← Chapters

အနီးကပ်တိုက်ပွဲ

Vol. 8 Ch. 106

အနီးကပ်တိုက်ပွဲ

Vol. 8 Ch. 106

အနီးကပ် တိုက်ခိုက်ရေးသမားတွေ မြေပြင်ပေါ် ရောက်တာနဲ့ မိစ္ဆာသားရဲအုပ်ကြီး ကလည်း သူတို့ရဲ့ မလှမ်းမကမ်းနား အထိ ရောက်နေပါပြီ။

“သတ်ကြဟေ့...”

ဒီက လူတွေအကုန်လုံးက မိစ္ဆာသားရဲအုပ်ကြီးရဲ့ အစောပိုင်း သားရဲအုပ်တွေကို ကြောက်ရွံ့နေခြင်း မရှိပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ ပုံမှန်အတိုင်းဆိုရင် ပထမဆုံး လာတဲ့ အုပ်တွေထဲမှာ အဆင့်၁ မိစ္ဆာသားရဲတွေပဲ ပါလာတတ်လို့ပါပဲ။

တကယ့်ကြောက်စရာ ကောင်းတဲ့ အဆင့်မြင့် မိစ္ဆာသားရဲတွေက နောက်ပိုင်းအုပ်တွေမှာပဲ ရှိတတ်တာလေ။

သေသေချာချာ ဂရုတစိုက်လေး လုပ်တတ်မယ်ဆိုရင် ဒီအစောပိုင်းအုပ်တွေက မှုလောက်စရာ မရှိပါဘူး။

အနီးကပ် တိုက်ပွဲဝင်မယ့်သူတွေ အားလုံးရဲ့ မျက်လုံးထဲမှာလည်း သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေ ဖြစ်ပေါ် နေပါပြီ။

သူတို့ရဲ့ ခန္ဓာကိုယ်ကနေလည်း ကိုယ်ပိုင် ချီအတွင်းအား အရှိန်အဝါ ကိုယ်စီကို ထုတ်ထားကြပါပြီ။

ရွှမ်း... ရွှမ်း... ဝေါင်း ... ဝေါင်း...

မိစ္ဆာသားရဲတွေနဲ့ လူအုပ်ကြီးရဲ့ သတ်ဖြတ်ပွဲကတော့ စတင်ခဲ့ပါပြီလေ။

သိုင်းပညာရှင်တွေရဲ့ ဓားချက်တွေအောက်မှာ စပါးတွေ ရိတ်သိမ်း ခံလိုက်ရသလိုပဲ  မိစ္ဆာသားရဲတွေက အတုံးအရုံး သေဆုံးကုန်ကြပါတယ်။

လီဖူချန်းရဲ့ လေအရိပ်ခြေလှမ်း ကိုယ်ဖော့ပညာက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီဖြစ်တဲ့ အတွက် သူ့ရဲ့ခန္ဓာကိုယ် အလေးချိန်က ငှက်မွေးတစ်ချောင်းသာသာပဲ ရှိပါတော့တယ်။

သူ့ရဲ့ ခြေထောက်တွေဟာ မြေကြီးနဲ့ ထိတယ်လို့တောင် မထင်ရအောင် လျင်မြန်စွာ ရွေ့လျားနေပြီး တိုက်ပွဲတစ်ခုလုံး အနှံ့ကို ပတ်သွား နေပါတယ်။

သူသွားရာ လမ်းကြောင်း တစ်လျှောက်မှာလည်း  အနက်ရောင် သံသေဓားရဲ့ အစွမ်းကို ပြခဲ့ပါသေးတယ်။

သူ့ရဲ့ဓားချက်တစ်ချက် အထွက်မှာပဲ အဆင့်၁ မိစ္ဆာသားရဲလေးကောင်ကို  တစ်ပြိုင်တည်း ရှင်းပစ် လိုက်နိုင်ပါတယ်။

ဒုတိယမြောက် ဓားချက်ကို ထုတ်အပြီးမှာတော့ နောက်ထပ် မိစ္ဆာသားရဲ  လေးကောင်က  ထပ်မံပြီး သေဆုံး သွားကြပြန်ပါတယ်။

အဆင့်နိမ့် မိစ္ဆာသားရဲတွေဟာ စဉ်းစား ဆင်ခြင်နိုင်စွမ်း နိမ့်ကျတဲ့အတွက် လီဖူချန်းလို အဆင့်မြင့် ဓားသိုင်းပညာရှင် အဖို့တော့ သတ်ဖြတ်ရတာ အရမ်းကို လွယ်ကူလွန်း တယ်လေ။

ဒီလို အဆင့်နိမ့်မိစ္ဆာတွေနဲ့ တိုက်ခိုက်ရချိန်မှာ အတွင်းအားတွေကို လိုအပ်တာထက် ပိုမထုတ်မိဖို့ အရေးကြီးပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ဒီတိုက်ပွဲကြီးက ရေရှည် အဆက်မပြတ် တိုက်ခိုက်ရမယ့် တိုက်ပွဲကြီး တစ်ခုပါ။

ဒီလို တိုက်ပွဲအလယ်မှာ မင်းရဲ့ အတွင်းအားတွေ ကုန်သွားရင်တော့ တာ့တာပါပဲ။

အတွင်းအား ပြန်လည် ဖြည့်တင်း ဆေးသောက်ပြီး လေ့ကျင့်နေတာကို မိစ္ဆာသားရဲတွေက ရပ်ကြည့်ပေးနေမှာ မဟုတ်ပါဘူး။

သူတို့ကတော့ မည်းမည်းမြင်ရာ အကုန် ဆော်မှာပါပဲ။

ဒါကြောင့် လီဖူချန်းက အဝါရောင် အဆင့်နိမ့် ဓားသိုင်းဖြစ်တဲ့ ထောင့်ချိုး ဓားသိုင်းနဲ့ အစွန်းရောက် ဓားသိုင်းကိုပဲ အသုံးပြုနေတာပါ။

ဓားသိုင်းတွေက အဆင့်မြင့် လာလေလေ လိုအပ်တဲ့ အတွင်းအားကလည်း ပိုများ လာလေလေပါပဲ။

ဒါပေမဲ့ မင်းရဲ့စွမ်းရည်က အရမ်းမြင့်နေရင်တော့ ဓားသိုင်းတွေကိုတောင် သုံးစရာမလိုပဲ သာမန် ဓားချက်လေး တွေနဲ့တောင် မိစ္ဆာသားရဲတွေကို သတ်ဖြတ် နိုင်ပါတယ်။

လီဖူချန်းက ထောင့်ချိုး ဓားသိုင်းကိုသုံးပြီး သူလက်ရှိရောက်နေတဲ့ ပတ်ဝန်းကျင် တစ်ဝိုက်ကို ရှင်းလင်း လိုက်ပါတယ်။

သူက ဒီနေရာကို ခြေကုပ်ယူပြီး မိစ္ဆာသားရဲတွေကို ခုခံဖို့ စဉ်းစား ထားတယ်လေ။

ဘာဖြစ်လို့လဲ ဆိုတော့ သူနဲ့ သိပ်မဝေးတဲ့နေရာမှာ လျိုဟောင်လုံတို့ရဲ့ အဖွဲ့ရှိနေပြီး  ဝူကျင်မိန်နဲ့ ဂေါင်ချန်းရှန် ကလည်း မိစ္ဆာသားရဲတွေကို သတ်ဖြတ်နေကြလို့ပါပဲ။

ဒါပေမဲ့ သူတို့က လီဖူချန်းလို တစ်ယောက်တည်း ခုခံတိုက်ခိုက်နေတာ မဟုတ်ပါဘူး။ လျိုဟောင်လုံနဲ့ သူ့အဖွဲ့သား ၉ယောက်က စုပေါင်း တိုက်ကွက်တစ်ခုကို အသုံးပြုနေတာပါ။

သူတို့ အသုံးပြုနေတဲ့ စုပေါင်းတိုက်ကွက် အသားကြိတ်စက် တစ်ခုလိုပါပဲ။

သူတို့ ရောက်သွားတဲ့ နေရာတိုင်းမှာ သွေးတွေနဲ့ မိစ္ဆာသားရဲတွေရဲ့ အသက်မဲ့ ခန္ဓာကိုယ်တွေက ကျန်ခဲ့ပါတယ်။

“အရေအတွက်က တကယ်ပဲ တစ်ပန်း သာနေပါရောလား”

လီဖူချန်းက အဖွဲ့လိုက် မတိုက်ခိုက်ချင်တာ မဟုတ်ပါဘူး။ လျိုဟောင်လုံရဲ့ မာနကြီးပြီး ဘဝင်မြင့်တဲ့ အပြုအမူတွေကြောင့်သာ အဖွဲ့ထဲဝင်ဖို့ ငြင်းဆို လိုက်ရတာပါ။

“ပန်းပွင့်အသင်္ချေဓားသိုင်း”

တခြား တစ်ဖက်မှာတော့ ပန်းပွင့်ဓားနတ်မိမယ် ချန်ဖန်းဟွာနဲ့ ဇောင်မင်းယွီတို့ ကလည်း အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေကို ထုတ်ပြနေပါတယ်။

အထူးသဖြင့် ချန်ဖန်းဟွာပေါ့လေ။

စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့်၈မှာ ရှိနေတဲ့ သူမရဲ့ဓားချက်တွေ ကတော့ တကယ့်ကို လက်ဖျား ခါလောက်ပါတယ်။

သူမရဲ့  မွတ်နေအောင် လည်နေတဲ့ အနီရောင် ရတနာဓားက  အနီဖျော့ဖျော့ အရောင်တွေက ပန်းပွင့်ပေါင်းရာနဲ့ ချီပြီး ပွင့်လာသည့်ပုံကို ဆောင်နေပြီး ကြည့်ရတာ အရမ်းကို မျက်စိပသာဒ ဖြစ်လွန်းပါတယ်။

ရွှမ်း… ရွှမ်း … ရွှမ်း...

သိုင်းကွက် တစ်ကွက်နဲ့တင် မိစ္ဆာသားရဲ တစ်ပြုံကြီး သေဆုံး သွားခဲ့ပါတယ်။

သူမရဲ့ဓားချက် တစ်ချက်ကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါက တကယ့်ကို ကြောက်စရာ ကောင်းလွန်း ပါတယ်လေ။

“ချီအတွင်းအားတွေကို ထုတ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ထိန်းချုပ် လိုက်တယ်။ ချီအတွင်းအား ထုတ်လွှတ်ပုံကို ကောင်းကောင်းကြီး နားလည်တဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင်။ အား ... ကြောက်စရာ ကောင်းလိုက်တဲ့ ပါရမီရှင်ပါလား”

အနီးအနားမှာ တိုက်ခိုက်နေကြတဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင်တွေက ချန်ဖန်းဟွာရဲ့ ဓားကွက်ကို သတိပြုမိ လိုက်ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် မြေကမ္ဘာအဆင့်က ပညာရှင်တွေသာလျှင် ချန်ဖန်းဟွာ လုပ်သွားသလို လုပ်နိုင်စွမ်း ရှိတာပါ။

ဒီလိုအစွမ်းရှိတဲ့ ချန်ဖန်းဟွာက ပြိုင်ဘက်ကင်း စာရင်းထဲမှာတောင် ထိပ်သီး ဖြစ်နေမယ် ဆိုတာကို ယုံမှားသံသယ ဝင်နေစရာ မလိုတော့ပါဘူး။

သူမတို့ရပ်နေတဲ့ ပတ်ဝန်းကျင် တစ်ဝိုက်က မိစ္ဆာသားရဲ တစ်အုံတစ်မကြီးကို ရှင်းလင်းလို့ အပြီးမှာတော့ ချန်ဖန်းဟွာနဲ့ ဇောင်မင်းယွီတို့ကလည်း သူမတို့ ရှင်းလင်းထားတဲ့ နေရာပေါ်မှာ ခြေကုပ် ယူထားလိုက်ပါတယ်။ သူမက ဒီနေရာကို ရောက်လာတဲ့ သားရဲတွေ အကုန်လုံးကို သတ်ပစ်မယ်ဆိုတဲ့ သဘောပါပဲ။

“တစ်ချက်တည်းနဲ့ ပစ်မှတ်အများကြီးကို ထိမှန်စေတဲ့ ဓားကွက်။ ဒါက ပန်းပွင့်အသင်္ချေဓားသိုင်း တဲ့လား...”

“လီဖူချန်းက ဒီဖြစ်ရပ်ကို ကောင်းကောင်းကြီး တွေ့လိုက်ရပါတယ်။ သြော်... ဓားသိုင်းတွေမှာ ကိုယ်စီ အားသာချက်တွေ ကတော့ ရှိနေကြတာပါပဲလား”

တချို့ ဓားသိုင်းတွေက ယောင်ပြဓားကွက်တွေ အရမ်းများပြီး တစ်ဖက်လူကို ဝေခွဲမရ ဖြစ်စေတယ်။

တချို့ ဓားသိုင်းတွေကတော့  အားကုန် ထုတ်သုံးရပြီး တစ်ယောက်ချင်း တိုက်ပွဲတွေထဲမှာပဲ အသုံးဝင်တယ်။

ဥပမာပြောရရင် လီဖူချန်းရဲ့ ကြယ်ပျံ ဓားသိုင်းပေါ့။

တချို့ ဓားသိုင်းတွေကတော့ ချန်ဖန်းဟွာရဲ့ ပန်းပွင့် အသင်္ချေဓားသိုင်းလိုပဲ ရန်သူ အများကြီးနဲ့ တိုက်ခိုက်တဲ့နေရာမှာ အသုံးဝင်တယ်။

အချက်အလက် တိတိကျကျ ပြောရမယ် ဆိုရင်တော့  တစ်ယောက်ချင်း တိုက်ပွဲတွေမှာ ချန်ဖန်းဟွာရဲ့ ပန်းပွင့်အင်္သချေဓားကွက်က အသုံးဝင်ဖို့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။

အဲဒါကတော့ တစ်ဖက်လူက လုံးဝ တိုက်စစ်မဆင်တော့ပဲ ခံစစ်ကို အသားပေးနေတဲ့ အချိန်မှာပါပဲ။

ပန်းပွင့်အသင်္ချေဓားကွက်ရဲ့ လားရာ အမြောက်အမြားက ခုခံတဲ့လူကို  မည်သည့်ဘက်ကို ခုခံရမှန်း မခန့်မှန်းစေနိုင်တဲ့ အတွက်ကြောင့်ပါပဲ။

ဒါပေမဲ့လည်းလေ ... ဘယ်လောက်ပဲ အစွမ်းထက် ပါတယ်ပြောပြော စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင်ကတော့  စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်လောက်ပဲ အစွမ်းထက်မှာ ပါပဲလေ။

တံတိုင်းတွေ ပေါ်မှာတော့ မြေကမ္ဘာနယ်ပယ် ပညာရှင်တွေက တိုက်ပွဲ ဝင်မလာသေးပဲ အခြေအနေကို အကဲခတ် နေကြပါတယ်။ ဒီလိုအဆင့်နိမ့် မိစ္ဆာသားရဲတွေကို သတ်ဖြတ်တဲ့ နေရာမှာတော့ သူတို့ဝင်ပါစရာ အကြောင်း မရှိပါဘူး။ သူတို့ရဲ့ တကယ့်ရန်သူတွေက အဆင့်၃ မိစ္ဆာသားရဲတွေပါ။

ဒါပေမဲ့ ခြွင်းချက် တစ်ခုအနေနဲ့ ဒီမိစ္ဆာသားရဲတွေ မြို့ရိုးတံတိုင်းနား ရောက်လာခဲ့ရင်တော့ သူတို့ ဝင်ပါ ရပါလိမ့်မယ်။

ရုတ်တရက် ဆိုသလိုပဲ မိစ္ဆာသားရဲအုပ်ထဲက အကောင် ၂၀လောက်ဟာ ခုခံနေတဲ့စည်းကို ဖောက်ပြီး မြို့တံတိုင်း အနားကို ကပ်လာပါတယ်။ ဒါပေမဲ့လည်း အပြင်စည်း အကြီးအကဲ တစ်ယောက်က သူတို့ကို ရှေ့ဆက် တိုးလာခွင့် မပြုပါဘူး။ အကြီးအကဲရဲ့ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ အင်မတန်မှ ပြင်းထန်တဲ့ အတွင်းအား ချီ လှိုင်းတွေက နဂါးတစ်ကောင်လို ပြေးထွက်သွားပြီး သွေးစီးကြောင်းတွေကို ဖြစ်ပေါ် လာစေပါတယ်။

ဒီကျွံထွက်လာတဲ့ မိစ္ဆာသားရဲတွေဟာ ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် မသိပဲ အတန်းလိုက် သေဆုံး သွားကြပါပြီ။

ရိုးရှင်းပြီး ထိရောက်တဲ့ နည်းစနစ်ပါပဲ။ ပြီးတော့ ချန်ဖန်းဟွာရဲ့ ဓြားသိုင်းထက်ကို ကြောက်စရာ ကောင်းလှပါတယ်။

“ဒါက မြေကမ္ဘာနယ်ပယ်က ပညာရှင် တစ်ယောက်ရဲ့ အစွမ်းတဲ့လား…"

အဆင့်၁ မိစ္ဆာသားရဲတွေကို သတ်ဖြတ်ရတာက လီဖူချန်း အတွက်တော့  ငှက်ပျောသီး အခွံခွာရတာထက်ကို လွယ်လွန်းပါတယ်။ ထမင်းစား ရေသောက် နိစ္စဓူဝ လုပ်နေရသလိုပါပဲ။ တခြားလူတွေက မိစ္ဆာသားရဲတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ အာရုံစိုက်ပြီး တိုက်ခိုက်နေရပေမဲ့ လီဖူချန်းကတော့ တိုက်ပွဲ တစ်ခုလုံးကို ဂရုတစိုက် လေ့လာနေတာပါ။

သူ့ရဲ့လက်ကလည်း သူလုပ်ဆောင်ရမယ့် တာဝန်ကို ကျေပြွန်အောင် လုပ်ဆောင် နေပါတယ်။ သူခြေကုပ် ရယူထားတဲ့ နယ်နိမိတ်ထဲကို ဝင်လာတဲ့ မိစ္ဆာသားရဲကတော့ လုံးဝကို အသက်ရှင်လမ်း မရှိပါဘူး။ သူ့ရဲ့လက်တစ်ချက် လှုပ်လိုက်တာနဲ့ ကံဆိုးပြီး ဝင်လာတဲ့ မိစ္ဆာသားရဲကတော့ တန်းသေတာပါပဲ။

ကြာလာတော့လည်း သူ့ခမျာ ပျင်းလို့ကို လာနေပါပြီ။ ဒါကြောင့်လည်း သူက တိုက်ပွဲတစ်ခုလုံးကို အကဲခတ် လေ့လာနေတာပါ။

ဒီတစ်ကြိမ်ကတော့ သူ့ဘဝမှာ ပထမဦးဆုံး အနေနဲ့ မြေကမ္ဘာနယ်ပယ်က ပညာရှင်တွေ ဘယ်လို တိုက်ခိုက်သလဲ ဆိုတာကို မျက်ဝါးထင်ထင် ကြုံတွေ့ လိုက်ရတာပါ။ ဒါက တကယ့်ကို သွေးပျက်ဖွယ် ကောင်းလွန်း ပါတယ်လေ…။

ဒါပေမဲ့လည်း သူမြင်ဖူးခဲ့တဲ့ ကောင်းကင်နယ်ပယ်က ပညာရှင်တွေနဲ့ နှိုင်းယှဉ်လိုက်မယ် ဆိုရင်တော့ ဆီနဲ့ရေလို ကွာခြား နေပါသေးတယ်။ အတွင်းစည်း ဂိုဏ်းသား စမ်းသပ်ချက်တုန်းက ဆိုရင် အတွင်းစည်း အကြီးအကဲတစ်ဦးက လက်တစ်ဖက် ဝှေ့ယမ်းလိုက်တာနဲ့ ရေခဲပြင်တွေ ဖြစ်ပေါ် လာစေခဲ့တာလေ။

မြေကမ္ဘာနယ်ပယ်က ပညာရှင် တစ်ယောက် မဆိုထားနှင့်။ ၁၀ယောက်လောက် ဆိုရင်တောင် ကောင်းကင်နယ်ပယ်က ပညာရှင်က လက်ဝါး ရိုက်ချက်လေး တစ်ချက်နဲ့ပဲ အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိသည် မဟုတ်ပါလား။

မိစ္ဆာသားရဲအုပ်ကြီးရဲ့ ပထမအုပ်တွေ ကုန်ဆုံး သွားချိန်မှာတော့ အဆင့်၂သားရဲတွေ ပါလာတဲ့  မိစ္ဆာသားရဲအုပ်ကြီး တစ်အုပ် ပေါ်လာပါပြီ။

အဆင့်၂ မိစ္ဆာသားရဲတွေရဲ့ ခန္ဓာကိုယ်က အရမ်းကို မာကျောလွန်းပါတယ်။ ပြီးတော့ ခွန်အားကလည်း အတော်လေး ကောင်းပါတယ်။ အဆင့်၂ မိစ္ဆာသားရဲ တစ်ကောင်က အလယ်အလတ် အဆင့် စိတ်တန်ခိုး ဖွဲ့စည်းခြင်း ပညာရှင် တစ်ယောက်နဲ့ လက်ရည်တူ တိုက်ခိုက် နိုင်စွမ်းလည်း ရှိပါတယ်။ ဒီနေရာမှာ ပြောချင်တာကတော့ အလယ်အလတ် စိတ်တန်ခိုး ဖွဲ့စည်းခြင်း ပညာရှင်ဆိုတာ  မိုးပြာရောင် စစ်တပ်ထဲက စစ်သည်တွေကို ပြောတာပါ။ အပြင်လောကက ပညာရှင်တွေကတော့  နှစ်ယောက် ဒါမှမဟုတ် သုံးယောက်လောက် စုပေါင်း တိုက်ခိုက်မှသာ နိုင်နိုင်ပါလိမ့်မယ်။

လီဖူချန်းတို့လို အတွင်းစည်း ဂိုဏ်းသားတွေကတော့ အဆင့်၂ အလယ်အလတ်တန်းစား မိစ္ဆာသားရဲတွေကိုတောင် အနိုင်ယူနိုင်တဲ့အစွမ်း ရှိပါတယ်လေ။

ဒါက သိုင်းပညာရှင်တွေနဲ့ မိစ္ဆာသားရဲတွေရဲ့ကြားက ကွာခြားချက်ပါပဲ။

မိစ္ဆာသားရဲတွေက နယ်ပယ် အဆင့်တစ်ခုကို ချိုးဖောက်ပြီး တက်လှမ်း နိုင်တိုင်းမှာ သူတို့ရဲ့ စွမ်းအားတွေက ၁၀ဆ ပိုအားကောင်း လာပါတယ်။

ဒါပေမဲ့ သိုင်းပညာရှင် တစ်ယောက်က ကောင်းမွန်တဲ့ အတွင်းအားကျင့်စဉ်၊ သိုင်းပညာတွေ မလေ့ကျင့်နိုင်ဘူး ဆိုရင် အဆင့်တူ သားရဲတွေနဲ့ တွေ့တဲ့အခါမှာ ကွာဟချက် အရမ်း ကြီးမားနေပြီး သေဆုံး သွားနိုင်ပါတယ်။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ...

တကယ်လို့ မင်းက လူသား နယ်ပယ်မှာတုန်းက အဝါရောင် အဆင့်မြင့် ဓားသိုင်းကို လေ့ကျင့်ခဲ့တယ်ပဲ ဆိုပါစို့။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်တဲ့အခါမှာလည်း ဒီအဝါရောင် အဆင့်မြင့် ဓားသိုင်းကိုပဲ ဆက်သုံးနေပြီး အခြား အဆင့်မြင့် ဓားသိုင်းတွေကို လေ့ကျင့်ထားခြင်း မရှိဘူးဆိုရင်  ဘယ်တော့မှ အဆင့်၂မိစ္ဆာသားရဲတွေကို ယှဉ်နိုင်ဖို့ရာ အကြောင်း မရှိပါဘူး။

ဒီလို အဆင့်၂သားရဲမိစ္ဆာတွေနဲ့ ယှဉ်ဆိုင်တဲ့အခါမှာ မင်းအနေနဲ့ အနည်းဆုံးတော့ အဝါရောင် အထွတ်အထိပ် ဓားသိုင်းတစ်ခုကို တတ်ကျွမ်းထားဖို့ လိုပါလိမ့်မယ်။

မိုးပြာရောင်ဂိုဏ်းရဲ့ စစ်သည်တော်တွေ အားလုံးကတော့ အဝါရောင် အထွတ်အထိပ် ဓားသိုင်းတွေကို လေ့ကျင့် တတ်မြောက် ထားပြီးသား ဖြစ်တဲ့အတွက် အဆင့်၂သားရဲ မိစ္ဆာတွေကိုတော့ သိပ်ပြီးမှုစရာ မလိုပါဘူးလေ။ တချို့ လူနည်းစုဆိုရင် ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်းတွေကိုတောင် လေ့ကျင့်ထားပြီးပါပြီ။

လီဖူချန်းတို့လို အတွင်းစည်း တပည့်တွေကတော့ ပြောနေစရာကို မလိုတော့ပါဘူး။ သူတို့က အဆင့်၂ မိစ္ဆာသားရဲတွေကို ကောင်းကောင်းကြီး အနိုင်ယူနိုင်စွမ်း ရှိပြီးသားပါ။

အဆင့်၂ မိစ္ဆာသားရဲ တစ်ကောင်ရဲ့ လည်မျိုထဲကို ဓားဖြင့် ထိုးသွင်းလိုက်ပြီး နောက်မှာတော့ လီဖူချန်းက အတွေးတစ်ခု ဝင်လာပါတယ်။

“အင်း … ငါ မြေကမ္ဘာအဆင့်ကို ရောက်သွားတဲ့ အခါကျရင် အတွင်းအားကျင့်စဉ် ပြောင်းမှဖြစ်မယ်။ ငါ့ရဲ့ကြက်သွေးရောင် လျှို့ဝှက်မီး အတွင်းအားကျင့်စဉ်က အဆင့်၃သားရဲတွေနဲ့ တွေ့တဲ့အခါကျရင် အသုံးဝင်မှာ မဟုတ်ဘူး”

စဉ်းစားရင်းနဲ့ လီဖူချန်းက ရင်မောလာပါတယ်။

(ထောက်ပံ့ရေးရမှတ်တွေ ရှာရဦးမည်လေ)

“ထားလိုက်တော့ကွာ။ ဒီအကြောင်းကို မစဉ်းစားချင်သေးဘူး။ နောင်ကျမှ အခြေအနေကို မီးစဉ်ကြည့်က ရမှာပဲ”

မိစ္ဆာအုပ်ကြီးရဲ့ အရေအတွက်က ပိုပိုပြီး များလာပါပြီ။ သူများတွေ ပြောကြတာကတော့ အဆင့်၅ မိစ္ဆာသားရဲ တစ်ကောင်ကို ယှဉ်ဆိုင်နိုင်ဖို့ အတွက် လိုအပ်တဲ့ အနိမ့်ဆုံး အတွင်းအား ကျင့်စဉ်က ဆန်းကြယ် အထွတ်အထိပ်အဆင့် အတွင်းအား နည်းစနစ်တဲ့။ တချို့ဆိုရင် မြေကမ္ဘာ အဆင့်နိမ့် အတွင်းအား ကျင့်စဉ် တတ်မြောက်ထားမှ ယှဉ်နိုင်တာတဲ့လေ။

“မိုးပြာရောင် ဂိုဏ်းမှာ မြေကမ္ဘာအဆင့် အတွင်းအား နည်းစနစ်ကော ရှိပါ့မလား”

လီဖူချန်းက မစဉ်းစားတော့ဘူး ဆုံးဖြတ် လိုက်ပေမဲ့လည်း အတွေးတစ်ခုက ဝင်ဖြစ်အောင် ဝင်လာ ပါသေးတယ်။

“ဟိုက်… အဆင့်၂ ထိပ်တန်း သားရဲကြီးပါလားဟ”

လီဖူချန်းရဲ့ စိတ်အာရုံက အတွေးပင်လယ်ထဲက ထွက်ပြီး လက်ရှိ အခြေအနေကို ပြန်ရောက်လာတဲ့ အခါမှာတော့  ကြီးမားလှတဲ့ လူဝံကြီးတစ်ကောင်က  စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်မြင့်တန်း ပညာရှင် တစ်ယောက်ကို နှစ်ခြမ်းဆွဲဖြဲလိုက်တဲ့ မြင်ကွင်းအား မြင်တွေ့လိုက် ရပါတယ်။

ဂါး ... ဂရား...

ဘုန်း... ဘုန်း ...

ကြီးမားလှတဲ့ လူဝံကြီးက ရင်ဘတ် စည်တီးလိုက်တဲ့ အခါမှာတော့ မိစ္ဆာဓာတ်တွေက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံ သွားတယ်လေ။

ပြီးတော့ သူ့ရဲ့ သွေးဆာနေတဲ့ မျက်လုံးတွေက လီဖူချန်း အပေါ်ကို ကျရောက် လာခဲ့ပါတယ်။

ဂါး...... ဂရား...

ခြေလှမ်း ကျဲကြီးတွေနဲ့ လူဝံကြီးက လီဖူချန်းဆီကို ဦးတည်လို့ လာခဲ့ပါပြီ။ သူ့ရဲ့ လမ်းတစ်လျှောက်မှာ ရှိနေတဲ့ စစ်သည်တော်တွေ ကိုတောင် အရေးမလုပ်ပဲ လူဝံကြီးက လီဖူချန်း တစ်ယောက်တည်း ကိုသာ ပစ်မှတ် ထားနေတာပါ။

***

All Chapters