မိစ္ဆာသားရဲအုပ် လာလေပြီ
Vol. 8 Ch. 105
“ငါ့စိတ်ဝိညာဉ်က အခုဆိုရင် အပြာရောင် ဖျော့ဖျော့ ဘက်ကို ၅၀ရာခိုင်နှုန်းလောက် ပြောင်းနေပြီပဲ။
ဒါပေမဲ့ ငါ့ရဲ့ဆန်းကြယ်အဆင့် ပညာရပ် ၄ခုစလုံးကို အဆင့်အမြင့်ဆုံး အထိ ငါ မလေ့ကျင့်နိုင်သေး ပါလား။
ကြည့်ရတာ ငါတစ်ခုခု လိုနေသေးပုံ ရတယ်။ တည်းခိုခန်းရဲ့ အခန်းထဲမှာတော့ လီဖူချန်းက ကြယ်ကြွေ ဓားကွက်ကို ဆင်ခြင် သုံးသပ်နေပါတယ်။
ကြယ်ကြွေဓားကွက်က သူသိတဲ့ တစ်ခုတည်းသော သက်စောင့်သိုင်းကွက် (ပွဲသိမ်းတိုက်ကွက်)ပါပဲ။
သိုင်းပညာရှင် နှစ်ယောက်က အခြေခံတွေ၊ သိုင်းကွက် အဆင့်တွေ အားလုံး ညီတူမျှတူ ဖြစ်နေတဲ့အခါမှာ သူတို့က ပထမဆုံး လျင်မြန်မှုချင်း ယှဉ်ရပါမယ်။ ဒုတိယ အဆင့်မှာတော့ သူတို့ရဲ့ သက်စောင့် သိုင်းကွက်ချင်း ယှဉ်ရပါမယ်။ သက်စောင့် သိုင်းကွက်ကသာ လုံလောက်တဲ့အထိ အစွမ်းရှိနေရင် တစ်ကွက်တည်းနဲ့ တစ်ဖက်လူကို အသေသတ်ပစ် လိုက်နိုင်ပါတယ်။
ဥပမာ- လီဖူချန်း တစ်ယောက် မျက်နှာဖုံးနဲ့လူကို သတ်ပစ် လိုက်သလိုပေါ့။
ဒါပေမဲ့ ဒီ ၂နှစ်အတွင်းမှာ လီဖူချန်းရဲ့ ကြယ်ပျံဓားသိုင်းက တစ်ဖက်ကမ်းခတ်တဲ့ အဆင့်အထိ ရောက်နိုင်စွမ်း မရှိသေးဘူးလေ။
ကျင့်ကြံမှုတွေက အရေးကြီးတဲ့အရာ ဖြစ်ပေမဲ့လည်း ဒီဓားသိုင်းကလည်း လီဖူချန်းအတွက် အရေးကြီးတဲ့နေရာကနေ ပါဝင် ပတ်သက် နေပါတယ်။
အရှေ့မှာ ပြောခဲ့သလိုပဲ ဆန်းကြယ် အဆင့် သိုင်းကျမ်းတွေက မြေကမ္ဘာအဆင့်နဲ့ ကောင်းကင် အဆင့်က လူတွေအတွက် ဆိုပေမဲ့လည်း လီဖူချန်းက ကြိုးစားပြီး လေ့ကျင့်နေဆဲပါပဲ။
ပုံမှန်ဆိုရင် မြေကမ္ဘာအဆင့်က ပညာရှင်တွေကပဲ ဆန်းကြယ် အဆင့်နိမ့် သိုင်းပညာတွေကို တစ်ဖက်ကမ်းခတ်တဲ့ အထိ လေ့ကျင့်နိုင်တာပါ။
ဒါပေမဲ့လည်း လီဖူချန်းကတော့ ဘာမှ တွေးတောမနေပဲ တစ်ဖက်ကမ်းခတ်တဲ့ အဆင့် ရောက်အောင် လေ့ကျင့်ဖို့ ကြိုးစား နေပါတယ်။
ပြီးတော့ သူက လူသားနယ်ပယ်မှာ တုန်းကတောင် အဝါရောင် ထိပ်တန်း သိုင်းပညာတွေကို တစ်ဖက်ကမ်းခတ်တဲ့ အထိ လေ့ကျင့်နိုင်ခဲ့တာ မဟုတ်ပါလား။
သူ့ရဲ့ စိတ်ဝိညာဉ် နှစ်ခုနဲ့ဆိုရင် နယ်ပယ်တစ်ခု ကျော်လောက်က သိုင်းပညာကို လေ့ကျင့်တာက မဖြစ်နိုင်တာ မဟုတ်ပါဘူး။
“ကြည့်ရတာ ပြဿနာက အခြေခံတွေ ကွာခြားနေလို့ များလား"
လီဖူချန်းရဲ့ တွေးခေါ်နိုင်မှုတွေက ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစား လိုက်မိပါတယ်။ လီဖူချန်းက ပြီးပြည့်စုံခြင်းရဲ့ အထက်က အဆင့် ၃ဆင့်ကို ခွဲခြား စိတ်ဖြာ လိုက်ပါတဟ်။
ပြီးပြည့်စုံခြင်းရဲ့ အထက်မှာတော့ တတ်သိနားလည်ခြင်း အလုံးစုံ တတ်သိ နားလည်ခြင်းနဲ့ တစ်ဖက်ကမ်းခတ်တဲ့ အဆင့်တွေ ရှိတယ်လေ။
ပုံမှန် အရည်အချင်းပဲ ရှိတဲ့ သိုင်းပညာရှင်တွေရဲ့ အမြင့်ဆုံး ရောက်နိုင်တဲ့ အဆင့်ကတော့ တတ်သိ နားလည်ခြင်းအဆင့် ပါပဲ။
အလုံးစုံ တတ်သိနားလည်ခြင်း အထိ ရောက်ဖို့ ဆိုတာတော့ အပြင်းအထန် ကြိုးစားရမယ့်အပြင် ပါရမီပါ ရှိနေရပါမယ်။
ဒါမှ သိုင်းကွက်ရဲ့ အမြင့်ဆုံး တိုက်ခိုက်မှုတွေမှာ မတည်ငြိမ်တဲ့ သဘော သဘာဝတွေကို ချိန်ညှိနိုင်မှာပါ။
တစ်ဖက်ကမ်းခတ် နားလည်ခြင်း အဆင့်ကတော့ နည်းနည်း ရှုပ်ထွေးပါတယ်။ ဒီအဆင့်က သိုင်းပညာရဲ့ သဘောတရားကို ကျော်လွန်ပြီး ဆင်ခြင်နိုင်တဲ့ အဆင့် ရောက်သွားပါပြီ။
ဒီအဆင့်မှာတော့ လေ့ကျင့်သူရဲ့ အခြေခံကိုလိုက်ပြီး နားလည် သဘောပေါက်မှုတွေက အမျိုးမျိုး ပြောင်းလဲ သွားတတ်ပါတယ်။
တစ်ဖက်ကမ်းခတ် အဆင့်အထိ ရောက်သွားရင် အသုံးပြုသူရဲ့ ကိုယ်ပိုင်ဟန်က အနည်းနဲ့အများ ပေါ်လာ တတ်ပါတယ်။
ပြောရမယ်ဆိုရင် မူလ စတင် တီထွင်ခဲ့တဲ့သူရဲ့ ပုံစံနဲ့ တစ်သဝေမတိမ်း မတူညီတော့ပဲ ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်လျော ညီထွေမှု ဖြစ်မယ့် ပုံစံမျိုးကို ပြောင်းလဲ လိုက်နိုင်တာပါ။
ဒီသဘောတရားက လူတစ်ယောက်ရဲ့ အခြေခံနဲ့လည်း သက်ဆိုင်သလို နားလည် သဘောပေါက်နိုင်စွမ်း အရမ်း မြင့်တာကြောင့် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင်တွေက တစ်ဖက်ကမ်းခတ်တဲ့ အဆင့်ကို ရောက်အောင် လေ့ကျင့်နိုင်စွမ်း မရှိတာပါ။
လီဖူချန်း တစ်ယောက် အဝါရောင် အဆင့်မြင့်သိုင်းတွေနဲ့ အထွတ်အထိပ် သိုင်းတွေကို တစ်ဖက်ကမ်းခတ်တဲ့ အထိ လေ့ကျင့်နိုင်ခဲ့ရတဲ့ အကြောင်းအရင်း ကတော့ သူက များပြားလှတဲ့ အဝါရောင်အဆင့် သိုင်းပညာရပ်တွေကို ဆရာတစ်ဆူ ဖြစ်တဲ့အထိ အောင်မြင်ခဲ့လို့ပါပဲ။
ပြောရမယ်ဆိုရင် အဝါရောင် အဆင့် သိုင်းပညာတွေက အခြေခံ သက်သက် သိုင်းပညာတွေဖြစ်ပြီး ဆန်းကြယ်တဲ့ လှုပ်ရှားမှုတွေ မပါဘူး ဆိုပေမဲ့ ဆန်းကြယ် အဆင့် သိုင်းကျမ်းတွေကို လေ့ကျင့်မယ့် သူကတော့ အခြေခံပညာရပ်တွေကို အရင် လေ့ကျင့် ခဲ့ရမှာပဲလေ။
“နာမည်ကြီးတဲ့ ဓားသမားတွေ အားလုံးက ဓားသိုင်းပုံစံ ရာချီလေ့ကျင့်ခဲ့တယ် ဆိုတာလည်း မထူးဆန်းဘူးပဲ။
ဓားသိုင်းပုံစံ တစ်ခုတည်းက ကြောက်စရာ ကောင်းတဲ့ ဓားသမား ဖြစ်အောင် မလုပ်ပေးနိုင်တာပဲ ဖြစ်ရမယ်”
လီဖူချန်းက တစ်ချက်ကလေး ဉာဏ်အလင်း ရလိုက်သလို ခံစားခဲ့ရပါတယ်။
တကယ်လို့သာ အဆင့်မြင့် ဓားသမား တစ်ယောက်က လီဖူချန်း ပြောလိုက်တဲ့ စကားကို ကြားလိုက်မယ် ဆိုရင် သူက လီဖူချန်းကို နေ့လယ်ခင်း ကြောင်တောင်မှာ တွေ့လိုက်ရတဲ့ ဝိညာဉ်တစ်ကောင်လို ကြည့်နေမှာ အမှန်ပါပဲ။
ဘာဖြစ်လို့လဲ ဆိုတော့ မြေကမ္ဘာအဆင့်က ပညာရှင်တွေတောင် လီဖူချန်းလို ဉာဏ်အလင်း ပွင့်ဖို့ မဖြစ်နိုင်သေးလို့ပါပဲ။
ဓားတာအို ဒါမှမဟုတ် သိုင်းတာအိုမှာ အဆင့်မြင့်မြင့် ရောက်သွားတဲ့ သူတွေမှသာ ဒီလို အခြေခံ သဘောသဘာဝကို ခွဲခြမ်း စိတ်ဖြာနိုင်မှာပါ။
“ငါ ဂိုဏ်းတော်ထဲကို ပြန်ရောက်ရင်တော့ အဝါရောင် အဆင့် သိုင်းကျမ်းတွေထဲက ရနိုင်သလောက်ကို ယူပြီး လေ့ကျင့်ရမယ်”
အဖြေကို ရှာတွေ့ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်း တစ်ယောက် နေသာထိုင်သာ ရှိသွားခဲ့ပါပြီ။
သူ စဉ်းစားထားတဲ့ အတိုင်း လက်တွေ့ ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့် ရမှာပါပဲလေ။
***
ဒီလိုနဲ့ပဲ နောက်ထပ် ၃ရက်က ကုန်ဆုံး သွားခဲ့ပြန်ပါပြီ။
လေးရက်မြောက် နေ့ရဲ့ ညရောက်တော့ အခါမှာတော့...
ဝူ...
“မိစ္ဆာသားရဲတွေ တိုက်ခိုက်နေပြီဟေ့ ... မိစ္ဆာသားရဲတွေ စတင် လှုပ်ရှားလာကြပြီ”
မိစ္ဆာသွေးသားရဲမြို့ရဲ့ ကင်းစာင့် တပ်သားတွေက ကျွဲချိုတွေမှုတ်ပြီး သတိပေးလိုက် ပါတယ်။
ရှေ့ပြေး ကင်းတပ်သားတွေ ကလည်း သူတို့ရဲ့ မြင်းတွေကို ဒုန်းစိုင်းနေကြပြီး အော်ဟစ်ကာ လိုက်လံ သတိပေးနေ ကြပါတယ်။
“ဘာလဲဟ။ ညကြီး မင်းကြီးကျမှ လာတိုက် တာလား”
“သေလိုက်စမ်းပါကွာ။ ညပိုင်းဆို မြင်ကွင်းက သိပ်ရှင်းတာ မဟုတ်ဘူးကွ။ အရမ်း အန္တရာယ် များလွန်းတယ်”
အတွင်းစည်း ဂိုဏ်းသားတွေက ညည်းညူပြီး ကပျာကယာနဲ့ လမ်းမတွေပေါ်ကို ထွက်လာ ကြပါတယ်။
“ညအချိန်ကို စောင့်ပြီး တိုက်တာလားဟ”
အခန်းထဲမှာ အိပ်ဖို့ပြင်နေတဲ့ လီဖူချန်းကလည်း ဓားဆွဲပြီး ထွက်လာခဲ့ပါပြီ။
ညပိုင်းမှာ လာတိုက်ခိုက်တဲ့ မိစ္ဆာသားရဲအုပ်တွေကို ခုခံရတာက အင်မတန် အန္တရာယ် များပါတယ်။
သေဆုံး နိုင်ချေကလည်း နေ့အခါမှာ တိုက်ခိုက်တာထက် စာရင် နှစ်ဆလောက် ပိုများပါတယ်။ ဒါကြောင့်မလို့ လီဖူချန်းက အစောကြီး ကတည်းက ချပ်ဝတ်တန်ဆာ တစ်ခုကို ယူလာခဲ့ပါတယ်။
အဲဒါကတော့ အဆင့်၃ မိစ္ဆာသားရဲသားရေနဲ့ လုပ်ထားတဲ့ ချပ်ဝတ်တန်ဆာ တစ်ခုပါ။
အပြင်ဘက် လောကမှာဆိုရင် ရွှေပြား၂၀၀၀၀ လောက်ကို တန်ဖိုးရှိပါတယ်။ ဒါကို လီဖူချန်းက ထောက်ပံ့ရေးရမှတ် ၁၀၀၀၀ ပေးပြီး ယူလာခဲ့တာပါ။
ဒီချပ်ဝတ်တန်ဆာက ထိခိုက်မှုတွေကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။ အထူးသဖြင့် ကုတ်ခြစ်ရာတွေနဲ့ လက်သည်း ဒဏ်တွေကိုပေါ့။
လီဖူချန်းက အရှေ့ဘက် ဂိတ်တံခါးကိုအလျင်အမြန်ပဲ ပြေးသွား လိုက်ပါတယ်။ လမ်းတစ်လျှောက် လာနေရင်းမှာပဲ မိုးကြိုးပစ်သံကဲ့သို့ ဆူညံနေသော အသံတွေကိုလည်း ကြားနေ ရပါတယ်။
မြို့တံတိုင်းရဲ့ အပေါ်မှာတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က လူတွေက အဆင်သင့် နေရာ ယူထားကြပါပြီ။
လူအုပ်ကြားထဲမှာ နေရာ ယူထားရင်းနဲ့ လီဖူချန်း တစ်ယောက် အာရုံတွေ စူးစိုက်ပြီး ဟိုးအဝေးက အမှောင်ထုထဲကို လှမ်းကြည့် လိုက်ပါတယ်။
တွေ့မြင်လိုက်ရတဲ့ မြင်ကွင်းက လီဖူချန်း ကိုတောင် ကျောချမ်း သွားစေပါတယ်။
အမှောင်ထုထဲမှာတော့ အနက်ရောင် မိစ္ဆာသားရဲ အုပ်ကြီးဟာ လှိုင်းလုံးကြီးသဖွယ် သူတို့ဆီကို ပြေးလာ နေကြပါတယ်။
တချို့ သားရဲတွေက လေပေါ်ကနေ ပျံလာနေပြီး တချို့ သားရဲတွေကတော့ မြေပြင်ပေါ်ကနေပဲ ပြေးလွှားပြီး လာနေတာလေ။
သူတို့ရဲ့ ဦးတည်ရာကတော့ မိစ္ဆာသွေးသားရဲ မြို့ပါပဲ။
မိစ္ဆာ တောင်တန်းကနေ ဆင်းလာတဲ့ သားရဲတွေ ဘယ်လောက်တောင် များသလဲ ဆိုတာကို ခန့်မှန်းလို့တောင် မရတော့ပါဘူး။
“ဒီမိစ္ဆာသားရဲတွေက ဘယ်လို မျိုးပွားရမလဲ ဆိုတာကိုတော့ ကောင်းကောင်းကြီး သိနေတာပဲ။ နှစ်တိုင်း နှစ်တိုင်းမှာ ဒီသားရဲမိစ္ဆာအုပ်ကြီးက မိစ္ဆာ တောင်တန်းကနေ ဆင်းလာပြီး ဒီမြို့ကို တိုက်ခိုက် ကြတယ်။ ပြီးရင် အတုံးအရုံးသေပြီး သူတို့နေထိုင်ရာ ဂူတွေဆီကို ပြန်ဆုတ် သွားပြန်တယ်။ ဒါပေမဲ့ နောက်တစ်နှစ် ဆိုရင် ပိုများလာတဲ့ အရေအတွက်တွေနဲ့ ပြန်လာ တိုက်ခိုက် ကြပြန်တယ်”
“တချို့ မိစ္ဆာသားရဲတွေက တစ်ခါမွေးရင် တစ်ကောင်ပဲ မွေးနိုင်ပေမဲ့ တချို့ကျတော့ တစ်ခါမွေးရင် အရေအတွက် မနည်းမနောပဲဗျ။ တချို့ဆိုရင် တစ်ရာလောက်ကို မွေးနိုင်ကြတယ်။ သူတို့ကို ဒီလို ထိုင်သတ်နေရုံနဲ့တော့ ပြဿနာက ဖြေရှင်းလို့ ရမှာ မဟုတ်ဘူးဗျ”
“မင်းပြောတာ မှန်တယ်။
ဒီမိစ္ဆာ တောင်တန်းကြီး ထဲမှာရှိတဲ့ အရင်းအမြစ်တွေက ကန့်သတ်ချက် ရှိတယ်လေ။ ဒီတောင်တန်းကြီးထဲမှာ မိစ္ဆာသားရဲတွေ အရမ်း ပေါများလာရင် သူတို့ရဲ့ အရင်းအမြစ်တွေကို ထိခိုက် စေမိလိမ့်မယ်။
ဒါကြောင့် သူတို့ရဲ့ သဘာဝ အသိအရ သူတို့က ရေကြည်ရာ မြက်နုရာ ပြောင်းရင်းနဲ့ ဒီလိုမြို့တွေကို စတင် တိုက်ခိုက် ကြတော့တာပဲ”
ဒီမိစ္ဆာ တောင်တန်ကြီးက မိုးပြာရောင် ဂိုဏ်းရဲ့ နယ်နိမိတ် အတွင်းမှာ တည်ရှိတဲ့ အကြီးမားဆုံး တောင်တန်းကြီးပဲဗျ။
ကျွန်တော် သိသလောက်ဆိုရင် ဒီလိုမိစ္ဆာ သားရဲအုပ်ကြီးတွေ တိုက်ခိုက်မှုကို ကြုံရတာက မိစ္ဆာသွေးသားရဲမြို့ တစ်ခုတည်း မဟုတ်ဘူးဗျ။
အနီးအနားက တိုင်ရှုံးမြို့၊ ကန်ဖန်းမြို့နဲ့ ကန်းတာအို ဂိုဏ်းတွေရှိတဲ့ အခြမ်းမှာလည်း တိုက်ခိုက် ခံရတယ်တဲ့ဗျ”
မြို့ရိုး တံတိုင်းပေါ်မှာ စောင့်နေကြတဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က သိုင်းပညာရှင်တွေက အချင်းချင်း တီးတိုး ပြောဆို နေကြပါတယ်။
သူတို့ရဲ့ ပြောဆိုနေတာတွေကို လီဖူချန်းကလည်း ထောက်ခံ ပါတယ်လေ။
ဒီနှစ်ထောင်ပေါင်း များစွာ အတွင်းမှာ မရေမတွက် နိုင်လောက်အောင် များပြားတဲ့ မိစ္ဆာသားရဲတွေကို လူသားတွေက သတ်ဖြတ် ခဲ့ပြီးပါပြီ။
ဒါပေမဲ့လည်း သူတို့ရဲ့ လျင်မြန်လှတဲ့ မျိုးပွား နိုင်စွမ်းကြောင့် မိစ္ဆာသားရဲတွေက မျိုးမသုဉ်း သွားပါဘူး။
တကယ်လို့ မင်းက တစ်ကောင် သတ်လိုက်ရင် သူတို့က နှစ်ကောင် ပြန်မွေးပါတယ်။ မင်းက ၁၀ကောင် သတ်လိုက်ရင် သူတို့က အကောင်၂၀ ပြန်မွေးပါတယ်။
တောင်တန်း ငယ်လေးတွေဖြစ်တဲ့ ယုံဝူးတောင်တန်း ကနေတောင် နှစ်တွေ အတော်ကြာတိုင်း သားရဲအုပ်ကြီးတွေက အုပ်လိုက် ယုံဝူးမြို့ဆီကို ဆင်းလာ ကြတာပဲလေ။
ဒီလို ရှည်လျားတဲ့ တောင်တန်းကြီးဖြစ်တဲ့ မိစ္ဆာတောင်တန်းကနေ နှစ်တိုင်း မိစ္ဆာအုပ်ကြီးတွေ ဆင်းလာတာကိုတော့ ထူးပြီး အံ့သြစရာ မရှိပါဘူး။
ဒီမိစ္ဆာအုပ်ကြီးဟာ များပြားလွန်း လှတဲ့အပြင် အကောင်တွေကလည်း စုံလွန်းလှတဲ့အတွက် ဂိုဏ်းတော်က ထိပ်သီးတွေကပါ လာခုခံကာကွယ် ပေးရတာပါ။
မိစ္ဆာသွေးသားရဲမြို့ရဲ့ ကိုယ်ပိုင် စစ်တပ်နဲ့တော့ ဒီမိစ္ဆာသားရဲတွေကို ခုခံဖို့က မလုံလောက်ဘူးလေ။
လူအုပ်ကြီးက စကားတွေ ပြောနေရင်းမှာပဲ မိစ္ဆာသားရဲအုပ်ကလည်း နီးသထက် နီးလာပါတော့တယ်။
မြေပြင်ဟာလည်း တသိမ့်သိမ့်တုန်လို့ လာချေပြီလေ။
“အားလုံးပဲ ငါ့အမိန့်ကို နာခံကြ။ တိုက်ခိုက်ဖို့ အသင့် ... ပြင်”
မြို့တံတိုင်းရဲ့ အပေါ်ဆုံး သူရဲခိုမှာတော့ မိစ္ဆာသွေးသားရဲမြို့ရဲ့ မြို့စားမင်းက အော်ဟစ် အမိန့်ပေးလို့ နေပါတယ်။
မိစ္ဆာခေါ်သံ မြို့ကြီးကို မိစ္ဆာသားရဲတွေ ရောက်မသွားဖို့အတွက် ဒီမြို့လေးက ပထမဦးဆုံး ခံတပ်ပဲလေ။
ဒါကြောင်မလို့ ဒီမြို့ရဲ့ မြို့စားမင်းက မြေကမ္ဘာအဆင့်မှာ ရှိပါတယ်။
ပြီးတော့ များပြားလှတဲ့ မိုးပြာရောင်ဂိုဏ်းက အပြင်စည်း အကြီးအကဲတွေ၊ အတွင်းစည်း ကြီးကြပ်ရေးမှူးတွေ၊ အပြင်စည်း ကြီးကြပ်ရေးမှူးတွေ အတွင်းစည်း လက်ထောက် ကြီးကြပ်ရေးမှူးတွေ ကလည်း သူနဲ့အတူ ရှိနေပါတယ်။
တံတိုင်းကြီးရဲ့ အောက်မှာတော့ တစ်ထောင်လောက်ရှိတဲ့ တိုက်ပွဲဝင် စစ်သည်တွေ ရှိပါတယ်။
အဲသည် စစ်သည်တော်တွေ ထဲမှာတော့ မိစ္ဆာသွေးသားရဲမြို့ရဲ့ ကိုယ်ပိုင်စစ်တပ်အပြင် မိုးပြာရောင် စစ်တပ်လည်း ရှိနေပါတယ်။
ဒီမိုးပြာရောင် စစ်တပ်က မိုးပြာရောင်ဂိုဏ်းရဲ့ စစ်တပ်ဖြစ်ပြီး အစွမ်းထက်မည့် ပုံပါပဲ။
ဘာလို့လဲဆိုတော့ ဒီစစ်တပ်ရဲ့ ခြေလျင်စစ်သည်တွေ ကတောင် စိတ်တန်ခိုးဖွဲ့ စည်းခြင်း နယ်ပယ်ကို ရောက်နေလို့ပါပဲ။
ဂိုဏ်းနှစ်ဂိုဏ်း စစ်ဖြစ်ကြပြီဆိုရင် မိုးပြာရောင် စစ်တပ်က ထိပ်ဆုံးကနေ တိုက်ခိုက်ရတာပါ။
အဲဒီအတွက် စည်းကမ်းတကျနဲ့ စနစ်ရှိရှိ တိုက်ခိုက်နိုင်တဲ့ သူတွေကိုသာ စစ်သည်တော်အဖြစ် ရွေးချယ်ထားတာပါ။
ဒီမိစ္ဆာသားရဲတွေကို ခုခံတဲ့ အခါမှာလည်း စစ်တပ်က သူတို့ရဲ့ အစွမ်းတွေကို ထုတ်ပြမှာ ဧကန်အမှန်ပါပဲ။
ဒါပေမဲ့အခု ဒီကို ရောက်နေတာကတော့ တပ်စိတ်လေး တစ်ခုပါ။ မိစ္ဆာအုပ်ကြီးက မြို့နဲ့ မီတာ၁၀၀၀ လောက်ပဲ လိုတဲ့အခါမှာတော့ မိစ္ဆာသွေးသားရဲမြို့ရဲ့ ပထမဆုံး အဝေးပစ်ခံစစ်က အလုပ် စလုပ်ပါတော့တယ်။
ရာနဲ့ချီတဲ့ ကျောက်မောင်းကြီးတွေကနေ ကျောက်တုံးကြီးတွေက ဝဲပျံသွားပြီး မိစ္ဆာ သားရဲအုပ်ဆီကို ကျရောက် သွားပါတယ်။
ကျောက်တုံးကြီးတွေက မိစ္ဆာသားရဲ ၃ကောင်ဒါမှမဟုတ် ၅ကောင်လောက်ကို သေသွား စေပါတယ်။
ကျောက်မောင်းကြီးတွေက အလုပ်ဖြစ်ပေမဲ့လည်း မိစ္ဆာသားရဲ အရေအတွက်က များပြားလွန်း လှတဲ့အတွက် အချိန်တိုလေး အတွင်းမှာပဲ မိစ္ဆာသားရဲအုပ်ကြီး မီတာ၁၀၀ ခန့် အကွာအဝေးကို ရောက်လာခဲ့ပါပြီ။
“မြို့တံခါးကိုဖွင့်... တိုက်...."
အမိန့်သံနဲ့အတူ မြို့ရဲ့ အဝင်ဂိတ်ပေါက် တံခါးမကြီးကလည်း ပွင့်သွားခဲ့ပါပြီ။ မိုးပြာရောင် စစ်တပ်နဲ့ မိစ္ဆာသွေးသားရဲမြို့ စစ်တပ်ကလည်း ထွက်လာခဲ့ပါတယ်။
တံတိုင်းတွေပေါ်မှာ ရှိနေကြတဲ့ လူတွေကလည် မြေပြင်ပေါ်ကို ခုန်ဆင်းလာကြပြီး ခုခံဖို့ အသင့်ပြင်နေကြပါပြီ။
***