ပန်းလေး နှစ်ပွင့်ကို အသံတိတ်စေခဲ့ပြီ
Vol. 8 Ch. 107
“ဟိုက် … ငါလည်းဘာမှ မလုပ်ရသေးပဲ ဒီလူဝံကြီးက ငါ့ကိုရန်သူလို့ သတ်မှတ် လိုက်ရတာလဲ။ အခြေအနေတော့ မကောင်းဘူးဟ။ ဒီကောင်ကြီးက နှင်းလူဝံ ဆိုတာကြီး ထင်တယ်”
လီဖူချန်းက မျက်မှောင်ကြုတ်ရင်းနဲ့ အခြေအနေကို သုံးသပ် လိုက်ပါတယ်။
နှင်းလူဝံတွေ ဆိုတာက အဆင့်၂ ထိပ်တန်းသားရဲတွေထဲ မှာတောင်မှ အလွန် ခွန်အားကြီးတဲ့ အကောင်မျိုးပါ။ သူတိုရဲ့ ခန္ဓာကိုယ် ပြင်ပအားကိုက ၂၀၀၀၀ ကီလိုဂရမ်အားလောက် ရှိပါတယ်။ အဲဒါကိုမှ ထပ်ပြီး ရက်စက်တဲ့ မိစ္ဆာဓာတ်တွေနဲ့ ပေါင်းလိုက်တဲ့ အခါမှာတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်မြင့်တန်းက ပညာရှင်ကိုတောင် နှစ်ခြမ်း ဆွဲဖြဲပစ်လိုက်နိုင်တဲ့ အထိ ဖြစ်လာ စေတော့တာပါပဲ။
တကယ်တမ်းတော့ နှင်းလူဝံကြီးက လီဖူချန်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်ရတဲ့ အကြောင်းအရင်းက ရိုးရိုးလေးပါပဲ။ လူသားတွေက မိစ္ဆာသားရဲတွေဆီက အမြုတေတွေ အစိတ်အပိုင်းတွေ ယူပြီး ကျင့်ကြံရာမှာ အသုံးပြုကြပါတယ်။ အပြန်အလှန်အားဖြင့် မိစ္ဆာသားရဲတွေ ကလည်း လူသားတွေရဲ့ လတ်ဆတ်တဲ့ အသွေးအသား တွေကို လိုအပ်တယ်လေ။
(note - အားလုံးပဲ မှတ်မိဦးမယ် ထင်ပါတယ်။ လီဖူချန်းက ခန္ဓာကိုယ် သန့်စင်တဲ့ လမ်းစဉ်ကိုလည်း လိုက်စားတယ် ဆိုတာကိုပေါ့။ ခန္ဓာကိုယ် သန့်စင်တဲ့ လမ်းစဉ်ဆိုတာ အပြင်အား လမ်းစဉ်ပါပဲ။ ခန္ဓာကိုယ် သန့်စင်တဲ့လမ်းစဉ် လိုက်စားသူတွေက အချင်းချင်း အစွမ်းတွေ စုပ်ယူနိုင်တယ်လေ)
လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အားက ၁၅၀၀၀ ကီလိုဂရမ်တောင် ရှိနေပြီလေ။ ဒီနှင်းလူဝံရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းက သူ့ရဲ့ ဆင့်ကဲပြောင်းလဲမှုကို ထောက်ပံ့ပေးနိုင်တဲ့ အသားတုံးကြီးပါပဲ။
ခြေလှမ်း အနည်းငယ် လှမ်းလို့ အပြီးမှာတော့ နှင်းလူဝံကြီးက လီဖူချန်းရဲ့ အရှေ့ကို ရောက်ရှိလို့ လာခဲ့ပါပြီ။ လေးမီတာလောက် မြင့်တဲ့ နှင်းလူဝံကြီးက တစ်ချက် ဟိန်းဟောက်လိုက်ပြီး လီဖူချန်းကို ထိုးချ လိုက်ပါတယ်။
လက်သီးချက်ရဲ့ အရှိန်က လီဖူချန်းရဲ့ ဆံပင်တွေကို ဖွာလန်ကြဲ သွားစေတဲ့အပြင် မြေကြီးကိုပါ ၃လက်မလောက် ကျွံဝင် သွားစေပါတယ်။
ဘုန်း …
ကြီးမားတဲ့ ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ရွှံ့တွေ၊ နွံတွေက ပတ်ဝန်းကျင် တစ်ခုလုံးတွေ ပြန့်ကျဲ သွားခဲ့ပါတယ်။
နှင်းလူဝံကြီးက သူ့ရဲ့လက်သီးကို ပြန်ရုပ်သိမ်း လိုက်တဲ့ အခါမှာတော့ ဖြစ်ပေါ်လာတဲ့ ချိုင့်ကြီးကို ကြည့်ရင်း ဝေခွဲမရ ဖြစ်နေပါတယ်။
သူ့ရဲ့လက်သီးက ဒီလူသားကို ထိုးမိလိုက်တာ သေချာပါတယ်။ ဒါပေမဲ့ အခုကျတော့ လူသားရဲ့ အလောင်းက ဘယ်ရောက် သွားပါလိမ့်။
“ငါ့ဓားချက်ကို မြည်းကြည့်စမ်း”
ရုတ်တရက် လီဖူချန်းက နှင်းလူဝံကြီးရဲ့ ကျောနောက်ဘက် လေထဲကနေ ပေါ်လာပြီးတော့ ဓားဖြင့် ပိုင်းချ လိုက်ပါတယ်။
ဒီဓားချက်က ကောင်းကင်ကနေ ကြယ်တစ်စင်း ဖြတ်ပြီး ကြွေကျ သလိုပါပဲ။ ဓားကွက်ရဲ့ အရှိန်အဝါနဲ့ လျင်မြန်မှုကတော့ နှလုံးသည်းခြေထဲ အထိကို တုန်လှုပ် သွားစေနိုင်ပါတယ်။
ရွှစ် ...
နှင်းလူဝံရဲ့ မိစ္ဆာချီဓာတ်က လီဖူချန်းရဲ့ ဓားနဲ့အတွေ့မှာတော့ စက္ကူလေး တစ်စထက် မပိုခဲ့ပါဘူးလေ။ လီဖူချန်းရဲ့ ဓားက မိစ္ဆာချီဓာတ်ကို ဖျက်ဆီး ပစ်လိုက်ပါတယ်။
ထို့နောက်မှာတော့ နှင်းလူဝံကြီးရဲ့ လည်ကုပ်နားကနေ သွေးတွေ ဖြာထွက် လာပါတယ်။ လီဖူချန်းရဲ့ ဓားချက်က နှင်းလူဝံကြီးကို ဒဏ်ရာ ရစေခဲ့တယ် ဆိုတာတော့ ယုံမှားစရာ မရှိပါဘူးလေ။
လီဖူချန်းကတော့ စိတ်ပျက်သည့်ပုံဖြင့် ခေါင်းခါ လိုက်ပါတယ်။ သူ့ရဲ့ အနက်ရောင် သံသေဓားရဲ့ တုံ့ပြန်ချက်အရ ဒီဓားချက်က နှင်းလူဝံကြီးရဲ့ အပေါ်ယံ အရေပြားကိုပဲ ထိခိုက်စေခဲ့တယ် ဆိုတာကို သူ ကောင်းကောင်းကြီး သိနေတယ်လေ။
လီဖူချန်းက လေထဲကနေ ပြန်အကျမှာတော့ အနောက်ကို ခုန်ဆုတ်လိုက်ပြီး နှင်းလူဝံကြီးရဲ့ တန်ပြန်တိုက်ခိုက်မှုကို ကြိုတင်ရှောင်ရှားဖို့ ပြင်ဆင် လိုက်ပါတယ်။
ဒဏ်ရာ ရသွားတဲ့ နှင်းလူဝံကြီးက ပိုပြီး ရန်မူလိုစိတ် အပြည့်ဖြင့် လီဖူချန်းနောက်ကို သွေးရူးသွေးတန်း လိုက်လာ ပါတော့တယ်။
ဒါပေမဲ့ နှင်းလူဝံတွေက ပြေးလွှားနိုင်မှုနုန်းမှာ အတော်လေး နိမ့်ကျပါတယ်လေ။ သူက လီဖူချန်းကို လိုက်မမီတဲ့အတွက် ဒေါသတကြီး အော်ဟစ်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။
“ပန်းပွင့် အသင်္ချေဓားသိုင်း”
မရေမတွက်နိုင်တဲ့ ဓားအလင်းတွေက ပေါ်ထွက်လာပါပြီ။ လီဖူချန်းနဲ့ နှင်းလူဝံကြီးက ပြေးတမ်းလိုက်တမ်း ကစားရင်းနဲ့ ပန်းပွင့်ဓား နတ်မိမယ် ချန်ဖန်းဟွာ ခြေကုပ်ယူထားတဲ့ တိုက်ပွဲ နယ်မြေထဲသို့ ရောက်မှန်းမသိ ရောက်လာခဲ့တယ်လေ။ ချန်ဖန်းဟွာကလည်း ထွက်ပြေးနေရတဲ့ လီဖူချန်းကို ကြည့်ပြီး အခြေအနေကို သဘောပေါက်ပါတယ်။ ဒါကြောင့် သူမက ပန်းပွင့်ဓားသိုင်းကို ထုတ်သုံးပြီး နှင်းလူဝံကြီးကို တိုက်ခိုက် လိုက်တာပါ။
မျက်စိတစ်မှိတ် အတွင်းမှာပဲ နှင်းလူဝံကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓားရာတွေ နေရာအနှံ့ ဖြစ်ပေါ်လာပြီး ဒဏ်ရာ ဗရပွ ဖြစ်သွားပါတယ်။ ဒါတောင် နှင်းလူဝံကြီးက မားမားမတ်မတ် ရပ်နေဆဲပါပဲ။
ချန်ဖန်းဟွာကလည်း နှင်းလူဝံကြီးရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အတော်လေး အံ့အားသင့် သွားပါတယ်။ ဒီလောက် ဓားချက်တွေ အများကြီး ထိသွားတာတောင်မှ ဒီမိစ္ဆာသားရဲကြီးက မသေသွားဘူးလေ။
"သေစမ်း”
ချန်ဖန်းဟွာက နောက်ထပ် ဓားသိုင်း တစ်မျိုး ပြောင်းပြီး နှင်းလူဝံကြီးရဲ့ လည်မျိုကို ထိုးဖောက် လိုက်ပါတယ်။
“ကျေးဇူးတင်ပါတယ် အစ်မတော်…"
လီဖူချန်းက ချန်ဖန်းဟွာကို လက်နှစ်ဆုပ်ပြီး ကျေးဇူးတင်ကြောင်း ပြလိုက်ပါတယ်။
ချန်ဖန်းဟွာက မပွင့်တပွင့် ပြုံးလိုက်ပြီး
“မင်းရဲ့ ကိုယ်ဖော့ပညာက မဆိုးဘူးပဲ။ နှင်းလူဝံတောင်မှ မင်းကို လိုက်လို့ မမီပါလား”
နှင်းလူဝံတွေက ပြေးလွှားတဲ့ နေရာမှာတော့ မမြန်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ခြေလှမ်းကြီးတွေနဲ့ သွားတဲ့နှုန်းက စိတ်ဝိညာဉ် နယ်ပယ် အလယ်လတ်တန်း ပညာရှင်တွေကိုတော့ လိုက်မီနိုင်ပါသေးတယ်။
လီဖူချန်းလို စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့်၄က သိုင်းပညာရှင်က အလွယ်တကူပဲ နှင်းလူဝံကြီးရဲ့ လိုက်လံ ဖမ်းဆီးမှုကနေ ထွက်ပြေးနိုင်တယ် ဆိုတော့ သူ့ရဲ့ ကိုယ်ဖော့ပညာက ဘယ်လောက် ကောင်းသလဲ ဆိုတာကို သိနိုင်တယ်လေ။
“ငါတို့သုံးယောက် အဖွဲ့ ဖွဲ့ရအောင်လေ”
ဘေးနားမှာ ရှိနေတဲ့ ဇောင်မင်းယွီက အကြံပေး လိုက်ပါတယ်။
သူမက လီဖူချန်းနဲ့ ပတ်သက်ပြီး အကြောင်းအရာ အချို့ကို သံသယ ဝင်နေတာပါ။ တကယ်လို့ အဖွဲ့သာ ဖွဲ့ဖြစ်လိုက်မယ် ဆိုရင် လီဖူချန်းရဲ့ လျှို့ဝှက်ချက် အချို့ကို ဖော်ထုတ် နိုင်မယ်လို့ သူမက ယုံကြည် နေတာပါ။
“ရတယ်လေ။ ငါကတော့ ကိစ္စမရှိဘူး”ချန်ဖန်းဟွာ ခေါင်းညိတ် လိုက်ပါတယ်။
“ငါလည်း အဆင်ပြေပါတယ်” လီဖူချန်းကလည်း အဖွဲ့ ဖွဲ့ဖို့အတွက် ငြင်းမနေတော့ပါဘူး။ အစတည်းက သူက အဖွဲ့ဖွဲ့ဖို့ အလို ရှိနေခဲ့တာလေ။ ဒီမိစ္ဆာသားရဲ အုပ်ကြီးတွေကို တစ်ယောက်တည်း ခုခံတိုက်ခိုက်တာက ပိုပြီး အန္တရာယ်များတယ် ဆိုတာကို သူက ကောင်းကောင်းကြီး သဘောပေါက် ပါတယ်။
ပြီးတော့ ချန်ဖန်းဟွာက သူ့ကို နှင်းလူဝံကြီး လက်ထဲက ကယ်တင် ခဲ့တာလေ။ သူ့စိတ်ထဲမှာ ချန်းဖန်းဟွာရဲ့ ကျေးဇူး တစ်သက်လုံး ရှိနေတော့မဲ့ အဖြစ်မျိုးကို သူ မကြိုက်ဘူးလေ။
သူတို့ သုံးယောက် အဖွဲ့ ဖွဲ့ပြီးလိုက်တာနဲ့ အကျိုး ကျေးဇူးကို ချက်ချင်း လက်ငင်း ခံစားလိုက် ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့ သတ်ဖြတ်နှုန်းတွေက နှစ်ဆလောက်ကို ပိုများလာလို့ပါပဲ။ ချန်ဖန်းဟွာက ရှေ့ဆုံးကနေ မိစ္ဆာသားရဲ အုပ်ကြားထဲ ဝင်ပြီး တိုက်တယ်။ ဘေးတစ်ဖက် တစ်ချက်မှာတော့ လီဖူချန်းနဲ့ ဇောင်မင်းယွီက သူမရဲ့ ဟာကွက်တွေကို ဝင်ပြီး ဖြည့်ဆည်း ပေးကြတယ်။
သူတို့ သုံးယောက်တွဲရဲ့ လိုက်ဖက်ညီလှတဲ့ အတွဲအဖက်တွေက လျိုဟောင်လုံးရဲ့ လူ၉ယောက် စုပေါင်း တိုက်ကွက်နဲ့တောင် သွားညီ နေပါပြီ။ မိစ္ဆာသားရဲ သတ်ဖြတ်မှု နှုန်းကလည်း တကယ်ကို မတိမ်း မယိမ်းပါပဲ။
ဒါပေမဲ့ လီဖူချန်း တစ်ယောက် စိတ်မသက်မသာ ဖြစ်သလို ခံစားနေရတဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ ဇောင်မင်းယွီကော ချန်ဖန်းဟွာကော နှစ်ယောက်စလုံးက သူ့ကို အမြဲတမ်း စောင့်ကြည့် နေတယ်လို့ ခံစား နေရတာပါပဲ။
ဒီနှစ်ယောက်စလုံးက သူ့ကို စိတ်ဝင်စားနေလို့ ခိုးခိုး ကြည့်နေတာ မဟုတ်ဘူး ဆိုတာကိုလည်း သူ ကောင်းကောင်းကြီး သိနေပါတယ်လေ။ ဒီမိန်းမပျိုလေး နှစ်ယောက်က လီဖူချန်းရဲ့ လျှို့ဝှက်ချက်က ဘာများလဲ ဆိုပြီး စောင့်ကြည့် နေကြတာပါ။
'လျှို့ဝှက်ချက် ဆိုတာ ဒီလောက် လွယ်လွယ်နဲ့ ဖော်ထုတ် နိုင်မယ်ဆိုရင် လျှို့ဝှက်ချက်လို့ ခေါ်မှာလား ငပိန်းမလေးတွေရဲ့' လီဖူချန်းက တွေးမိပြီး ရယ်ချင် သလိုတောင် ခံစား နေရပါတယ်။
ဒါပေမဲ့ လီဖူချန်း မသိလိုက်တာ ကတော့ ချန်ဖန်းဟွာကော ဇောင်မင်းယွီကောက သူတို့လူ ဟန်ဆောင်ထားတဲ့ နတ်ဆိုးကောင်လို့ ထင်နေပြီ ဆိုတာပါပဲ။
လီဖူချန်းရဲ့ ဓားကွက် သေသပ်မှုက လုံးဝကို ပြောစရာ မရှိနိုင်အောင်ပါပဲ။ ဓားရောင် တစ်ချက် လက်ခနဲ ဖြစ်သွားတာနဲ့ လှည့်ကြည့်စရာ မလိုပါဘူး။ မိစ္ဆာသားရဲ တစ်ကောင်ကတော့ သေနေပါပြီ။ ပြီးတော့ လီဖူချန်းက အဝါရောင်အဆင့် ဓားသိုင်း ၅မျိုးလောက်ကို အမျိုးမျိုး ပြောင်းလဲပြီး တိုက်ခိုက် နေတယ်လေ။ တစ်ခါတစ်ခါ ဆိုရင် သူ့လက်ထဲက အနက်ရောင် သံဓားက မီးပွင့်လေးတွေ ထွက်လာပြီး မိစ္ဆာသားရဲတွေကို လောင်ကျွမ်း သေဆုံး သွားစေသလို တစ်ခါတစ်ခါ ကျရင် ဓားကွက် ထုတ်လိုက် တာကိုတောင် မမြင်ရပဲ မိစ္ဆာသားရဲကောင်ကြီး မြေပေါ် လဲကျသွားမှ ဓားကို မြင်လိုက် ရတာပါ။ လီဖူချန်းရဲ့ အစွမ်းအစက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၅ ဒါမှမဟုတ် အဆင့်၆လောက် ရှိတဲ့ အတွင်းစည်း တပည့်တွေ ထက်တောင် သာလွန်နေတယ် ဆိုတာကို လုံးဝ ငြင်းချက်ထုတ်လို့ မရနိုင်တော့ပါဘူး။
နောက်ဆုံးမှာတော့ ဇောင်မင်းယွီက မနေနိုင်တော့ပဲ ထုတ်မေး လိုက်ပါ တော့တယ်။
“လီဖူချန်း... နင့်ရဲ့ ကြက်သွေးရောင် လျှို့ဝှက် မီးတောက် ကျင့်စဉ်က ဘယ်အဆင့်ကို ရောက်နေပြီလဲ”
သူမရဲ့ ကျင့်ကြံခြင်း အဆင့်က လီဖူချန်းနဲ့ အတူတူပါပဲ။ ပြီးတော့ သူမရဲ့ လျှို့ဝှက် ဆန်းကြယ် ကျောက်စိမ်း ကျင့်စဉ်က အဆင့်၁၀ကို ရောက်နေပါပြီ။ ဒါကြောင့် သူမက လီဖူချန်းရဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်က အဆင့်၁၁လောက် ရောက်နေလောက်ပြီလို့ ခန့်မှန်း လိုက်တယ်လေ။
ချန်ဖန်းဟွာကလည်း လီဖူချန်းကို ကြောက်စရာ နတ်ဆိုး တစ်ကောင်ကို ကြည့်နေတဲ့ အကြည့်မျိုးနဲ့ ကြည့်နေပါပြီ။
သူမက လွန်ခဲ့တဲ့ ၆နှစ်ကတည်းက အတွင်းစည်း ဂိုဏ်းထဲကို ဝင်ခဲ့တာပါ။ အခုထိ သူမရဲ့ ဆန်းကြယ် အဆင့်ဖြစ်တဲ့ မူလဘူတ ဆန်းကြယ် ကျောက်စိမ်း ပညာရပ်ကို အဆင့်၁၂ အထိပဲ သူမလေ့ကျင့် နိုင်ပါသေးတယ်။ အခု လီဖူချန်းကို ကြည့်ရသလောက် ဆိုရင် သူမထက် လုံးဝ နိမ့်ကျနေမဲ့ပုံ မရှိဘူးလေ။
လီဖူချန်းက မိန်းမပျိုလေး နှစ်ယောက် စလုံးကို ဖုံးကွယ် ထားမနေတော့ပဲ အမှန်ကို ပြောလိုက် ပါတယ်။
“အဆင့် ၁၃”
“အဆင့်၁၃ လား … အင်း… မဆိုးဘူးပဲ။ ဟင် ... နင် ဘာပြောလိုက်တယ်”
ဇောင်မင်းယွီက ခေါင်းညိတ်ပြီး လီဖူချန်း ပြောတာကို နားထောင် နေပါတယ်။ ဒါပေမဲ့ ချက်ချင်းပဲ ပုံမှန် မဟုတ်တာ တစ်ခုကို သူမ သတိထား လိုက်မိတယ်လေ။ လီဖူချန်း ပြောတာကို သေသေချာချာ ပြန်စဉ်းစား အပြီးမှာတော့ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။
“အဆင့်၁၃ လား ...” ချန်ဖန်းဟွာကတော့ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက် မိပါတယ်လေ။
အတွင်းအား ကျင့်စဉ်တွေကို လေ့ကျင့်ရတာက သိုင်းပညာတွေကို လေ့ကျင့်ရတာထက် တစ်ဆင့် ပိုခက်ပါတယ်။ ဆန်းကြယ်အဆင့် အလယ်အလတ် ကျင့်စဉ် တစ်ခုက ဆန်းကြယ် အဆင့်မြင့် သိုင်းပညာရပ်နဲ့ သွားညီပါတယ်။
ဒါကြောင့်လည်း အတွင်းအား ကျင့်စဉ် နည်းစနစ်တွေက သိုင်းပညာ ရပ်တွေထက် ပိုရှားပါး နေရခြင်း ဖြစ်ပါတယ်။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင်တွေကတော့ ဆန်းကြယ်အဆင့် အလယ်အလတ် ကျင့်စဉ်တွေကိုပဲ လေ့ကျင့် နိုင်ပါတယ်။ ဆန်းကြယ် အဆင့်မြင့် အတွင်းအား ကျင့်စဉ်တွေ ကိုတော့ မြေကမ္ဘာ အဆင့်ရောက်မှပဲ လေ့ကျင့်နိုင်စွမ်း ရှိတာပါ။
ဘာပဲဖြစ်ဖြစ် တိတိကျကျ ပြောရမယ် ဆိုရင်တော့ ဆန်းကြယ် အလယ်အလတ် ကျင့်စဉ် တစ်ခုရဲ့ အဆင့်တစ်ခုကို တစ်နှစ်အတွင်း ချိုးဖောက် နိုင်မယ်ဆိုရင် တကယ့်ပြိုင်ဘက်ကင်း ပါရမီရှင် စာရင်းဝင် လို့တောင် သတ်မှတ်လို့ရတဲ့ အနေအထားပါ။
တစ်နှစ်အတွင်းမှာ ကျင့်စဉ် အဆင့်၂ခုတက်အောင် လေ့ကျင့် နိုင်ရင်တော့ ဒီလူကို ကြယ်ငါးပွင့် အထူး အရိုး တည်ဆောက်ပုံ ပိုင်ရှင်လို့တောင် ပြောလို့ ရနေပါပြီ။ အခု လီဖူချန်းကတော့ အဆင့်၇ ကနေ အဆင့်၁၃အထိ ခုန်ကျော်ပြီး ရောက်သွား ခဲ့တာလေ။ ဒါကြီးက အဆင့် ၆ခုတောင် ခုန်တက် သွားခဲ့တာပါ။
မိန်းမပျိုလေး နှစ်ယောက်စလုံးက လီဖူချန်းကို မျက်လုံး အပြူးသားနဲ့ ကြည့်နေကြပါပြီ။
လီဖူချန်းက သူ အကြောင်းပြချက် ကောင်းကောင်း ပေးနိုင်မှ ဖြစ်တော့မယ် ဆိုတာ သိပါတယ်။
“ငါ အပြင်စည်းဂိုဏ်းမှာ ရှိနေကတည်းက ငါ့ရဲ့ ကြက်သွေးရောင် လျှို့ဝှက် မီးတောက် ကျင့်စဉ်က အဆင့်၉မှာ ရောက်နေခဲ့ပြီးပြီ။ အခု အတွင်းစည်း ဂိုဏ်းမှာနေတာ ၂နှစ်ရှိခဲ့ပြီ။ တစ်နှစ်မှာ အဆင့်၂ဆင့် တက်တာက ယုတ္တိ ရှိတယ်မလား” လီဖူချန်းက ဖြေရှင်းချက် ကောင်းကောင်းလေး ပေးလိုက် နိုင်တယ်လေ။ သူတွက်ပြတဲ့ အတိုင်း ဆိုရင်တော့ ကွက်တိပါပဲ။
သူ ရှင်းပြတာကို ကြားလိုက်မှ ဇောင်မင်းယွီက ပိုပြီး ကြောက်လန့် သွားသလိုပါပဲ။
“အတွင်းအား ကျင့်စဉ်တွေက အဆင့်မြင့် လာလေလေ ပိုပြီး အဆင့်တက်ရ ခက်လေလေပဲ ဆိုတာ နင် မသိဘူးလား။ ဒါနဲ့ နေပါဦး... နင်ပြောလိုက်တာက အပြင်စည်း ဂိုဏ်းသားဘဝထဲက ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ရဲ့ အဆင့်၉ကို ရောက်နေပြီလို့ ပြောလိုက်တာလား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ”
လူသားနယ်ပယ် အဆင့်မှာဆိုရင် လူတစ်ယောက်က ဆန်းကြယ် အလယ်အလတ် ကျင့်စဉ်ရဲ့ အဆင့်၈ကို ရောက်အောင် လေ့ကျင့်နိုင်တယ် ဆိုကြပါစို့။ ထိုလူကို ကောင်းကင်ဘုံက ကောင်းချီး ပေးထားတဲ့ ကောင်းကင်ဘုံရဲ့ သားတော် တစ်ယောက်လို့ သတ်မှတ်လို့ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေမှသာ ဒီလောက် အဆင့်အထိ လေ့ကျင့်နိုင်စွမ်း ရှိတာပါ။ ဒါတောင်မှ သူတို့က ကျင့်စဉ်နဲ့ သက်ဆိုင်တဲ့ အထူးဆေးလုံးတွေ သောက်သုံးဖို့ လိုအပ် ပါသေးတယ်။
လီဖူချန်းကတော့ လူသား နယ်ပယ်မှာ ကတည်းက အဆင့်၉ ရောက်အောင် ကျင့်ကြံ ထားနိုင်ခဲ့တယ်တဲ့။
ချန်ဖန်းဟွာက ဣန္ဒြေအမြန် ပြန်ဆယ် လိုက်ပြီး
“မင်းရဲ့ ထိုးထွင်း သိမြင်နိုင်မှု... ငါထင်တာကတော့ မိုးပြာရောင် ဂိုဏ်းတစ်ခုလုံးမှာ ဂိုဏ်းတူအစ်ကို ဓားအရူးသူတော် တစ်ယောက်ပဲ မင်းနဲ့ ယှဉ်နိုင်မယ် ထင်တယ်”
သူမက ဓားအရူး သူတော်နဲ့ လီဖူချန်းကို စံတစ်ခုတည်းမှာ မထားချင်ပါဘူး။ ဒါပေမဲ့လည်း အချက်အလက်တွေအရ လီဖူချန်းရဲ့ ထိုးထွင်း သိမြင်နိုင်မှုကို ယှဉ်နိုင်မဲ့သူက ဓားအရူးသူတော် တစ်ယောက်တည်း ရှိနေတာပါ။ သူမရဲ့ အသည်းနှလုံးထဲ မှာတော့ ဓားအရူးသူတော်က ဘယ်သူမှ ယှဉ်လို့မရတဲ့ အခြေအနေ တစ်ခုမှာ ရှိနေတာပါ။
“ငါ့မှာ အားကိုးလို့ရနိုင်တဲ့ တစ်ခုတည်းသော အရာက ငါ့ရဲ့ထိုးထွင်း သိမြင်နိုင်မှုပဲ ရှိတာပါကွာ”
လီဖူချန်းက အဆင့်၂ မိစ္ဆာသားရဲ တစ်ကောင်ကို သတ်ဖြတ်ရင်းနဲ့ ပြောလိုက်ပါတယ်။ ဇောင်မင်းဟွီက ထပ်ပြော လိုက်ပါတယ်။
“နင့်ရဲ့ ထိုးထွင်း သိမြင်နိုင်မှုက ဘယ်လောက် အထိတောင် ကောင်းနေလို့လဲ မသိဘူးနော်”
ဇောင်မင်းယွီက လီဖူချန်းကို နည်းနည်း မနာလို ဖြစ်မိနေပါတယ်။ သူမလို ကြယ်လေးပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်မှာ လီဖူချန်းရဲ့ ထိုးထွင်း သိမြင်နိုင်မှု ပေါင်းလိုက် နိုင်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်နိုင် မလဲလေ။
“နင့်ရဲ့ အရိုး တည်ဆောက်ပုံက တကယ်ကော သာမန် အရိုးတည်ဆောက်ပုံ ဟုတ်ရဲ့လားဟယ်”
လီဖူချန်းက ရုပ်တည်ကြီးဖြင့်
“ငါ့မှာသာ ကြယ်ပွင့်အဆင့်ရှိတဲ့ အရိုးတည်ဆောက်ပုံ ရှိနေမယ်ဆိုရင် ငါ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၄မှာပဲ ရှိနေဦးမယ်လို့ နင်ထင်နေလား"
“အင်းပါလေ။ နင်ပြောတာလည်း ဟုတ်တော့ ဟုတ်တာပဲ”
ဇောင်မင်းယွီက ခေါင်းညိတ် လိုက်ပါတယ်။
“ယုဝူရှန်းက နင့်လောက်တောင် ထိုးထွင်း သိမြင်နိုင်မှု မကောင်းဘူး။ ဒါပေမဲ့ သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၅ကို ရောက်နေပြီ"
အရိုး တည်ဆောက်ပုံ ကောင်းတယ် ဆိုတာ အဘက်ဘက်မှာ ကောင်းမွန်တယ်လို့ ပြောချင်တာပါပဲ။ ထိုးထွင်း သိမြင်မှု ကောင်းတယ် ဆိုတာကလည်း အဲဒီထဲက အချက် တစ်ချက်ပါပဲလေ။
တိုက်ပွဲအချိန် ကြာလာတာနဲ့အမျှ လူတိုင်းရဲ့ စိုးရိမ် ကြောင့်ကြမှုတွေ ကလည်း များလာခဲ့ပါပြီ။
အစောပိုင်းတုန်း ကတော့ အဆင့်၁သားရဲ အကောင် ၁၀၀လောက်မှာမှ အဆင့်၂သားရဲ ၁ကောင်လောက် ပါလာတာပါ။ ဒါပေမဲ့ အခုချိန်မှာတော့ အဆင့်၁ သားရဲ ၁၀ကောင် လောက်ထဲမှာ အဆင့်၂ သားရဲ တစ်ကောင်နှုန်း ပါလာခဲ့ပါပြီ။
ရွှီး ... ဒိုင်း ...
တိုက်ပွဲ မြေပြင်မှာတော့ အတွင်းစည်း တပည့် တစ်ယောက်က အကူအညီတောင်း တံဆိပ်တော်ကို ဖျက်ဆီး လိုက်ပါပြီ။ အရောင်အသွေး စုံလင်လှတဲ့ မီးရှူးမီးပန်းတွေက ကောင်းကင်ပေါ်ကို ထိုးတက်လာပြီး တည်နေရာကို ညွှန်ပြ လိုက်ပါတယ်။
တံတိုင်းတွေပေါ်မှာ ရပ်ပြီး အကဲခတ်နေတဲ့ အကြီးအကဲ တစ်ယောက်က ရိပ်ခနဲ ပျောက်သွားပြီး အချက်ပြတဲ့နေရာကို ရောက်သွား ပါတယ်။ သူက အကူအညီ တောင်းခံတဲ့ ဂိုဏ်သားကို ဝန်းရံနေတဲ့ အဆင့်၂ မိစ္ဆာသားရဲ ၃ကောင်ကို လက်ဝါး ရိုက်ချက် တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပြီး ဂိုဏ်းသားကို မြို့ရိုးတံတိုင်း နောက်ကို ဆွဲခေါ် သွားပါတယ်။
ဇောင်မင်းယွီက အတွင်းအား ပြန်လည် ဖြည့်တင်း ဆေးတစ်လုံး သောက်သုံးလိုက်ပြီး သတိပေး လိုက်ပါတယ်။
“အဆင့်၂ သားရဲတွေက များသထက်ကို များလာနေပြီပဲ။ ငါတို့လည်း တခြား အဖွဲ့တွေနဲ့ သွားပူးပေါင်း သင့်ပြီ”
ချန်းဖန်းဟွာကလည်း ဇောင်မင်းယွီရဲ့ အကြံကို ထောက်ခံ လိုက်ပါတယ်။
သူတို့ ယောက်က နေရာပြောင်းဖို့ တိုင်ပင်နေတုန်းမှာပဲ ဟိုးအဝေး တစ်နေရာကနေ ကြောက်မယ်ဖွယ် ကောင်းတဲ့ မိစ္ဆာဓာတ် အငွေ့အသက်တွေ ထွက်ပေါ် လာခဲ့ပါတယ်။ မရေမတွက်နိုင်တဲ့ အဆင့်၁နဲ့၂ မိစ္ဆာသားရဲတွေကလည်း သေရမှာကို ကြောက်ရွံ့သည့်ပုံစံဖြင့် သွေးရူးသွေးတန်း ပြေးလာတာကိုလည်း သူတို့ တွေ့မြင်နေရပါပြီ။
“အဆင့်၃ မိစ္ဆာသားရဲကြီး ပါလာပြီဟ” လီဖူချန်းတစ်ယောက် မျက်စိပျက် မျက်နှာပျက်ဖြင့် ပြောလိုက်ပါတယ်။
***