← Chapters

မိစ္ဆာအငွေ့အသက်များ

Vol. 8 Ch. 104

မိစ္ဆာအငွေ့အသက်များ

Vol. 8 Ch. 104

မိစ္ဆာသွေးသားရဲမြို့ရဲ့ မြို့လယ်ကောင်မှာတော့  မြို့စားစံအိမ်တော် ရှိပါတယ်။

မိစ္ဆာသားရဲအုပ်တွေ မလာခင်မှာ ပါဝင် ခုခံမဲ့သူတွေက မြို့စားမင်းရဲ့ ပင်မခန်းဆောင် အတွင်းမှာ စာရင်း ပေးသွင်း ကြရပါတယ်။

ဒါမှ မိစ္ဆာအုပ်တွေကို ရှင်းလင်းပြီးတဲ့ အခါမှာ ဆုကြေး ရရှိနိုင်မှာပါ။ ပင်မခန်းဆောင်ထဲကို ဝင်လာပြီးချိန် မှာတော့ အခြားသော အတွင်းစည်း ဂိုဏ်းသားတွေကလည်း စာရင်း ပေးသွင်းနေတာကို လီဖူချန်း တစ်ယောက် မြင်တွေ့လိုက် ရပါတယ်။

တစ်ချိန်တည်းမှာပဲ အပြာရောင် ဝတ်ရုံဝတ် အပြင်စည်း အကြီးအကဲ အချို့ကလည်း စာရင်းပေးသွင်းဖို့ ရောက်နေတာကို သူ သိလိုက်ရတယ်လေ။

သူတို့ တာဝန်ယူမယ့် နေရာတွေကို စာရင်းပေးသွင်းပြီး အပြင်စည်း အကြီးအကဲတွေ ကလည်း အတွင်းစည်း ဂိုဏ်းသားတွေလို ထောက်ပံ့ရေးရမှတ် ရယူဖို့ လာကြတာပါ။

ဒါပေမဲ့ အကြီးအကဲတွေ ယူရမယ့်တာဝန်က ပိုကြီးလေးပြီး အန္တရာယ်လည်း ပိုများပါတယ်။

သူတို့ရဲ့ ရမှတ်တွေကို ဘယ်လို သတ်မှတ်သလဲ ဆိုတာကိုတော့ လီဖူချန်း တစ်ယောက်လည်း မသေချာပါဘူး။

စာရင်းပေးသွင်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းက အကူအညီ တောင်းခံလို့ရတဲ့ တံဆိပ်တော် တစ်ခုကို လက်ခံ ရရှိပါတယ်။

မိစ္ဆာသားရဲအုပ်တွေ ရောက်လာတဲ့အခါမှာ အတွင်းစည်း တပည့်တွေဟာ မြို့ထဲမှာ နေခွင့်မရှိပဲ ရှေ့တန်းကနေ ဦးဆောင်ပြီး ခုခံရမှာပါ။

မိစ္ဆာသားရဲတွေကိုလည်း ရနိုင်သလောက် အစွမ်းကုန် သတ်ဖြတ် ကြရမှာပါ။ အဲသည်လို ထွက်တိုက်တဲ့ အခါမှာ အသက် အန္တရာယ်နဲ့ ကြုံလာရင် တံဆိပ်တော်ကို ချိုးဖျက်ပြီး အကူအညီ တောင်းလို့ရပါတယ်။

တံဆိပ်တော်ကို ဖျက်ဆီး လိုက်တာနဲ့ အပြင်စည်း အကြီးအကဲ တစ်ယောက်ကို အမြန်ဆုံး လာရောက်ပြီး ကယ်တင်မှာပါ။

ဒါပေမဲ့ တံဆိပ်တော်က တစ်ကြိမ်ပဲ အသုံးပြုလို့ ရပါတယ်။ နောက်တစ်ကြိမ် အသက်အန္တရာယ်နဲ့ ကြုံရင်တော့ မသေဖို့ ဆုတောင်းနေရုံကလွဲလို့ ဘာမှ မရှိတော့ပါဘူး။

“အစ်မတော်ချန် ... ဒီတာဝန်ကို ယူတဲ့သူတွေက ဘယ်လိုလုပ် ဒီလောက် များနေရတာလဲ မသိဘူးနော်။ ကြည့်ပါဦး။ ဒီကိုရောက်နေတဲ့ အတွင်းစည်း တပည့်တွေက ရာနဲ့ကို ချီနေပြီ”

“မိစ္ဆာသားရဲအုပ်ကို ခုခံရတာက အသက်အန္တရာယ် အရမ်းများတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ရလာမယ့် ထောက်ပံ့ရေး ရမှတ်တွေကလည်း မက်လောက်စရာပဲလေ။ တကယ်လို့ တစ်ယောက်ယောက်က ကံကောင်းပြီး အဆင့်၂မိစ္ဆာသားရဲ အမြုတေကို ရလိုက်ရင် ငွေထုပ်ကြီးကို ခလုတ် တိုက်လိုက်သလိုပဲ ဖြစ်နေမှာ။ မင်းရဲ့အစ်မတော် 'ငါ'တောင်မှ ကံကောင်းပြီး ငွေထုပ်လေးများ ခလုတ် တိုက်မိမလား ဆိုပြီး ဒီကို လာခဲ့တာဟဲ့”

လီဖူချန်းက ခန်းမထဲက ထွက်ဖို့ ဟန်ပြင်နေတုန်းမှာပဲ ပန်းလေးနှစ်ပွင့်က ခန်းမထဲကို လှမ်းဝင် လာပါတယ်။

သူတို့ ၃ယောက်စလုံးရဲ့ အကြည့်တွေက ဆုံမိလိုက်တဲ့ အခါမှာတော့ တစ်ယောက်ကို တစ်ယောက် မှတ်မိသည့် အရိပ်အယောင်တွေ ဖြစ်ပေါ် လာသည်လေ။

ဒီမိန်းမချောလေး နှစ်ယောက်ကို လီဖူချန်း တစ်ယောက် ကောင်းကောင်းကြီးကို သိပါသည်။

တစ်ယောက်က အတွင်းစည်းဂိုဏ်းရဲ့ နာမည်ကျော် ပန်းပွင့်ဓား နတ်မိမယ် ချန်ဖန်းဟွာဖြစ်ပြီး နောက် တစ်ယောက်ကတော့ ဇောင်မင်းယွီပါပဲ။

ပန်းပွင့်ဓား နတ်မိမယ်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈ဖြစ်ပြီး  ဒီနှစ်ဆိုရင် အသက်၂၃ ပြည့်ပါပြီ။

သူမက အနာဂတ်မှာ တိုက်ရိုက် တပည့်ဖြစ်ဖို့က ကျိန်းသေ နေပါပြီလေ။ ပြီးတော့ သူမက အသက်၃၅နှစ် ပြည့်ဖို့ကို ၁၂ နှစ်လောက်တောင် လိုပါသေးတယ်။ ဇောင်းမင်းယွီကတော့ အတွင်းစည်း အကြီးအကဲချုပ်ရဲ့မြေး ဖြစ်ပြီး စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၄ကို ရောက်နေပါပြီ။

“တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ကြတာပဲနော်။ ဟုတ်တယ်မလား လီဖူချန်း ..."

ဇောင်မင်းယွီက လုံးဝကို ပြစ်မျိုးမှဲ့မထင် အလှမျိုးကို ပိုင်ဆိုင်ထားတဲ့ မိန်းမပျိုလေး တစ်ယောက်ကို ဖြစ်လို့ နေခဲ့ပါပြီ။

သူမရဲ့ ပန်းနုရောင် ဘက်ကို သန်းနေတဲ့ အသားအရေရယ်။ နတ်ပြည်နတ်နန်းက ပန်းပုဆရာ တစ်ယောက်က အစွမ်းကုန် ထုဆစ်ပေးထား ပေးသလို အချိုးကျလှတဲ့ ကျောက်စိမ်း ခန္ဓာကိုယ်လေးရယ်။ ပြုံးလိုက်တိုင်း ပေါ်လာတဲ့ သန္တာကျောက်တန်းလို သွားလေးတွေရယ်။ ပန်းဆီရောင် ပါးအို့ နီနီလေးတွေရယ်။ ပိုးသားလေးလို နူးညံ့ပြီး ပျော့ပျောင်းနေတဲ့ ဆံနွယ် နုနုလေးတွေရယ်။

“အိုး... ဒီမိန်းမငယ်လေးဟာ လုံးဝကို ဖူးပွင့်စ ပြုနေပြီဖြစ်တဲ့ မက်မုံပန်းလေး တစ်ပွင့်လိုပါပဲလား  …”

ဇောင်မင်းယွီက အပြင်စည်း ဂိုဏ်းသား ဘဝမှာတည်းက  အပြင်စည်းဂိုဏ်း အလှမယ်လေးပါးရဲ့ ထိပ်ဆုံး အလှမယ်ဘွဲ့ကို ရခဲ့တာပါ။ အတွင်းစည်း ဂိုဏ်းသားအဖြစ် အဆင့်တိုးမြှင့်ခံရပြီး နောက်မှာတော့ သူမကပိုပြီး ကျက်သရေရှိစွာနဲ့ အလှတွေ တိုးလို့နေတာကို လီဖူချန်း တစ်ယောက် သတိပြုမိ လိုက်ပါတယ်။

“တကယ်ကို တိုက်ဆိုင်တာပဲ"

လီဖူချန်းက ဇောင်မင်းယွီကို ခပ်ပါးပါးလေး ပြုံးပြပြီး ပြန်ဖြေ လိုက်ပါတယ်။

“စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၄တောင် ရောက်သွားပြီပဲ။ မောင်လေးလီက တကယ် အံ့သြစရာ ကောင်းတာပဲနော်”

ချန်ဖန်းဟွာက လီဖူချန်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို လေ့လာ လိုက်ပြီးတဲ့ နောက်မှာ ချီးကျူးစကား ဆိုလာခဲ့ပါတယ်။

“စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၄လား”

သူမရဲ့စိတ်တန်ခိုး အာရုံတွေကို စူးစိုက်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ ဇောင်မင်းယွီ တစ်ယောက် စိတ်တန်ခိုး ဖွဲ့စည်းခြင်း အဆင့်၄ အရှိန်အဝါတွေ ထွက်နေတဲ့ လီဖူချန်းကို မြင်တွေ့လိုက် ရပါတယ်လေ။

လီဖူချန်းရဲ့ အရှိန်အဝါတွေက အရမ်းကို သိပ်သည်းပြီး ရေကန်တစ်ကန်ရဲ့ အနက်ကို ခန့်မှန်းလို့ မရသလိုကို တည်ငြိမ်နေတာ ကိုလည်း သိလိုက် ရပါတယ်။

“နင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာလျှို့ဝှက်ချက်တွေကို သိမ်းထားတာလဲ။ သာမန် အရိုးတည်ဆောက်ပုံနဲ့ လူကတော့ ဒီလောက်အထိ တိုးတက်မှုနှုန်း မြန်စရာ အကြောင်းကို မရှိဘူး”

ဇောင်မင်းယွီက မသင်္ကာတဲ့ပုံစံနဲ့ လီဖူချန်းကို စေ့စေ့စပ်စပ် လေ့လာနေရင်း မေးလိုက်ပါတယ်။

လီဖူချန်းက မေးစေ့ကိုပွတ်ရင်းနဲ့ “လျှို့ဝှက်ချက် ဆိုတာ ဖွင့်ပြောပြလိုက်ရင် လျှို့ဝှက်ချက်လို့ ဘယ်ခေါ်လို့ ရတော့မှာလဲဟ။ ကဲပါလေ... ငါနင့်ကိုတော့ ပြောပြ လိုက်ပါ့မယ်။ အဲဒါက ငါ့ရဲ့ ထိုးထွင်း သိမြင်နိုင်စွမ်း ကြောင့်ပဲ”

လီဖူချန်းက သူ့ရဲ့ လျှို့ဝှက်ချက်ကို နည်းနည်း ဖုံးကွယ်ပြီး ပြောပြလိုက်ပါတယ်။ သူ့မှာ စိတ်ဝိညာဉ် နှစ်ခုရှိပြီး တစ်ခုက ဆင့်ကဲပြောင်းလဲ နိုင်တယ် ဆိုတာကိုတော့ ပြောပြလို့ မဖြစ်ဘူးလေ။ ဇောင်မင်းယွီက လက်ကာ ပြလိုက်ပြီး

“ထားလိုက်ပါတော့။ နင် မပြောပြချင်ရင်လည်း ငါက အတင်း မေးမနေတော့ပါဘူး။ လူတိုင်းမှာတော့ ကိုယ်စီ လျှို့ဝှက်ချက်တွေ ရှိနေတာပဲလေ။ နင် ထုတ်မပြောချင် တာလည်း သဘာဝ ကျပါတယ်”

"ငါက နင်တို့လာရင်း ကိစ္စကို နှောင့်နှေးအောင် လုပ်နေသလို ဖြစ်နေပြီ။ ကဲကဲ … ငါလည်း လုပ်စရာ ရှိသေးလို့ အရင် သွားတော့မယ်။ နောက်ကျမှ တွေ့ကြတာပေါ့”

လီဖူချန်းက စကားစကို ဖြတ်ပြီး ခန်းမထဲက ထွက်သွား ပါတော့တယ်။ ချန်ဖန်းဟွာက ထွက်ခွာသွားတဲ့ လီဖူချန်းရဲ့ နောက်ကျောကို ကြည့်နေရင်းနဲ့ ဇောင်မင်းယွီကို ပြုံးကာ ပြောလိုက် ပါတယ်။

“ဒီကောင်လေးက တကယ် ထူးဆန်းတာပဲနော်။ သူ့နေရာမှာ တခြားသူတွေဆိုရင် ငါတို့နဲ့ အဖွဲ့ ဖွဲ့ဖို့ကို တောင်းဆိုနေမှာ။ သူကတော့ ငါတို့ကို အဖက်တောင် မလုပ်ပဲ ထွက်သွားခဲ့တယ်”

"အစ်မတော်ချန် ... ဒီလီဖူချန်း တစ်ယောက် ဘယ်နယ်ပယ် အထိ ရောက်လာ နိုင်မလဲ ဆိုတာကို အစ်မတော် ခန့်မှန်းနိုင်လားဟင်”

ဇောင်မင်းယွီက မေးလိုက် ပါတယ်။

ချန်ဖန်းဟွာက ခေါင်းခါ လိုက်ပြီး

“ဒါက အရမ်းကို ခန့်မှန်းရခက်တဲ့ ကိစ္စပဲ။ သူ့ရဲ့အရိုး တည်ဆောက်ပုံအရ ဆိုရင် သူ့ရဲ့ အဆုံးစွန်ဆုံး ရောက်နိုင်တဲ့ နယ်ပယ်က မြေကမ္ဘာနယ်ပယ်ပဲ။ ကောင်းကင်ဘုံလောက် ကြီးတဲ့ ကံကောင်းမှုတွေ ကြုံမှ ကောင်းကင်ပိုး အဆင့်ကို တက်လှမ်း နိုင်မှာ။ ဒါပေမဲ့ ဒီကောင်လေးကျတော့  ... ဟင်း... ငါလည်း မသိတော့ပါဘူးဟာ"

“ဘာဖြစ်လို့ မသိတော့တာလဲ”

“နင်ခုနတုန်းက ပြောခဲ့သလို သူ့ခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိခဲ့ရင် ဘယ်လို လုပ်မလဲ။

ငါကတော့ အဲဒီလိုပဲ ထင်နေမိတယ်။

မဟုတ်ရင် သူက ကြယ်ငါးပွင့် အရိုး တည်ဆောက်ပုံနဲ့ မောင်လေးယုဝူကို ဘယ်လိုလုပ် အနိုင် တိုက်ခဲ့နိုင်စွမ်း ရှိမှာလဲ”

ဇောင်မင်းယွီက လျှာကလေး ထုတ်ပြီး နှုတ်ခမ်းကို သပ်လိုက်ပါတယ်။

“ထားလိုက်ပါတော့ အစ်မတော်ရယ်။ အချိန်ဆိုတာ အကောင်းဆုံး စမ်းသပ် စစ်ဆေးနိုင်တဲ့အရာပဲ မဟုတ်လား။ သူက အသက်၂၅ မကျော်ခင်မှာ မြေကမ္ဘာ အဆင့်ကို တက်လှမ်းနိုင်တယ် ဆိုရင်တော့ သူ့ခန္ဓာကိုယ်ထဲမှာ သာမန်မဟုတ်တဲ့ လျှို့ဝှက်ချက် ရှိနေပြီ ဆိုတာကို သက်သေပြနိုင်မှာပဲ”

“ဒါပေါ့"

ချန်ဖန်းဟွာက ဇောင်းမင်းယွီ ပြောတာကို မငြင်းပါဘူး။

ဒီလီဖူချန်းက အနာဂတ်ကို ခန့်မှန်းလို့ မရနိုင်ဘူး ဆိုတာကို ပြနေတဲ့ အကောင်းဆုံး ဥပမာ တစ်ခုပါပဲလား။

***

“တကယ်ကြီး အတွင်းစည်း ဂိုဏ်းသားတွေ ဒီမှာ လာဆုံနေကြတာပဲ”

မြို့ထဲက လမ်းတွေမှာတော့ မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း ဂိုဏ်းသားတွေနဲ့ပဲ ပြည့်နှက် နေပါတယ်။

သူတို့ အားလုံးဟာလည်း အနိမ့်ဆုံး စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၅ ရှိကြတဲ့ သူတွေပါပဲ။

အဆင့် ၅ထက် နိမ့်တဲ့ လူဆိုလို့ လုံးဝကို မရှိသလောက်ပါပဲလေ။

ရွှီး...

ကောင်းကင်ထက် မှာတော့ ကြီမားတဲ့ အရိပ်ကြီးတစ်ခုက ဖြတ်သန်း သွားပါတယ်။ ကြောက်စရာ ကောင်းလှတဲ့ အသံကြီးကို ဟိုး... ၁၀မိုင်အကွာ ကနေတောင် ကြားနေ နိုင်တယ်လေ။

လမ်းမတွေထက်မှာ ရှိနေကျတဲ့ လူအားလုံးဟာ မိစ္ဆာသားရဲ အုပ်ကြီးတွေ ရောက်လာတော့မယ် ဆိုတာကို တွေးမိ လိုက်ကြပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ အရင်အခါတွေတုန်း ကလည်း မိစ္ဆာသားရဲ အုပ်ကြီးတွေ မလာခင်မှာ လေပေါ် ပျံနိုင်တဲ့ မိစ္ဆာသားရဲတွေ အရင်ဦးဆုံး ပေါ်လာလေ့ ရှိလို့ပါပဲ။

လီဖူချန်းကလည်း အသံကြီးကို ကောင်းကောင်းကြီး ကြားလိုက်ရတဲ့ အတွက် ကောင်းကင်ကို မော့ကြည့် လိုက်ပါတယ်။

သူ့ရဲ့ ကောင်းမွန်လှတဲ့ အမြင်အာရုံက ထိုအရိပ်ကို ကောင်းကောင်း မြင်နိုင်တယ်လေ။ မြေပြင်ရဲ့အထက် မီတာ ၃၀၀ လောက် မှာတော့  မိစ္ဆာသားရဲကြီး တစ်ကောင် ပျံသန်း နေပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ်က ၈မီတာလောက် ရှိပြီး အမွေးအတောင်တွေက သတ္တုရောင် တောက်ပ နေပါတယ်။

သူ့မှာ ရွှေရောင် ခြေသည်းတွေရှိပြီး ကြည့်ရတာ တကယ့်ရွှေစင်နဲ့ သွန်းလုပ်ထား သလားတောင် ထင်ရပါတယ်။

တကယ့် အထူးဆန်းဆုံး အရာကတော့ အဲဒီကောင်ကြီးမှာ ဦးခေါင်း၂လုံးပါရှိပြီး ဦးခေါင်း တစ်လုံးစီမှာကို ချိုတစ်ချောင်းစီ ရှိနေတာပါပဲ။

ဒီကောင်ကြီးက  အဆင့်၃ လေပေါ်ပျံ သားရဲမိစ္ဆာဖြစ်တဲ့ 'ချိုတစ်ချောင်း အမြွှာငှက်' ဆိုတာ သေချာပါတယ်။

“ဒါက အဆင့်၃ မိစ္ဆာသားရဲပဲ”

ဒါက လီဖူချန်း ဘဝမှာ ပထမဦးဆုံး အကြိမ်အဖြစ် အဆင့်၃ မိစ္ဆာသားရဲကို မြင်ဖူးတာပါပဲ။ အဆင့်၃ မိစ္ဆာသားရဲတွေက မြေကမ္ဘာ အဆင့်က ပညာရှင်တွေနဲ့ ညီမျှပါတယ်။

ဒါပေမဲ့ ချိုတစ်ချောင်း အမြွှာငှက်တွေကတော့ မွေးရာပါ ခွန်အား ကြီးမားလွန်း လှတဲ့အတွက် သာမန် မြေကမ္ဘာ အလယ်အလတ် အဆင့်က သူတွေကိုတောင် တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်စွမ်း ရှိတယ်လေ။

ဒီချိုတစ်ချောင်း အမြွှာငှက်ကတော့ မိစ္ဆာသွေးသားရဲမြို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိပုံ မပေါ်ပါဘူး။

သူက ဒီမြို့လေး အပေါ်ကနေ ဖြတ်ပျံပြီး ဟိုး... အဝေးက မိုးကုပ်စက်ဝိုင်းထဲကို ဝင်ရောက် ပျောက်ကွယ် သွားပါတယ်။

“မိစ္ဆာ သွေးသားရဲမြို့က ငါထင်ထားတာ ထက်တောင် အန္တရာယ်များမယ့်ပုံပဲ”

လီဖူချန်း တစ်ယောက်ကတော့ နည်းနည်း ဖြုံသွားပါပြီ။ ဒီမိစ္ဆာသားရဲ အုပ်ကြီးတွေထဲမှာ အဆင့်၁နဲ့ အဆင့်၂က မိစ္ဆာသားရဲတွေ သာမက  အဆင့်၃က မိစ္ဆာသားရဲတွေပါ ရံဖန်ရံခါ ပါလာတတ်တယ်လေ။

ဒါပေမဲ့ လီဖူချန်းတို့ယူရမယ့် တာဝန်ကတော့ အဆင့်၁နဲ့အဆင့်၂က မိစ္ဆာသားရဲတွေပါပဲ။

အဆင့်၃ မိစ္ဆာသားရဲတွေ ကိုတော့ ကောင်းကင်နယ်ပယ်က ဆရာကြီးတွေက တာဝန်ယူ သွားမှာပါ။

တည်းခိုခန်း တစ်ခုကို ရှာလို့ အတွေ့မှာတော့ လီဖူချန်းတစ်ယောက် နားဖို့အခန်းတစ်ခန်း ရရှိခဲ့ပါပြီ။

နေ့လယ်စာကို စားပြီး အချိန်မှာတော့  မွန်းတည့်နေပြီ ဖြစ်တဲ့အတွက် ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကျင့်ဖို့ အတွက် အချိန်ကောင်းပါပဲ။

နှစ်နာရီလောက် လေ့ကျင့် အပြီးမှာတော့ လီဖူချန်းက သူ့ရဲ့မှိတ်ထားတဲ့ မျက်လုံးတွေကို ဖွင့်လိုက် ပါတော့တယ်။

“ဒီနေရာကို မိစ္ဆာသားရဲတွေ လိုချင်နေတာက ဘာမှ မထူးဆန်းဘူးပဲ။ ဒီမြို့ထဲမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေက တခြား နေရာတွေထက်ကို ၃ဆလောက် သန့်စင် နေသေးတယ်။ ချီ အထောက်အကူပြု ဆေးဝါးတွေ သုံးဖို့တောင် မလိုတော့ဘူး”

လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်း မြန်နေရတဲ့ အကြောင်းအရင်းတွေ ထဲမှာ ချီအထောက်အကူပြု ဆေးတွေကို ဖောဖောသီသီ သုံးခဲ့တာလည်း ပါပါတယ်။

(လီဖူချန်းရဲ့ ခန္ဓာကိုယ်က သာမန် အရိုးတည်ဆောက်ပုံပဲ ရှိတဲ့အတွက် ကောင်းကင်နဲ့ မြေကြီးက စွမ်းအင်တွေကို စုပ်ယူနိုင်စွမ်း နည်းပါတယ်။ ဒါကြောင့် သူ့ရဲ့ကျင့်ကြံမှုအတွက် ဆေးအကူအညီ အများကြီး ယူခဲ့ရတယ်လေ။)

ဒါပေမဲ့ ဒီမိစ္ဆာသွေးသားရဲ မြို့ထဲမှာတော့ လီဖူချန်းက ချီအထောက်အကူပြု ဆေးတွေ သုံးဖို့တောင် မလိုဘူးဆိုတာကို သတိပြုမိ လိုက်ပါတယ်။

ဒီမှာရှိနေတဲ့ ချီစွမ်းအင်တွေကို သူ့ရဲ့ခန္ဓာကိုယ်က ကောင်းကောင်းကြီး စုပ်ယူ နေနိုင်ပါတယ်။

“ချီဆေးလုံးတွေက  မသန့်စင်မှုတွေ ပါတယ်။ အများကြီး သုံးလိုက်တဲ့အခါမှာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေတယ်။ ဒါပေမဲ့ ငါက ချီဆေးလုံးတွေကို မသုံးပြန်ရင်လည်း ငါ့ကျင့်ကြံမှုတွေက  နှေးကုန်ဦးမယ်။ ဟူး... အရိုးတည်ဆောက်မှု အဆင့်နိမ့်တဲ့ လူတွေရဲ့ဘဝက လုံးဝကို မလွယ်ပါလားကွာ။  ငါ ဒီဆေးလုံးတွေရဲ့ မသန့်စင်မှုတွေကို ချေဖျက်နိုင်လို့ တော်သေးတယ်လို့ ဆိုရမယ်”

“ဒီနေရာမှာတော့ မကြာခဏ လေ့ကျင့်နိုင်မယ်ဆိုရင် ငါ့အတွက် အကျိုးဖြစ်ထွန်းမှာပဲ”

ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားတွေက သာမန် နေရာတွေထက် ၂၀ရာခိုင်နှုန်း ပိုသန့်စင်နေတဲ့ အတွက် ဒီနေရာက လီဖူချန်းလို သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်အတွက် တကယ်ကို သင့်တော်ပါတယ်လေ။

ဒါပေမဲ့ ဒါက လီဖူချန်းရဲ့ လက်ရှိ ကျင့်ကြံခြင်း နယ်ပယ် အတွက်ပါပဲ။

သူ့ရဲ့ကျင့်ကြံမှု အဆင့်မြင့်လာတဲ့ အခါကျရင် ဒီနေရာက ချီစွမ်းအင်ကပါ။ ပါဝင်နှုန်းတွေက သူ့ခန္ဓာကိုယ်ရဲ့ လိုအပ်မှုကို မထောက်ပံ့ နိုင်တော့ပါဘူး။

အဲသည်လို အချိန်ရောက်ရင်တော့ လီဖူချန်း တစ်ယောက် အဆင့်မြင့် ချီစွမ်းအား အထောက်အကူပြု ဆေးလုံးတွေ ဝယ်နိုင်ဖို့ ကြိုးစား ရပါတော့မယ်။

***

နောက်ထပ် သုံးရက် အကြာမှာတော့ မိစ္ဆာသွေးသားရဲမြို့ရဲ့ အခြေအနေက ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးလိုပါပဲ။

မိစ္ဆာသွေးသားရဲမြို့ရဲ့ ကင်းထောက်တပ်တွေက  မိစ္ဆာသားရဲ တောင်တန်းကြီးကနေ ဆင်းလာတဲ့ သားရဲတွေရဲ့ အရေအတွက်က တိုးသထက် တိုးလာတယ်လို့ သတင်းပို့ သွားခဲ့ပါတယ်။

သူတို့ရဲ့ ခန့်မှန်းချက်အရဆိုရင် ဒီတစ်ပတ် အတွင်းမှာပဲ  သားရဲအုပ်ကြီးဟာ စတင် တိုက်ခိုက် လာတော့မှာပါ။

မိစ္ဆာသွေးသားရဲ မြို့ထဲမှာတော့ မြို့နေလူထုကလွဲပြီး ကျန်တဲ့သူတွေ အကုန်လုံးက တိုက်ခိုက်ဖို့ လာခဲ့ကြတဲ့သူတွေပါပဲ။

မိစ္ဆာသားရဲအုပ်ကြီး ထွက်ပေါ် လာပြီဆိုတာနဲ့ အားလုံးက မြို့ပြင်ကို ထွက်ပြီး မိစ္ဆာသားရဲတွေကို သတ်ဖြတ်ကြမှာပါ။

ဒါမှလည်း  မြို့ကို အထိအခိုက် နည်းမည် မဟုတ်ပါလား။

***

All Chapters