ရေသူမလေးနှင့် နှုတ်ဆက်လမ်းခွဲ
Vol. 77 Ch. 1081
အန်လင်းမှာ ကျွန်းပေါ်တွင် သက်တောင့်သက်သာ ထိုင်နေသည်။
မျိုးနွယ်စု နှစ်ခုလုံးမှာ ထိုသည်ကို လေးလေးစားစား ကြည့်နေကြလေသည်။ ၎င်းတို့သည် အန်လင်းအား အနှောင့်အယှက် မပေးရဲပါသော်လည်း သေသေချာချာ နှုတ်ဆက်ချင်ကြသည်။
ဆည်းဆာရောင်ခြည်နှင့်အတူ လှိုင်းများမှာ ကမ်းခြေအား ရိုက်ခတ်နေလျက် ရှိသည်။
တီနာနှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာမှာ အန်လင်း ပုခုံးပေါ်တွင် ထိုင်နေကြသည်။
“ဘီလူးအန်လင်း နင်ဘယ်လိုတောင် လိမ်လိုက်တာလဲ။ အားလုံးက နင်မှနင် ဖြစ်ကုန်ပြီ။”
တီနာ တိုးညင်းစွာ ပြောလာသည်။
အန်လင်း လေးနက်စွာ တုံ့ပြန်လိုက်သည်။
“ဘာတွေလာပြောနေတာလဲ။ ငါသူတို့ကို လက်ဆောင်မတောင်းဘူးလေ။ သူတို့ဘာသာ ပေးချင်နေတာတော့ ငြင်းလို့ကောင်းပါ့မလား။”
တီနာ အန်လင်းအား မျက်စောင်းထိုးလိုက်သည်။
အန်လင်းသည် သူ၏သားရဲနှစ်ကောင်ကိုပင် ကောင်းကင်တာအို လိမ်လုံးနှင့် ပက်သတ်၍ နားလည်သဘောပေါက်စေရန် ခက်ခက်ခဲခဲ ရှင်းပြခဲ့ရသည်။
၎င်းတို့မှာ အန်လင်း ရှင်းပြချက်အား ယုံကြည်သွားကြပြီးနောက် မျိုးနွယ်စု နှစ်ခုအား လှည့်စားခြင်းအတွက် မကျေမနပ် ဖြစ်ကြတော့သည်။
အရှက်မရှိသော သခင်အား ဝေဖန်ပြစ်တင်ရသည်မှာ အပျင်းပြေလှသည်။
နေထွက်စပြုလာသည်နှင့်အတူ ဝိဥာဥ်ငါးကလန် မျိုးနွယ်စုဝင်များမှာ တဖွဲဖွဲ ရောက်ရှိလာကြသည်။
လန်ရှင်းယန်၊ ယွီဖေးယွီနှင့် အခြားသူများလည်း ရောက်ရှိနေလေပြီ။
အန်လင်းမှာလည်း ရင်းနှီးနေသော ပုံရိပ်တစ်ခုအား တွေ့လိုက်မိသည်။
“လှလိုက်တဲ့ ရေသူမပါလား။”
တီနာ ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်မိသည်။
အန်လင်းသည်လည်း ခေါင်းညိတ်သဘောတူလိုက်သည်။
လန်ရှောင်နီအား အန်လင်းတို့ သတိထားမိသွားလေပြီ။
လန်ရှောင်နီသည် အန်လင်းထံ ပြေးသွားချင်နေပါသော်လည်း သူမ၏ အခြားတစ်ဖက်ခြမ်းအား မြင်စေချင်သောကြောင့် ဟန်ကိုယ်ဖို့လုပ်ကာ အိန္ဒြေဆယ်ထားရသည်။
သူမသည် ကျက်သရေရှိသော ကောင်းကင်နတ်မိမယ်အလား အန်လင်းထံ တစ်လှမ်းချင်း လျှောက်လာသည်။
လေယူရာယိမ်းနေသော ဆံနွယ်ရှည်တို့နှင့်အတူ သူမ၏ ခန္ဓာကိုယ်မှ သင်းပျံ့သော ရနံ့လည်း ထွက်ပေါ်နေသည်။
“ဆရာကြီးအန်လင်း.....”
ဝိဥာဥ်ငါးကလန်၏ မင်းသမီး တစ်ပါးအနေဖြင့် ထိုသို့ခေါ်ရသည်မှာ ကသိကအောက် နိုင်လှပါသော်လည်း သူမအတွက် အသားကျနေပြီပင်။
အန်လင်း အံ့အားသင့်နေသည်။
“လန်ရှောင်နီ မင်းဒီနေ့ တကယ်လှနေတာလဲ။”
လန်ရှောင်နီ ရှက်သွေးဖြာကာ စိတ်လှုပ်ရှားသွားလေသည်။
“နှုတ်ဆက်ရမှာဆိုတော့ နည်းနည်းပါးပါး ပြင်ဆင်လာတာပေါ့။”
ထိုအချိန်တွင် လန်ရှင်းယန် ရယ်မောလာသည်။
“သခင်လေးအန်လင်းကို စောင့်ခိုင်းလိုက်ရတာ အားနာလိုက်တာ။ လက်ဆောင်လေး ပြင်ပေးထားပါတယ်။”
ထိုစကားနှင့်အတူ သိုလှောင်လက်စွပ် တစ်ကွင်းအား ထုတ်ပေးလိုက်သည်။
အန်လင်းသည် အလွန်တည်ငြိမ်စွာဖြင့်ပင် သိုလှောင်လက်စွပ်အား လက်ခံလိုက်သည်။
လန်ရှင်းယန် စကားဆိုလာသည်။
“ကျုပ်တို့ ပြန်လိုက်ပါဦးမယ်။ သမီးတော်လေးနဲ့ စကားပြောကြပါဦး။”
ကောင်းကင်တာအို ကိုယ်စားပြုသည် သမီးတော်အား မှာကြားစရာများ ရှိကောင်းရှိနေနိုင်သောကြောင့် လက်အောက်ငယ်သားများကိုခေါ်ကာ ထွက်ခွာသွားလိုက်သည်။
အန်လင်းနှင့် လန်ရှောင်နီမှာ ထွက်ပြူစ နေရောင်ခြည်အောက်တွင် အတူထိုင်လိုက်ကြသည်။ သူမ၏ သရဖူအား နေရောင်များ ဖြာကျနေသည်မှာ လှပလွန်းလှသည်။
လန်ရှောင်နီ မေးထောက်ကာ အဝေးသို့ ငေးလိုက်သည်။
“ဆရာကြီးအန်လင်း လူသားမျိုးနွယ်နဲ့ ပက်သတ်တာက အမှန်တွေပဲလား။”
အန်လင်း ခေါင်းခါပြလိုက်သည်။
“အဲ့ဒါက အမှန်မဟုတ်ဘူး။ ဒါပေမယ့် လူသားမျိုးနွယ်ကို ထိပါးလာမယ်ဆိုရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ငါကအပြတ်ရှင်းပစ်မှာ။ ကောင်းကင်ပင်လယ်နတ်ဘုရား အပါအဝင်ပေါ့။”
လန်ရှောင်နီ မျက်ဝန်းများ မှေးမှိန်သွားသည်။
“အဲ့လူက ငါဆိုရင်ရော.....”
အန်လင်း စကားဆိုလိုက်သည်။
“ဘာတွေပြောနေတာလဲ။ မင်းကငါ့ လက်အောက်ငယ်သားလေ။”
“ငါတကယ်ကြောက်တယ်။ ဒီအစွမ်းတွေက ငါ့ကိုလွှမ်းမိုးသွားမှာကို.....”
လန်ရှောင်နီ မျက်ရည်ဝဲလာသည်။
“ကောင်းကင်ပင်လယ်နတ်ဘုရားက ဘယ်လောက်ကြောက်စရာကောင်းလဲ သိတယ်မလား။ သူခိုင်းထားတဲ့ တာဝန်ကို ပြီးမြောက်တာ သေချာအောင် တစ်ခုခု မလုပ်နိုင်ဘူးလား။”
သူမသည် အမွေအနှစ်များနှင့် ပက်သတ်၍ ပျော်ရွှင်မနေပေ။
ကောင်းကင်ပင်လယ်နတ်ဘုရားကို တွေးမိတိုင်း သူမ ကြောက်မိရသည်။
အန်လင်းမှာ လန်ရှောင်နီအား ခေါင်းပုတ်ပေးလိုက်သည်။
“အဲ့လိုနေ့ရောက်လာရင် မင်းအသိစိတ် ဝင်လာတဲ့ထိ မင်းကိုရိုက်ပစ်မယ်။ ပြီးရင် ကောင်းကင်ပင်လယ်နတ်ဘုရားကို သတ်ပစ်မယ်။ စိတ်မပူပါနဲ့။ ငါကမင်းရဲ့ ဆရာကြီးလေ။”
လန်ရှောင်နီမှာ မျက်ရည်များ စီးကျလာကာ တောက်ပစွာ ပြုံးလိုက်သည်။
“ငါနင့်ကိုယုံတယ်။”
“ငါအနောက်ပင်လယ်ကို အုပ်စိုးပြီး နင့်ရဲ့ မဟာမိတ် ဖြစ်လာပေးမယ်။”
“ဝိုး.... စကားလုံး အကြီးကြီးတွေပါလား။ လန်ရှောင်နီ မင်းပြောင်းလဲသွားပြီပဲ။”
“ငါကနင့်ရဲ့ လက်အောက်ငယ်သားပဲလေ။ ငါ့ဆီကို မကြာမကြာ လာလည်နော်။”
“အေး.... ကတိပေးပါတယ်။”
“လက်ဆွဲနှုတ်ဆက်ပြီး ကတိထားရအောင်။ မဟုတ်သေးဘူး.... ဖက်ကြမယ်။”
နွေးထွေးသော အထိအတွေ့အား အန်လင်း ခံစားလိုက်ရသည်။
အန်လင်းနှင့် လန်ရှောင်နီမှာ ယခုကဲ့သို့ မပွေ့ဖက်ခဲ့ဖူးပေ။
ထိုမြင်ကွင်းသည် လှပဆိတ်ငြိမ်နေပြီး အနီးနားတွင် မှတ်တမ်းတင်နေသူလည်း ရှိခဲ့သည်။
တီနာသည် ထိုသို့မလုပ်ချင်ပါသော်လည်း ရွှယ်ကျန်ထျန်း တောင်းဆိုထားသောကြောင့် ထိုသို့လုပ်နေရခြင်း ဖြစ်သည်။
အန်လင်းတို့မှာ အချိန်အတော်ကြာ စကားပြောနေခဲ့ကြသည်။
လန်ရှောင်နီ ရရှိထားသော အမွေအနှစ်မှာ ထူးခြားလွန်းပါသော်လည်း သူမအသိစိတ်အား ခြယ်လှယ်ထားခြင်း မရှိပေ။
ကောင်းကင်ပင်လယ်နတ်ဘုရားသည် အလောင်းအစား ပြုလုပ်ထားခြင်းပေလော။
အန်လင်းသည်လည်း ထိုကိစ္စအား သေသေချာချာ နားလည်ထားခြင်း မရှိပေ။
မကြာမီပင် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုများ ရောက်ရှိလာသည်။
ကုယွီ စကားဆိုလိုက်သည်။
“လက်ဆောင်ရှာတာနဲ့ ကြာသွားတယ်။ တောင်းပန်ပါတယ် သခင်လေးအန်လင်း....”
“သာမန်လူသာဆို စိတ်ဝိဥာဥ်ကျောက်တုံးပဲ ပေးလိုက်မှာလေ။”
အန်လင်းမှာ စိတ်ဝိဥာဥ်ကျောက်တုံးများ လိုအပ်နေပါသော်လည်း ဘာမှမပြောဖြစ်ပေ။
“အခုမှ စွမ်းအင်တွေ နိုးထနေတုန်းဆိုတော့ လုံခြုံရေးက အရေးကြီးတယ် ထင်တယ်။ အဲ့ဒါကြောင့် နတ်အဆင့် ရတနာ ကောင်းကင်မဟူရာကြယ်စင်အခွံကို ယူလာပေးတယ်။”
“သုံးခါ အသက်သွင်းနိုင်ပြီး တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ တိုက်ခိုက်မှုကို ဆယ်မိနစ်တိတိ ခုခံနိုင်တယ်။”
ကုယွီမှာ လိပ်ခွံတစ်ခု ထုတ်ပးလိုက်သည်။
အန်လင်း မျက်နှာပျက်သွားလေသည်။
“ကောင်းကင်ဘုံလိပ်မျိုးနွယ်စုက အဲ့လိုပဲလား။”
“ဘာကိုပြောချင်တာလဲ။”
ကုယွီ နားမလည်နိုင်ပေ။
“ဘာမှမဟုတ်တော့ပါဘူး။ ကျေးဇူးတင်ပါတယ် စီနီယာ။”
အန်လင်း ပြုံးကာလက်ခံလိုက်သည်။ ပြဿနာမှာ ထျန်းချန်ကျီ၏ အမွေအနှစ်မှာလည်း ယခုရတနာနှင့် ဆင်တူနေခြင်းပင် ဖြစ်သည်။