ကောင်းကင်ပိုးနယ်ပယ် ပညာရှင်
Vol. 8 Ch. 109
တိုက်ပွဲ အချိန်က သန်းခေါင်ယံ နှောင်းပိုင်း အချိန်ကိုတောင် တိုင်လာခဲ့ပါပြီ။ တိုက်ပွဲမြေပြင် တစ်ခုလုံးမှာလည်း သွေးညှီနံ့တွေရယ် အော်ဟစ် ညည်းညူသံတွေက ဖုံးလွှမ်းလို့ နေပါတယ်လေ။ တိုက်ပွဲဝင်နေတဲ့ ပညာရှင်တွေရဲ့ ကိုယ်တွေ ပေါ်မှာလည်း သွေးအလူးလူးနဲ့ပါပဲ။ မိစ္ဆာတွေရဲ့ သွေးတွေလား သူတို့ရဲ့ ကိုယ်ပေါ်က ထွက်လာတဲ့ သွေးတွေလား ဆိုတာတောင် မသိနိုင်တော့ပါဘူး။
ညရဲ့ အမှောင်ထုကြောင့် မိစ္ဆာသားရဲတွေ သူတို့ဆီကို ဘယ်လောက် များများ ထပ်ပြီး လာနေလဲ ဆိုတာကိုလည်း ဘယ်သူမှ မခန့်မှန်းနိုင် ကြတော့ပါဘူး။ သူတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ဒီအဆုံးမသတ်နိုင်တဲ့ မိစ္ဆာအုပ်ကြီးထဲက ဆင်းလာသမျှ အဖွဲ့ခွဲတွေကို သုတ်သင် ရှင်းလင်း ပစ်တာပါပဲ။
“လခွီးတဲ့မှပဲကွာ။ ငါ သုံးလိုက်ရတဲ့ ဆေးလုံးတွေက ၅လုံးတောင် ရှိနေပြီကွ။ ပြီးတော့ အကုန်လုံးက အဝါရောင် အဆင့်မြင့် ဆေးလုံးတွေ ချည်းပဲ။
“မင်းက တော်သေးတယ်။ ငါက ၆လုံးမြောက်ကွ”
“ငါ့ရဲ့ အဝါရောင် အဆင့်မြင့် ဆေးလုံး တစ်လုံးက ရွှေပြား ၃၀၀၀တောင် ပေးရတာကွ။ ဒီတိုက်ပွဲ မြန်မြန် ပြီးရင်လည်း ပြီးမှပဲ။ မဟုတ်ရင် ငါ ခွက်ဆွဲပြီး တောင်းစား နေရတော့မှာ”
“မင်းက တိုက်ပွဲ ပြီးတာကို စဉ်းစား နေသေးတာလား။ ဟိုးမှာ ထပ်လာနေတဲ့ မိစ္ဆာသားရဲအုပ် ကိုသာ အရင်ကုန်အောင် သတ်ပါဦးဟ”
အတွင်းစည်း ဂိုဏ်းသား အချို့ကတော့ ဒီတာဝန်ကို ယူလိုက်မိတဲ့ အတွက် အတော်လေး နောင်တ ရနေကြပါပြီ။ အစော ကတည်းက မိစ္ဆာသားရဲတွေ ဒီလောက် အများကြီး ပါလာမယ် ဆိုတာကို သိရင် ဒီမြို့ကို လာဖို့ ဆုံးဖြတ်ခဲ့မှာ မဟုတ်ပါဘူး။
ဝေါင်း …
လူတွေ အားလုံးက သားရဲကောင်တွေကို သတ်ဖြတ်ရင်း အလုပ်တွေ ရှုပ်နေကြချိန်မှာပဲ ဟိုးအဝေး တစ်နေရာ အမှောင်ထုထဲကနေ ကျယ်လောင်လှတဲ့ သားရဲဟိန်းသံကြီး တစ်ခု ထွက်ပေါ် လာတာကို အတိုင်းသား ကြားလိုက် ရပါတယ်။
သားရဲကောင်ကြီးရဲ့ ဟိန်းသံကြီးက မိုးကြိုးတစ်စင်း ကမ္ဘာမြေပေါ် ပစ်ချ လိုက်သလိုပါပဲ။ ဟိန်းသံကြီးရဲ့ နောက်ကနေတော့ လေနီကြမ်းတွေက တိုက်ခတ် လာပါတယ်။ မြေပြင်ပေါ်က သဲတွေ ဖုန်မှုန့်တွေကလည်း လွင့်ပျံ တက်လာပြီး မုန်တိုင်း အငယ်စားလေး တစ်ခု ဖြစ်နေသည့် အလားပင်။ တိုက်ပွဲ မြေပြင်ပေါ်မှာ တိုက်ခိုက်နေကြတဲ့ သိုင်းပညာရှင်တွေကော မိစ္ဆာသားရဲတွေကော အကုန်လုံးက တိုက်ခိုက် နေတာကို ခေတ္တခဏ ရပ်လိုက် ကြပါတယ်။ သူတို့ အားလုံးရဲ့ သွေးတွေက ခဲသွားသလိုပါပဲ။
အူ... ဝူး...
မိုးခြိမ်းသံကြီးလို ဟိန်းသံကြီး ပျောက်ကွယ် သွားအပြီးမှာတော့ ရှည်လျားပြီး ကြောက်မက်ဖွယ်ရာ အသံဖြင့် ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ဝံပုလွေ အူသံတစ်ခုက ကပ်လိုက် လာပြန်ပါတယ်။
ဒီအူသံက ဟိန်းသံကြီးလောက် မကျယ်ပေမဲ့လည်း ကြားလိုက်ရတဲ့သူ အပေါင်းကို ကြက်သီး မွေးညင်းထပြီး ကျောစိမ့် သွားစေပါတယ်။
ကျင့်ကြံမှု အဆင့်နိမ့်တဲ့ လူတွေဆိုရင် သူတို့ရဲ့ နှလုံးခုန်သံတွေက ထိန်းမရအောင် မြန်လာပြီး ခေါင်းတွေ ချာချာလည် မူးသွားတဲ့ အဖြစ်ကို ခံစားနေရပါတယ်။ နောက်ထပ် လေနီကြမ်း တစ်ခုက ထပ်မံ တိုက်ခတ် လာပြီး နောက်မှာတော့ ဆိုးရွားတဲ့ အရာတစ်ခုခု သူတို့ဆီကို လာနေပြီ ဆိုတာကို သိုင်းပညာရှင်တွေ အားလုံး သိလိုက်ကြပါပြီ။
“ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ မိစ္ဆာ အငွေ့ အသက်တွေလဲ” လီဖူလျန်းတို့ အဖွဲ့ကလည်း ဒီမိစ္ဆာ အငွေ့အသက်ကြီးကို ခံစား လိုက်ရပါတယ်။
ဒီလေနီကြမ်းနဲ့အတူ ပါလာတဲ့ မိစ္ဆာ အငွေ့အသက်တွေက အဆင့်၃ မိစ္ဆာသားရဲကြီး တွေတောင် ထုတ်လွှတ်နိုင်စွမ်း ရှိတာ မဟုတ်ဘူးလေ။ ဒါက လုံးဝကို သေချာပေါက် အဆင့်၄ မိစ္ဆာသားရဲပါပဲ။ ဒီကောင်ကြီးတွေနဲ့ ချဖို့ ဆိုတာကတော့ ကောင်းကင် ပိုးနယ်ပယ်က လူတွေရဲ့ တာဝန်ပါပဲ။
မှုန်ရီဝေဝိုးတဝါး ညအလင်းရောင် အောက်မှာတော့ ကြီးမားလာတဲ့ အရိပ်မည်းကြီး နှစ်ခု ထွက်ပေါ်လာပါပြီ။ ဒါက တကယ့် အစစ်အမှန် အကောင် မဟုတ်သေးပါဘူး။ သူတို့ရဲ့ အရိပ်ပဲ ရှိပါသေးတယ်။ ဒီကြောက်စရာ ကောင်းလှတဲ့ မိစ္ဆာ အငွေ့အသက်တွေအရ ကောင်းကင် ပိုးနယ်ပယ် အောက်က လူတွေကတော့ တွေ့တာနဲ့ တန်းသေမှာပါပဲ။ ဘယ်လိုမှ လွှတ်နိုင်စရာ အကြောင်း မရှိပါဘူး။
“သေပြီဟေ့။ ငါတို့တော့ ဂြိုဟ်ဆိုးဝင်ပြီ။ အဆင့်၄ မိစ္ဆာသားရဲ တစ်ကောင်တည်းနဲ့တောင် မြို့တစ်မြို့ကို အသာလေး ဖြိုလိုက်လို့ ရပါတယ် ဆိုနေမှ အခုတော့ ၂ကောင် ကြီးများတောင်ဟ”
“ဘယ်လိုလုပ် အဆင့်၄ မိစ္ဆာသားရဲတွေက ဒီလို နယ်စပ်မြို့လေးမှာ ပေါ်လာရတာလဲ။ ဒီကောင်တွေက မြို့တော်ကြီးတွေကို တိုက်ခိုက်တဲ့အခါမှ ပါလာတတ်တာ မဟုတ်ဘူးလား"
“မိစ္ဆာသွေးသားရဲမြို့က မိစ္ဆာသားရဲအုပ်တွေကို ခုခံနေတာ နှစ်စဉ် နှစ်တိုင်းလိုလိုပဲ။ ကြည့်ရတာ ဒီနှစ်က အဆင့်မြင့် မိစ္ဆာသားရဲတွေ ပါလာမယ့်နှစ် ဆိုတာကို ခန့်မှန်းမိလို့ ငါတို့ မိုးပြာရောင် ဂိုဏ်းကို အကူအညီ တောင်းတာပဲ ဖြစ်ရမယ်”
“မဟုတ်ဘူးလေကွာ။ အဆင့်မြင့် သားရဲတွေက ရာစုနှစ် ၁ခုမှာမှ တစ်ခါလာတာ မဟုတ်ဘူးလား။ ပြီးရင် အဆင့်မြင့်သားရဲ အများကြီး ပါလာရမှာလေ။ အခုက အဆင့်၄ မိစ္ဆာသားရဲ ၂ကောင်ပဲ လာတာကွ”
“မင်းပြောတာ မှန်တယ်။ ကြည့်ရတာ ငါတို့ ကိုယ်က ကံဆိုးတာပဲ နေမှာပါ”
အားလုံးရဲ့ စိတ်ဓာတ်တွေက အကြီးအကျယ် ကျဆင်း သွားပါပြီ။ သူတို့က ဘယ်လိုလုပ် အဆင့်၄ မိစ္ဆာသားရဲ နှစ်ကောင်ကို အနိုင်ယူနိုင်မှာလဲလေ။ သူတို့အားလုံး စုပေါင်းပြီး တိုက်ကြမယ် ဆိုရင်တောင် အလောင်းတွေ ပုံသွားရုံကလွဲပြီး ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။
“မိစ္ဆာသွေးသားရဲမြို့မှာ ကောင်းကင်နယ်ပယ် အဆင့် ထိပ်သီး ပညာရှင်တွေ ရောက်နေပါစေလို့ပဲ ဆုတောင်းတော့မယ်ကွာ။ မရှိဘူး ဆိုရင်တာ့ ငါတို့ ထွက်ပြေးဖို့ လိုလာပြီ” ချန်ဖန်းဟွာက ရယ်ရင်း ပြောလိုက်ပါတယ်။
လျိုဟောင်လုံကတော့ သူမရဲ့စကားသံကို ကြားလိုက်တာနဲ့ ထွက်ပြေးဖို့တောင် ခြေလှမ်း ပြင်နေပါပြီ။
ဇောင်မင်းယွီကတော့ အနည်းငယ် စဉ်းစားပြီးမှ ပြန်ပြော လိုက်ပါတယ်။
“ညီမတို့ ထွက်ပြေးတာက အဆင်ပြေပါ့မလား”
ဒီနေရာမှာ ရှိနေတဲ့ လူတွေအားလုံးက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က လူတွေပါပဲ။ အဆင့်၄ မိစ္ဆာသားရဲတွေကို တွေ့လို့မှ ထွက်မပြေးတဲ့ သူတွေကတော့ ရူးနေလို့ပါပဲလေ။
“ဟမ့် … အဆင့်၄ မိစ္ဆာသားရဲလေး ၂ကောင်က ဒီကိုလာပြီး လူတွင်ကျယ် လုပ်ချင်တယ်ပေါ့လေ”
အေးစက်စက် အသံတစ်ခုက မိစ္ဆာသွေးသားရဲ မြို့ထဲကနေ ထွက်ပေါ် လာပါတယ်။
ထို့နောက်မှာတော့ မနက်ခင်းမှာ ထွက်လာတဲ့ နေမင်းကြီးရဲ့ အလင်းရောင်နဲ့ ဆင်တူတဲ့ အနီရောင် အလင်းတန်းကြီးက အဆင့်၄ မိစ္ဆာသားရဲနှစ်ကောင် ရှိရာဘက်ကို ဦးတည် သွားပါတော့တယ်။
အလင်းတန်းကြီး ဖြတ်သန်းရာ လမ်းတစ်လျှောက်က လေထုကတော့ ပူလောင်လျက် ကျန်ခဲ့ပါတယ်။ ဒီအပူချိန်က သူ့လမ်းကြောင်းထဲမှာ ရှိတဲ့ လောင်ကျွမ်းနိုင်တဲ့ အရာ မှန်သမျှကိုတောင် ပြာဖြစ် သွားစေပါတယ်။
“အစစ်အမှန် ငရဲမီးလျှံ နည်းစနစ်”
လီဖူချန်းက အလင်းတန်းကို မြင်လိုက်တာနဲ့ ဘယ်ပညာရပ်လဲ ဆိုတာကို တန်းပြီး သိလိုက်ပါတယ်။
မိုးပြာရောင် ဂိုဏ်းထဲမှာ တကယ့် အစွမ်းထက်တဲ့ ပညာရပ် နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ “အစစ်အမှန် မိုးပြာရောင်ရေ နည်းစနစ်” ဖြစ်ပြီး နောက်တစ်ခုကတော့ “အစစ်အမှန် ငရဲမီးလျှံနည်းစနစ်” ဖြစ်ပါတယ်။ အစစ်အမှန် မိုးပြာရောင်ရေ နည်းစနစ်ကတော့ ယင်ဓာတ်ကို အထူးပြုပြီး အစစ်အမှန် ငရဲမီးလျှံ နည်းစနစ်ကတော့ ယန်ဓာတ်ကို အထူးပြုတာပါ။
ဂိုဏ်းထဲက ပြောနေကြတဲ့ စကားတွေအရ ဆိုရင်တော့ ဒီပညာရပ် နှစ်ခုဟာ ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ကျင့်စဉ် ဖြစ်ပြီး အဆင့်၂၁ဆင့်အထိ ရှိပါတယ်တဲ့။
လီဖူချန်းရဲ့ ကြက်သွေးရောင် လျှို့ဝှက် မီးတောက် အဆင့်၁၃က အစစ်အမှန် ငရဲမီး ကျင့်စဉ်ရဲ့ အဆင့်၁၁ကိုတောင် မယှဉ်နိုင်ပါဘူး။ အဆင့်၂၁ အထိသာ လေ့ကျင့်နိုင်ခဲ့မယ် ဆိုရင် ဘယ်လောက် အစွမ်းထက်လာမလဲ ဆိုတာကို စဉ်းစား ကြည့်လိုက်ပါတော့။
"အဲဒါက ဦးလေးဝူကျိပဲ”ဇောင်မင်းယွီက ရေရွတ် လိုက်ပါတယ်။
မိုးပြာရောင် ဂိုဏ်းထဲမှာ ကောင်းကင် နယ်ပယ်အဆင့် ပညာရှင်က သိပ်ပြီး များများစားစား မရှိပါဘူး။ ဒါပေမဲ့ အရမ်းကြီး ရှားပါးနေသလား ဆိုတော့လည်း ရှားပါး မနေပါဘူး။ ပြောရမယ်ဆိုရင် ဂိုဏ်းတစ်ခုမှာ ရှိသင့် သလောက်တော့ ရှိတာပေါ့လေ။ အဲဒီထဲက တော်တော်များများက 'အစစ်အမှန် ငရဲမီး' ပညာရပ်ကို လေ့ကျင့် ကြပါတယ်။ ဒါကြောင့် တော်ရုံလူဆိုရင် အခုပစ်လိုက်တဲ့ အနီရောင် အလင်းတန်းကြီးရဲ့ ပိုင်ရှင်ကို ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဇောင်မင်းယွီကတော့ ဘယ်သူလဲ ဆိုတာကို ကောင်းကောင်းကြီး သိနေပါတယ်။ အဲဒီလူကတော့ သူမရဲ့ ဦးလေး အရင်းခေါက်ခေါက် ပါပဲ။
“အဲဒါက ဇောင်ဝူကျိ။ အကြီးအကဲ ဇောင်လား ...”ချန်ဖန်းဟွာက မေးလိုက်ပါတယ်။
ဇောင်မင်းယွီက ခေါင်းညိတ်ပြလိုက်ပြီး “ဒါပေါ့ဟ” သူမရဲ့ အဘိုးဖြစ်သူက အတွင်းစည်း အကြီးအကဲ ခေါင်ချုပ်ပါ။ ဇောင်ဝူကျိကတော့ သူမအဘိုးရဲ့ ချစ်လှစွာသော သားပါပဲ။ သူက အတွင်းစည်း အကြီးအကဲတွေထဲမှာ ဆိုရင် ထိပ်တန်း အဆင့် ရှိသူပါ။
“အကြီးအကဲဇောင် ဒီမှာ ရောက်နေမှတော့ ဒီအဆင့်၄ မိစ္ဆာသားရဲ၂ကောင်ကို ဂရုစိုက်စရာ မလိုတော့ဘူးပေါ့” ချန်ဖန်းဟွာက အခုမှ အားရပါးရ ပြုံးနိုင် ပါတော့တယ်။
ဇောင်ဝူကျိက ကောင်းကင် နယ်ပယ်အဆင့်၇က ပညာရှင် တစ်ယောက်ပါ။ ပြီးတော့ သူ့မှာ အဆင့်၄ ထိပ်တန်း အမျိုးအစား မိစ္ဆာသားရဲတွေကို သတ်ဖြတ်ဖူးတဲ့ မှတ်တမ်းကောင်း ရှိပါတယ်။ အခုလာတဲ့ အဆင့်၄ မိစ္ဆာသားရဲ၂ကောင်က ထိပ်တန်း အဆင့်မှာ ရှိမနေဘူး ဆိုရင်တော့ သူတို့သေတွင်းကို သူတို့ တူးတာနဲ့ အတူတူပါပဲ။
တကယ်လို့ ထိပ်တန်း အဆင့်မှာ ရှိနေရင်တောင် ဇောင်ဝူကျိက သူတို့ကို ယှဉ်နိုင်ဖို့ အခက်အခဲ မရှိပါဘူး။
အနီရောင်ရင့်ရင့် အလင်းတန်းကြီးက တိုက်ပွဲမြေပြင်မှာ ရှိနေတဲ့ အသန်မာဆုံး အဆင့်၃ သားရဲမိစ္ဆာကြီးတွေ ရှိနေတဲ့ နေရာကနေ ဖြတ်သန်း သွားပါတယ်။ ရုတ်တရက် ချက်ချင်း အဆင့်၃ မိစ္ဆာသားရဲ ၄ကောင်ဟာ မီးလုံးကြီးတွေ ဖြစ်သွားပြီး ပြာကျ သွားပါတော့တယ်။ ရိုးရိုးသာမန် အဆင့်၃ မိစ္ဆာသားရဲတွေနဲ့ အဆင့်၂ မိစ္ဆာတွေကိုတော့ အနီရောင် အလင်းတန်းကြီးက မလောင်ကျွမ်းစေပဲ ချန်ထားခဲ့ပါတယ်။ ဇောင်ဝူကျိက ဒီမိစ္ဆာသားရဲတွေကို တမင်သက်သက် မသတ်ပဲ ချန်ထားခဲ့တာပါ။ ကျန်တဲ့ မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲ အနည်းအကျဉ်း ကိုတော့ အပြင်စည်း အကြီးအကဲတွေနဲ့ အတွင်းစည်း ကြီးကြပ်ရေးမှူးတွေက သတ်ဖြတ်နိုင်စွမ်း ရှိတယ်လေ။
“ကျေးဇူးပါ အကြီးအကဲဇောင်” တိုက်ပွဲ အတွင်းမှာ ရောက်နေတဲ့ အပြင်စည်း အကြီးအကဲ တစ်ယောက်က အရိုအသေ ပေးလိုက်ပါတယ်။
ဇောင်ဝူကျိက ဘာမှ ပြန်မပြောတော့ပဲ အဆင့်၄ မိစ္ဆာသားရဲ၂ကောင်ဆီကို အရှိန်မြင့်ပြီး ဦးတည် သွားလိုက် ပါတော့တယ်။
ဘုန်း ဘုန်း ...
ထူထပ်လှတဲ့ အမှောင်ထုထဲမှာတော့ အနီရောင် အလင်းတန်းကြီး တစ်ခုက ကောင်းကင်သို့ တိုင်အောင် ထွန်းလင်း နေပါတယ်။ ဒီစူးရှတဲ့ အလင်းတန်းကြီးက တိုက်ပွဲမြေပြင် တစ်ခုလုံးကို နေ့ခင်းအလား ထိန်လင်း သွားစေပါတယ်။ အားလုံးက ကောင်းကင်ကို မော့ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ အနီရောင် အလင်းတန်းကြီးရဲ့ အလယ် လေထုထဲမှာ မတ်တတ် ရပ်နေသည့် စစ်နတ်ဘုရား တစ်ပါးအား တွေ့လိုက် ရပါတယ်။ ဟုတ်ပါတယ်။ အဲဒီသူကတော့ ဇောင်ဝူကျိပါပဲ။
"ဝိုး... ဒါက ကောင်းကင် နယ်ပယ်က ပညာရှင် တစ်ယောက်ရဲ့ အစွမ်းပဲလား” လီဖူချန်းက အားကျသည့် လေသံဖြင့် ပြောလိုက်ပါတယ်။
ချီအတွင်းအားကို သုံးပြီး လေထဲမှာ မတ်တတ် ရပ်နေနိုင်တယ်။ ကောင်းကင် တစ်ခုလုံးကို ထိန်လင်း သွားစေတယ်။ အဆင့်၄မိစ္ဆာ နှစ်ကောင်ကို တစ်ယောက်တည်းနဲ့ အသာအယာ တိုက်ခိုက် နိုင်တယ်။ ဒီဂုဏ်သတ္တိထူးတွေဟာ အားလုံးရဲ့ စိတ်နှလုံးထဲမှာ ကျန်နေခဲ့တော့မှာ အသေအချာ ပါပဲလေ။
ဇောင်ဝူကျိက မိစ္ဆာသားရဲ နှစ်ကောင်ကို ဟိုးအဝေး လူသူကင်းမဲ့ရာ နေရာကို မျှားခေါ် သွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့ တိုက်ခိုက်မှုက တိုက်ပွဲမြေပြင်က အဆင့်နိမ့် ပညာရှင်တွေကို ထိခိုက်နိုင်စွမ်း ရှိလို့ပါပဲ။ မကြာမီမှာပဲ တိုက်ခိုက်နေသံတွေက တဖြည်းဖြည်း ဝေးလို့ သွားခဲ့ပါပြီ။ တစ်ချက် တစ်ချက်မှာတော့ မိုးထစ်ချုန်း သံကြီးတွေက ကြားနေရဆဲပါပဲ။
"သတ်ဟေ့”
အဆင့်၄ မိစ္ဆာသားရဲတွေရဲ့ အန္တရာယ် မရှိတော့တဲ့အတွက် လူတွေ အားလုံးက တိုက်ပွဲ ဝင်ချင်စိတ်တွေ ပြန်လည် နိုးထလို့ လာခဲ့ပါပြီ။
သူတို့ရဲ့ ရဲစွမ်းသတ္တိတွေက ပိုပြီး တောက်ပြောင် လာသလို သတ်ဖြတ်နိုင်စွမ်းတွေ ကလည်း အရင်ကထက်ကို ပိုပြီး များလာပါတယ်။
ကောင်းကင်နယ်ပယ် ပညာရှင် ပေါ်ပေါက်လာမှုက သူတို့ကို စိတ်အားတက်ကြွ လာစေခဲ့တဲ့အပြင် ဒီတိုက်ပွဲကို လူသားတွေကပဲ နိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုတွေကို ဖြစ်ထွန်း လာစေခဲ့ပါတယ်။
လီဖူချန်းကတော့ မိစ္ဆာသားရဲတွေရဲ့ အရေအတွက် ကျဆင်း လာတာကို သတိပြုမိ လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူလက သူ့ကို မိစ္ဆာသားရဲ ၃ကောင် ဝိုင်းတိုက်ခိုက် နေရာကနေ အခုတော့ ၂ကောင်သာ တိုက်ခိုက် နေတော့လို့ပါပဲ။
“မိစ္ဆာသားရဲတွေ နည်းလာပြီဟေ့။ ဟားဟား ... မိစ္ဆာအုပ်တွေ မကြာခင် ကုန်တော့မယ်ဟ”
ပညာရှင် အများအပြား ကလည်း ဒီအချက်ကို သတိပြုမိလိုက်တဲ့ အတွက် အားရပါးရကို အော်ရယ် နေကြပါပြီလေ။
တိုက်ပွဲမြေပြင် တစ်ခုလုံးမှာ သေနေတဲ့ မိစ္ဆာသားရဲ အလောင်းတွေကလည်း သောင်းနဲ့ကို ချီနေပါပြီ။
ဒီသောင်းနဲ့ချီတဲ့ မိစ္ဆာသားရဲ အလောင်းတွေကနေ မိစ္ဆာအမြုတေ ထောင်ပိုင်းလောက် ရမယ် ဆိုတာကိုလည်း သူတို့တွေက ကြိုသိနေကြပါတယ်။ တကယ်လို့ လူတစ်ယောက်က အဆင့်၂မိစ္ဆာ အမြုတေတွေသာ ရသွားခဲ့မယ် ဆိုရင်တော့ ကျင့်ကြံခြင်း အလုပ်ကို ၂နှစ်လောက် အေးအေးဆေးဆေး ကျင့်နေနိုင်ပြီလေ။
ဘယ်လိုပဲဖြစ်ဖြစ် အဆင့်၂အနိမ့်စား မိစ္ဆာအမြုတေ တစ်ခုကတောင် ရွှေပြား ၁၀၀၀၀ လောက် တန်သည် မဟုတ်ပါလား။
အဆင့်၂ အလယ်အလတ်စား မိစ္ဆာအမြုတေ ဆိုရင်တော့ ရွှေပြား ၂၀၀၀ တောင် တန်သည်လေ။
အဆင့်၂ အကောင်းစား အမြုတေဆိုရင်တော့ ရွှေပြား၄၀၀၀၀ လောက်နဲ့တောင် ရောင်းလို့ ရနိုင်ပါတယ်။
ဒါက အဆင့်၂ အမြုတေတွေပဲ ရှိပါသေးတယ်။ မျိုးစပ်မိစ္ဆာ အမြုတေတွေ ဆိုရင်တော့ တန်ဖိုးက သက်ဆိုင်ရာ အမျိုးအစားကို လိုက်ပြီး ၅ဆလောက် တက်သွား နိုင်ပါသေးတယ်။
ထပ်ပေါင်း ပြောရမယ် ဆိုရင်တော့ မိစ္ဆာသားရဲ အစိတ်အပိုင်းတွေကလည်း ဈေးရ ပါသေးတယ်။ အရေပြားတွေက ချပ်ဝတ်တန်ဆာ လုပ်တဲ့အခါမှာ အသုံးဝင်သလို လက်သည်းတွေ၊ အစွယ်တွေ၊ အရိုးတွေက အလှအပ ပစ္စည်းတွေ အဖြစ် အသုံးပြုလို့ ရပါတယ်။ တချို့ မိစ္ဆာတွေရဲ့ သွေးတွေဆို ဆေးဖော်စပ်ရာ မှာတောင် အသုံးဝင် ပါသေးတယ်။
အတိုချုံး ပြောရမယ်ဆိုရင် မိစ္ဆာသားရဲတွေက တစ်ကိုယ်လုံး အသုံးဝင်ပါတယ်။
***