အခန်း ၁၁၀
Vol. 8 Ch. 110
မိစ္ဆာအမြုတေကို လက်လွှတ်လိုက်စမ်း။
မနက်မိုးသောက် အလင်းရောက်တဲ့ အချိန်မှာတော့ ဇောင်ဝူကျိက ပြုံးပျော်နေတဲ့ မျက်နှာနဲ့ ပြန်လာခဲ့ပါတယ်။
အဆင့်၄ မိစ္ဆာသားရဲ နှစ်ကောင်စလုံးမှာ မိစ္ဆာအမြုတေတွေ ပါလာမယ်လို့ သူ မထင်ထားခဲ့ဘူးလေ။ အဆင့်၄မိစ္ဆာ အမြုတေ တစ်ခုဆိုတာ အနည်းဆုံးတော့ ရွှေပြား ၁၅၀၀၀၀၀၀ တန်တယ်လေ။
ဒါက လုံးဝ ရတနာသိုက်ပေါ်မှာ ဖင်ခုထိုင်မိတဲ့ အဖြစ်မျိုးပါပဲ။ သူ နှစ်ပေါင်းများစွာ ရှာဖွေ စုဆောင်းခဲ့တာမှ ရွှေပြား တစ်သန်း သာသာလောက်ပဲ ရှိတာလေ။ အခုတော့ တစ်ချီတည်းနဲ့ ပွပေါက် တိုးခဲ့ပါပြီ။
“ငါနောက် ဘယ်အချိန်မှာမှ ဒီလိုအဆင့်၄ မိစ္ဆာအမြုတေ ပြန်ရနိုင်မလဲ ဆိုတာ ဘယ်သူမှ သိနိုင်မယ် မထင်ဘူး”
ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ ဇောင်ဝူကျိက သူ ကံကောင်းခဲ့တာကိုပဲ ဂုဏ်ယူလို့မဆုံး ဖြစ်နေပါတယ်။
စိတ်ကူးတွေတောင် အားရပါးရ ယဉ်လိုက် ပါသေးတယ်။
ဒီတစ်ကြိမ်က တကယ်ကို လုံးဝ ကံကောင်းခဲ့တာပါ။ အဆင့်၄ မိစ္ဆာ အမြုတေတွေက အတော်ကို ရှားလွန်းတယ်လေ။ အဆင့်၄ မိစ္ဆာသားရဲ အကောင် ၁၀၀မှာတောင်မှ မိစ္ဆာအမြုတေ တစ်ခု ရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ပီတိတွေ အရမ်း ဝေဖြာနေတဲ့ ဇောင်ဝူကျိ တစ်ယောက် အပြန်လမ်းမှာ သူတွေ့သမျှ မိစ္ဆာသားရဲတွေ ကိုတောင် ကူပြီး သတ်ပေးခဲ့ပါသေးတယ်။ သူ့ရဲ့ အဆင့်အတန်းနဲ့ ဆိုရင် ဒီလို အဆင့်နိမ့် သားရဲတွေကို သတ်ပေးစရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့ သူက အရမ်းကို အူမြူး နေတာလေ။ သူလက်တစ်ချက် လှုပ်လိုက်တာနဲ့ မိစ္ဆာသားရဲအုပ်ကြီး တစ်အုပ်က အသက်ပျောက် သွားပါတော့တယ်။
ဇောင်ဝူကျိရဲ့ အကူအညီကြောင့် မိစ္ဆာအုပ်ကြီးကို သတ်တာက မျှောင်လင့် ထားတာထက် ပိုမြန် သွားပါတယ်။ နေမင်းကြီးရဲ့ အလင်းရောင်က ကမ္ဘာမြေ တစ်ခုလုံးကို လွှမ်းခြုံ ထားလိုက်တဲ့ အချိန်မှာတော့ တိုက်ပွဲကြီးက ပြီးဆုံး သွားခဲ့ပါပြီ။
“အားလုံးပဲ နားထောင်ကြပါ။ မိစ္ဆာအုပ်ကြီးကို ခုခံနိုင်တာဟာ အားလုံးရဲ့ ပူးပေါင်း ကာကွယ်မှုကြောင့်ပဲ ဖြစ်တယ်။ ဒီတိုက်ပွဲက ရလာတဲ့ အကျိုးအမြတ်တွေက မင်းတို့ အတွက်ပဲ။ ဒါကြောင့် ရှာတွေ့သမျှ မိစ္ဆာအမြုတေတွေ အကုန်လုံးကို မင်းတို့ စိတ်ကြိုက် ယူနိုင်တယ်။ ဒါပေမဲ့ တစ်ခုကိုတော့ အားလုံး သတိပြု စေချင်တယ်။ အချင်းချင်း သတ်ဖြတ်တာတို့ သိုင်းလေ့ကျင့်လို့ မရအောင် သွေးကြောဖျက်ဆီး လိုက်တာ ကိုတော့ လုံးဝ ခွင့်မပြုထားပါဘူး။ ဒီတားမြစ် ထားတာကို ဖောက်ဖျက်တဲ့ သူတွေကတော့ အပြစ်ဒဏ် အကြီးကြီး ခံစားရလိမ့်မယ်”
ဇောင်ဝူကျိက မိစ္ဆာ သွေးသားရဲမြို့ရဲ့ မြို့ရိုးတံတိုင်း ပေါ်ကနေ ကြော်ငြာ လိုက်ပါတယ်။
“ကျေးဇူးပါ အကြီးအကဲ”
လူအုပ်ကြီးက တညီတညာတည်း အော်ပြောလိုက်ပြီး မိစ္ဆာအမြုတေ ရှာဖို့ စတင် လုပ်ဆောင် ကြပါတော့တယ်။
မြေကမ္ဘာအဆင့်က ပညာရှင်တွေ ကတော့ မြို့ရိုးတံတိုင်းတွေပေါ်ကို ပြန်တက် လာခဲ့ကြပါပြီ။ သူတို့က ဒီအမြုတေ ရှာဖွေပွဲကြီးကို ဝင်ပါဖို့ အစီအစဉ် မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဆင့်၃ မိစ္ဆာသားရဲတွေကို သတ်ဖြတ်တုန်းက သူတို့က အမြုတေတွေ ရခဲ့ပြီးပါပြီ။ အဆင့်၁ နဲ့ အဆင့်၂ မိစ္ဆာ အမြုတေတွေက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က လူတွေ အတွက်ပါပဲ။
“အကြီးအကဲဇောင်ကို ကြည့်ရတာ အရမ်းကို ပျော်နေသလို ပါပဲလား” ဇောင်ဝူကျိကို သိပုံရတဲ့ အပြင်စည်း အကြီးအကဲ တစ်ယောက်က စကားစ လိုက်ပါတယ်။
ဇောင်ဝူကျိ ကတော့ သူ့အတွက် အရာရာက လှပနေသလို ခံစား နေရတာလေ။
“ငါက ကံနည်းနည်း ကောင်းပြီး အဆင့်၄ အနိမ့်စား မိစ္ဆာအမြုတေ တစ်ခု ရခဲ့တယ်လေ”
“ဘယ်လို ... အဆင့်နိမ့် အဆင့်၄ မိစ္ဆာအမြုတေလား” အပြင်စည်း အကြီးအကဲက ပါးစပ် အဟောင်းသား ဖြစ်သွားပါတယ်။
ကျန်တဲ့ အပြင်စည်း အကြီးအကဲတွေနဲ့ အတွင်းစည်း ကြီးကြပ်ရေးမှူးတွေ အားလုံးကလည်း ကြက်သေသေ ကုန်ကြပါတယ်။
သူတို့တွေရဲ့ မျက်နှာတွေကို ကြည့်လိုက် ရတဲ့အခါမှာ ဇောင်ဝူကျိက ပိုပြီးတောင် ကျေနပ်လို့ သွားပါသေးတယ်။
“ဂုဏ်ယူပါတယ်ဗျာ အကြီးအကဲ ဇောင်ရေ။ ကျွန်တော်တို့ကို တစ်ဝိုင်းတော့ ကျွေးသင့်တယ်နော်”
“မှန်တာပေါ့။ အကြီးအကဲရဲ့ ကံကောင်းမှုကြီးက မိုးကောင်းကင်လောက် ကြီးကို မြင့်နေတာပဲ။ ကျွန်တော်တို့ကို တစ်ဝိုင်းတော့ တည်ခင်း ဧည့်ခံသင့်ပါတယ်”
ဇောင်ဝူကျိက အားရပါးရ ပြုံးလိုက်ပြီး
“ဒါပေါ့။ ဧည့်ခံ ရမှာပေါ့လေ။ ဒီလောက်လေး ကိုတော့ ငါက ကပ်စေးနှဲနေစရာ အကြောင်း မရှိပါဘူးကွာ။ ငါတို့အားလုံး ဂိုဏ်းကို ပြန်ရောက်တဲ့ အခါကျရင် ညစာတစ်ဝိုင်း ကျွေးမယ်ကွာ”
အပြင်လောကကြီးက ဂိုဏ်းတော်ထဲမှာလို မဟုတ်ပါဘူး။ ဂိုဏ်းတော်ထဲမှာ ရှိတဲ့ ရတနာ ငါးဟင်းတွေ ဈေးကြီးတဲ့ ဆေးမြစ်စုံ ဟင်းပေါင်းတွေက အပြင်လောကကြီးထဲမှာ ရဖို့ မဖြစ်နိုင်ဘူးလေ။
လီဖူချန်းနဲ့ ကျန်တဲ့သူတွေကတော့ မိစ္ဆာအမြုတေ ရှာတော်မူခန်း စနေကျပါပြီ။ သူတို့က မိစ္ဆာသားရဲတွေရဲ့ ရင်တွေ၊ ဦးခေါင်းတွေကို ခွဲပြီး မိစ္ဆာအမြုတေ ရှိလိုရှိငြား ရှာဖွေနေကြပါတယ်။
လီဖူချန်းကတော့ အဆင့်၁ မိစ္ဆာသားရဲ အလောင်းကောင်တွေကို မျက်စိထဲကို ထည့်မထားပါဘူး။ သူ့ရဲ့ပစ်မှတ်က အဆင့်၂မိစ္ဆာသားရဲတွေရဲ့ ရုပ်အလောင်းတွေပါ။
“ဟား ဟား … အဆင့်၂ အလယ် အလတ်တန်းစား မိစ္ဆာအမြုတေကွ”
လူတစ်ယောက်ကတော့ ကံအတော်လေး ကောင်းပုံပါပဲ။ သူ မိစ္ဆာအမြုတေ ရသွားတာကို အော်ကြီး ဟစ်ကျယ်နဲ့ ကြွားဝါ နေပါတယ်။
သူ့အဖြစ်ကို ကြည့်ရင်း ကျန်တဲ့သူတွေကလည်း အားကျမခံ မိစ္ဆာအမြုတေကို ရှာကြပါတော့တယ်။
လီဖူချန်းကတော့ သူများတွေလို ပင်ပန်းတကြီးနဲ့ မိစ္ဆာသားရဲတွေကို ဓားနဲ့ခွဲပြီး ရှာစရာ မလိုပါဘူး။ သိတယ်မလား သူ့မှာရှိတဲ့ စိတ်ဝိညာဉ် အစွမ်းလေ။ သတ္တု ရှာဖွေတုန်းက တစ်ခါ၊ ငါးမျှားတုန်းက တစ်ခါ သုံးခဲ့ဖူးတဲ့ဟာလေ။ ဟုတ်ပါတယ် စိတ်အာရုံ အသိဝိညာဉ် ဖြန့်ကြက် နိုင်စွမ်းပါပဲ။
သူ့ရဲ့ စိတ်အာရုံ အသိဝိညာဉ် ဖြန့်ကြက် နိုင်စွမ်းကြောင့် လီဖူချန်းက မိစ္ဆာအမြုတေ ရှိမရှိကို အလွယ်တကူပဲ သိနိုင်ပါတယ်။
သူက သူ့ရဲ့လက်ဖဝါးကို မိစ္ဆာသားရဲ အလောင်းကောင်ပေါ်ကို အသာအယာ ဖိလိုက်ပြီး အသိစိတ်အာရုံကို ထည့်လိုက်ရုံပါပဲ။
အသက်ရှူချိန် ၂ခါစာလောက်မှာပဲ သူက မိစ္ဆာအမြုတေ ရှိမရှိဆိုတာကို သိရှိနိုင်တယ်လေ။
ဒီအားသာချက်ကြီးက သူ့ကို တခြားသူတွေထက် ပိုပြီး အမြုတေ ရှာဖွေရာမှာ မြန်ဆန်စေပါတယ်။ တစ်နာရီ အတွင်းမှာပဲ လီဖူချန်းက အဆင့်၂ မိစ္ဆာ အမြုတေ၃ခုကို ရှာဖွေ သိမ်းဆည်း မိသွားပါပြီ။
အဲဒီထဲက တစ်ခုက အလယ် အလတ်တန်းစားတောင် ဖြစ်နေ ပါသေးတယ်။
“ဟင် ... ဒီဟာက ကြည့်ရတာ အဆင့်၂ ထိပ်တန်း မျိုးစပ်သားရဲ ရွှေမွေးဝက်ဝံ ထင်တယ်”
မိစ္ဆာသားရဲ အလောင်းပုံကြီးရဲ့ တစ်နေရာမှာတော့ လီဖူချန်းက ရွှေရောင် သားမွေးတွေပါတဲ့ ဝက်ဝံမျိုးနွယ်ဝင် မိစ္ဆာသားရဲ တစ်ကောင်ကို သတိပြုမိ လိုက်ပါတယ်။
အနားကို ရောက်သွားတဲ့ အချိန်မှာတော့ လီဖူချန်းရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့ပါပြီ။ ဒီရွှေမွေးဝက်ဝံရဲ့ ခန္ဓာကိုယ်ကို ဘယ်သူမှ မရှာရသေး ပုံပါပဲ။
“ဘယ်သူက ဒီမိစ္ဆာသားရဲကို သတ်ပြီးတော့ မိစ္ဆာအမြုတေ ရှိမရှိ မရှာသွားတာလဲ” လီဖူချန်းက လုံးဝ နားမလည်နိုင်ပဲ ဖြစ်နေပါတယ်။
“ကြည့်ရတာ ဒီသားရဲက အကြီးအကဲ ဇောင်ရဲ့ အတွင်းအား ပစ်ခတ်မှုကြောင့် သေသွားရပုံပဲ။ ဒီကောင်ကြီးက သူသေလို့ သေသွားမှန်း ပိုတောင် သိလိုက်ပုံ မရပါဘူး” လီဖူချန်းက စိတ်ဝိညာဉ် အာရုံနယ်ပယ် ကိုတောင် အသုံးမပြုတော့ပဲ ရွှေမွေးဝက်ဝံရဲ့ ရင်ကို တစ်ခါတည်းခွဲပြီး ရှာလိုက် ပါတော့တယ်။
ရွှေမွေးဝက်ဝံရဲ့ ခန္ဓာကိုယ်က အသက်ရှင်စဉ် တုန်းကလို မမာတော့တဲ့အတွက် လီဖူချန်းက အလွယ်တကူပဲ ခွဲလိုက်နိုင်ပါတယ်။
လီဖူချန်း တစ်ယောက် ကံကောင်း သွားခဲ့ပါပြီ။ နှလုံး ခုန်တာတောင် ရပ်သွားသလားလို့ လီဖူချန်း ခံစား ရလိုက်ပါတယ်။ အကြောင်းအရင်း ကတော့ ရွှေမွေးဝက်ဝံရဲ့ ညာဘက်ကျောက်ကပ် အောက်နားမှာ ရွှေဝါရောင် ဖျော့ဖျော့လေး လင်းနေတဲ့ မိစ္ဆာအမြုတေကို တွေ့လိုက်ရလို့ပါပဲ။ ဒီအမြုတေ လုံးလေးက အရမ်းကို သန့်စင်ပြီး လှပလွန်း ပါတယ်။
လီဖူချန်းက သူ့ရဲ့ ကျောက်စိမ်းနီ လက်ဝါးကို အသုံးပြုပြီး မိစ္ဆာအမြုတေကို ဆွဲငင် ယူလိုက်ပါတယ်။
“ဒီမိစ္ဆာ အမြုတေက အနည်းဆုံး ရွှေပြား၂၀၀၀၀၀ တော့ တန်မှာပဲ"
လီဖူချန်းရဲ့ မျက်နှာပေါ် မှာတော့ အပြုံးတစ်ခုက တွဲလွဲခိုလျက် ရှိနေပါပြီ။
သာမန် အဆင့်၂ ထိပ်တန်း အမြုတေ ဆိုရင်တော့ ရွှေပြား ၄၀၀၀၀ လောက် ရနိုင်တယ်လေ။ အခုဟာက မျိုးစပ်မိစ္ဆာသားရဲ အမြုတေ ဆိုတော့ သာမန်ဈေးထက် ၅ဆလောက် ပိုရမှာပါ။ လီဖူချန်း တစ်ယောက်ကတော့ ပွပေါက် တိုးပါပြီ။
“အိုး ... ကောင်းကင်ဘုံ။ ဒါကြီးက အဆင့်၂ထိပ်တန်း မျိုးစပ်မိစ္ဆာ အမြုတေမလား။ ကောင်းလိုက်တဲ့ ကံပါလားဟ”
လီဖူချန်းရဲ့ အနားမှာ ရှိနေတဲ့ မိုးပြာရောင် ဂိုဏ်းရဲ့ အတွင်းစည်း တပည့် တစ်ဦးက တအံ့တသြနဲ့ အာမေဍိတ် ရေရွတ် လိုက်ပါတယ်။
လီဖူချန်းက ရုတ်တရက်မို့ ကြောင်အ သွားခဲ့ပါတယ်။ သူက မိမိပိုင်ဆိုင်ထားတဲ့ တန်ဖိုးကြီး ပစ္စည်းကို ထုတ်မပြရဘူး ဆိုတဲ့ ကျင့်ကြံခြင်း လောက နိယာမကို မေ့သွားခဲ့တယ်လေ။ အခုတော့ မမျှော်လင့်ပဲ သူက ဖော်ပြ လိုက်မိပါပြီ။
လီဖူချန်းက ရွှေဝါရောင် မိစ္ဆာအမြုတေကို ကမန်းကတန်း သိမ်းဆည်း လိုက်ပေမဲ့လည်း လူအချို့ကတော့ မြင်သွားခဲ့ပါပြီ။ အဲဒီသူတွေထဲမှာ လီဖူချန်းနဲ့ မလှမ်းမကမ်းမှာ ရောက်နေတဲ့ လျိုဟောင်လုံ တစ်ယောက်လည်း ပါပါတယ်။ သူ့ရဲ့မျက်လုံးတွေက အရောင်တောက် သွားပြီး လီဖူချန်း အနားကို လေရဲ့အလျင်နဲ့ ရောက်လာ ပါတော့တယ်။
“လီဖူချန်း ... ငါမင်းကို အခွင့်အရေး တစ်ခုပေးမယ်။ အခုချက်ချင်း အဲဒီမိစ္ဆာ အမြုတေကို ငါ့လက်ထဲ အပ်စမ်း”
လျိုဟောင်လုံက မျက်နှာထား တင်းတင်းနဲ့ လီဖူချန်းကို အမိန့်ပေး လိုက်ပါတယ်။
လီဖူချန်းက မဆိုင်းမတွပင် ပြန်ပြော လိုက်ပါတယ်။
“ဘာလို့ အပ်ရမှာလဲ။ မင်းက ငါ့ပထွေးလား”
"ဘာဖြစ်လို့လဲ ဆိုတော့ မင်းမှာ ဒီရွှေရောင်မိစ္ဆာ အမြုတေကို ထိန်းသိမ်းနိုင်စွမ်း မရှိလို့ပဲ ခွေးမသားရ”
လျိုဟောင်လုံက အစောကြီးတည်းက လီဖူချန်းကို စောက်မြင်ကတ် နေခဲ့တာပါ။ သူက လီဖူချန်းကို ရန်ရှာဖို့ အခွင့်အရေး စောင့်နေတာ ကြာပါပြီ။ အခုတော့ အကွက်ကောင်းပါပဲ။ လီဖူချန်းကိုလည်း ရန်ရှာနိုင်မယ်။ မိစ္ဆာအမြုတေ ကိုလည်း ရမယ်။ လုံးဝ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။
လီဖူချန်းက မျက်နှာသေကြီးဖြင့် အေးစက်စက် ပြန်ပြော လိုက်ပါတယ်။
"အဲဒါဆိုရင် မင်းကျတော့ ထိန်းသိမ်း နိုင်တယ်ပေါ့”
လျိုဟောင်လုံရဲ့ မျက်နှာက လမိုက်ညကြီးလို မည်းပုပ်လို့ သွားခဲ့ပါပြီ။
“လီဖူချန်း... မင်းကို ဘယ်သူတွေ ကျောထောက် နောက်ခံ ပေးထားလို့ ဒီလောက်အထိ ခေါင်းမာနေသလဲ ဆိုတာတော့ ငါမသိဘူး။ ငါမင်းကို အကြံတစ်ခုတော့ ပေးလိုက်မယ်။ ငါနဲ့ထိပ်တိုက် တွေ့တယ် ဆိုတာက ကောင်းတဲ့အရာ တစ်ခုတော့ မဟုတ်ဘူးနော်။ ငါကမင်းကို ခွေးသေပုပ်ကောင် တစ်ကောင်လို ဖြစ်သွားအောင် သမလိုက်လို့ ရတယ် ဆိုတာကို မင်း ကောင်းကောင်းကြီး မှတ်ထား လိုက်ဦး"
“ငါကတော့ ဘယ်သူက ခွေးသေပုပ်ကောင် ဖြစ်သွားမလဲ ဆိုတာကို အရမ်း သိချင်နေတယ်” လီဖူချန်းရဲ့ မျက်လုံးတွေက ဝင်းဝင်း တောက်လျက် ရှိနေပါပြီ။ သူက လျိုဟောင်လုံကို အနိုင် ယူနိုင်မလား ဆိုတာကို မသေချာပေမဲ့ ရှုံးမယ်လို့လည်း တထစ်ချ မယူဆထားပါ ဘူးလေ။
“ဟေ့ ဟိုမှာ ကြည့်စမ်း။ လျိုဟောင်လုံနဲ့ လီဖူချန်း ရန်ဖြစ်နေကြပြီ"
“ဒီ လီဖူချန်းကတော့ တကယ့် ပြဿနာအိုးပဲဟေ့။ သူ့ဟာသူ အပြင်စည်း ဂိုဏ်းသား ဘဝတုန်းက မာနကြီးတာက အကြောင်း မဟုတ်ဘူး။ သူက အတွင်းစည်း ဂိုဏ်းသား ဖြစ်လာတဲ့အထိ သူ့မာနကို မလျှော့ချနိုင်သေးဘူး။ လျိုဟောင်လုံက သူ့ထက် အဆင့်၂ ဆင့် မြင့်တယ် ဆိုတာကို မသိတာလား။ ဒါမှမဟုတ် အတွင်းစည်း ဂိုဏ်းသားတွေကို ဂရုမစိုက်တာလားဟ”
“ဒီလို ပါမွှားလေးက ဂိုဏ်းတူ အစ်ကိုလျိုကို ထိပ်တိုက် တွေ့ချင်နေတယ်။ ဒီကောင်ကတော့ ကိုယ့်သေတွင်း ကိုယ် တူးနေတာပဲ”
လျိုဟောင်လုံရဲ့ အဖွဲ့ထဲက အတွင်းစည်း တပည့် နှစ်ယောက်က လီဖူချန်းကို ကောင်းကောင်းကြီး ရှုတ်ချနေပါတယ်။
“မကောင်းတော့ဘူး။ လီဖူချန်းကတော့ ဆော်ခံရတော့မယ်”
ဂေါင်ချန်းရှန်နဲ့ ဝူကျင်မိန်တို့ကလည်း လီဖူချန်းနဲ့ လျိုဟောင်လုံတို့ မကျေမလည် ဖြစ်နေတာကို တွေ့နေရပါတယ်။ အထူးသဖြင့် ဂေါင်ချန်းရှန်က လီဖူချန်းကို အတော်လေး စိုးရိမ်နေတာပါ။ သူက ထိုနှစ်ယောက် ကြားထဲ ဝင်ပြီး ဖျန်ဖြေပေးဖို့ ဟန်ပြင် လိုက်ပါတယ်။
သို့ပေမဲ့ ဝူကျင်မိန်က ဂေါင်ချန်းရှန်ကို တားလိုက် ပါတယ်။
“အစ်ကိုဂေါင် နင်ဝင်မပါနဲ့။ နင်ဝင်ပါလို့ ဘာမှ ထူးလာမှာ မဟုတ်ဘူး။ အစ်ကိုလျိုရဲ့ ဒေါသတွေက နင့်အပေါ်ကို ပုံကျ လာလိမ့်မယ်။ ငါသွားပြီး ဖျန်ဖြေလိုက်မယ်”
ဝူကျင်မိန်ရဲ့ အတွေးကတော့ လျိုဟောင်လုံကို စိတ်လျှော့ခိုင်းလိုက်ပြီး လီဖူချန်းကို တောင်းပန်ခိုင်း လိုက်တာက အကောင်းဆုံး ဖြစ်မယ်လို့ ထင်ထားခဲ့တာပါ။ ဒီနည်းလမ်းက အနည်းငယ် အရှက်ရစရာ ကောင်းပေမဲ့ လူပုံအလယ်မှာ မရှုမလှ ဆော်ခံရတာထက် စာရင်တော့ မဆိုးတဲ့ အနေအထားမှာ ရှိပါတယ်။
ဒါပေမဲ့ လီဖူချန်းက အလျှော့ပေးဖို့ အစီအစဉ် မရှိပါဘူး။
“ကောင်းတယ်။ အရမ်း ကောင်းတယ်။ ဒီခွေးမသားက ငါ့ကို ထိပ်တိုက် တွေ့ချင်နေတာပဲ။ မင်းရဲ့ သွား ဘယ်နှချောင်းကျွတ်ပြီး အရိုး ဘယ်နှချောင်း ကျိုးမလဲ ဆိုတာကို ကြည့်ကြ သေးတာပေါ့”
လျိုဟောင်လုံက အကြီးအကျယ်ကို ဒေါသ ဖြစ်နေပါပြီ။
သူ့ရဲ့ လူသားနယ်ပယ် အဆင့်ခြောက် အတွင်းအားကော အဆင့်၁၁ ရှိနေပြီဖြစ်တဲ့ ဆန်းကြယ် ကျောက်စိမ်းအရိပ် ပညာရပ်ကိုပါ ထုတ်ဖော် အသုံးပြု လိုက်ပါတယ်။ ပြောရမယ်ဆိုရင် လီဖူချန်းကို လုံးဝ မညှာမတာ သမတော့ မှာပါ။
လျိုဟောင်လုံ သူ့ဓားချက်ကို ထုတ်လိုက်ပါပြီ။ ဓားရိပ်တွေက ပတ်ဝန်းကျင် တစ်ခုလုံးမှာ လင်းလက် သွားသည့်အပြင် မိုးခြိမ်းသံတွေပါ ထွက်လာ ပါသေးတယ်။
ဒါကတော့ ဆန်းကြယ် အဆင့်နိမ့်ဓားသိုင်း ဖြစ်တဲ့ မိုးကြိုးဓားသိုင်း ဖြစ်ပါတယ်။
***