကမတူဘူး

Vol. 77 Ch. 1079

အန်လင်း၏ ဇစ်မြစ်အား သိလိုက်ရပြီးနောက် အားလုံး၏ အကြည့်များ ပြောင်းလဲသွားကြသည်။

အန်လင်းသည် နတ်ဘုရားတစ်ပါးအလား တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်။

“အခု ကျုပ်အကြောင်းလည်း သိသွားကြပြီဆိုတော့ တချို့ကိစ္စတွေ ပြောရတော့မယ်။”

အန်လင်း စကားဆိုလိုက်သည်။

လန်ရှောင်နီ အံ့သြသွားမိသည်။

ပြောစရာက ထပ်ရှိသေးတာလား.......

အားလုံးသည် အန်လင်းအား ဂျူနီယာ တစ်ဦးအဖြစ် မဆက်ဆံရဲကြတော့ပေ။

ကောင်းကင်တာအို ပိုင်ဆိုင်ထားသူအား လေးလေးစားစား ပြောဆိုသင့်သည် မဟုတ်လော။

အန်လင်းသည်လည်း ဟန်ကိုယ်ဖို့လုပ်ရာတွင် ဆရာကျလွန်းသောကြောင့် အဆင်ပြေလွန်းလှသည်။

အန်လင်း အနည်းငယ်တွေးကာ ပြောလိုက်သည်။

“လန်ရှောင်နီက ကျုပ်ကို ဆရာကြီးအန်လင်းလို့ခေါ်တာ ဘာလို့လဲသိလား။ တကယ်တော့ ကောင်းကင်တာအို အစွမ်း ရပြီးသွားတာနဲ့ သူမလည်း အဆင့်အတန်း တစ်ခုကို ရောက်သွားပြီလေ။”

လန်ရှောင်နီ မကျေမနပ် ဖြစ်သွားမိသည်။

ခေါ်ချင်လို့ ခေါ်တာလေ.... အကြောင်းပြချက် လိုသေးလို့လား.....

သို့သော် သူမ အတွေးအား မည်သူမှ မသိကြပေ။

ကောင်းကင်ဘုံလိပ်မျိုးနွယ်စုဝင် တစ်ဦးမှာ မနေနိုင်တော့ပဲ မေးလာသည်။

“ဘာဖြစ်လို့လဲဟင်။”

“ဘာလို့လဲဆိုတော့.....”

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

“ကျုပ်အစွမ်းက လန်ရှောင်နီထက် သာလို့လေ။”

အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

အန်လင်း တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။

“လန်ရှောင်နီရဲ့ အစွမ်းက ရှေးဟောင်းကောင်းကင်နတ်ဘီလူးလိုမျိုးပဲ။ ကျုပ်နဲ့ဘာကွာလဲ သိရဲ့လား။”

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားရသည်။

ထို့နောက် ယွီဖေးယွီ သုံးသပ်ကြည့်လိုက်သည်။

“ရှေးဟောင်းကောင်းကင်နတ်ဘီလူးက ရေတွေအားလုံးကို ထိန်းချုပ်နိုင်တယ်။ အန်လင်းက လျှပ်စီးတွေအားလုံး ထိန်းချုပ်နိုင်ရုံတင် မကဘူး။ သူတို့အစွမ်းတွေကိုပါ မြှင့်ပစ်နိုင်တယ်။”

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

“ဟုတ်တယ်။ ရန်သူကို သူ့ရဲ့လျှပ်စီးနဲ့ ပြန်တိုက်တာလောက်က ကောင်းကင်တာအိုရဲ့ အခြေခံ သဘောတရားလောက်ပဲရှိတာ။ ကျုပ်က အဲ့လျှပ်စီးရဲ့ အစွမ်းကိုပါ ဆတိုးပစ်နိုင်တယ်။ အဲ့ဒါ ဘာကြောင့်လို့ထင်လဲ။”

“ဘာလို့လဲဆိုတော့ ကျုပ်က ကောင်းကင်ပင်လယ်နတ်ဘုရားနဲ့ အဆင့်ချင်း တူနေလို့ပဲ။ ကျုပ်က ကောင်းကင်တာအို အသိစိတ်ရဲ့ ကိုယ်စားပြုသးပဲ။ ကောင်းကင်မိုးကြိုးစွမ်းအင်တွေအားလုံး ကျုပ်ခြယ်လှယ်နိုင်တယ်။”

ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြန်သည်။

အားလုံးမှာ အန်လင်းအားကြည့်ကာ မယုံကြည်နိုင် ဖြစ်နေကြသည်။

တီနာနှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာပင် ပါသေးသည်။

“သခင် နည်းနည်းများသွားပြီ။”

“ဘီလူးအန်လင်းက တကယ်ရဲတာပဲ။”

ထိုအချိန်တွင် စကားသံတစ်ခု ထွက်ပေါ်လာသည်။

“ဟာသတွေ ပြောမနေပါနဲ့။ ဝှက်စာထဲမှာလည်း ပါတာပဲ။ ကောင်းကင်တာအိုရဲ့ အစစ်အမှန် အသိစိတ်က ထိုက်ချူကုန်းမြေကိုမှ လာလို့မရတာ။”

အန်လင်း ရယ်မောလိုက်သည်။

“အဲ့ဒါက ကောင်းကင်ပင်လယ်နတ်ဘုရား အသုံးမကျလို့လေ။”

ကောင်းကင်ပင်လယ်နတ်ဘုရားက အသုံးမကျဘူးတဲ့လား.....

အားလုံးမှာ ကိုယ့်နားကိုယ်ပင် မယုံကြည်နိုင် ဖြစ်မိရသည်။

လန်ရှောင်နီလည်း မျက်နှာပျက်သွားရသည်။

အန်လင်း တည်ငြိမ်စွာ ပြောလာသည်။

“ထိုက်ချူကုန်းမြေထဲ ကျုပ်ဘယ်လိုဝင်လာလဲ ဆိုတာက ခရီးရှည်ကြီးပဲ။ အရင်ဆုံး ကျုပ်အစွမ်းတွေကို ချိပ်ပိတ်ပြီး သာမန်ဘဝနဲ့ မွေးဖွားလာတာလေ။ ပြီးတော့မှ အစွမ်းတွေ ဖြည်းဖြည်းချင်း ပြန်ရလာတာ။”

“ကောင်းကင်ပင်လယ်နတ်ဘုရားသုံးတဲ့ နည်းလမ်းနဲ့ ဆင်တူတာပဲ။ ဒီကမ္ဘာက သက်ရှိတစ်ယောက်ကို အစွမ်းပေးလိုက်တာလေ။”

ကုယွီ အံ့သြသွားရသည်။

အန်လင်းမှာ ကုယွီအား စိတ်ထဲမှ ကြိတ်ချီးကျူးလိုက်သည်။

“ကျုပ်အတိတ်ကို သိတဲ့သူဆို ကျုပ်က ထူးခြားနေတာ သိကြမှာပါ။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်နဲ့တင် ဟင်းလင်းပြင်သို့အပြန် အဆင့်ကို သတ်ပစ်နိုင်တာ မြင်ခဲ့ဖူးလား။ နှစ်နည်းနည်းလေး ကျင့်ကြံရုံနဲ့ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ရောက်လာတဲ့သူရော တွေ့ဖူးလား။ ကုန်ကုန်ပြောရရင် ဘယ်စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက ကျုပ်လောက်ကြမ်းလို့လဲ။”

မည်သူကမှ မဖြေနိုင်ကြပေ။

အန်လင်းလောက် ဆရာကျသူအား ၎င်းတို့ အမှန်တကယ် မမြင်ဖူးခဲ့ပေ။

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

“ကျုပ်က ပါရမီရှိလွန်းလို့ ကြမ်းနေတာ မဟုတ်ဘူး။ ကောင်းကင်တာအိုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေလို့ပဲ။”

အားလုံး ထိတ်လန့်သွားကြသည်။

အန်လင်းသည် လန်ရှောင်နီကဲ့သို့ ရွေးချယ်ခံရသူ မဟုတ်ပဲ ကောင်းကင်တာအို၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေလေသည်။

“ဒါပေမယ့်....”

အန်လင်း ညင်သာစွာ ပြောလာသည်။

“ကျုပ်က ဒီကမ္ဘာမှာ မွေးဖွားလာတာမို့လို့ သာမန်လူသားတစ်ယောက် ဖြစ်နေပါပြီ။ အဲ့ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကို တန်းတူဆက်ဆံလို့ ရပါတယ်။”

သောက်ကျိုးနည်း.... ကောင်းကင်တာအိုကို သာမန်လူသားလို ဆက်ဆံရမှာလား.....

“ပြီးတော့ နတ်သက်ကြွေ ပင်လယ်ကြမ်းပြင် ခေါင်းတလားကို ကျုပ်ရောက်သွားတာ တိုက်ဆိုင်မှုတစ်ခု ထင်နေလား။”

အန်လင်း စကားဆက်လိုက်သည်။

“ကျုပ်လို လူသားတစ်ယောက်က အဲ့ထဲဝင်ခဲ့လို့ ခင်ဗျားတို့ မကျေမနပ် ဖြစ်ခဲ့ကြတယ်မလား။”

“ခင်ဗျားတို့အတွက်တော့ ကံကြမ္မာအလိုကျဆိုပြီး သတ်မှတ်နေကြပေမယ့် တကယ်တော့ ကျုပ်အလိုကျ ဖြစ်ခဲ့တာပဲ။ ကျုပ်အလိုက ကောင်းကင်အလိုပဲ။”

အားလုံး အသက်ရှူသံများ ပြင်းသွားရသည်။

“အဲ့ထဲဝင်ခဲ့တာက ကျုပ်ရဲ့မိတ်ဆွေဟောင်း ကောင်းကင်ပင်လယ်နတ်ဘုရားကိုတွေ့ပြီး သူ့ရဲ့အသုံးမကျတဲ့ အစီအစဥ်ကို ပြောင်းခိုင်းဖို့ပဲ။”

“ကောင်းကင်ပင်လယ်နတ်ဘုရားရော ကျုပ်ရောက ဒီကမ္ဘာကို ရှေးဟောင်းထိုက်ချူကုန်းမြေလို ဖြစ်မလာစေချင်ဘူး။”

“လန်ရှောင်နီရဲ့ တာဝန်က လူသားမျိုးနွယ်ကို အမြစ်ဖြတ်ဖို့ဆိုရင် ကျုပ်တာဝန်က ဘာလို့ထင်လဲ။”

အန်လင်းမှာ အရေးကြီး ပုဂ္ဂိုလ်များအား ကြည့်ရှုလိုက်သည်။

“ကျုပ်တာဝန်က လူသားမျိုးနွယ် အခုထက် ပိုတိုးတက်လာစေဖို့ပဲ။”

လန်ရှောင်နီ မျက်လုံးပြူးသွားသည်။

လန်ရှင်းယန်၊ ကုယွီနှင့် အခြားသူများမှာလည်း ကြောင်တိကြောင်တောင် ဖြစ်သွားကြရသည်။

အန်လင်း ရှင်းပြလာသည်။

“လူသားမျိုးနွယ်က ကောင်းကင်ကို အပေါက်ဖောက်ပြီး အမှားလုပ်ခဲ့တယ်။ အဲ့ဒါကြောင့် ကျုပ်အတွက်တော့ နာကျင်စေတဲ့ ဓားတစ်လက်လိုပဲ။ ဒါပေမယ့် မှန်မှန်ကန်ကန်သာသုံးရင် အဲ့ဓားက ကျုပ်အတွက် လက်နက်တစ်ခု ဖြစ်လာနိုင်တယ်။”

“လူသားမျိုးနွယ်ကို ခွင့်လွှတ်ပေးဖို့ ကျုပ်ဆုံးဖြတ်လိုက်တယ်။ ဘာလို့လဲဆိုတော့ လူသားမျိုးနွယ်သာ ပျက်စီးသွားရင် လောကကြီးလည်း မျှခြေညီတော့မှာ မဟုတ်ဘူး။ လူသားမျိုးနွယ်ကို သေသေချာချာ အသုံးချနိုင်ရင်တော့ ထိုက်ချူကုန်းမြေက ခေတ်သစ်တစ်ခုကို ရောက်လာနိုင်တယ်။”

“ကောင်းကင်ပင်လယ်နတ်ဘုရားက ကျုပ်အစီအစဥ်ကို သဘောတူပြီးတော့ လန်ရှောင်နီကို အစွမ်းတွေ ပေးလိုက်တယ်။ တကယ်တော့ အဲ့ဒါက ကျုပ်ကို ကူညီဖို့အတွက်ပဲ။”

“အဲ့ဒါကြောင့် လန်ရှောင်နီက ကျုပ်လက်အောက်ငယ်သား ဖြစ်နေတာ။”

အန်လင်း လန်ရှောင်နီအား လှမ်းကြည့်လိုက်သည်။

“ဟုတ်တယ်။ ဆရာကြီးအန်လင်း ပြောသမျှ အမှန်တွေချည်းပဲ။”

လန်ရှောင်နီ ချက်ချင်းထောက်ခံလိုက်သည်။

သူမသည် အန်လင်း၏ လှိမ့်လုံးများအား အပြည့်အဝ နားမလည်နိုင်ပေ။

အန်လင်း ပြုံးကာပြောလာသည်။

“ကျုပ်အစွမ်းတွေက အကုန်မနိုးထသေးဘူး။ လူသားမျိုးနွယ်နဲ့အတူ ခရီးရှည်ကြီး ဆက်ရဦးမှာ။ ခင်ဗျားတို့ရော ကျုပ်နဲ့အတူ ရှေ့ဆက်ချင်လား။ အချိန်တစ်ခု ရောက်လာရင် ဒီကမ္ဘာကြီးရဲ့ အတော်ဆုံး သူရဲကောင်းတွေ ဖြစ်လာမှာပါ။”

တာအိုပေါင်းစည်းခြင်း အဆင့်များရော၊ ဟင်းလင်းပြင်သို့အပြန် အဆင့်များပါ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။

၎င်းတို့၏ သမိုင်းတလျှောက် ထိတ်လန့်ဖွယ် အကောင်းဆုံး အပြောင်းအလဲ တစ်ခုပင်။

ကောင်းကင်တာအို၏ အသိစိတ်ကိုယ်တိုင် ၎င်းတို့အား ဖိတ်ခေါ်နေသည် မဟုတ်ပါလော။

All Chapters