လျိုဟောင်လုံ
Vol. 8 Ch. 103
“နင်လည်း ဒီတာဝန်ကို ယူခဲ့တာလား"
လီဖူချန်းက မေးလိုက်ပါတယ်။
လီဖူချန်းက ဝူကျင်မိန်ကို ဒီနေရာမှာ မြင်လိုက်ရတဲ့အတွက် အံ့အားသင့် နေမိပါတယ်။ အတွင်းစည်း ဂိုဏ်းသား ဖြစ်လာ ကတည်းက အားလုံးက ကိုယ့်ကိစ္စနဲ့ကိုယ် ရှုပ်နေခဲ့ကြတာလေ။
တကယ်လို့ အရေးအကြောင်း တစ်စုံတစ်ရာ မရှိဘူးဆိုရင် သူတို့ အချင်းချင်းတောင် တွေ့ကြရလေ့ မရှိပါဘူး။
ယုဝူရှန်းတို့ ဝူကျင်မိန်တို့နဲ့ သူနောက်ဆုံး တွေ့ခဲ့တဲ့ အချိန်ကတောင် အတော်လေးကို ကြာမြင့် နေခဲ့ပါပြီ။
ဝူကျင်မိန်က နှုတ်ခမ်းလေးကို စူလိုက်ပြီး
“ဘာလဲ။ ငါက ဒီကို လာလို့မရဘူးလား။ ငါ့ရဲ့စွမ်းရည်က ဒီတာဝန်ကို ယူဖို့ မထိုက်တန်ဘူးလို့ နင်ထင်နေတာလား”လို့ ပြန်မေးလိုက်ပါတယ်။
“မထင်ပါဘူးဟာ။ ငါ နင့်အစွမ်းအစကို ယုံကြည်ပါတယ်”
လီဖူချန်းက ဝူကျင်မိန်ကို ကောင်းကောင်း ပြန်ဖြေလိုက်ပါတယ်။
ကြည့်ရတာ သူမကလည်း စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၄ကို ရောက်နေသည့် ပုံပါပဲ။
အရိုး တည်ဆောက်ပုံ ကောင်းတဲ့လူတွေရဲ့ အားသာချက်ကတော့ ကျင့်ကြံမှုနှုန်းက အရမ်း မြန်တာပါပဲ။
လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၄ကို ရောက်လာရခြင်း ကတော့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အဆင့်၁၃ အထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့လို့ပါ။
“နင့်ရဲ့ ကျင့်ကြံမှုနှုန်းကလည်း အရမ်းကို မြန်နေပါလား။ ကြည့်ရတာ ငါတို့အားလုံးက နင့်ကို လျှော့တွက်ခဲ့ကြမိပုံပဲ”
လီဖူချန်းတစ်ယောက် စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၄ကို ရောက်နေတာကို သိလိုက်ရတဲ့ ဝူကျင်မိန် တစ်ယောက်ကလည်း နည်းနည်းတော့ လန့်သွားပါတယ်။
လီဖူချန်း တစ်ယောက် အစွမ်းကုန် ကြိုးစားရင်တောင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့်၂ ဒါမှမဟုတ် အဆင့်၃လောက်ပဲ ရှိဦးမယ်လို့ သူမက တွက်ထားခဲ့တာပါ။
လီဖူချန်းကတော့ တစ်ချက် ရယ်ပြလိုက်ပြီး ဘာမှ ဆက်မပြောလိုက်ပါဘူး။ ဝူကျင်မိန်ကတော့ ဆက်ပြီး ပြောနေပါသေးတယ်။
“ဒီနေရာမှာ ငါ့အပြင် ဂေါင်ချန်းရှန်လည်း ပါသေးတယ်။ ငါတို့အဖွဲ့နဲ့ လာပေါင်းလိုက်ပါလား။ မိစ္ဆာသားရဲအုပ်တွေ ရောက်လာတဲ့ အခါကျရင် ငါတို့ တစ်ယောက်ကို တစ်ယောက် ကာကွယ်ပေးလို့ ရတာပေါ့”
“အစ်ကို ဂေါင်ချန်းရှန်ပါ နင်တို့ အဖွဲ့ထဲ ရောက်နေတာလား”
ဂေါင်ချန်းရှန်ပါ ဝူကျင်မိန်တို့ အဖွဲ့ထဲ ပါတယ်ဆိုတဲ့ အကြောင်း သိလိုက်ရတဲ့ အခါမှာတော့ လီဖူချန်း တစ်ယောက် စိတ်နည်းနည်း စိတ်ဝင်စား သွားပါတယ်။
အပြင်စည်း ဂိုဏ်းသား ဘဝတုန်းက ဂေါင်ချန်းရှန်က သူ့ကို တစ်ခါ ကူညီပေးခဲ့ ဖူးတယ်လေ။ ဒီကျေးဇူးကို လီဖူချန်း တစ်ယောက် ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး။
“ဒါပေါ့ဟ။ ဂေါင်ချန်းရှန် အပြင်ကို ငါတို့အဖွဲ့ထဲမှာ မိုးပြာရောင် အတွင်းစည်း ဂိုဏ်းသား ၇ယောက် ပါလာခဲ့သေးတယ်။
ငါတို့အဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ အစ်ကို လျိုဟောင်လုံပဲ။ သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့်၆က ပညာရှင်လေ။
ပြီးတော့ သူက အထက်တန်းစား တာဝန်တစ်ခုကိုတောင် အောင်မြင်အောင် ထမ်းဆောင်ခဲ့ပြီးပြီ။ သူနဲ့ဆိုရင်တော့ ငါတို့ အထိုက်အလျောက် လုံခြုံမှာပါ”
“လျိုဟောင်လုံ”
ဒီနာမည်ကို လီဖူချန်း တစ်ယောက် ကြားခဲ့ဖူးပါတယ်။ ဝူကျင်မိန်တို့ ဂေါင်ချန်းရှန်တို့လိုပဲ လျိုဟောင်လုံကလည်း အတွင်းစည်းရဲ့ ပြိုင်ဘက်ကင်း စာရင်းဝင် တပည့်တစ်ယောက်ပါ။ သူ့လို သာမန် ပထမတန်းစား အတွင်းစည်း ဂိုဏ်းသား မဟုတ်ပါဘူး။
“ညီမဝူ... ဒါကဘယ်သူလဲ။ ဘာလို့ ငါတို့ကို မိတ်မဆက်ပေးတာလဲ”
အဲဒီအချိန်မှာပဲ လူငယ်လေး ၈ယောက်က သူတို့ဆီကို လျှောက်လာ ပါတော့တယ်။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ ဓားပြားကြီး တစ်လက်ကို လွယ်ထားပါတယ်။
“လီဖူချန်း...”
လူငယ်တွေထဲက တစ်ယောက်ကတော့ ဂေါင်ချန်းရှန်ဖြစ်ပြီး သူကလီဖူချန်းကို မြင်တာနဲ့ လှမ်းနှုတ်ဆက် ပါတယ်။
“အစ်ကို ဂေါင်ချန်းရှန်”
လီဖူချန်းကလည်း ပြုံးပြီး ပြန်နှုတ်ဆက် လိုက်ပါတယ်။
မိုးပြာရောင်ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း စာရင်းဝင်တွေ အားလုံးက မာနကြီးပြီး မောက်မာတဲ့ သူတွေပါ။
ဒါပေမဲ့ အဲသည်ထဲမှာ ဂေါင်ချန်းရှန်ကတော့ မပါပါဘူး။ ဒီလူက ရိုးသားဖြောင့်မတ်ပြီး အင်မတန် စိတ်ထားနူးညံ့သူ တစ်ဦးပါ။
လီဖူချန်း တွေ့ဖူးသမျှ လူငယ်တွေထဲမှာ အဖြောင့်မတ်ဆုံး လူတစ်ယောက်ကို ပြပါဆိုရင် အဲသည်လူက ဂေါင်ချန်းရှန်ပါပဲ။
“မင်းက ဘယ်လိုလုပ် ဒီကို ရောက်လာရတာလဲ။ ဟင် ... မင်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့်၄ကိုတောင် ရောက်နေပြီလား။ မြန်လိုက်တာကွာ”
ဂေါင်ချန်းရှန်က လီဖူချန်းကို အံ့သြစွာ ကြည့်နေပါတယ်။
သူက လီဖူချန်းထက် လပေါင်း အနည်းငယ်စောပြီး စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်ခဲ့တာပါ။
ဒါပေမဲ့ သူက အခုထိ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၄ မှာ ရှိနေတုန်းပါပဲ။
“ကံကောင်း သွားလို့ပါ”
လီဖူချန်းက ခပ်တိုးတိုးပဲ ပြန်ဖြေလိုက်ပါတယ်။ ခေါင်းဆောင်ဖြစ်တဲ့ လူငယ်ရဲ့မျက်နှာကြီးက မည်းမှောင်လို့ လာပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းနဲ့ ဂေါင်ချန်းရှန်တို့ နှစ်ယောက်စလုံးက သူ့ကို အရေးမလုပ်ပဲ စကားတွေ ဖောင်ဖွဲ့နေလို့ပါပဲ။
“ညီလေးဂေါင်... အခါတိုင်းဆိုရင် ညီလေးက တစ်နေ့လုံးနေလို့မှ စကားတစ်ခွန်း ပြောချင်မှ ပြောတဲ့သူပါ။ အခုကျတော့ ဘယ်လို ဖြစ်တာလဲ။ မင်းစကား အရမ်းများတာ ငါတောင် မသိခဲ့ရပါလား”
ထိုစကားကို ကြားလိုက်ရတဲ့အခါမှာ ဂေါင်ချန်းရှန်က ဒေါသ ထွက်သွားသည့်ပုံပါပဲ။ သူက တစ်ခုခု ပြန်ပြောဖို့ ဟန်ပြင်လိုက် ပေမဲ့လည်း သူ့အကြည့် ဝူကျင်မိန်ဆီကို ရောက်သွားတဲ့ အခါမှာတော့ ဘာမှပြန်မပြောပဲ နေလိုက် ပါတော့တယ်။
(ဂေါင်ချန်းရှန်က ဝူကျင်မိန်ကို တစ်ဖက်သတ် ကြိုက်နေတာ။ ဖွင့်ပြောပါ ဆိုတော့လည်း မပြောရဲဘူးလေ။ ဒါကြောင့် သူက ဝူကျင်မိန်နောက်ကို လိုက်ပြီး ကာကွယ်နေတာ)
ဝူကျင်မိန်က အလျင်အမြန်ပဲ ဝင်ပြီး မိတ်ဆက် ပေးလိုက်ပါတယ်။
“အစ်ကိုလျို... ဒါက ယူဝူရှန်းကို အနိုင်ယူခဲ့တဲ့ လီဖူချန်း ဆိုတာပေါ့”
“လီဖူချန်းလား... ငါဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး။ ညီမဝူ... မိစ္ဆာသားရဲအုပ် လာလို့ရှိရင် ညီမက အစ်ကို့အနားမှာပဲ နေနော်။ ဒါမှ တစ်ခုခုဆို ညီမကို အစ်ကို ကာကွယ်ပေးနိုင်မှာ”
လျိုဟောင်လုံက လီဖူချန်းကို မသိကျိုးကျွန် ပြုလိုက်ပြီး ဝူကျင်မိန်ကိုပဲ စကားပြောလိုက် ပါတယ်။
ဝူကျင်မိန်က ချစ်စဖွယ် အသံလေးနဲ့ ရယ်မောလိုက်ပြီး
“ကျေးဇူးပါ အစ်ကိုကြီးလျို။ ဒါနဲ့ လီဖူချန်းကိုကော ဒီအဖွဲ့ထဲ ဝင်ခိုင်းလို့ ရမလား။ သူက ညီမရဲ့မိတ်ဆွေ ဖြစ်နေလို့ပါ”
“ညီမရဲ့မိတ်ဆွေတဲ့လား။ လျိုဟောင်လုံက လီဖူချန်းကို တစ်ချက် ကြည့်လိုက်ပါတယ်။ မင်းက ညီမလေးဝူရဲ့ မိတ်ဆွေဆိုမှတော့ ငါမင်းကို သူမရဲ့မျက်နှာနဲ့ လက်ခံ လိုက်ပါမယ်လေ။ ဒါပေမဲ့ မင်းတစ်ခုတော့ မှတ်ထားလိုက်။ ငါ့အဖွဲ့ထဲ ဝင်မယ်ဆိုရင် ငါ့ရဲ့အမိန့်ကို နာခံရမယ်။ တကယ်လို့ မနာခံဘူး ဆိုရင်တော့ မင်းကို အဖွဲ့ထဲက ထုတ်ပစ်မယ်”
လီဖူချန်းက လျိုဟောင်လုံ၊ ဝူကျင်မိန်နဲ့ ဂေါင်ချန်းရှန်တို့ကို ကြည့်ပြီး သက်ပြင်းတစ်ချက် ကျိတ်ချလိုက်ပါတယ်။
ဝူကျင်မိန် တစ်ယောက် ဘာတွေတွေးနေလဲ ဆိုတာကို သူလုံးဝ နားမလည်နိုင်တော့ပါဘူး။
တကယ်လို့ ဂေါင်ချန်းရှန်ရဲ့ အရိုး တည်ဆောက်ပုံက အဆင့်နိမ့်နေတယ် ဆိုရင် သူက ဘာမှမပြောလိုပါဘူး။
ဒါပေမဲ့ ဂေါင်ချန်းရှန်ရဲ့ အရိုးတည်ဆောက်ပုံက လျိုဟောင်လုံထက် လုံးဝကို နိမ့်ကျ မနေပါဘူး။ သူက အသက်လေး၂ နှစ်လောက် ငယ်တာပဲ ရှိတာပါ။ ကြည့်ရတာ နောက်ခံမိသားစု အင်အားကြောင့် များလား။ သူ သိသလောက်ဆိုရင် ဂေါင်ချန်းရှန်က ကလန်ငယ်လေး တစ်ခုက လာတာပါ။ လီကလန် လောက်တောင် မရှိတဲ့ ကလန်ငယ်လေးပါ။
“ဘာလဲ ... မင်းငါပြောတာ မကြားလိုက်ဘူးလား”
လျိုဟောင်လုံက လီဖူချန်းကို ပိုပိုပြီး မနှစ်မြို့ လာသည့်ပုံပါပဲ။ လီဖူချန်းက လည်ချောင်း တစ်ချက် ရှင်းလိုက်ပြီး …
“တောင်းပန်ပါတယ်။ ကျွန်တော် နည်းနည်း အတွေးလွန် သွားလို့ပါ။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်က အပေါ်ယံပဲ အဖွဲ့ဝင်လို့ မရဘူးလား။ ကျွန်တော်က သူတစ်ပါးရဲ့ အမိန့်ကို နာခံရတာကို မကြိုက်လို့ပါ”
ဂေါင်ချန်းရှန်သာ မရှိခဲ့ရင် သူက ဒီအဖွဲ့ထဲကို ဝင်ဖို့ စိတ်ကူးကို မရှိပါဘူးလေ။
"အပေါ်ယံပဲ အဖွဲ့ဝင်မယ်။ မင်းပြောချင်တာက မင်းက ငါ့ရဲ့ကာကွယ်မှုကိုတော့ ယူမယ်။ ငါ့အမိန့်တော့ မနာခံဘူး။ အဲဒီလိုလုပ်မယ်လို့ ပြောနေတာလား”
လျိုဟောင်လုံရဲ့ မျက်နှာကြီးက မည်းပုပ်နေပါပြီ။ လီဖူချန်းကတော့ ခပ်အေးအေးပဲ ပြန်ပြောလိုက်ပါတယ်။
“ကျွန်တော့်ကိုကျွန်တော် ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ကျွန်တော့်ကို ကာကွယ်ပေးဖို့ မလိုပါဘူး”
“စောက်ကလေး... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ အစ်ကိုလျိုက ညီမလေးဝူရဲ့ မျက်နှာကြောင့် မင်းကို အဖွဲ့ထဲ ဝင်ခွင့်ပေးတာကွ။ မင်းက အစ်ကိုလျိုရဲ့ အမိန့်ကို နာမခံချင်ဘူးဆိုရင် အဖွဲ့ထဲ ဝင်မလာနဲ့လေ”
“ဟင့်… လာပြီးမှ မာနကြီးပြ နေသေးတယ်။ မင်းရဲ့လက်ရှိ အစွမ်းနဲ့ဆိုရင် မိစ္ဆာသားရဲအုပ် ရောက်လာတာနဲ့ မင်းက အစ်ကိုလျိုရဲ့ ကာကွယ်မှုမရရင် သေမှာပဲ။ ကိုယ့်ကိုယ်ကိုယ် အထင် အရမ်းမကြီးနဲ့ ကောင်လေး”
လျိုဟောင်လုံရဲ့ အနောက်မှာ ရပ်နေတဲ့ အတွင်းစည်း တပည့်အချို့က လီဖူချန်းကို လှောင်ပြောင် ပြောဆိုနေပါတယ်။ ဝူကျင်မိန်ကတော့ နောင်တ ရနေပါပြီ။ သူမက အစောကြီး ကတည်းက လျိုဟောင်လုံရဲ့ မာနကြီးမှုကို သိထားခဲ့တာပါ။ ပြိုင်ဘက်ကင်း စာရင်းဝင်တိုင်းက မာနကြီးတယ် ဆိုပေမဲ့ လျိုဟောင်လုံက တခြားသူတွေထက်ကို ပိုပြီး မာနကြီးတဲ့အပြင် ပိုပြီးလည်း မောက်မာပါတယ်။
ဘာလို့လဲဆိုတော့ လျိုဟောင်လုံက မြို့၁၀မြို့ကို အပိုင်စားရထားတဲ့ လျိုကလန်ရဲ့ သခင်လေး ဖြစ်နေလို့ပါပဲ။
ဒါပေမဲ့သူမ မထင်ထားခဲ့တာက လီဖူချန်းရဲ့ မာနတရားကလည်း လျိုဟောင်လုံထက် လုံးဝ နိမ့်ကျမနေဘူး ဆိုတာပါပဲ။
ဂေါင်ချန်းရှန်ကတော့ သူ့မာန တရားတွေကို ခဝါချပြီး လျိုဟောင်လုံရဲ့ အဖွဲ့ထဲကို ဝင်လာခဲ့တာလေ။
(မာနတရားတွေ ခဝါချမှာပေါ့။ ဂေါင်ချန်းရှန်က နင့်ကို ကြိုက်နေတာလေ။)
အမှန်အတိုင်းဆိုရင် သူမက လီဖူချန်းကို အဖွဲ့ထဲဝင်ဖို့ မဖိတ်ခေါ် လိုပါဘူး။ ဒါပေမဲ့ လီဖူချန်း တစ်ယောက် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ၄ကိုရောက်နေတာကို တွေ့လိုက်ရတဲ့ အခါမှာတော့ ဝူကျင်မိန်က လီဖူချန်းဆိုတာ သူမ ထင်ထားသလောက် မရိုးရှင်းဘူး ဆိုတာ သဘောပေါက် သွားတဲ့အတွက် အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်လိုက်တာပါ။
"လီဖူချန်း အပေါ်ယံ အဖွဲ့ဝင်တယ် ဆိုတာက မဖြစ်နိုင်ဘူးလေ။ တကယ့်အဖွဲ့ဝင် ဖြစ်ရတာကလည်း ဘာမှဆိုးဆိုးဝါးဝါး ဖြစ်သွားတာမှ မဟုတ်တာကို။ ပြီးတော့ အစ်ကိုလျိုကလည်း အကြောင်းမရှိပဲ အလကားနေရင်း အမိန့်တွေ ပေးနေတတ်တဲ့လူ မဟုတ်ပါဘူးဟ”
ဝူကျင်မိန်က လီဖူချန်းကို ဖျောင်းဖျ နေပါသေးတယ်။
"ထားလိုက်ပါတော့။ ငါက တစ်ယောက်တည်း လှုပ်ရှား ရတာကိုပဲ ကျင့်သား ရနေပါပြီ။ ဂေါင်ချန်းရှန်... နောက်ပိုင်း အားတဲ့အခါမှ တွေ့ကြတာပေါ့”
သူ့ရဲ့စကား ဆုံးတာနဲ့ လီဖူချန်းက မိစ္ဆာသွေးသားရဲမြို့ရဲ့ အလယ်ဗဟိုဘက်ကို ဦးတည်ပြီး ထွက်သွား ပါတော့တယ်။
ဂေါင်ချန်းရှန်ရဲ့ ကျေးဇူးကို ဆပ်ဖို့ နည်းလမ်းတွေက အများကြီး ရှိပါသေးတယ်။
သူ့ရဲ့မာနတွေကို ခဝါချပြီး လျိုဟောင်လုံရဲ့ စော်ကားတာတွေကို ခံနေရလောက် အောင်တော့ သူက ခန္တီပါရမီနဲ့ မပြည့်စုံသေးပါဘူး။
ပြီးတော့ မိစ္ဆာသားရဲတွေ လာတဲ့အခါကျရင် သူက ဂေါင်ချန်းရှန်ကို ကောင်းကောင်းကြီး အာရုံစိုက် ထားလို့လည်း ရနေတာပဲလေ။
ဂေါင်ချန်းရှန် အန္တရာယ် ကျပြီ ဆိုတာနဲ့ ပြေးကယ်လိုက်လို့လည်း ရနေတာပါပဲ။ လျိုဟောင်လုံရဲ့ ကာကွယ်မှုကိုတော့ ဂေါင်ချန်းရှန်က ရဖို့မရှိပါဘူး။
လျိုဟောင်လုံရဲ့ ကာကွယ်မှုကို ရမယ့် တစ်ဦးတည်းသော သူက ဝူကျင်မိန်ဆိုတာ မြေကြီးကို လက်ခတ်ရင်တောင် လွဲနေပါဦးမည်လေ။
“စောက်ရူး… အရမ်းမြင့်မြတ်သလို လာဟန်ဆောင် နေသေးတယ်”
“အစ်ကိုကြီးလျို ... ဒီလိုကောင်မျိုးကို စိတ်ထဲ ထားမနေပါနဲ့။ ဒီကောင်လေးကို ကြည့်ရတာ တစ်ခါလောက် နံပါတ်တစ် အပြင်စည်း တပည့် ဖြစ်ခဲ့ဖူးတာနဲ့ တစ်သက်လုံး နံပါတ်တစ် ဖြစ်သွားတယ်လို့ ခံယူထားပုံ ရတယ်။ ဒီလို သာမန် အရိုး တည်ဆောက်ပုံနဲ့လူက အရမ်း အစွမ်းထက်သလို လာလုပ်ပြနေတာကို ကြည့်ရတာ အော့နှလုံး နာပါတယ်ဗျာ”
“မှန်တယ်။ မယုံရင် စောင့်ကြည့်လိုက်။ ဒီလိုကောင်က မိစ္ဆာသားရဲအုပ် လာတာနဲ့ သေမှာပဲ”
အတွင်းစည်း ဂိုဏ်းသား အချို့ကတော့ အခုထက်ထိ လီဖူချန်းရဲ့ မကောင်းကြောင်ကို ပြောနေကြတုန်းပါပဲ။
လျိုဟောင်လုံက လက်ဝါး ကာပြလိုက်ပြီး
“အားလုံး တော်ကြတော့... တကယ့်တိုက်ပွဲထဲ ရောက်ရင် ဘယ်သူက ပိုသန်မာသလဲ ဆိုတာကို သိရမှာပဲ။ ငါ့အဆင့်နဲ့ သူ့ကို ဘာမှလိုက်ပြီး တန်းညှိနေစရာ မလိုဘူး။ ညီမလေးဝူ... သွားစို့။ အစ်ကို ဗိုက်အရမ်း ဆာနေပြီ။ တစ်ခုခု သွားစားကြရအောင်"
သူက ပါးစပ်ကသာ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ လီဖူချန်းနဲ့ ပတ်သက်တဲ့ အဖုအတည်းလေး ရှိနေပါသေးတယ်။
မိစ္ဆာသားရဲအုပ် ရောက်လာတဲ့အခါကျရင်သာ တွေ့ကြသေးတာပေါ့လေ။
လျိုဟောင်လုံရဲ့မာနတရားက လီဖူချန်းရဲ့ အပြုအမူကို လုံးဝ လက်မခံနိုင်ခဲ့ပါဘူး။
***