ပွင့်လင်းမြင်သာမှုရှိခြင်း
Vol. 68 Ch. 943
" ချီးကို နတ်နဂါးဧကရာဇ် တာအိုပညာရပ်ပါလား " ဖက်တီးလေးမှာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့မဲ့ဖြစ်သွားရပြီး စိတ်ထဲတွေကျိတ်၍ ကျိန်ဆဲမိလိုက်သည်။ အရူးများသာလျှင် ထို စကားများကို ယုံလိမ့်မည်ဟု သူက မှတ်ယူလိုက်၏။
" ဒီကောင် ငွေလိုချင်နေတာပဲဖြစ်မှာ။ တော်တော်ကို လောဘကြီးတဲ့ ခွေးကောင်ကွာ " ဖက်တီးလေးမှာ အံတကြိတ်ကြိတ် ဖြစ်နေရပါသော်လည်း ထိုစကားလုံးများအား ထုတ်မပြောရဲဖြင့် စိတ်ထဲတွင်သာ ကျိတ်၍ ရေရွတ်နေရ၏။ သူသည် ထိုစကားလုံးများကို ထုတ်ပြောပြီးလိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့ ဒေါသထွက်သွားပြီး သူ့အား ပစ်မှတ်ထားလိုက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
ဖက်တီးလေးသာ ထိုသို့ ခံစားနေရသည် မဟုတ်ပေ။ အခြားသူများ၏ အမူအရာများမှာလည်း အထူးတဆန်း ဖြစ်နေကြ၏။ အကယ်၍ အခြားတစ်ယောက်ယောက်သာ ထိုစကားများကို ပြောခဲ့ခြင်းဆိုပါက သူတို့မှာ ယုံကြည်နိုင်ခြေ ရှိသေးသည်။ သို့သော် သူ့ကိုယ်သူ ရှဲ့မိသားစုမှ ရှဲ့တလုဟု ခေါ်ခဲ့သည့် လူတစ်ယောက်က ထိုကဲ့သို့ ဆိုလိုက်သည်ဖြစ်ရာ မည်သူကမှ အယုံအကြည် မရှိတော့ပေ။
သူသည် ရာဇဝတ်မှုမှတ်တမ်းများနှင့် လူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ သူသည် ပထမအဆင့် အရည်အချင်းစမ်းသပ်ပွဲထဲတွင် လှေလက်မှတ်များ ရောင်းချခဲ့ရုံသာမက လှေပေါ်တွင်လည်း မှော်ဝိညာဉ်သစ်သီးများ ရောင်းချခဲ့သေးသည်။ သို့ဖြစ်ရာ ယခုတွင် သူ ထို အချုပ်အနှောင် ချိုးဖျက်သည့် နည်းလမ်းအား ရောင်းချနိုင်ရန် ကြိုးစားနေခြင်း မရှိမှသာလျှင် သူတို့မှာ အထူးတဆန်း ဖြစ်နေရမည်ဖြစ်သည်။
ထိုကဲ့သို့ သူ၏ ဘေးနားတစ်ဝိုက်ရှိ လူတိုင်း၏ မျက်နှာအမူအရာများ အထူးတဆန်း ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်၏။
" အားလုံး။ ငါ ငါ့ မိသားစုမျိုးနွယ်စုရဲ့ အမွေအနှစ်ကို မင်းတို့ဆီ တကယ် ပေးလို့မရလို့ပါ။ ငါ့ရဲ့ နဂိုမူလ အစီအစဉ်အတိုင်းသာဆိုရင် ငါ မင်းတို့ရဲ့ အချုပ်အနှောင်တွေ အကုန်လုံးကို ဖျက်ဆီးနိုင်ဖို့ ကူညီပေးလို့ရတယ်။ ဒါပေမဲ့ အခု မင်းတို့ မြင်တဲ့အတိုင်းပဲ။ ဒီ ပညာရပ်ကို ခဏခဏ သုံးဖို့ လိုနေတာလေ။ ငါလည်း ငါ့ရဲ့ အသက်စွမ်းအားတွေကို အများကြီး ထုတ်သုံးလို့ ဘယ်ဖြစ်မလဲကွ... အဲတာမလို့ နားလည်ပေးကြပါ " ဝမ်ပေါင်လဲ့မှာ အခြား ရွေးချယ်စရာ မရှိသည့်အမူအရာဖြင့် ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။
သို့သော် အခြားသူများအားလုံး၏ အမြင်တွင် ဝမ်ပေါင်လဲ့မှာ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ သူ့အား ထိုကဲ့သို့ ထွက်ခွာသွားခွင့် ပြုနိုင်မည် မဟုတ်ပေ။ ပုံရိပ်ယောင်သလင်းကျောက်တုံးများအား ပိုင်ဆိုင်ထားခြင်း မရှိသည့် လူများအတွက် ရေးကြီးခွင်ကျယ်မဟုတ်ပါသော်လည်း ဖက်တီးလေး၊ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့် အခြားနှစ်ယောက်တို့မှာ လက်ခံနိုင်ကြမည် မဟုတ်ပေ။ အထူးသဖြင့် အခြားနှစ်ယောက်မှာဆိုလျှင် ပိုဆိုးပေသည်။ သူတို့မှာ ဝမ်ပေါင်လဲ့၏ လက်၌ ငွေညှစ်ခံရသည့် အတွေ့အကြုံအား မခံစားဖူးသေးပေ။ ထို့ကြောင့် သူတို့မှာ ချက်ချင်းဆိုသလိုပင် ဘယ်ညာ နှစ်ဖက်မှနေ၍ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်ကြ၏။
" တာအိုရောင်းရင်း။ ခဏစောင့်ပါဦး "
သူတို့၏ လေသံမှာ တင်းမာနေခြင်း မရှိပါသော်လည်း သူတို့၏ ကျင့်ကြံခြင်းစွမ်းအား အငွေ့အသက်များနှင့် သူတို့ ပြေးလာနေသည့် အမြန်နှုန်းကို ကြည့်လျှင် သူတို့မှာ စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်ကြောင်း သိနိုင်ပေသည်။ အချိန်မှာ အသက်တမျှ အရေးကြီးနေပြီဖြစ်ရာ အကယ်၍ သူတို့မှာ သူတို့၏ ပုံရိပ်ယောင်သလင်းကျောက်တုံးများပေါ်မှ အချုပ်အနှောင်များကိုသာ ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိပါက နောင်တရရန် အချိန်ပင် ရှိလိုက်မည် မဟုတ်ပေ။ သို့ဖြစ်ရာ သူတို့မှာ ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းနိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။
" ဟင် " ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်၌ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူ သူ၏ ညာဘက်လက်ကို မြှောက်လိုက်ချိန်တွင် နတ်ဘုရားလက်နက်ကြီး ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ထိုလက်နက်ကြီးဖြင့် ရှေ့သို့ အားပါပါ လှမ်းခုတ်လိုက်တော့သည်။ ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏ရှေ့၌ လေမုန်တိုင်းတစ်ခု ပေါ်ပေါက်လာသည်။ ထိုလေမုန်တိုင်းကြီးမှာ အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားပြီး သူ့ဆီသို့ ပြေးလာနေသည့် လူနှစ်ယောက်အား နောက်သို့ ပြန်၍ တွန်းထုတ်လိုက်၏။ ထို့နောက် သူသည် နောက်သို့ ပေတစ်ထောင်တိတိ ဆုတ်ခွာသွားလိုက်ပြီး အေးစက်စက် မျက်ဝန်းများဖြင့် မေးလိုက်တော့သည်။
" ဒါ ဘာအဓိပ္ပါယ်လဲကွ "
" တာအိုရောင်းရင်းရှဲ့။ တာအိုရောင်းရင်းရဲ့ ကမ်းလှမ်းချက်ကိုပြောပါ။ ဒါပေမဲ့ အချက်တစ်ချက်ဝောာ့ရှိတယ်... ဘာပဲဖြစ်ဖြစ် တာအိုရောင်းရင်း ကျွန်တော်တို့ရဲ့ အချုပ်အနှောင်တွေကို မရရအောင် ဖျက်ဆီးပေးရမယ်။ အဲလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ကို အပြစ်မဆိုပါနဲ့ "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ထို့နောက် သူသည် ကျန်ရှိနေသေးသည့် အချိန်ကို တွက်ချက်ကာ အဝေးသို့လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် သူသည် နောက်ထပ် လူအမြောက်အမြား သူရှိနေသည့်နေရာသို့ ဦးတည်လာနေကြပြီဖြစ်ကြောင်း အာရုံခံမိလိုက်သဖြင့် ဒေါသတကြီး ကြိမ်းဝါးလိုက်တော့သည်။
" မင်းတို့က ငါ့ကို အတင်းအကျပ် ဖိအားပေးနေတာလား "
ဝမ်ပေါင်လဲ့ ထိုသို့ ကြိမ်းဝါးလိုက်စဉ်မှာပင် သူ၏ဘေးတွင် ရှိနေသည့် ဖက်တီးလေးမှာ အော်ပြောလိုက်၏။
" ငါ သလင်းကျောက်နီ အတုံးတစ်သိန်းပေးမယ်။ ငါ့ရဲ့ အချုပ်အနှောင်ကို ချိုးဖျက်ပေး "
" မရဘူးကွ။ ငါ့ဆီမှာ အသက်စွမ်းအားတွေ အများကြီး မကျန်တော့ဘူး။ ငါ့ရဲ့ အချုပ်အနှောင်ကို ချိုးဖျက်နိုင်ဖို့ကိုတောင် မနည်းကြိုးစားနေရတာ။ ငါ... " ဝမ်ပေါင်လဲ့ စကားမဆုံးနိုင်ခင်မှာပင် သူနှင့် လုံးဝ မပတ်သတ်ခဲ့ဖူးသည့် ပါရမီရှင်နှစ်ယောက်မှာ စိတ်မရှည်တော့သဖြင့် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ချက်ချင်းထုတ်လွှတ်လိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ နောက်ထပ်တစ်ကြိမ် ထပ်၍ ပြေးလာတော့သည်။
ဖက်တီးလေးပင်လျှင် မျက်လုံးများ မှေးသွားပြီး သူ၏အနီးသို့ ချဉ်းကပ်လာ၏။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးတစ်ယောက်သာလျှင် နှုတ်ဆိတ်နေသည်။ သူမသည် မလှုပ်မယှက် ရပ်ကာ ဝမ်ပေါင်လဲ့အား အထူးတဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။
ဝမ်ပေါင်လဲ့မှာလည်း ထိုအချက်အား သတိထားမိထားပြီးသား ဖြစ်သည်။ သူသည် သူတို့၏ ကြား၌ ပိတ်မိသွားမည် စိုးသောကြောင့် နောက်သို့ နောက်ထပ်တစ်ကြိမ်ထပ်၍ ဆုတ်ခွာသွားလိုက်ပြန်သည်။ သို့သော် ထိုအချိန်တွင် ဒုတိယမြောက် အဖွဲ့တစ်ဖွဲ့ ထပ်၍ ရောက်ရှိလာ၏။ ထို အဖွဲ့၏ ခေါင်းဆောင်မှာ ဖီးနစ်ငှက်ကိုးကောင်ဂိုဏ်းမှ ခေါင်းလောင်းနှင့် မိန်းမပျိုလေး ဖြစ်သည်။ သူမသည် ထိုနေရာ၌ ပေါ်ပေါက်လာသည်နှင့် သူမ၏ ညာဘက်လက်ကို မြှောက်ကာ လက်ညှိုးထိုးလိုက်သောအခါ သူမ၏ ရှေ့တွင် ကမ္ဗည်းစာလုံးရေ ထောင်ပေါင်းများစွာ ပေါ်ပေါက်လာ၏။ ထို ကမ္ဗည်းစာလုံး တစ်လုံးချင်းစီတိုင်းမှာ ခေါင်းလောင်းတစ်လုံးကဲ့သို့ ဖြစ်နေပြီး ၎င်းတို့မှာ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများအဖြစ် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေကြပြီ ဖြစ်သည်။
ထို့အပြင် ဒုတိယအဖွဲ့ထဲမှ ပုံရိပ်ယောင်သလင်းကျောက်တုံးများ ပိုင်ဆိုင်ထားကြသည့် အခြား ကျင့်ကြံသူများမှာလည်း ထိုနည်းတို့ပင်။ သူတို့မှာ အဆင်အခြင်မဲ့စွာ ပြုမူတတ်ကြသည့် လူများ မဟုတ်ပါသော်လည်း အချိန်ပြည့်ရန် တစ်နာရီသာ လိုတော့သည် မဟုတ်ပါလော။
ထို့ကြောင့် သူတို့အားလုံးမှာ အချုပ်အနှောင်အား ဖျက်ဆီးနိုင်မည့် နည်းလမ်းကို သိရှိနိုင်ရန် ရှဲ့တလုအား ဖိအားပေးရတော့မည် ဖြစ်သည်။ ခပ်လှမ်းလှမ်းတွင်ဆိုလျှင် ကျင့်ကြံသူ နောက်ထပ်တစ်ဖွဲ့ ထပ်ရောက်လာနေပြီ ဖြစ်သည်။
ထို့အပြင် ဘေးနားတစ်ဝိုက်တွင် စောင့်ကြည့်နေကြသည့် လူများလည်း ရှိနေကြသေးသည်။ သူတို့အားလုံးမှာ အခွင့်အရေးများ ပေါ်ပေါက်လာရန် စောင့်ဆိုင်းနေကြခြင်းဖြစ်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မကျေမချမ်းဖြစ်သွားရပြီး အမျက်ချောင်းချောင်းထွက်ကာ မျက်ဝန်းများ အရောင်လက်သွားရတော့သည်။ သူသည် ဒေါသမီးတောက်များ တောက်လောက်နေသည့် မျက်ဝန်းများဖြင့် နောက်သို့ဆုတ်ခွာသွားနေရင်း အသံကုန်အော်ဟစ်လိုက်၏။
" မင်းတို့တွေ တရားလွန်သွားပြီနော်။ ငါ မင်းတို့တွေ အကုန်လုံးကို မယှဉ်နိုင်တာမှန်ပေမဲ့ ဒီအရည်အချင်း စမ်းသပ်ပွဲ ပြီးသွားတဲ့အချိန်အထိ မင်းတို့ရဲ့လက်ထဲကနေ ထွက်ပြေးနိုင်လိမ့်မယ်ဆိုတာကိုတော့ ငါ့ကိုယ်ငါ ယုံတယ် "
" မင်းတို့တွေ ငါ့ရဲ့ ကမ်းလှမ်းချက်ကို မေးခဲ့တာမလား။ အေး။ တစ်ယောက်ကို သလင်းကျောက်နီ အတုံးငါးသန်းကျမယ်။ အဲဒီပမာဏ ပေးနိုင်တဲ့ လူတိုင်းကို အချုပ်အနှောင် ဖျက်ဆီးနိုင်ဖို့ ကူညီပေးမယ် " ဝမ်ပေါင်လဲ့မှာ မကျေမနပ်နှင့် အော်ပြောလိုက်ပြီးနောက် နောက်သို့ ဆက်လက် ထွက်ပြေးဆုတ်ခွာသွားလိုက်ပြန်သည်။
သို့သော် သူ စကားဆုံးသွားသည်နှင့် သူ့အား တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည့် မျက်နှာဖုံးနှင့် အမျိုးသမီးမှာ ရုတ်တရက် ဆိုလိုက်၏။
" ငါ ဝယ်မယ် " သူမသည် ထိုသို့ဆိုလိုက်ပြီးနောက် သလင်းကျောက်နီကတ်ပြားတစ်ပြားအား အလျင်အမြန် ထုတ်ယူကာ လှမ်းပစ်လိုက်၏။ တစ်ချိန်ထဲမှာပင် သူမသည် သူမ၏ ပုံရိပ်ယောင်သလင်းကျောက်တုံးကိုလည်း လှမ်းပစ်လိုက်သေးသည်။ သူမသည် အခြားသူများ ၎င်းအား လုယူရန် ကြိုးစားနေမည်ကို စိုးရိမ်နေသည့်ပုံ မပေါ်ပေ။ သူမ၏ ဘေးနားတစ်ဝိုက်တွင် ရှိနေသည့် လူများမှာ သူမအား ပြဿနာမရှာရဲကြသဖြင့် ထို သလင်းကျောက်နီကတ်ပြားနှင့် ပုံရိပ်ယောင်သလင်းကျောက်တုံးတို့မှာ ဝမ်ပေါင်လဲ့၏ ရှေ့သို့ ရောက်ရှိလာတော့သည်။
ဝမ်ပေါင်လဲ့မှာ ထို အမျိုးသမီး၏ စိတ်ဓာတ်ပြတ်သားမှုများကို မြင်လိုက်ရသောအခါ မျက်စိပေကလပ်ပေကလပ် ဖြစ်သွား၏။ သူသည် ထို ကတ်ပြားအား လှမ်းယူလိုက်ပြီးနောက် အတွေးများထဲ၌ နစ်မျောသွားတော့သည်။ သူသည် သူ၏ လုပ်ရပ်များ မှန်ကန်မှုရှိမရှိ တွေးနေခြင်း ဖြစ်ပြီး အကျိုးအမြတ် အများဆုံးရနိုင်မည့် နည်းလမ်းများကို စဉ်းစားနေခြင်း ဖြစ်သည်။
" ငါလည်း ဝယ်မယ် " ဝမ်ပေါင်လဲ့ အတွေးများထဲ၌ နစ်မျောနေစဉ်မှာပင် သူ့အား တိုက်ခိုက်ခဲ့သည့် ဖီးနစ်ငှက်ကိုးကောင်ဂိုဏ်းမှ ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာလည်း အံကြိတ်ကာ အလျင်အမြန် ဆိုလိုက်၏။ ထို့နောက် သူမသည် သလင်းကျောက်နီကတ်ပြားတစ်ပြားနှင့် သူမ၏ ပုံရိပ်ယောင်သလင်းကျောက်တုံးအား လှမ်းပစ်ပေးလိုက်သည်။
" ငါလည်း ဝယ်မယ် " ဖက်တီးလေးမှာလည်း အသံကုန်အော်ဟစ်ကာ သူ၏ ပုံရိပ်ယောင်သလင်းကျောက်တုံးအား အလောတကြီးနှင့် လှမ်းပစ်လိုက်၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ နောက်၌ ခပ်သဲ့သဲ့ စကားသံတစ်သံ ထွက်ပေါ်လာသည်။
" သမီးလည်း ဝယ်မယ် " ထို စကားသံနှင့်အတူ သလင်းကျောက်နီ ကတ်ပြားတစ်ပြားနှင့် ပုံရိပ်ယောင်သလင်းကျောက်တုံးတစ်တုံးအား ကိုင်ထားသည့် လက်လေးတစ်ဖက်မှာ သူ၏နောက်မှ ရှေ့သို့ ဆန့်ထွက်လာ၏။ ထို လက်ပိုင်ရှင်မှာ အမှောင်ပညာရပ်အား တတ်မြောက်ထားသည့် ကလေးမလေး ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုကလေးမလေး သူ၏ နောက်၌ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသောအခါ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူသည် ထို ကလေးမလေး ပေါ်ပေါက်လာသည့် အချိန်မှသာ သူမအား သတိထားမိလိုက်ခြင်း ဖြစ်ကြောင်း ရိပ်မိသွားသည်။ အကယ်၍ သူမသာ တိုက်ခိုက်လိုက်မည်ဆိုပါက သူသည် အချိန်မီ ပြန်လည်တုံ့ပြန်နိုင်ခဲ့မည်သာ ဖြစ်ပါသော်လည်း ယခုလို တိတ်တိတ်ကလေး ချဉ်းကပ်ခံလိုက်ရသည့် ခံစားချက်ကြီးကြောင့် ကျောချမ်းရသွားရ၏။ သူ နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ထို ကလေးမလေးမှာ သူ၏ နောက်တွင် ပေါ်ပေါက်လာပြီး သူ့အား စိုက်ကြည့်ကာ ပြုံးပြနေသည်။
သူမ၏ အပြုံးမှာ အနည်းငယ်ခန့် လျှို့ဝှက်ဆန်းကြယ်သည့်ပုံ ပေါက်နေသည်။ သူမသည် ထိုသို့ ပြုံးပြလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား မျက်လုံးတစ်ဖက်ပင် မှိတ်တ်ပြလိုက်သေးသည်။
ပထမဆုံး အဖွဲ့ထဲရှိ ပါရမီရှင် နှစ်ယောက်မှာလည်း ဝမ်ပေါင်လဲ့အား စကားပြောခွင့်ပင် မပေးဘဲ အံကြိတ်ကာ သူတို့၏ သလင်းကျောက်နီ ကတ်ပြားများကို ထုတ်ယူလိုက်ကြ၏။ သူတို့မှာ ကုဋေရှစ်ဆယ် သူဌေးသားများကဲ့သို့ ပြုမူနေကြခြင်း မဟုတ်ဘဲ ငွေနှင့်ဖြေရှင်းရသည့် အရာများမှာ သူတို့အတွက် ပြဿနာမဟုတ်ကြောင်း မှတ်ယူထားကြသည်သာ ဖြစ်သည်။
ထို့အပြင် သိပ်မကြာခင်တွင် အချိန်ပြည့်တော့မည် မဟုတ်ပါလော။ အခြားသဲလွန်စများ ရှိနေနိုင်သေးပါသော်လည်း သူတို့မှာ အရဲမစွန့်ရဲကြပေ။
တစ်ချိန်ထဲမှာပင် မဟာလက်ဝဲတာအိုနယ်မြေ၏ အဆင့်တစ်ဂိုဏ်းထဲမှ ပညာရှိပုံစံ လူငယ်လေးမှာလည်း ထိုအခြင်းအရာများကို မြင်လိုက်ရပြီးနောက် လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်၏။ သူသည် စကားတစ်ခွန်းမှ ပြောနေခြင်း မရှိဘဲ သလင်းကျောက်နီကတ်ပြားနှင့် ပုံရိပ်ယောင်သလင်းကျောက်တုံးတို့ကို ထုတ်ယူကာ ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်သည်။
ဝမ်ပေါင်လဲ့မှာ ထို အခြင်းအရာများကို မြင်လိုက်ရသောအခါ စိတ်ပြောင်းသွားတော့သည်။
" ငါ မင်းရဲ့ ပိုက်ဆံကို မလိုချင်ဘူး။ မင်းက အစကနေ အဆုံးအထိ ငါ့ကို တိုက်ခိုက်ခဲ့တာမျိုး မရှိဘူးလေ။ အဲတာမလို့ ငါမင်းကို အလကား ကူညီပေးပါ့မယ် " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစား တွေးတောလိုက်ပြီးနောက် ပုံရိပ်ယောင်သလင်းကျောက်တုံးအား ယူထားလိုက်ပြီး သလင်းကျောက်နီကတ်ပြားအား ပြန်ပစ်ပေးလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးဘက်သို့ လှည့်ကာ ထိုကဲ့သို့ ထပ်ပြောလိုက်ပြန်သည်။
" ငါ နင့်ဆီကလည်း သလင်းကျောက်နီတွေ ယူခဲ့ပြီးပြီးမလို့ ထပ် မလိုချင်တော့ဘူး "
" မင်းကိုလည်း အလကား ကူညီပေးမယ်။ ငါတို့နှစ်ယောက်စလုံးက လိုက်ဖမ်းခံခဲ့ရတာဆိုတော့ ဘဝတူတွေလို့ ပြောလို့ရတယ်။ ငါတို့လို ရှဲ့မိသားစုဝင်တွေ လိုက်နာစောင့်ထိန်းရတဲ့ ကျင့်ဝတ်တွေ ရှိတယ်ကွ " ဝမ်ပေါင်လဲ့မှာ ယခုလေးတင်မှ ရောက်ရှိလာသည့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးအား ကြည့်ကာ ထိုသို့ဆိုလိုက်သည်။
ထိုအခါ ထို လူငယ်လေးမှာ အံအားသင့်သွားရ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့် ညာလက်သီးပေါ် ဘယ်လက်ဝါး တင်လိုက်ပြီးနောက် ဦးညွှတ်အရိုသေပေးလိုက်၏။ ထို့နောက် သူသည် သူ၏ ပုံရိပ်ယောင်သလင်းကျောက်တုံးအား လှမ်းပစ်ပေးလိုက်သည်။
မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးမှာလည်း ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။ သူမသည် စကားတစ်ခွန်းမှ မပြောပါသော်လည်း သူမ၏ အကြည့်များမှာမူ နူးညံ့သိမ်မွေ့သွားရသည်။ မဟာလက်ဝဲတာအိုဂိုဏ်းထဲရှိ အဆင့်တစ်ဂိုဏ်းမှ ပညာရှိပုံစံ လူငယ်လေးမှာလည်း အနည်းငယ်ခန့် အံ့အားသင့်သွားပြီနောက် ဝမ်ပေါင်လဲ့အား ပြုံးပြလိုက်၏။ ခေါင်းလောင်နှင့် မိန်းမပျိုလေးတစ်ယောက်သာလျှင် အံတကြိတ်ကြိတ် ဖြစ်နေတော့သည်။
" သူတို့ကလွဲရင် တခြားသူတွေအကုန်လုံး တစ်ယောက်ကို သလင်းကျောက်နီ အတုံးငါးသန်း ပေးရမယ် " ဝမ်ပေါင်လဲ့မှာမူ ခေါင်းလောင်နှင့် မိန်းမပျိုလေးအား လျစ်ချူရှုထားလိုက်ပြီးနောက် တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ဆိုလိုက်၏။
" ဒါပေမဲ့ ငါ အရင်ဆုံး ကြိုပြောထားချင်တာ တစ်ခုရှိတယ်။ ငါ အချုပ်အနှောင်တွေ အကုန်လုံးကို ချိုးဖျက်နိုင်ဖို့ အသက်စွမ်းအားတွေ အလုံအလောက် ပိုင်ဆိုင်ထားတယ်ဆိုတဲ့ အချက်ကို ထိမ်ချန်ထားခဲ့တာ ဝန်ခံပါတယ်။ ဒါပေမဲ့ ငါ အဲဒီလို ထိန်ချန်ထားခဲ့ရတဲ့အကြောင်းရင်းက အဲဒီ အချုပ်အနှောင်တွေ အကုန်လုံးကို ဖယ်ရှားဖို့ မဖြစ်မနေ လိုအပ်သလား မလိုအပ်ဘူးလားဆိုတာ မသေချာလို့ပဲ။ ငါ အချုပ်အနှောင်တွေ အကုန်လုံးကို တစ်ခုမကျန် ဖယ်ရှားပေးနိုင်စွမ်း မရှိရင်တောင် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အပေါ် အကျိုးသက်ရောက်မှု ရှိချင်မှရှိမှာ။ အဲတာမလို့ အချုပ်အနှောင် မဖယ်ရှားရသေးတဲ့ ပုံရိပ်ယောင်သလင်းကျောက်တုံး ပိုင်ရှင်တွေလည်း အလွယ်တကူ တည်နေရာပြောင်းရွှေ့နိုင်စွမ်း ရှိသွားရင် ငါ့အပြစ် မဟုတ်ဘူးနော်။ ငါ မင်းတို့ဆီက ငွေလိမ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး "
" ငါက အစကတည်းက အခုလို လုပ်ချင်တာ မဟုတ်ဘူး။ မင်းတို့တွေ အကုန်လုံး ငါ့ကို ဖိအားပေးခဲ့လို့သာ လုပ်လိုက်ရတာ... အဲတာမလို့ မင်းတို့တွေ သဘောတူတယ်ဆိုရင် ငါ ကူညီပေးမယ်။ သဘောမတူဘူးဆိုရင်တော့... ငါ့ကို ပြဿနာ လာမရှာကြနဲ့ "