အန်လင်း၏ ငြင်းမရသောဇာတ်လမ်း
Vol. 77 Ch. 1080
အန်လင်းမှာ မျိုးနွယ်စု နှစ်ခုအား ဖိတ်ခေါ်လိုက်သည်။
သူ့အား ကြည့်ရသည်မှာ အမှန်တကယ် မြင့်မြတ်လွန်းသူလိုပင်။
လန်ရှောင်နီမှာ အံ့အားသင့်လွန်းသောကြောင့် ချီးကျူးချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေမိသည်။
အန်လင်းသည် ဆိုးရွားလွန်းသော အခြေအနေ တစ်ခုမှ ဖောက်ထွက်ရုံသာမက လူသားမျိုးနွယ်စုအား အကူအညီပေးရန်ပင် ဖိတ်ခေါ်လိုက်သေးသည်။
လန်ရှောင်နီသည်ပင် အန်လင်းသည် ကောင်းကင်မိုးကြိုးနတ်ဘုရားဖြစ်ကြောင်း ယုံစပြုလာလေပြီ။
အန်လင်း၏ ရှင်းပြချက်များအားလုံးမှာ ငြင်းပယ်မရအောင် ယုံကြည်ချင်စရာ ဖြစ်နေသည် မဟုတ်လော။
တီနာနှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာသည်ပင် သံသယ ဖြစ်လာမိသည်။
“ပြန်တွေးကြည့်တော့လည်း ဘီလူးအန်လင်းက တကယ်ထူးခြားတာပဲ။”
“သခင်က ပုံမှန်မဟုတ်ဘူးလို့ အမြဲခံစားခဲ့ရတာ။”
အန်လင်း၏ ဖြီးလုံးများမှာ တီနာတို့ကိုပါ ရိုက်ခတ်သွားစေသည်။
ထိုသည်သာမက အန်လင်းကိုယ်တိုင်သည်ပင် သူ့ကိုယ်သူ ကောင်းကင်မိုးကြိုးနတ်ဘုရားဟု ထင်စပြုလာသည်။
ယွီဖေးယွီနှင့် ကုယွီမှာ အန်လင်း၏ အချက်အလက်များအပေါ် မူတည်၍ နက္ခတ်ဖတ်လိုက်ပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
ယွီဖေးယွီ အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
“အန်လင်းက ကောင်းကင်တာအို တစ်စိတ်တစ်ပိုင်းဆိုတာ ကိုးဆယ့်ရှစ် ရာခိုင်နှုန်းလောက် သေချာတယ်။ ပြီးတော့ ကောင်းကင်ပင်လယ်နတ်ဘုရားနဲ့ အဆင့်ချင်းတူတယ်ဆိုတာ ကိုးဆယ်ရာခိုင်နှုန်းလောက် ရှိတယ်။”
ကုယွီ စကားဆိုလာသည်။
“ငါ့တွက်ချက်မှုအရဆိုရင် ကိုးဆယ့်ကိုး ရာခိုင်နှုန်းနဲ့ ကိုးဆယ့်တစ် ရာခိုင်နှုန်းတောင် ဖြစ်နေတယ်။”
နတ်ဆရာခေါင်းဆောင် နှစ်ပါးလုံး အန်လင်းအား အရိုအသေ ပေးလိုက်ကြသည်။
“ကုယွီက ကောင်းကင်မိုးကြိုးနတ်ဘုရားကို ဂါရဝပြုပါတယ်။”
“ယွီဖေးယွီက ကောင်းကင်မိုးကြိုးနတ်ဘုရားကို ဂါရဝပြုပါတယ်။”
တာအိုပေါင်းစည်းခြင်းအဆင့် နတ်ဆရာခေါင်းဆောင်များပင် ရိုရိုကျိုးကျိုး ပြုမူနေရသောကြောင့် အခြားသူများသည်လည်း မနေနိုင်တော့ပဲ အတူတကွ အရိုအသေ ပေးလိုက်ကြသည်။
ယခုကဲ့သို့ အခြေအနေတွင် ရေလိုက်ငါးလိုက် လုပ်ဆောင်သင့်ကြောင်း အရူးတစ်ယောက်ပင် နားလည်လိမ့်မည်။
အန်လင်း၏ စကားတွင် သက်သေများလည်း ရှိနေသည် မဟုတ်လော။
တီနာနှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာသည် အန်လင်း၏ သားရဲများ ဖြစ်သောကြောင့် အရိုအသေ မပေးကြပေ။
လန်ရှောင်နီသည်လည်း လက်အောက်ငယ်သား ဖြစ်သောကြောင့် အရိုအသေ ပေးမနေပေ။
အရေးကြီး ပုဂ္ဂိုလ်များသည် အန်လင်းအား အရိုအသေပေးကာ ကမ္ဘာကြီးအား ကာကွယ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ကြသည်။
အန်လင်းမှာ ၎င်းတို့အားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
ထိုသည်မှာ နတ်ဘုရားတစ်ပါး၏ အသိအမှတ်ပြုသော အပြုံးဟု ထင်ရပါသော်လည်း စင်စစ်တွင်မူ လှည့်ချင်သလို လှည့်လိုက်နိုင်သောကြောင့် ကျေနပ်သွားသော အပြုံးဖြစ်သည်။
တကယ်ကို ပြဿနာ ရှင်းလိုက်နိုင်တာပဲ.....
သူ၏အလိမ်အညာမှာ ချောမွေ့လွန်းလှသည်။
“ကျုပ်က ကောင်းကင်တာအိုရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ ထုတ်မပြောဖို့ တာအိုနှလုံးသားနဲ့ ကျိန်ဆိုစေချင်တယ်။ ကျုပ်ရဲ့အစွမ်းတွေကလည်း အပြည့်အဝ မနိုးထသေးဘူးလေ။”
အန်လင်း၏ အကြောင်းပြချက်မှာ အဓိပ္ပါယ် ရှိသောကြောင့် အားလုံးမှာ ချက်ချင်းကျိန်ဆိုလိုက်ကြသည်။
မျိုးနွယ်စု နှစ်ခုလုံးသည် ကောင်းကင်တာအို၏ အမိန့်အောက် အတူတကွ လက်တွဲသွားရန် အသင့်ဖြစ်နေလေပြီ။
အကာအရံ ဖယ်ရှားလိုက်ပြီးနောက် အခြားသူများမှာ အရေးကြီး ပုဂ္ဂိုလ်များ၏ မျက်နှာရိပ် မျက်နှာကဲအား အသည်းအသန် လိုက်ကြည့်လိုက်ကြသည်။
အရေးကြီး ပုဂ္ဂိုလ်များသည် ကောင်းကင်ဘုံ၏ ကောင်းချီးကို ရရှိထားသည့်အလား နှစ်ထောင်းအားရ ဖြစ်နေကြသည်။
ဘာတွေဖြစ်ခဲ့တာလဲဟ....
“သခင်လေးအန်လင်း ကိုးပြည်ထောင်ကို ပြန်တော့မှာလား။ လိုက်ပို့ပေးရဦးမလား။”
ကုယွီ ပြုံးကာပြောလိုက်သည်။
“ကောင်းတာပေါ့။ ကျေးဇူးတင်ပါတယ် စီနီယာ ကုယွီ...”
အန်လင်း ခပ်ဖွဖွ ပြုံးလာသည်။
“မနက်ဖြန်မှ ပြန်ပါလား။ မျိုးနွယ်စု လျှို့ဝှက်ချက်ကို သယ်လာပေးတဲ့အတွက် ဝိဥာဥ်ငါးကလန်က ကျေးဇူးတင်ချင်လို့ပါ။”
လန်ရှင်းယန် စကားဆိုလိုက်သည်။
အန်လင်း ဝမ်းသာသွားရသည်။
“ဟားဟား.... စီနီယာ လန်ရှင်းယန်က တကယ်ကြင်နာတတ်တာပဲ။”
ယီးတဲ့မှ.....
ကုယွီ စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားမိသည်။
“ဟုတ်တယ်။ သခင်လေးအန်လင်းက ကောင်းကင်ဘုံလိပ်မျိုးနွယ်စုရဲ့ ကျေးဇူးရှင်ဆိုတော့ လက်ဆောင်ပေးသင့်တာပေါ့။”
“နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်။ အရမ်းတန်ဖိုးကြီးတာတွေ မလုပ်ပါနဲ့။”
အန်လင်း အမှန်တကယ် ကျေနပ်နေမိသည်။
သူ၏လှိမ့်လုံးများကြောင့် လက်ဆောင်များပင် ရတော့မည် မဟုတ်လော။
အကာအရံ အပြင်ဘက်တွင် ကျန်နေခဲ့ရသူများမှာ ထိုသည်ကိုကြည့်ကာ နားမလည်နိုင် ဖြစ်ကုန်သည်။
တီနာ၊ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာနှင့် လန်ရှောင်နီတို့သည်ပင် အန်လင်းအား စကားမပြောရဲကြတော့ပေ။
အန်လင်းသည် ကျွန်းပေါ်တွင် တစ်ရက်ခန့် နေဦးမည် ဖြစ်သည်။
အရေးကြီး ပုဂ္ဂိုလ်များမှာ လက်ဆောင်ရွေးရန်အတွက် ပြန်သွားကြသည်။
ကုယွီသည်လည်း တွေးတောရင်း ရွေ့လျားနေသော ကောင်းကင်ကြယ်စင်ကျွန်းသို့ ပြန်လာသည်။
အန်လင်းသည် မျိုးနွယ်စု နှစ်ခု၏ ကံကြမ္မာအား ပြောင်းပေးနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းမိခဲ့ပါသော်လည်း အရေးကြီး ပုဂ္ဂိုလ်ဟု ထင်မှတ်မထားခဲ့ပေ။
ကုယွီသည် သူ၏နက္ခတ်ပညာအား သံသယ ဝင်လာမိသည်။
ငါအနားယူသင့်ပြီလား......
........
ပင်လယ်နှလုံးသားနန်းတော်၌
လန်ရှင်းယန်မှာ လက်ဆောင်များအား ဂရုတစိုက် ရွေးချယ်နေသည်။
လန်ရှောင်နီသည်လည်း မှန်ရှေ့တွင် အလှပြင်နေလေသည်။
သူမ၏ ဆံနွယ်ရှည်များအား ကျောက်စိမ်းဆံထိုးနှင့် စုထုံးထားသောကြောင့် တင့်တင်လှပနေသည်။
နီဆွေးဆွေး နှုတ်ခမ်းသားနှင့်အတူ သန္တာနီ လက်ကောင်တို့မှာလည်း ပနံသင့်လွန်းနေသည်။
“မင်းသမီးလေး ပြန်လာထဲက အရမ်းတွေ အလှပြင်နေတယ်နော်။”
အစေခံတစ်ဦး စကားဆိုလာသည်။
မင်းသမီးလေးသည် ယခုမျှထိ ကိုယ့်ကိုယ်ကို ဂရုမစိုက်ဖူးပေ။
လန်ရှောင်နီမှာ ကြေးမုံအားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
“ကမ္ဘာပေါ်က အချောဆုံး ယောက်ျားကို တွေ့ရတော့မှာလေ။”