← Chapters

ခေါင်းမာလွန်းပါသော

Vol. 68 Ch. 944

ခေါင်းမာလွန်းပါသော

Vol. 68 Ch. 944

ဝမ်ပေါင်လဲ့မှာ မကြာသေးမီတုန်းက သူ သူတို့၏ ကမ်းလှမ်းချက်များအား ငြင်းဆန်ခဲ့ရသည့် အကြောင်းပြချက်ကို ရိုးသားဖြောင့်မတ်စွာ ရှင်းပြလိုက်၏။ သူ၏ ပြောစကားများမှာ ကျိုးကြောင်းဆီလျော်မှုအပြည့် ရှိနေသည်။ ထို အချုပ်အနှောင်များမှာ နဂိုကတည်းက ရှိနေခြင်းဟုတ်မဟုတ် မည်သူကမှ မသိကြပေ။

ထို့ကြောင့် သူတို့မှာ အကယ်၍ ထို အချုပ်အနှောင်များအား ဖယ်ရှားခဲ့ခြင်းမရှိပါက နောက်ပိုင်းတွင် ပစ်မှတ်ထားခံရမည်ကို စိုးရိမ်နေကြသည်။ သို့ဖြစ်ရာ ပုံရိပ်ယောင်သလင်းကျောက်တုံးများ ပိုင်ဆိုင်ထားကြသည့် ပါရမီရှင်များမှာ အရဲမစွန့်ရဲကြပေ။ အထူးသဖြင့် သလင်းကျောက်နီ အတုံးငါးသန်းဆိုသည့် ပမာဏမှာ သေးငယ်သည့် ပမာဏတစ်ခု မဟုတ်ပါသော်လည်း ဤနေရာတွင် ရှိနေသည့် လူတိုင်းနီးပါးမှာ ထို ငွေပမာဏအား တတ်နိုင်ကြပေသည်။ ထိုကဲ့သို့သော ငွေပမာဏလေးအတွက်နှင့် တစ်သက်တွင် တစ်ကြိမ်သာရနိုင်သည့် အခွင့်အရေးကြီးအား လောင်းကြေးထပ်ရမည်မှာ အလျော်အစား ကြီးပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုအချက်များကို ထည့်တွက်ထားပြီးသား ဖြစ်သည်။ သူသည် အတိတ်မှ ရခဲ့သည့် သင်ခန်းစာများကြောင့် စကားလုံး လှလှလေးများသုံးကာ ရှင်းပြခဲ့ခြင်း ဖြစ်၏။ သူသည် ပိုက်ဆံရှာချင်ရုံသာမက ခင်မင်ရင်းနှီးမှုများ တည်ဆောက်နိုင်ရန်ပါ ဆန္ဒရှိနေသည်။

ယခု ပုံစံအတိုင်းသာဆိုပါက သူ၏ ကြိုးစားအားထုတ်မှုများမှာ အရာထင်သည်ဟု ဆိုရပေမည်။

ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ကျေနပ်အားရနေပါသော်လည်း မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် တွေဝေတုံ့ဆိုင်းနေကြသည့် အခြားသော ပုံရိပ်ယောင်သလင်းကျောက်တုံး ပိုင်ရှင်များကိုလည်း ဂရုစိုက်နေခြင်း မရှိဘဲ တင်ပျဉ်ခွေထိုင်ချကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ အခြားသူများ သူ့ဆီသို့ လှမ်းပစ်ပေးလိုက်သည့် ပုံရိပ်ယောင်သလင်းကျောက်တုံးများမှာ သူ၏ရှေ့၌ မျောလွင့်နေကြတော့သည်။ ထို့နောက် သူသည် မျက်လုံးများမှိတ်ကာ မန္တန်လက်ကွက်တစ်ခု အလျင်အမြန် ဖော်လိုက်၏။ သူသည် ထိုမြင်ကွင်းအား ပို၍ ယုတ္တိရှိစေရန် သူ၏ အသက်စွမ်းအားအချို့ကိုပင် တုန်ရီသွားအောင် လုပ်လိုက်သဖြင့် သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့်အလင်းရောင်များမှာ ပြောင်းလဲသွားပြီး တမူထူးခြားသည့်ပုံ ပေါက်လာတော့သည်

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ လူပုံစံစက္ကူရုပ်ကြီး သင်ပေးခဲ့သည့် နည်းလမ်းအတိုင်း ပုံရိပ်ယောင်သလင်းကျောက်တုံးများပေါ်မှ အချုပ်အနှောင်များအား တစ်ခုပြီးတစ်ခု စတင် ချိုးဖျက်နေလိုက်တော့သည်။

သူသည် သူ ထို အချုပ်အနှောင်များအား ချိုးဖျက်နေစဉ် တစ်စုံတစ်ယောက်က သူ့အား လာရောက်နှောင့်ယှက်မည်ကို စိုးရိမ်နေခြင်းမရှိပေ။ တစ်ဖက်တွင် သူသည် သတိဝီရိယအပြည့်ရှိနေသလို အခြားတစ်ဖက်တွင်လည်း အကယ်၍ တစ်ယောက်ယောက်ကသာ လှုပ်ရှားလိုက်မည်ဆိုပါက သူ့အား ပုံရိပ်ယောင်သလင်းကျောက်တုံးများ ပေးထားသည့် မျက်နှာဖုံး တပ်ထားသည့် အမျိုးသမီးနှင့် ပညာရှိပုံစံ လူငယ်လေးတို့မှာ ရပ်ကြည့်နေကြမည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ သူတို့အား သူတို့၏ အချုပ်အနှောင်များကို ချိုးဖျက်နိုင်ရန် ကူညီပေးနေသည် မဟုတ်ပါလော။

သို့ဖြစ်ရာ ဝမ်ပေါင်လဲ့နှင့် ထို ပါရမီရှင်များသာမက ဘေးပတ်ပတ်လည်ရှိ လူတိုင်းမှာ ထိုအချက်အား နားလည်ထားကြ၏။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့၏ အငွေ့အသက်များ ပို၍အားကောင်းလာသည်ကို ငေးကြည့်နေရုံမှတစ်ပါး အခြား ဘာမှမတတ်နိုင်ခဲ့ပေ။ သူ၏ရှေ့တွင် ရှိနေသည့် ပုံရိပ်ယောင်သလင်းကျောက်တုံးများမှာ... ခြုံလွှာများအောက် ရောက်နေရာမှ အပြင်ဘက်၌ ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွားသဖြင့် ၎င်းတို့၏ အလင်းရောင်များမှာလည်း ပို၍ ဝင်းလက်တောက်ပလာ၏။ နောက်ဆုံးတွင် ၎င်းမှာ နေရောင်အောက်ရှိ ကျောက်ရိုင်းတုံးတစ်တုံးကဲ့သို့ ဖြစ်နေတော့သည်။ တစ်ချိန်ထဲမှာပင် ၎င်းမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအားများနှင့် တစ်သားတည်း ထပ်တူကျနေသေးသည်။

မည်သည့်အသံမှ ထွက်ပေါ်လာခြင်း မရှိပါသော်လည်း ထို ပုံရိပ်ယောင်သလင်းကျောက်တုံးများကို ကြည့်မိလိုက်သည့် လူတိုင်းမှာ စိတ်ထဲ၌ ပဲ့တင်ထပ်သံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်သာ ဖြစ်သည်။ ထို သလင်းကျောက်တုံးများအား လုံးဝမမြင်ဖူးသည့် လူများမှာဆိုလျှင် ၎င်းတို့၏ ပုံစံအစစ်အမှန်မှာ ယခုလို ဖြစ်နေရမည် ဖြစ်ကြောင်း မှတ်ယူလိုက်ကြမည်သာ ဖြစ်သည်။

ထိုမျှသာမက သူတို့၏ မိသားစုမျိုးနွယ်စုများနှင့် ဂိုဏ်းများ၏ ရှေးဟောင်းမှတ်တမ်းများထဲတွင် ရေးသားထားသည့် ဖော်ပြချက်များမှာလည်း ယခုလို ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် တွေဝေတုံ့ဆိုင်းနေကြခဲ့ပြီး ဝမ်ပေါင်လဲ့အား ချက်ချင်း အကူအညီတောင်းခဲ့ခြင်းမရှိသည့် ပါရမီရှင်များမှာဆိုလျှင် မျက်ဝန်းများ အရောင်တောက်ပသွားတော့သည်။ ပုံရိပ်ယောင်သလင်းကျောက်တုံးများအား ပိုင်ဆိုင်ထားသည့် လူအယောက်သုံးဆယ်ထဲမှ တစ်ယောက်ဖြစ်သော လီလင်းကျစ်မှာလည်း ထိုနည်းတူပင်။ သို့သော် သူသည် ဝမ်ပေါင်လဲ့နှင့် ကတောက်ကဆ ဖြစ်ခဲ့ဖူးသည်ဖြစ်ရာ ယခုတွင် ပို၍ပင် စိတ်သောကရောက်နေရတော့သည်။

ပုံမှန်အတိုင်းဆိုလျှင် ပုံရိပ်ယောင် သလင်းကျောက်တုံးများ၏ အချုပ်အနှောင်များအား ဖယ်ရှားပေးရသည်မှာ အချိန်သိပ်မကြာပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ပို၍ ယုတ္တိရှိစေရန်အတွက် အချိန်ဆွဲနေဆဲပင်။ ထို့ကြောင့် သူတို့၏ ပုံရိပ်ယောင် သလင်းကျောက်တုံးများပေါ်မှ အချုပ်အနှောင်များကို ဖယ်ရှားပေးရန် ချက်ချင်း တောင်းဆိုခဲ့ခြင်းမရှိသည့် ပါရမီရှင်များမှာ စိုးရိမ်စိတ်များ ကြီးထွားလာတော့သည်။ အရည်အချင်း စမ်းသပ်ပွဲကြီး ပြီးဆုံးရန် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ အချိန်မျှသာ ကျန်တော့သည် မဟုတ်ပါလော။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်တော့သည်။ ထိုအခါ သူ၏ ပတ်ပတ်လည်ရှိ ပုံရိပ်ယောင် သလင်းကျောက်တုံးများပေါ်၌ ကျန်ရှိနေသေးသည့် နောက်ဆုံး အညစ်အကြေးများအားလုံးမှာ ဖယ်ရှားခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ ထို့ကြောင့် ၎င်းတို့မှာ ပို၍ပင် ဝင်းလက်တောက်ပြောင်လာတော့သည်။

" ဒီလောက်ဆို ရလောက်ပါပြီ။ ဒါပေမဲ့ အခုလို အနေအထားမျိုး အချိန်အကြာကြီး ဆက်ရှိနေနိုင်လိမ့်မယ်လို့ ငါ အာမမခံနိုင်ဘူးနော်။ ငါ အကောင်းဆုံး ကြိုးစားပေးပြီးသွားပြီ " ဝမ်ပေါင်လဲ့မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေရပြီဖြစ်သည်။ သူသည် ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ လက်အား ဝှေ့ယမ်းလိုက်သောအခါ ထို ပုံရိပ်ယောင်သလင်းကျောက်တုံးများမှာ ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များဆီသို့ အသီးသီးပြန်ရောက်သွားကြ၏။

ထိုအခါ သူတို့၏ ပုံရိပ်ယောင် သလင်းကျောက်တုံးများပေါ်မှ အချုပ်အနှောင်များအား ဖယ်ရှားပေးရန် ချက်ချင်းတောင်းဆိုခဲ့ခြင်းမရှိသော အခြား ပါရမီရှင်များမှာ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူတို့၏ ပုံရိပ်ယောင်သလင်းကျောက်တုံးများကို ထုတ်ကာ လှမ်းပစ်ပေးလိုက်ကြတော့သည်။ သူတို့မှာ သူတို့၏ သလင်းကျောက်နီ ကတ်ပြားများကိုပါ ထုတ်ပေးလိုက်ကြ၏။ ထို ပါရမီရှင်များထဲတွင် လီလင်းကျစ်လည်း ပါပေသည်။ သူသည် ဝမ်ပေါင်လဲ့ သူ့အား သတိထားမိသွားမည် စိုးသဖြင့် အခြားလူများ၏ နောက်၌ ပုန်းနေ၏။

သူသည် ထိုကဲ့သို့ မလုပ်ချင်ပါသော်လည်း ပုံရိပ်ယောင် သလင်းကျောက်တုံး နှစ်မျိုး၏ ကြားမှ ခြားနားချက်များမှာ သိသာထင်ရှားလွန်းနေသည် မဟုတ်ပါလော။

ထို့အပြင် အရည်အချင်းစမ်းသပ်ပွဲကြီးမှာလည်း ပြီးဆုံးတော့မည်ဖြစ်ရာ သူသည် စိတ်ကို တည်ငြိမ်အောင်မထားနိုင်တော့ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ချက်ချင်းလက်ခံခဲ့ခြင်းမရှိဘဲ အသက်ပြင်းပြင်းရှုကာ သူတို့အား အရင်ဆုံး စိုက်ကြည့်လိုက်၏။

" မင်းတို့တွေအကုန်လုံး သေသေချာချာ စဉ်းစားပြီးသွားပြီလား "

" တာအိုရောင်းရင်းရှဲ့။ ကျေးဇူးပြုပြီး ကူညီပေးပါ။ တကယ်လို့ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် အဲဒီ အချုပ်အနှောင်တွေကို ချိုးဖျက်ဖို့ မလိုဘူးဆိုရင်တောင် ကျွန်တော်တို့တွေ တာအိုရောင်းရင်းကို အပြစ်တင်မှာ မဟုတ်ပါဘူး။ ဒါ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ "

" ဟုတ်ပါတယ်။ ဘာမှစိတ်မပူပါနဲ့ တာအိုရောင်းရင်း "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ အနည်းငယ်ခန့် ချီတုံချတုံ ဖြစ်နေသည့်ပုံစံ ဟန်ဆောင်နေလိုက်၏။ အသက်ရှူကြိမ်အနည်းငယ်ခန့် ကုန်ဆုံးပြီးသွားသောအခါမှ သူသည် ခေါင်းယမ်းကာ သက်ပြင်းချ၍ ဆိုလိုက်တော့သည်။

" ထားပါတော့လေ။ မင်းတို့တွေအကုန်လုံးက တောင်းဆိုနေမှတော့လည်း ငါက ကူညီပေးရတာပေါ့ " ဝမ်ပေါင်လဲ့မှာ ခံစားချက်အပြည့်ဖြင့် ပြန်ပြောလိုက်၏။ သူသည် ထို အချုပ်အနှောင်များအား ဖယ်ရှားရန် ပြင်လိုက်စဉ်မှာပင် ပုံရိပ်ယောင်သလင်းကျောက်တုံးများ၏ အရေအတွက်မှာ ထူဆန်းနေကြောင်း ခံစားလိုက်ရ၏။ ပထမအသုတ်ထဲတွင် ပါသွားသည့် ပုံရိပ်ယောင် သလင်းကျောက်တုံးများကိုပါ ထည့်တွက်လိုက်မည်ဆိုပါက အတုံးသုံးဆယ်ပြည့်ရန် တစ်တုံး လိုနေသေးသည် မဟုတ်ပါလော။

ထိုသို့ လိုနေသည့် တစ်တုံးမှာ သူ၏ သလင်းကျောက်တုံး မဟုတ်ပေ။ လူအုပ်ကြီးထဲတွင် ဝမ်ပေါင်လဲ့ဆီမှ အကူအညီမတောင်းခဲ့သည့် ပါရမီရှင်တစ်ယောက် ရှိနေခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို ပါရမီရှင်အား မြင်ဖူးထားပြီးသားဖြစ်သည်။ ထို ပါရမီရှင်မှာ.... စံအိမ်ကြီး၏ အပေါက်ဝတွင် လီလင်းကျစ်နှင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးတို့နှင့်အတူ ရှိနေခဲ့သည့် ကောင်းရှုံ့ဆိုသော အစွမ်းထက်ကျင့်ကြံသူ ဖြစ်ပေသည်။

ကောင်းရှုံ့မှာ ထို လူအုပ်ကြီးထဲ၌ လက်ပိုက်၍ ရပ်နေ၏။ သူ၏ မျက်ဝန်းများထဲတွင် ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များကို မြင်တွေ့နိုင်ပေသည်။ သူသည် ဝမ်ပေါင်လဲ့ သူ့အား စိုက်ကြည့်နေသည်ကို သတိထားမိလိုက်သောအခါ သူ့အား ပြန်၍ စိုက်ကြည့်လိုက်ပြီး နှာမှုတ်ကာ ဆိုလိုက်။

" ဘာမှ လာကြည့်မနေနဲ့။ ငါက ဒီ အချုပ်အနှောင်ကို ဖယ်မှာမဟုတ်ဘူး "

ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ အထူးတဆန်း ဖြစ်သွားရသည်။ ထို ပါရမီရှင်၏ လုပ်ရပ်များကြောင့် သူသည် ဘေးကျပ်နံကျပ် အနေအထားသို့ ရောက်သွားရပြီမဟုတ်ပါလော။ အကယ်၍ လူတိုင်းသာ ထို အချုပ်အနှောင်များကို ဖယ်ရှားပစ်ခဲ့မည်ဆိုပါက သူ့အတွက် ပြဿနာမရှိတော့ပေ။ သူ ထို အချုပ်အနှောင်များအား ဖယ်ရှားရန် မလိုသည့် အချက်ကိုလည်း မည်သူကမှ သိတော့မည် မဟုတ်ပေ။

၎င်းမှာ သူ့အတွက် အကောင်းဆုံးရလဒ် ဖြစ်ပေသည်။ သူသည် ကြိုတင်ရှင်းပြထားခဲ့ပြီးသား ဖြစ်သောကြောင့် လူအချို့မှာ သူ့အား ခွင့်လွှတ်ပေးကြမည်သာ ဖြစ်ပါသော်လည်း မကျေမနပ်ဖြစ်ကာ သူ့အား ပစ်မှတ်ထားတိုက်ခိုက်နိုင်သည့် လူအချို့လည်း ရှိနေနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ ပစ်မှတ်ထား တိုက်ခိုက်ခံရမည်ကို အထူးတလည် စိုးရိမ်နေခြင်း မရှိပါသော်လည်း ထိုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် မကြုံရပါက သူ့အတွက် အကောင်းဆုံးဖြစ်ပေသည်။ ထို့ကြောင့် သူသည် ပြုံးကာ အထင်ကြီးလေးစားမှု အပြည့်ရှိသော အမူအရာဖြင့် ဆိုလိုက်၏။

" တာအိုရောင်းရင်း။ ဒီနေ့ ဒီလိုနေရာမျိုးမှာ ဒီလိုလူတွေနဲ့ လာဆုံရတာ ရေစက်ပါပဲ။ ထားပါတော့လေ။ တခြားလူတွေ အကုန်လုံးက သူတို့ရဲ့ အချုပ်အနှောင်တွေကို ဖယ်ရှားပစ်မှာဆိုတော့ တာအိုရောင်းရင်းကို တစ်ယောက်တည်းကို ချန်ထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ။ ဒီလိုလုပ်ဗျာ။ ကျွန်တော့်ဘက်က မိတ်ဖြစ်ဆွေဖြစ် အလကား ကူညီပေးတယ်လို့ပဲ သဘောထားလိုက် " ဝမ်ပေါင်လဲ့မှာ ပြုံးကာ ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်၍ ကောင်းရှုံ့ဆီသို့ ဆန့်ထုတ်လိုက်၏။

ကောင်းရှုံ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ဆွံ့အသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား သေသေချာချာ စိုက်ကြည့်နေလိုက်ပြီးနောက် စိတ်သက်သာရာရသွားသည့် အမူအရာဖြင့် သက်ပြင်းချလိုက်တော့သည်။ သူသည် ခေါင်းမာလွန်းနေခဲ့ခြင်း ဖြစ်ပေသည်။ လီလင်းကျစ်ပင်လျှင် အလျှော့ပေးလိုက်သည်ဖြစ်ရာ သူသည်လည်း ရှဲ့တလုအား အငြိုးထားနေစရာ မလိုတော့ပေ။

ထို့အပြင် ရှဲ့တလုမှာ လီလင်းကျစ် ပြောခဲ့သည့်အတိုင်း လောဘကြီးနေခြင်း မရှိသည့်အပြင် သူ့ကိုပါ အလေးပေး၍ ဆက်ဆံခဲ့သည် မဟုတ်ပါလော။

သူ၏ ဂိုဏ်းထဲမှ လူအချို့မှာ သူ့အား ပါးနပ်မှုမရှိသည့် လူတစ်ယောက်အဖြစ် သတ်မှတ်ထားကြပါသော်လည်း သူသည် ပါးနပ်မှုမရှိခြင်း မဟုတ်ဘဲ ခေါင်းမာသည့် လူတစ်ယောက်သာ ဖြစ်ကြောင်း သူ့ကိုယ်သူ မှတ်ယူထားသည်။ ထို့ကြောင့်လည်း သူသည် သူ့အား အလေးပေး ဆက်ဆံသည့် လူတိုင်းနှင့် မိတ်ဆွေဖွဲ့၍ ရနိုင်သည်ဟု ယုံကြည်ထား၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့အပေါ် ထားရှိသည့် သူ၏ သဘောထားများမှာလည်း ပြောင်းလဲသွားရတော့သည်။

" မင်းနာမည်က ရှဲ့တလုမလား။ ငါ သေချာမှတ်ထားပါ့မယ် " သူ၏ လေသံမှာ တင်းမာနေပါသော်လည်း ၎င်းမှာ သူ၏ ပုံမှန်လေသံသာ ဖြစ်သည်။ သူသည် ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ သူ၏ ပုံရိပ်ယောင် သလင်းကျောက်တုံးအား လှမ်းပစ်ပေးလိုက်၏။

" ဒီ တစ်ယောက်က စကားပြတ်လှပါလား... " ဝမ်ပေါင်လဲ့မှာ မျက်စ်ပေကလပ်ပေကလပ် ဖြစ်သွားရပြီး သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ အကျင့်စရိုက်ကိုပင် ပြန်၍သတိရသွားသည်။ သို့သော် သူသည် စိတ်ကွက်သွားခြင်းမရှိဘဲ မန္တန်လက်ကွက်များဖော်ကာ အချုပ်အနှောင်များကိုသာ ဖယ်ရှားနေလိုက်တော့သည်။

ထိုသို့ဖြင့် အခြားသူများအားလုံး စောင့်ဆိုင်းနေစဉ် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်ဆုံးသွား၏။ ထို့ကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြားရှိ တည်နေရာ‌ ပြောင်းရွှေ့ခြင်းစွမ်းအားများ အားကောင်းလာတော့မည့် ဆဲဆဲမှာပင် ဝမ်ပေါင်လဲ့မှာ ပုံရိပ်ယောင် သလင်းကျောက်တုံးများ အားလုံးပေါ်မှ အချုပ်အနှောင်များကို အောင်မြင်စွာ ဖယ်ရှားနိုင်သွားတော့သည်။ ထို့ကြောင့် သူသည် သူ၏လက်ကို ဝှေ့ယမ်းကာ ထို ပုံရိပ်ယောင် သလင်းကျောက်တုံးများအား ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များဆီသို့ ပြန်ပေးလိုက်၏။ ထို့နောက် သူ မတ်တတ်ထလာချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် စတင်တုန်ရီလာတော့သည်။

လေပြင်းများ စတင်တိုက်ခတ်လာသဖြင့် ကောင်းကင်ယံထဲ၌ တိမ်တိုက်များ တလိပ်လိပ် ထလာသလို မြေပြင်ကြီးထဲမှလည်း တုန်ခါမှုလှိုင်းများ ပျံ့လွင့်လာ၏။ ထိုနေရာတစ်ဝိုက်တွင် ရှိနေသည့် လူတိုင်းမှာလည်း စတင် တုန်ရီလာကြတော့သည်။ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများ အသက်ဝင်လာပြီ ဖြစ်သည်။

ထို စွမ်းအားများ အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် မည်သူမှ မျှော်လင့်မထားပါသော်လည်း ထူးဆန်းနေခြင်း မရှိသည့် ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ လူအုပ်ကြီးထဲရှိ ပုံရိပ်ယောင် သလင်းကျောက်တုံးများ ပိုင်ဆိုင်ထားခြင်းမရှိသော လူများထဲမှ လူခုနစ်ယောက်မှာ ရုပ်ခြည်းဆိုသလို လှုပ်ရှားလိုက်ကြခြင်း ဖြစ်သည်။ သူတို့အားလုံး၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် အမြန်နှုန်းများမှာ ယခင်တုန်းကထက် အဆပေါင်းများစွာပို၍ သာလွန်နေ၏။ သူတို့မှာ ပုံရိပ်ယောင် သလင်းကျောက်တုံးများ ပိုင်ဆိုင်ထားကြသည့် လူအယောက်သုံးဆယ်ထဲမှ ခုနစ်ယောက်ဆီသို့ လျှပ်စီးကဲ့သို့သော အမြန်နှုန်းမျိုးဖြင့် ဦးတည်သွားနေကြပြီ ဖြစ်သည်။

သူတို့ထဲမှ တစ်ယောက်မှာ ဝမ်ပေါင်လဲ့အား ပစ်မှတ်ထားနေခြင်းဖြစ်ပြီး သူ၏အနီးသို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာ၏။ တစ်ချိန်ထဲမှာပင် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သေးသည်။ သူမသည် အခြားတစ်ယောက်နှင့်အတူ ပူးပေါင်းကာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာခြင်း ဖြစ်၏။

အခြားခြောက်ယောက်၏ ပစ်မှတ်များမှာ မတူကြပါသော်လည်း သူတို့အားလုံးမှာ အလွန်အင်မတန်မှ မြန်ဆန်နေကြသည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် အုန်းခနဲ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်ယံထဲ၌ ပဲ့တင်ထပ်သွား၏။ ထို့အပြင် အခြားသူများ တိုက်ခိုက်နေကြသည့် နေရာမှ အားကောင်းသော တုန်ခါမှုလှိုင်းကြီးတစ်လှိုင်း ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့သွားတော့သည်။

All Chapters