ကလန်သုံးခု လူငယ် ခေါင်းဆောင် တိုက်ပွဲ
Vol. 8 Ch. 100
ရွှမ်း...
လီဖူချန်းက သူ့ဓားကို ပြန်သိမ်းလိုက်ပြီး ဓားမှာပေနေတဲ့ သွေးတွေကို ကောင်းယိုရဲ့အင်္ကျီနဲ့ စိမ်ပြေနပြေ သုတ်နေရင်းနဲ့ အေးစက်စက် မေးလိုက်ပါတယ်။
“နောက်ထပ် ငါနဲ့တိုက်ချင်တဲ့လူ ရှိသေးလား”
ကောင်းကလန်ပဲ ဖြစ်ဖြစ် ယန်ကလန်ပဲ ဖြစ်ဖြစ် ... စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၅ကို မကျော်သေးသရွေ့ ကတော့ လီဖူချန်းက ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ အေးအေး ဆေးဆေး အနိုင်ယူ နိုင်ပါတယ်။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆ ဆိုရင်တော့ သူက အစွမ်းကုန် တိုက်မှရမှာပါ။ သူ့ရဲ့အားတွေကို ဒီလို အလဟဿတော့ မသုံးပစ် လိုက်နိုင်ပါဘူး။
ကောင်းကလန်က လူတွေကတော့ ဒေါသ ထွက်နေပေမဲ့ ဘယ်သူမှ အမိုက်ခံပြီး လီဖူချန်းကို ထွက်မတိုက်ချင်ကြပါဘူး။
သူတို့ ကောင်းကလန် သားတွေထဲမှာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၅ရှိတဲ့သူက နှစ်ယောက်ပဲ ရှိပါတယ်။
ကျန်တဲ့ တစ်ယောက်ကလည်း ကောင်းယိုနဲ့ အစွမ်း သိပ်မကွာပါဘူး။ ဒါကြောင့် သူက လီဖူချန်းကို ထွက်တိုက်ချင်စိတ် မရှိဘူးလေ။
“လီဖူချန်း… မင်းမဆိုးဘူး။ ကြည့်ရတာ ငါတို့အားလုံးက မင်းကို အထင်သေး လိုက်မိတာပဲ။ ဒါပေမဲ့ မင်းရဲ့ဂိုဏ်းတူ အစ်ကိုတွေ ရှေ့မှာတော့ မင်း နည်းနည်းပါးပါး လေးစားမှု ပြသင့်တယ်လို့ ငါထင်တယ်။
ယန်ကလန်က ယန်လီက အရှေ့ကို ထွက်လာပါတယ်။
လွန်ခဲ့တဲ့ ၂နှစ်တုန်းက ယုံဝူးမြို့ရဲ့ ပါရမီရှင်ပြိုင်ပွဲ မတိုင်မီမှာ ကလန်လေးခုစလုံးက အတွင်းစည်း တပည့်တွေက ယုံဝူးမြို့ကို ပြန်လာခဲ့ကြပါတယ်။
ယန်ကလန်ကို ပြန်လာခဲ့တဲ့ အတွင်းစည်း တပည့် နှစ်ယောက်ကတော့ ယန်လီနဲ့ ယန်ကျန်းပါ။
ယန်လီ ဒီနှစ်ဆို ၂၆ထဲမှာ ရောက်နေပါပြီ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၅လည်း ဖြစ်ပါတယ်။
ပါရမီအရ ပြောမယ်ဆိုရင် ၂၇နှစ်ရှိပြီဖြစ်တဲ့ ကောင်းယို ထက်တော့ ပိုကောင်းမွန်တယ်လို့ ပြောလို့ ရပါတယ်။
အခုတော့ သူက လီဖူချန်းကို မနာလိုတဲ့ အကြည့်တွေနဲ့ ကြည့်နေပါတယ်။ ယုံဝူးမြို့မှာတုန်းက လီဖူချန်းက ကလေးသာသာပဲ ရှိတာပါ။
အခု ၂နှစ် အကြာမှာတော့ လီဖူချန်းက နတ်ဆိုး တစ်ကောင်လို ကြီးပြင်းလာခဲ့ပါပြီ။
ယုံဝူးမြို့မှာတုန်းက ယန်လီက လက်ချောင်း တစ်ချောင်းလေး နဲ့တောင် လီဖူချန်းကို အနိုင်ယူနိုင်စွမ်း ရှိခဲ့တယ်လေ။
“ဂိုဏ်းတူအစ်ကို … ဟုတ်လား ...။ မင်းတို့တွေက ငါ့ဂိုဏ်းတူအစ်ကို ဖြစ်ဖို့ ထိုက်တန်လို့လား”
လီဖူချန်းက ခံစားချက်မဲ့တဲ့ ပုံစံနဲ့ ပြန်မေး လိုက်ပါတယ်။
“ရိုင်းစိုင်းပြီး ဆုံးမ သွန်သင်ခြင်း မခံထားရတဲ့ ကောင်ပဲ”
ယန်လီရဲ့ မျက်လုံးအစုံက ရက်စက်တော့မည့်ပုံဖြင့် ကျဉ်းမြောင်း လာပါတယ်။ လီဖူချန်းက ကောင်းယိုကို နိုင်သွားတဲ့ အကြောင်းပြချက်က ကြယ်ပျံဓားသိုင်းကြောင့် ဖြစ်ပါတယ်။
ယန်လီကတော့ ဟိုးအရင်တုန်းက ကြယ်ပျံဓားသိုင်းကို လေ့ကျင့်တဲ့ တပည့်တစ်ယောက်နဲ့ ယှဉ်ပြိုင်ဖူးလို့ ဒီဓားသိုင်းကို တော်တော်လေး နားလည် အကျွမ်းတဝင် ရှိပါတယ်။
ကြယ်ပျံဓားသိုင်းမှာ ကြယ်ကြွေဆိုတဲ့ ဓားကွက် တစ်ကွက်တည်း ပါတာကိုလည်း သူ သိပါတယ်။
ဒီဓားကွက်က အားကို အဆုံးစွန်ဆုံး ထုတ်ရတဲ့အပြင် လျင်မြန်မှုလည်း ရှိရပါတယ်။ အဲနှစ်ခုထဲက တစ်ခု ချို့ယွင်းသွားတာနဲ့ ဓားကွက်ကို ဖျက်ဖို့က အရမ်း လွယ်ကူသွားပါပြီ။
ရွှပ်... ရွှစ်...
ရွှမ်း...
သူတို့နှစ်ယောက် ဓားကွက် အနည်းငယ် ဖလှယ်ပြီးတာနဲ့ ယန်လီက သူလီဖူချန်းကို လျှော့တွက်မိပြီ ဆိုတာ နားလည် လိုက်ပါတယ်။
လီဖူချန်းရဲ့ ကြယ်ပျံဓားသိုင်းက ထုတ်သုံးတာ သာမန်ထက်ကို မြန်နေပါတယ်။
ပြီးတော့ သူက ကြယ်ကြွေ တစ်ကွက်တည်းကိုပဲ နှစ်ခါ ဒါမှမဟုတ် သုံးခါအထိ ဆက်တိုက် ထုတ်သုံး နေနိုင်ပါသေးတယ်။
ယန်လီက လီဖူချန်းရဲ့ အတွင်းအားတွေ မြန်မြန်ကုန်ပါစေလို့ ဆုတောင်းနေရုံပဲ တတ်နိုင် ပါတော့တယ်။
“မင်းရဲ့ ကြယ်ပျံဓားသိုင်းက ပြီးပြည့်စုံခြင်း အဆင့်မှာလား"
ယန်လီက နောက်ဆုံးမှာတော့ ပါးစပ်ကနေ ထုတ်မေးလိုက် ရပါပြီ။
“မင်း သိစရာမလိုဘူး"
တကယ်တော့ လီဖူချန်းက ကြယ်ပျံဓားသိုင်းကို အကြိုပြီးပြည့်စုံခြင်း အထိပဲ လေ့ကျင့် ရသေးတာပါ။
ယေဘူယျအားဖြင့် ပြောရရင် အဝါရောင်အဆင့် သိုင်းပညာတွေက လူသားနယ်ပယ်နဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် သိုင်းပညာရှင်တွေ အတွက် ရေးသား ထားတာပါ။
ဆန်းကြယ်အဆင့် သိုင်းပညာတွေကတော့ မြေကမ္ဘာအဆင့်နဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်တွေ လေ့ကျင့်ဖို့ အတွက်ပါ။
ဒါကြောင့်ပဲ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့်က ပညာရှင်တွေက ဆန်းကြယ်အဆင့် သိုင်းပညာရပ်တွေကို လေ့ကျင့်တဲ့ အခါမှာ အင်မတန် ခဲယဉ်းတာပါ။
ပြီးတော့ စိတ်တိုင်းကျ သုံးစွဲနိုင်ဖို့လည်း အင်မတန် ခက်ပါတယ်။ တစ်ကြိမ်လောက် သုံးပြီးရင် ထပ်သုံးဖို့ မဖြစ်နိုင်တော့ သလောက်ပါပဲ။
ဒါပေမဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့် နိုင်ခဲ့ရင်တော့ အကြိမ်ရေ တော်တော်များများ ထုတ်သုံး နိုင်ပါတယ်။
ဒါကြောင့် ယန်လီက လီဖူချန်းကို ပြီးပြည့်စုံခြင်း အဆင့်လားလို့ မေးလိုက်တာပါ။
ဇွပ်စ်...
အလင်းတန်းတွေက ဖြာထွက်လာပြီးတဲ့ နောက်မှာတော့ ယန်လီရဲ့ ရင်ဘတ်နား တစ်ဝိုက်မှာ ဓားရိပ်တွေက ဝဲနေပါတယ်။
ယန်လီရဲ့ပုံစံကို ကြည့်ရတာ ဒီထက် ပိုပြီးတောင့်ခံ နိုင်တော့မယ့်ပုံ မရှိပါဘူး။
"ယန်လီ ... ပြန်ဆုတ်ခဲ့တော့”
ယန်အိုက ယန်လီ အခြေအနေ မဟန်တော့ဘူး ဆိုတာ ရိပ်မိတဲ့အတွက် ပြန်ခေါ် လိုက်ပါတယ်။ ယန်အိုရဲ့ အော်ခေါ်သံက ကွက်တိပါပဲ။ ယန်လီက လီဖူချန်းရဲ့ ဓားကွက်ထဲမှာ ပိတ်မိနေပြီး အရှုံးပေးရဖို့ သိပ်မကြာတော့ပါဘူး။
"ငါ မင်းရဲ့အစွမ်းကို သိသွားပြီ”
ယန်လီက သိုင်းကွက် ရုပ်သိမ်းလိုက်ပြီး ယန်ကလန်ဘက်ကို ပြန်ခုန်ဆုတ် သွားပါတယ်။ သူ့ရဲ့မျက်နှာ ပေါ်မှာတော့ စိတ်ပျက်မှုတွေ အထင်းသားနဲ့ပါ။
“ဘယ်သူ ငါနဲ့ တိုက်ချင်သေးလဲ”
လီဖူချန်းက ယန်ကလန်နဲ့ ကောင်းကလန်ကို ကြည့်ပြီး စိန်ခေါ် လိုက်ပါတယ်။
ကလန်နစ်ခုစလုံးက ကလန်သားတွေက လီဖူချန်းရဲ့ အပြုအမူကို ကြည့်ပြီး အစိမ်းလိုက် ဝါးစားချင်စိတ်တွေ ပေါ်နေပါပြီ။
“ဘဝမြင့် နေလိုက်စမ်းတာ ကွာ”
ဘေးမှာ ရပ်နေတဲ့ ရှန်းတုကလန်သားတွေ ကလည်း လီဖူချန်းကို မြင်ပြင်းကတ် နေကြပါပြီ။
သူတို့ရဲ့ အဆင့်အတန်းက ကလန်လေးခုမှာ အမြင့်ဆုံး ဖြစ်တဲ့အတွက် ဒီပြဿနာထဲကို ဝင်ပါဖို့တော့ ရှန်းတုကလန်က မစဉ်းစား ထားပါဘူး။
“ဟား … ဟား …”
လီရှန်းရှီက အားရပါးရ ရယ်လိုက်ပါတယ်။
“ဖူချန်း ဒီကို ပြန်လာ ခဲ့လိုက်တော့။ ငါ့အမြင်အရ ပြောရရင် စိတ်တန်ခိုး ဖွဲ့စည်းပုံအဆင့်၅ အောက်မှာ မင်းကို စိန်ခေါ်ရဲတဲ့သူ တစ်ယောက်မှ မရှိဘူးကွ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၅ရဲ့ အထက်ကတော့ မင်းကို စိန်ခေါ်ရင် သူတို့အရှက် သူတို့ခွဲသလို ဖြစ်နေမှာပဲ။ မင်း စိန်ခေါ်နေလည်း အလကားပဲ။ အချိန်ကုန်တယ်။ ဒီကိုပဲ ပြန်လာခဲ့”
လီရှန်းရှီက လီဖူချန်းကို အမြန် ခေါ်လိုက်ပါတယ်။ ကောင်းကလန်နဲ့ ယန်ကလန်က ကောင်တွေက အရှက်တရား ဆိုတာ ဘာမှန်းသိတဲ့ ကောင်တွေ မဟုတ်ပါဘူး။
အခန့်မသင့်ရင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆က လူတွေကလည်း ဆင်းပြီး လီဖူချန်းကို စိန်ခေါ်ရင် စိန်ခေါ်လာမှာပါ။
စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆ က ကောင်တွေ ဆင်းလာရင် လီဖူချန်း တစ်ယောက် ဒုက္ခရောက်ဖို့ အခွင့်အလမ်း များတယ်လေ။
လီဖူချန်းကလည်း သူ့အခြေအနေကို သူ သဘောပေါက် ပါတယ်။ လီရှန်းရှီ ခေါ်လိုက်တာနဲ့ တန်းပြီး လီကလန်ရှိရာကို ဆုတ်ခဲ့ လိုက်တယ်လေ။
“လီရှန်းရှီ... မင်း အရမ်းလည်း ပျော်မနေနဲ့ဦး။ ဒါက အရန်ဟင်းပဲ ရှိသေးတယ်။ တကယ့်ဟင်းပွဲက အခုမှလာမှာ”
ကောင်းရီလုံက ဖြူဖပ်ဖြူလျော် ဖြစ်နေတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။
“အစ်ကိုကောင်း ပြောတာ မှန်တယ်။ လီရှန်းရှီ … မင်း နောက်လာမယ့် ကိစ္စတွေ အတွက် အခုတည်းကို စိတ်ကို ကြိုတင်ပြင်ဆင် ထားလိုက်တော့”
ယန်အိုကလည်း သုန်မှုန်နေတဲ့ မျက်နှာနဲ့ ဝင်ပြောပါတယ်။
“မင်းတို့ရဲ့ အတော်ဆုံးတွေသာ လာခဲ့လိုက်။ ငါတို့ လီကလန်သားတွေက ဘယ်တော့မှ စိန်ခေါ်မှုတွေကို ရှောင်မပြေးဘူးကွ”
လီရှန်းရှီကလည်း တစ်စက်ကလေးမှ ကြောက်ရွံ့ မနေပါဘူး။ လီကလန်သားတွေထဲမှာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၅အထက် အတွင်းစည်း တပည့်တွေက ၃ ယောက်ပဲ ရှိပါတယ်။
လီရှန်းရှီနဲ့ လီကျင်းရွယ်တို့က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့်၈မှာ ရှိပါတယ်။
နောက်တစ်ယောက် ကတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆မှာရှိတဲ့ လီထန်းယု ဆိုတဲ့ တစ်ယောက် ဖြစ်ပါတယ်။
ကောင်းကလန်မှာတော့ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၅အထက်ရှိတဲ့ ကလန်သား ၆ယောက်ရှိပြီး ယန်ကလန် မှာတော့ ၅ယောက်သာ ရှိပါတယ်။
နောက်ထပ် တိုက်ခိုက်မှု အနည်းငယ် အပြီးမှာတော့ ကောင်းကလန်နဲ့ ယန်ကလန်က ကိုယ်စီ ကိုယ်စီနိုင်ပွဲတွေ ရခဲ့ပေမဲ့ လီကလန်ကတော့ နိုင်ပွဲတစ်ပွဲမှ မရသေးပါဘူး။
ထို့နောက်မှာတော့ လီကျင်းရွယ်က ထွက်တိုက်ပြီး တစ်ဖက်လူကို အနိုင်ယူကာ လီကလန်ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ် ပေးခဲ့ပါတယ်။
နောက်ဆုံးမှာတော့ တိုက်ခိုက်ဖို့ ကျန်တဲ့လူက ကောင်းရီလုံ၊ ယန်အိုနဲ့ လီရှန်းရှီတို့ပဲ ကျန်ပါတော့တယ်။
“လီရှန်ရှီ ... ဒီကို ဆင်းခဲ့စမ်း။ ဘယ်သူက ပိုပြီး အစွမ်းထက်သလဲ ဆိုတာ ကြည့်ကြတာပေါ့”
ကောင်းရီလုံက လီရှန်းရှီကို လက်ညှိုးထိုးပြီး စိန်ခေါ် လိုက်ပါတယ်။
“မင်း စိန်ခေါ်တာကို ငါက ကြောက်နေရမှာလား”
လီရှန်းရှီက စင်ရော်တစ်ကောင်လို့ တိုက်ပွဲ စည်းဝိုင်းထဲကို ခုန်ပျံ ဝင်ရောက် လာပါတယ်။
ဘုန်း ဘုန်း ဘုန်း ...
စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၈က လူနှစ်ယောက်ရဲ့ တိုက်ခိုက်မှုက မယုံနိုင် လောက်အောင် ပြင်းထန်လွန်း လှပါတယ်။
သူတို့ရဲ့ ချီအတွင်းအား ဓားတွေကလည်း ၇ပေနီးပါး ရှိပါတယ်။ အနက်ရောင် သံသေဓားရဲ့ အရှည် ၃ပေပါ ထပ်ပေါင်း လိုက်မယ်ဆိုရင် ဓားတွေက ၁၀ပေနီးပါးကို ရှိနေပါပြီ။
အဲဒီအဓိပ္ပာယ်က သူတို့ နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် ၁၀ပေ အကွာကနေတောင် တိုက်ခိုက်လို့ရတယ် ဆိုတာပါပဲ။
“ဆန်းကြယ်ရေလှိုင်း ဓားသိုင်း”
"အလင်းဖြာ ဓားသိုင်း”
ကောင်းရီလုံရဲ့ဓားက စိတ်တန်ခိုး စွမ်းအင်ဖြင့် ဖွဲ့စည်းထားတဲ့ ရေလုံးကြီးကို သယ်ဆောင်လာပြီး လီရှန်းရှီကို ထိုးနှက် လိုက်ပါတယ်။
လီရှန်ရှီကလည်း ရွှေဝါရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ ဓားကြီးနဲ့ ကောင်းရီလုံကို ခုတ်ချ လိုက်ပါတယ်။
“ဝုန်း...”
မြေပြင် တစ်ခုလုံးက ငလျင် လှုပ်လိုက်သလို တုန်ခါသွားပြီး မြေကြီး မျက်နှာပြင်ပေါ် မှာလည်း မီတာ အနည်းငယ်မျှ နက်သည့် တွင်းနက်ကြီးတွေ ဖြစ်ပေါ် လာပါတယ်။
ရွှံ့တွေ၊ ဖုန်တွေ၊ သဲတွေကလည်း တထောင်းထောင်း ထလာပါသေးတယ်။ ကြည့်ရတာ တစ်ဖက်နဲ့တစ်ဖက် လက်နက်ပုန်းတွေနဲ့ တိုက်ခိုက်နေသည့် အလားပါပဲ။
အဆုံးသတ်မှာတော့ ဘယ်သူ့ ဘယ်သူမှ အသာမရပဲ သရေပွဲ ဖြစ်သွားပါတယ်။ လီကလန်က သြဇာအာဏာ ကျဆင်းရင်း ကျဆင်း လာပါလိမ့်မယ်။
ဒါပေမဲ့ ဒါက ဆယ်စုနှစ် တစ်ခုစာလောက်ပါပဲ။ လီရှန်းရှီရဲ့ ခေတ်မှာတော့ လီကလန်က ပြန်ပြီး ဦးမော့လာပါပြီ။
လီကလန်ရဲ့ လူငယ် မျိုးဆက်တွေကလည်း ယန်ကလန်နဲ့ ကောင်းကလန်ထက် ဘယ်လောက်မှ နိမ့်ကျနေတာ မဟုတ်ပါဘူး။
အထူးသဖြင့် လီကလန်ဘက်မှာ တောက်မဲ့မီးခဲတရဲရဲလို့ ဆိုရမည့် လီဖူချန်း ထွက်ပေါ် လာခဲ့ပါပြီ။
ကောင်းရီလုံနဲ့ တိုက်ခိုက်လို့ အပြီးမှာတော့ လီရှန်းရှီက ယန်အိုနဲ့ နောက်ထပ်တစ်ပွဲ တိုက်လိုက် ပါသေးတယ်။
သူတို့ ၃ယောက်စလုံးရဲ့ ပါရမီနဲ့ အစွမ်းအစက သိပ်မကွာခြားတဲ့ အတွက် တစ်ယောက်နဲ့ တစ်ယောက် နိုင်ဖို့ ဆိုတာ မဖြစ်နိုင်သေးပါဘူး။
“စိတ်လှုပ်ရှားစရာ တိုက်ပွဲတွေပဲ။ ငါတောင် ဘေးက ကြည့်နေရင်းနဲ့ လက်ယား လာပြီ”
ရှန်းတုကလန်ရဲ့ လူငယ်ခေါင်းဆောင် ဖြစ်တဲ့ ရှန်းတုကျန်းမင်က အကုန်လုံးကို ချီးကျူး ပြောဆို လိုက်ပါတယ်။
“အစ်ကို ကျန်းမင်ကတော့ အရမ်း မြှောက်ပြောလွန်း နေပါပြီဗျာ”
ကောင်းရီလုံနဲ့ ယန်အိုက လက်သီးဆုပ်ကာ ရှန်းတုကျူးကို တရုတ်ရိုးရာ အတိုင်း အရိုအသေ ပေးလိုက်ပါတယ်။
ရှန်းတုကျန်းမင်က အသက်၃၂ နှစ်ရှိပြီး စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ ပါ။
သူက ကြယ်သုံးပွင့် အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင် ထားတဲ့အတွက် အသက်၃၅နှစ် မပြည့်ခင်မှာ မြေကမ္ဘာ အဆင့်ကို ကျော်ဖြတ် သွားနိုင်ဖို့ အခွင့်အရေး တော်တော်လေး များနေပါပြီ။
မြေကမ္ဘာအဆင့်ကို အသက် ၃၅နှစ်မတိုင်မီ ချိုးဖောက် ဝင်ရောက်နိုင်တဲ့ သူတွေက မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက် တပည့်အဖြစ် အဆင့် တိုးမြှင့်ပေးခြင်းကို ခံရတယ်လေ။
ဒီနေရာမှာ တစ်ခု သိထားရမှာက ယုံဝူးမြို့ရဲ့ အဓိက ကလန်ကြီး လေးခုစလုံးမှာ အခုချိန်ထိ တိုက်ရိုက် တပည့်ဖြစ်လာတဲ့သူ တစ်ယောက်မှ မရှိသေးဘူး ဆိုတာပါပဲ။
ဘယ်ကလန်ကပဲ ဖြစ်ဖြစ် တိုက်ရိုက်တပည့် တစ်ယောက် ထွက်ပေါ်လာတာနဲ့ အဲသည် ကလန်က ကျန်တဲ့ ကလန်၃ခုစလုံးကို လွှမ်းမိုး ချုပ်ကိုင် သွားမှာပါ။
တကယ်လို့ ရှန်းတုကလန်ကသာ တိုက်ရိုက် တပည့် တစ်ယောက် မွေးထုတ်နိုင်ခဲ့ရင် ယုံဝူးမြို့မှာ ရှိနေတဲ့ သူတို့ရဲ့ သြဇာအာဏာက ပိုပြီး အားကောင်းသွားမှာ အမှန်ပါပဲ။
လီရှန်းရှီက တစ်ခုခုပြောဖို့ ပါးစပ်ပြင်လိုက် သေးပေမဲ့လည်း အဆုံးသတ်မှာတော့ ဘာမှမပြောပဲ ခပ်ဆိတ်ဆိတ် နေလိုက် ပါတော့တယ်။
ဒီနှစ်တွေထဲမှာ လီကလန်သားတွေဟာ ရှန်းတု ကလန်သားတွေရဲ့ လှောင်ပြောင် စော်ကားခြင်းကို အများကြီး ခံခဲ့ရပြီးပါပြီ။
သူတို့တွေဟာ ယုံဝူးမြို့စားရဲ့ ကလန်ကဆိုတဲ့ လုပ်ပိုင်ခွင့်ကြီးနဲ့ လီကလန်ကို ဖိနှိပ်ပြီး ကောင်းကလန်နဲ့ ယန်ကလန်ကို နောက်ကွယ်ကနေ အားပေး အားမြှောက်တွေ ပြုလုပ်ပါတယ်။
လီရှန်းရှီဟာ ဒီကိစ္စတွေကို ကောင်းကောင်းကြီး သိရှိခံစားခဲ့ရသူ ဖြစ်တဲ့အတွက် ရှန်းတုကလန်ကို မြှောက်ပင့် ချီးကျူးတာတွေ သူ မလုပ်လိုပါဘူး။
ရှန်းတုကျန်းမင်က လီဖူချန်းကို စိုက်ကြည့်လိုက်ပြီး
“ကောင်လေး… မင်းမဆိုးဘူး။ ငါ့နောက်လိုက်ဖို့ စိတ်ဝင်စားလား” လို့ မေးလိုက်ပါတယ်။
ရှန်းတုကျန်းမင်က လီဖူချန်းကို သူ့လက်အောက်ထဲ ခိုဝင်လာဖို့ မျှော်လင့် နေပါတယ်။ ဘယ်လို အရိုးတည်ဆောက်ပုံပဲ ဖြစ်နေပါစေ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်မှာတော့ လီဖူချန်းက သူ့အတွက် အလွန် အားကောင်းတဲ့ နယ်ရုပ်လေး တစ်ရုပ် ဖြစ်လာ နိုင်သည်လေ။
“တောင်းပန်ပါတယ်။ ကျွန်တော် စိတ်မဝင်စားဘူး”
လီဖူချန်းက မဆိုင်းမတွပင် ငြင်းဆို လိုက်ပါတယ်။ ရှန်းတုကျန်းမင်က ခပ်ပေါ့ပေါ့ ရယ်သွမ်းလိုက်ပြီး …
“မင်း ဒီလိုဆုံးဖြတ်တဲ့ အတွက် နောင်တမရဖို့ ငါ မျှော်လင့်ပါတယ်”
“သွားမယ်ဟေ့”
စကားဆုံးတာနဲ့ ရှန်းတုကျန်းမင်က သူ့လူတွေကို ဦးဆောင်ပြီး ထွက်သွား ပါတော့တယ်။
***