← Chapters

အခန်း ၁၀၈

Vol. 8 Ch. 108

အခန်း ၁၀၈

Vol. 8 Ch. 108

အဆင့်၃ မိစ္ဆာသားရဲ အတော်များများ တိုက်ပွဲမြေပြင်ကို ရောက်လာကြတဲ့အတွက် အခြေအနေတွေက ရှုပ်ယှက်ခတ် ကုန်ကျပါပြီ။ ခုခံတိုက်ခိုက်နေတဲ့ လူသားတွေဘက်က သေဆုံးနှုန်းကလည်း အရမ်းမြင့်တက် လာနေပါတယ်။

အကူအညီတောင်း တံဆိပ်တော်ကိုတောင် အသုံးမပြုနိုင်ပဲ သေသွားတဲ့ အတွင်းစည်း တပည့်တွေကလည်း  မနည်းပါဘူး။

အပြင်စည်း အကြီးအကဲတွေနဲ့ အတွင်းစည်း ကြီးကြပ်ရေးမှူးတွေ အကုန်လုံးက ရှေ့ဆုံးကို ဆင်းသွားကြပြီး အဆင့်၃ မိစ္ဆာတွေကို ကိုယ်စီ ကိုယ်စီ တာဝန်ယူ တိုက်ခိုက်နေကြပါပြီ။

အတွင်းစည်း တပည့်တွေကို ကယ်တင်ဖို့အတွက် အပြင်စည်း အကြီးအကဲ အချို့သာ မြို့ရိုး တံတိုင်းတွေပေါ်မှာ ကျန်နေခဲ့ပါတယ်။

နေရာအနှံ့မှာ ရောက်နေကျတဲ့ တပည့်တွေရဲ့ အကူအညီ တောင်းခံမှုကိုတောင် အချိန်မီ ကယ်ဆယ်နိုင်ဖို့ အတွက် အပြင်စည်း အကြီးအကဲတွေက  မစွမ်းဆောင်နိုင် ကြတော့ပါဘူး။

“ဟိုမှာ ဘာကြီးလဲ” ဇောင်မင်းယွီက ဟိုအဝေးကနေ လာနေတဲ့ မိစ္ဆာသားရဲ အုပ်ကြီး တစ်အုပ်ရဲ့ အလယ်ကို ညွှန်ပြ လိုက်ပါတယ်။ အဲသည် အုပ်ထဲမှာတော့ အစိမ်းရောင်နဲ့ အပြာရောင် အသားအရေရှိတဲ့ လူနဲ့ ဆင်တူတဲ့အကောင်တွေ ပါလာပါတယ်။

“မိစ္ဆာတွေ”

ချန်ဖန်းဟွာက မျက်နှာပျက် သွားပါတယ်။

အဆင့်၁ မိစ္ဆာပဲဖြစ်ဖြစ်၊ အဆင့်၂ မိစ္ဆာပဲဖြစ်ဖြစ် သေချာတာ တစ်ခုကတော့ သူတို့အားလုံးက အင်မတန် ကြောက်ဖို့ ကောင်းတယ် ဆိုတာပါပဲ။

မိစ္ဆာသားရဲတွေဆိုတာ ဘယ်လောက်ပဲ ကြောက်စရာ ကောင်းနေပါစေ။ သူတို့က သားရဲကောင် အမျိုးအစားထဲမှာ ပါနေတုန်းပါပဲ။ ဒါပေမဲ့ မိစ္ဆာတွေကတော့ မတူပါဘူး။ သူတို့ရဲ့ ဉာဏ်ရည်တွေက လူတွေနဲ့ နှိုင်းယှဉ်လို့ ရပါတယ်။

အဲဒီထက် ပိုဆိုးတာက မိစ္ဆာတစ်ကောင်ရဲ့ ခွန်အားက မိစ္ဆာသားရဲ တစ်ကောင်ရဲ့ ခွန်အားထက် ၁၀ဆ သာနေတာပါပဲ။

အဆင့်၁ မိစ္ဆာတစ်ကောင်က အဆင့်၁မိစ္ဆာသားရဲ မည်သည့် အမျိုးအစားကိုမဆို အသာလေး အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ ပြောရမယ်ဆိုရင် အဆင့်၁မိစ္ဆာရဲ့ စွမ်းပကားက  အဆင့်၂ အနိမ့်စားမိစ္ဆာသားရဲ တစ်ကောင်ထက်ကို စွမ်းနေတဲ့ သဘောပါပဲ။

အဆင့်၂ မိစ္ဆာတွေရဲ့ အစွမ်း ဆိုရင်တော့ စဉ်းစားသာ ကြည့်ပါတော့။

သူတို့က အဆင့်၃ မိစ္ဆာသားရဲ အနိမ့်စားတွေထက်ကို အများကြီး အစွမ်းထက်မှာ သေချာပါတယ်။

ဉာဏ်ရည်ကော ခွန်အားပါ ပြည့်စုံတဲ့ ဒီမိစ္ဆာကောင်တွေကို သိုင်းပညာရှင်တွေက ယှဉ်ဆိုင်ဖို့ ကြောက်ရွံ့ နေတာကလည်း အံ့သြစရာတော့ မရှိပါဘူး။

“ဒါကြီးတွေက မိစ္ဆာလို့ ပြောတဲ့ ကောင်တွေလားဟ။ ဒီကောင်တွေက လူတွေရဲ့ အသွေးအသားကို စားသုံးပြီး  ဒဏ်ရာ ပြန်လည် ကုသနိုင်စွမ်းတောင် ရှိတာပဲ”

လီဖူချန်းက မယုံနိုင်စရာ မြင်ကွင်း တစ်ခုကို တွေ့လိုက် ရပါတယ်။ အဲဒါကတော့ ဒဏ်ရာရနေတဲ့ အဆင့်၁ မိစ္ဆာတစ်ကောင်ပါ။ အဲဒီမိစ္ဆာက သေဆုံးနေတဲ့ သိုင်းပညာရှင် တစ်ယောက်ရဲ့ အသွေးအသားတွေကို စုပ်ယူ စားသုံးလိုက်တာနဲ့ အကောင်း အတိုင်း ပြန်ဖြစ် သွားတယ်လေ။

“သူတို့တွေက လက်နက်တွေကော အသုံးပြုနိုင်တယ်ဟ”

ဇောင်မင်းယွီကလည်း ကြောက်လန့် တကြားနဲ့ ပြောလိုက်ပါတယ်။

ဒီမိစ္ဆာကောင်တွေရဲ့  ကိုင်ဆောင်ထားတဲ့ လက်နက် အားလုံးလိုလို ကတော့ လေးလံတဲ့ လက်နက်တွေ ဖြစ်ပါတယ်။ အများစုကတော့ ရဲတင်းကြီးတွေ ဒါမှမဟုတ် တင်းပုတ်ကြီးတွေကို ကိုင်ဆောင် ထားပါတယ်။ ဒီလက်နက်တွေက ပြုလုပ်ထားတဲ့လက်ရာ အင်မတန်မှ ညံ့ပေမဲ့လည်း အလုပ်တော့ ဖြစ်နေသေးတာပါပဲ။

“မိစ္ဆာတစ်ကောင် ဒီဘက်ကို ကြည့်နေပြီ။ အားလုံး သတိထားကြတော့”

မိစ္ဆာတစ်ကောင်နဲ့ တိုက်ခိုက်ရမှာ ဖြစ်တဲ့အတွက် ချန်ဖန်းဟွာက သတိပေး လိုက်ပါတယ်။ အခုလာနေတဲ့ အကောင်က အဆင့်၁ မိစ္ဆာ ဖြစ်နေပေမဲ့လည်း သတိကြီးကြီး ထားနိုင်မှ တော်ကာ ကျမှာပါ။

ဂိ… ဂိ … ဂစ်… ဂစ်...

မိစ္ဆာအုပ် တစ်အုပ်က လီဖူချန်းတို့ ရှိရာဆီကို ဦးတည်ပြီး ပြေးလာနေပါတယ်။

“ပန်းပွင့် အသင်္ချေဓားသိုင်း"

ချန်းဖန်းဟွာက အသက်ကို တစ်ဝကြီး ရှူပြီး သူမရဲ့ဓားသိုင်းကို ထုတ်သုံးလိုက်ပါပြီ။ မရေမတွက်နိုင်တဲ့ အနီရောင် ပန်းပွင့်ဓားရိပ်တွေက မိစ္ဆာတွေကို ဆီးကြို လိုက်ပါတယ်။

ရွှစ် ရွှစ် ရွစ်...

မိစ္ဆာအုပ်ကြီးထဲက တစ်ဝက်လောက်က ချန်ဖန်းဟွာရဲ့ ဓားချက်ကြောင့်   သေကျေ ကုန်ကြပါတယ်။ ကျန်တဲ့ မိစ္ဆာတွေကတော့ သူတို့ရဲ့ လက်ထဲက ဒိုင်းတွေနဲ့ ချန်ဖန်းဟွာရဲ့ တိုက်ခိုက်မှုကို ခုခံလိုက် ကြပါတယ်။

"ကံကောင်းတယ်ဟေ့။ ဒီတစ်ခါလာတဲ့ မိစ္ဆာတွေက သိပ်မများသေးလို့။ မဟုတ်လို့ကတော့ ငါတို့ရဲ့ အခြေအနေက အများကြီး ဆိုးသွားနိုင်တယ်” လီဖူချန်းက ဘယ်အရာကိုမှ ကြောက်ရွံ့ခြင်း မရှိသည့်ပုံဖြင့် ဓားကိုစွဲကိုင်ကာ ကျန်ရှိ နေသေးသည့် မိစ္ဆာတွေဆီကို ပြေးဝင် သွားပါတော့တယ်။ သူ့ရဲ့ မျက်နှာမှာတော့ ဘာမထီ အပြုံးတစ်ခုက တွဲခိုလျက်ပေါ့လေ။

အနီးကပ် တိုက်ပွဲကတော့ စလာပါပြီ။

ကျန်ရှိနေသေးတဲ့ မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲ အုပ်စုကတော့ လီဖူချန်းတို့အဖွဲ့ကို ဝိုင်းလိုက်ပါတယ်။

ချွမ် …

လုံးဝ အမှားခံလို့မရတဲ့ တိုက်ပွဲပါပဲ။ လီဖူချန်းကို မိစ္ဆာတစ်ကောင်က ရဲတင်းကြီးနဲ့ ဦးအောင် ပိုင်းချလိုက်ပါတယ်။

ရဲတင်းကြီးက လှည်းဘီးကြီး တစ်ဘီးလောက်  နီးပါးတောင် ရှိပြီး  ၁၀၀၀ ကီလိုဂရမ်လောက် လေးမည့်ပုံပါပဲ။ ဒီရဲတင်းကြီးရဲ့ အရှိန်က အတော်လေး ပြင်းထန်မယ် ဆိုတာကိုတော့ ယုံမှားနိုင်စရာ မရှိပါဘူး။ လီဖူချန်းကလည်း တိုက်ခိုက်တဲ့ နေရာမှာ လှစ်နေအောင် ပါးနပ်တဲ့သူ တစ်ယောက်ပါ။ သူက ရဲတင်းကြီးကို တိုက်ရိုက်ခံဆောင်ဖို့ မစဉ်းစားထားပါဘူး။ သူက မိစ္ဆာကောင်ရဲ့အားကို တန်ပြန်ယူပြီး ပြန်တိုက်လိုက်တဲ့ အခါမှာတော့ မိစ္ဆာကောင်ကြီးက လွင့်ထွက် သွားပါတယ်လေ။

လီဖူချန်းက အနည်းငယ်တောင် ကြောင်အ သွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ တိုက်ခိုက်လိုက်တဲ့ မိစ္ဆာကောင်က မသေပဲ ဒဏ်ရာရရုံပဲ ဖြစ်သွားလို့ပါပဲ။

သူအစက ထင်ထားခဲ့တာက သူ့ရဲ့ ဓားချက်ကြောင့် ဒီမိစ္ဆာကောင် တစ်ခါတည်း တန်းသေသွားမယ် လို့ပေါ့လေ။ မိစ္ဆာကောင်ရဲ့ အရေပြားက သူ ထင်ထားတာထက် ထူထဲပြီး မာကျောနေပုံပါပဲ။

ချန်ဖန်းဟွာနဲ့ ဇောင်မင်းယွီကလည်း ထိုအချက်ကို သတိပြုမိ လိုက်ပါတယ်။

“ပန်းပေါင်းစုံ ဝင်္ကပါ”

ချန်ဖန်းဟွာက အနီးကပ် တိုက်ခိုက်မှုမှာ အားပိုသာတဲ့ ပန်းအသင်္ချေ ဓားသိုင်းထဲက ဓားကွက် တစ်ကွက်ကို ထုတ်လိုက်ပြီး အဆက်မပြတ် တိုက်ခိုက် လိုက်ပါတယ်။ အဆင့်၁မိစ္ဆာ အတော်များများက ဒိုင်းတွေကို မပြီး ကာကွယ် လိုက်ဖို့တောင် အချိန်မရပဲ သေဆုံးကုန် ကြပါတယ်။

ဒါပေမဲ့ ဒီသိုင်းကွက်ကြောင့် သူမရဲ့ အတွင်းအားက နှစ်ဆ ပိုကုန်သွားပါပြီ။

ချန်ဖန်းဟွာရဲ့ ကျင့်ကြံမှု အဆင့်ကြောင့် သူမက အဝါရောင် အဆင့်မြင့် အတွင်းအား ဖြည့်တင်း ဆေးတွေကို သောက်သုံးဖို့တော့ မလိုသေးပါဘူး။

ဇောင်မင်းယွီကတော့ ခြေကုန်လက်ပန်း ကျနေပါပြီ။ တကယ်လို့ လီဖူချန်းနဲ့ ချန်ဖန်းဟွာသာ သူမကို ဝင်ပြီး မကူညီပေးဘူး ဆိုရင် သူမသေရမယ့် အကြိမ် အရေအတွက်က မနည်းပါဘူး။

"ကျောက်စက်ရေ ဓားသိုင်း”

လီဖူချန်းက ဓားသိုင်း တစ်မျိုးပြောင်းပြီး အဆင့်၁  မိစ္ဆာကောင် တစ်ကောင်ရဲ့ လည်ပင်းကို ထိုးဖောက် လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ လီဖူချန်းရဲ့ ကျန်နေတဲ့ ဘယ်ဘက်လက်က အဆင့်၂ မိစ္ဆာသားရဲ တစ်ကောင်ကို ရိုက်ချ လိုက်ပါသေးတယ်။

လီဖူချန်းတို့ သုံးယောက်အဖွဲ့က အခုထိ အဆင်ပြေသေး နေပေမဲ့လည်း လျိုဟောင်လုံတို့ ၉ယောက် အဖွဲ့ ကတော့ အဆိုးဆုံး အခြေအနေ တစ်ရပ်နဲ့ ကြုံတွေ့နေရပါပြီ။

ရွှီး ... ဒိုင်း...

အတွင်းစည်း ဂိုဏ်းသား ၂ယောက်က ဘယ်လိုမှ  တောင့်မခံနိုင်တော့တဲ့ အတွက် သူတို့ရဲ့ အကူအညီတောင်း တံဆိပ်တော်ကို ဖျက်ဆီး လိုက်ကြပါပြီ။

အပြင်စည်း အကြီးအကဲ တစ်ယောက်က အလျင်အမြန်ပဲ ရောက်လာပြီး သူတို့၂ယောက်ကို တစ်ဖက်တစ်ချက်စီ ကိုင်ကာ သယ်ဆောင် သွားပါတယ်။

ရွှီး ...... ဒိုင်း…

နောက်ထပ် အတွင်းစည်း တပည့်၂ယောက် ကလည်း တံဆိပ်တော်ကို ချိုးဖျက် လိုက်ပြန်ပါပြီ။ အခုချိန်မှာတော့ လျိုဟောင်လုံရဲ့ ၉ယောက် အဖွဲ့မှာ ၅ယောက်ပဲ ကျန်ပါတော့တယ်။

“ငါလခွီးပဲကွာ ဒီမိစ္ဆာတွေက တော်တော် ဉာဏ်များတာပဲ”

လျိုဟောင်လုံရဲ့ အမူအရာတွေက ပျက်နေပါပြီ။ ပြောရမယ်ဆိုရင် သူက မိုးပြာရောင်ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း စာရင်းဝင် တစ်ယောက်လေ။ ပြီးတော့ စိတ်တန်ခိုး ဖွဲ့စည်းနယ်ပယ် အဆင့်၆က လူတစ်ယောက်။ ဒီလိုလူ တစ်ယောက်က အဆင့်၁မိစ္ဆာကောင် တချို့ကြောင့် ပြဿနာ တက်နေရတယ် ဆိုတာက သူ့ကို တော်တော် အရှက်ရစေပါတယ်။ တကယ်လို့ အဆင့်၂ မိစ္ဆာကောင်တွေကြောင့် ဆိုရင် သူ ဒီလောက် အရှက်ရမှာ မဟုတ်ပါဘူး။

“အစ်ကိုလျို… ညီမဝူ ... လီဖူချန်းက ဟိုဘက်နားမှာ အစ်မတော်ချန်ရယ်  ညီမလေး ဇောင်မင်းယွီတို့နဲ့ ပေါင်းတိုက်နေတယ်။ ငါတို့က သူတို့နဲ့ ပေါင်းပြီး တိုက်လို့ ရတာပဲလေ” ဂေါင်ချန်းရှန်က အကြံ ပေးလိုက်ပါတယ်။

“ငါကတော့ လက်ခံတယ်။ အစ်ကိုလျို… အစ်ကို့ရဲ့ သဘောထားကရော” ဝူကျင်မိန်က လျိုဟောင်လုံကို လှမ်းမေး လိုက်ပါတယ်။

“သူတို့က လူအင်အား နည်းနေတာပဲ။ ငါတို့သူတို့ကို သွားကူညီ ပေးလိုက် ကြရအောင်” လျိုဟောင်လုံက တခြားလူရဲ့ အကူအညီ လိုအပ်နေတာကို ဝန်ခံချင်တဲ့ပုံ မရှိပါဘူး။

ဒီအဖွဲ့နှစ်ဖွဲ့ တိုက်ခိုက်နေကြတဲ့ နေရာက သိပ်ပြီး မဝေးလှပါဘူး။ အချိန် အနည်းငယ် ယူလိုက်တာနဲ့ သူတို့နှစ်ဖွဲ့က ပေါင်းမိ လိုက်ကြပါပြီ။

“ငါက မင်းဘာဖြစ်လို့ ဒီမိစ္ဆာ သွေးသားရဲမြို့ကို လာရဲတာလဲလို့ စဉ်းစားနေတာ။ လက်စသတ်တော့ အစ်မတော်ချန်က မင်းကို ကာကွယ် ပေးနေတာမို့လို့ကိုး” လျိုဟောင်လုံက လီဖူချန်းကို ရှုတ်ချ လိုက်ပါတယ်။

လီဖူချန်းက ရယ်လိုက်ပြီး “ငါ့ကို အစ်မချန်က ကာကွယ် ပေးထားတော့ ဘာဖြစ်လဲ။ အနည်းဆုံးတော့ မင်းလို ကိုယ့်အဖွဲ့ကို အကာအကွယ် မပေးနိုင်တဲ့ ခေါင်းဆောင် မရှိဘူးလေ”

“မင်း ...” လျိုဟောင်လုံက လီဖူချန်းရဲ့ စကားကြောင့် ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားပါတယ်။

"တော်ကြစမ်းပါ။ အခုချိန်မှာ အရေးအကြီးဆုံးက ဒီမိစ္ဆာတွေကို ခုခံနိုင်ဖို့ပဲ။ မင်းတို့က အကူအညီတောင်း တံဆိပ်တော်ကို မသုံးချင်ဘူး မလား” ချန်ဖန်းဟွာက လျိုဟောင်လုံကို ဟန့်တား လိုက်ပါတယ်။

အကူအညီတောင်း တံဆိပ်တော်က မင်းရဲ့အသက်ကို ကယ်တင် နိုင်ပါတယ်။ ဒါပေမဲ့ တံဆိပ်တော်ကို သုံးပြီးသွားရင်တော့ မင်း ဒီတိုက်ပွဲထဲမှာ လုပ်ဆောင်ခဲ့တဲ့ အရာအားလုံးက အချည်းနှီး ဖြစ်သွားမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့  ဒီတံဆိပ်တော် လက်ထဲမှာ ကျန်ခဲ့တဲ့ တပည့်တွေကပဲ ဆုလာဘ်တွေကို ထုတ်ယူနိုင်ခွင့် ရှိတာလေ။

ပြီးတော့ နောက်ထပ် မျှော်လင့်စရာ တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ မိစ္ဆာ အမြုတေတွေပါ။ ဒီတိုက်ပွဲ မြေပြင်မှာ မိစ္ဆာသားရဲ အကောင်ရေက အနည်းဆုံး တစ်သိန်း ရှိပါတယ်။ တကယ်လို့ မိစ္ဆာသားရဲ့ ၁၀ကောင်မှာမှ အမြုတေ တစ်ခုပဲ ပါမယ်လို့ တွက်လိုက် ရင်တောင် မနည်းမနော ရနိုင်သေးတယ်လေ။

ဒါပေမဲ့လည်း ဟုတ်ပါတယ်။ ဒီတိုက်ပွဲကို အရင်နိုင်အောင် တိုက်ဖို့တော့ လိုပါသေးတယ်။

“ဟမ့်”လီဖူချန်းကို အေးစက်စက် တစ်ချက်  ကြည့်လိုက်ပြီး နောက်မှာတော့ လျိုဟောင်လုံက ဘာမှ ဆက်မပြောတော့ပါဘူး။

သူတို့ ၈ယောက် အတူတကွ လုပ်ဆောင်လိုက်တဲ့ အခါမှာတော့ သူတို့ရဲ့ တိုက်ပွဲဝင် နိုင်စွမ်းတွေက တကယ်ကို ရုတ်ခြည်း တိုးတက် လာခဲ့ပါတယ်။ ပိုမိုများပြားတဲ့ မိစ္ဆာကောင်တွေနဲ့ မိစ္ဆာသားရဲတွေ ဝန်းရံ လာခဲ့ရင်တောင်မှ သူတို့က သာသာယာယာပဲ ဖောက်ထွက် နိုင်လာကြတယ်လေ။

တိုက်ပွဲချိန်က ပိုပိုကြာမြင့် လာတာနဲ့အမျှ သူတို့ ၈ယောက်ရဲ့ တကယ့် အစွမ်းတွေကို စတင် ထုတ်ဖော် ပြသလာကြပါပြီ။

အထူးသဖြင့် လီဖူချန်းပေါ့။ သူ့ရဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အဆင့်၁၃က ထွက်လာတဲ့ မီးတောက် အပူချိန်တွေက  ဟိုးအဝေးမှာ ရပ်နေတဲ့ ဝူကျင်မိန်နဲ့ ဂေါင်ချန်းရှန် ကိုတောင် တုန်လှုပ် သွားစေပါတယ်။

'ကြည့်ရတာ လီဖူချန်းရဲ့ တိုးတက်မှုနှုန်းက လူသား နယ်ပယ်တုန်းက ထက်တောင် ပိုပြီး မြန်လာသလိုပဲ။' ဝူကျင်မိန်က ဘေးကနေ ကြည့်ပြီး တွေးနေမိပါတယ်။

ဝူကျင်မိန်က အစွမ်းထက်တဲ့ လူတွေနဲ့ ရင်းရင်းနှီးနှီး နေတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူမ ကိုယ်တိုင်ကလည်း အသုံးမကျတဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ရှန်ကောင်းဟောင်၊ ယုဝူရှန်းနဲ့ လျိုဟောင်လုံတို့ကို ပေါင်းသင်း ဆက်ဆံတယ် ဆိုတာကလည်း သာမန် မိတ်ဆွေ အဆင့်ပါပဲ။ သူမက အဆင့်ထပ်တိုးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ပြီးတော့ သူမ ကိုယ်တိုင်ကိုယ်က ကြယ်လေးပွင့် အရိုး တည်ဆောက်ပုံနဲ့ သူပါ။ သူမရဲ့ ခန္ဓာကိုယ်ကို ပေးအပ်ပြီး ယုတ်ညံ့တဲ့ အပြုအမူမျိုးကို လုပ်မှာ  မဟုတ်ပါဘူး။

အခုတော့ သူမက ဒီလီဖူချန်းဆိုတဲ့ ကောင်လေးကလည်း သာမန် အရိုး တည်ဆောက်ပုံ ပိုင်ရှင် မဖြစ်နိုင်ဘူး ဆိုတာကို သတိပြုမိ လိုက်ပါပြီ။ ဒီကောင်လေးကလည်း သူမရဲ့ အာရုံစိုက်မှုထဲကို ရောက်လာခဲ့ပြီလေ။

"လီဖူချန်း နေရာလဲပြီး တိုက်ရအောင်။ ငါ့ဘက်မှာ အရမ်းလည်တဲ့ အဆင့်၁ မိစ္ဆာတစ်ကောင် ပါနေတယ်” ဝူကျင်မိန်က လီဖူချန်းကို အကူအညီ တောင်းလိုက် ပါတယ်။

“ရတယ်လေ”

လီဖူချန်းကတော့ ရိုးရိုးသားသားပဲ ထင်ပြီး နေရာ ပြောင်းပေး လိုက်ပါတယ်။

“စွပ်”

ရေစက်ဓားသိုင်းကို ထုတ်သုံးလိုက်ပြီး လီဖူချန်း အဆင့်၁ မိစ္ဆာကောင်ကို  တစ်ချက်တည်းနဲ့ သတ်ပစ် လိုက်ပါတယ်။

“လီဖူချန်း ... နင်က တကယ်ပဲ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပဲ။ ငါကြည့်ရ သလောက်ကတော့  ယုဝူရှန်းတောင် နင့်လောက်  အစွမ်း မထက်သလိုပဲ” ဝူကျင်မိန်က သူမရဲ့  အပြစ် ကင်းစင်တဲ့ နာမည်ကျော် အပြုံးနဲ့ ပြုံးပြရင်း လီဖူချန်းကို မေးလိုက်ပါတယ်။

ဘေးမှာတော့ ဂေါင်ချန်းရှန်က ဘာမှဝင်မပြောပဲ ရပ်နေပါတယ်။ ဝူကျင်မိန် ပတ်သက်ချင်တဲ့သူက ယုဝူရှန်းဖြစ်ဖြစ် လီဖူချန်းပဲ ဖြစ်ဖြစ် အဲဒီ နှစ်ယောက်စလုံးက သူ့ထက် အပုံကြီး သာတဲ့သူတွေ ဆိုတာကို သူ ကောင်းကောင်းကြီး နားလည် ထားတယ်လေ။ ပြီးတော့ သူ့ရဲ့ လူကြီး လူကောင်း စိတ်ထားကြီးကလည်း သူ့ကို သဘောမကျတဲ့ ကောင်မလေး တစ်ယောက်ကို အောက်ကျ နောက်ကျခံပြီး ဖွင့်ပြောဖို့ကို ခွင့်မပြုပါဘူး။

“စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၄က ဘာလို့ ဒီလောက်တောင် အစွမ်းထက် နေရတာလဲ”

လျိုဟောင်လုံက ဝူကျင်မိန် တစ်ယောက် လီဖူချန်းကို ပြုံးပြီး စကား ပြောနေတာကို တွေ့တဲ့အခါမှာ မနာလိုစိတ်တွေ ထောင်းခနဲ ဖြစ်ပေါ် လာပါတယ်။ သူက သူ့ရဲ့ ဆန်းကြယ် ကျောက်စိမ်းအရိပ် အတွင်းအားကို သုံးပြီး လီဖူချန်းကို မိစ္ဆာသားရဲအုပ်ထဲ ရောက်သွားအောင် တွန်းထုတ် လိုက်ပါတယ်။

လီဖူချန်းက လျင်လျင် မြန်မြန်ပဲ ပြန်ထွက်လာခဲ့ပြီး  လျိုဟောင်လုံ အနားကိုလည်း  မိစ္ဆာကောင်တစ်အုပ် မျှားခေါ် လာခဲ့ပါတယ်။

“အစ်ကိုလျိုက အရမ်း အစွမ်းထက်နေတယ် ဆိုတော့ ဒီမိစ္ဆာကောင်တွေ ကိုလည်း တစ်ယောက်တည်း တိုက်နိုင်တယ် မလား”

ပြောပြီးတာနဲ့ လီဖူချန်းက တခြား တစ်နေရာကို ခုန်ပျံပြီး ထွက်သွား ပါတော့တယ်။

“ခွေးမသား ... မင်းက သေချင်နေတာပဲ”

မိစ္ဆာတွေရဲ့ ဝိုင်းတိုက်ခြင်းကို ခံလိုက်ရတဲ့ လျိုဟောင်လုံက လီဖူချန်းကို ဒေါသတကြီးနဲ့ လှမ်းဆဲ လိုက်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သူက လီဖူချန်းကို ဓားနဲ့ နှစ်ပိုင်းတောင် ပိုင်းပစ်ချင် နေပါပြီ။

“လျိုဟောင်လုံ တော်တော့။ နင်နောက်တစ်ခါ ဒီလို အဓိပ္ပာယ် မရှိတာတွေ လုပ်ခဲ့မယ် ဆိုရင်တော့ နင်တို့အဖွဲ့ကို မောင်းထုတ် ရလိမ့်မယ်” ချန်ဖန်းဟွာက လျိုဟောင်လုံ ရှိတဲ့ဘက်ကို ကူးလာရင်းနဲ့ သတိပေးစကား ပြောလိုက် ပါတယ်။

“ကောင်းတယ်။ အရမ်း ကောင်းတယ် ခွေးသူတောင်းစားကောင်။ မင်းက အစ်မတော်ချန်ရဲ့ မျက်နှာသာ ပေးမှုကို ရထားတော့ ငါ့ကို မကြောက်မရွံ့ ရန်စ ရဲတယ်ပေါ့လေ။ ဒီကိစ္စကို ငါခဏ မေ့ထားလိုက်မယ်။ မိစ္ဆာအုပ် ကုန်သွားတဲ့အခါမှ စာရင်း ရှင်းကြတာပေါ့” လျိုဟောင်လုံက အဆင့်၁ မိစ္ဆာတစ်ကောင် အပေါ်ကို သူ့ဒေါသတွေ ပုံချ လိုက်ပါ တော့တယ်။

***

All Chapters