← Chapters

ဇမ္ဗူတစ်လူ

Vol. 8 Ch. 111

ဇမ္ဗူတစ်လူ

Vol. 8 Ch. 111

"လျိုဟောင်လုံ ... တခြားလူတွေကတော့ မင်းကို ကြောက်ရင် ကြောက်မယ်။ ငါကတော့ မင်းကို ဂရုကို မစိုက်တာကွာ။ ရှင်းလား။ ဒီနေ့ မင်းနဲ့ငါ ဘယ်သူက ခွေးသေပုပ်လဲ ဆိုတာ ကြည့်ကြ သေးတာပေါ့"

လီဖူချန်းရဲ့ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်နေပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ အဆင့်၁၃ရှိတဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက်     ပညာရပ်ကို အစွမ်းကုန် ထုတ်သုံး ထားလို့ပါပဲ။

နောက်ထပ် သူ့ရဲ့ ၁၅၀၀၀ ကီလိုဂရမ် အားရှိတဲ့ ခန္ဓာကိုယ် အပြင်အားကိုလည်း ထုတ်လိုက် ပါသေးတယ်။ လျိုဟောင်လုံက ပြိုင်ဘက်ကင်း စာရင်းဝင် ဖြစ်တဲ့အပြင် သူ့ထက် အဆင့်၂ဆင့် မြင့်နေတာလေ။ သူ့အစွမ်းတွေကို မခြွင်းမချန် ထုတ်ပါမှ လီဖူချန်း တစ်ယောက် သက်သာရာ ရမှာပါ။

လီဖူချန်းရဲ့ ခန္ဓာကိုယ်က လျိုဟောင်လုံကို ထိပ်တိုက် ရင်ဆိုင်ဖို့ ပြေးထွက် သွားခဲ့ပါပြီ။ သူ့လက်ထဲက ဓားကတော့ ထူးဆန်းတဲ့ အနေအထားနဲ့ လျိုဟောင်လုံကို ချိန်ထားပါတယ်။ ထို့နောက်မှာတော့ မျက်စိတစ်မှိတ် အတွင်း ဓားရောင်တွေ တောက်ပ လာပြီး ဓားက အမြင့်ဆုံး အရှိန်ဖြင့် လျိုဟောင်လုံဆီကို တိုးဝင် သွားပါတယ်။

ဒါကတော့ လီဖူချန်းရဲ့ လက်ရှိ တိုက်တိုင်းအောင် ဓားကွက်ဖြစ်တဲ့  "ကြယ်ပျံ ဓားသိုင်း”ပါပဲ။

အနက်ရောင် သံသေဓား နှစ်လက်...  တစ်လက်က မိုးကြိုးသွားလို၊ နောက်တစ်လက်က ကြယ်ပျံ တစ်စင်းလို။ သူတို့တွေက ထိပ်တိုက် ရင်ဆိုင် လိုက်ကြပါပြီ။

ထန် …

ဓားနှစ်လက် ထိပ်တိုက် တွေ့မိလိုက်လို့ ထွက်လာတဲ့ သတ္တုသံက လူတွေရဲ့ နားထဲကို စူးရှစွာ တိုးဝင် လာပါတယ်။ မြေပြင်ပေါ်မှာ ရှိနေတဲ့ ဖုန်တွေ၊ သဲတွေ၊ သစ်ရွက်ခြောက်တွေ ကလည်း  လွင့်ပျံလို့ နေခဲ့ပါပြီ။

တိုက်ခိုက်နေကြတဲ့ လူနှစ်ယောက် ကိုလည်း သေချာကို မမြင်ရတော့ပါဘူး။ တထောင်းထောင်း ထနေတဲ့ ဖုန်မှုန့်တွေ ကြားမှာတော့ အနီရောင် အလင်းနဲ့ အစိမ်းရောင် အလင်းတန်းတွေ ထွက်နေတဲ့ လူရိပ်နှစ်ရိပ်က  သဲသဲမဲမဲ တိုက်ခိုက် နေကြဆဲပါပဲ။ တစ်ချက် တစ်ချက် ထွက်လာတဲ့ မီးပွင့်လေးတွေ ကလည်း တရုတ် မီးထွန်းပွဲတော်မှာ ဖောက်လိုက်တဲ့    မီးရှူး မီးပန်းလေးတွေ လိုပါပဲ။ ကြည့်ရတာတောင် မျက်စိပသာဒ ရှိလှပါတယ်။

ဝုန်း ...

အသံကြီးနှင့်အတူ လူရိပ်နှစ်ရိပ်က နောက်ဆုတ် လိုက်ကြပါတယ်။ လူရိပ် နှစ်ရိပ်စလုံးက တစ်ယောက်ကို ခြေ ၈လှမ်းစီ အတိအကျ ဆုတ်လိုက် တာပါ။

“လီဖူချန်းက လျိုဟောင်လုံရဲ့ အစွမ်းကုန် ထုတ်သုံး ထားတဲ့ ဓားချက်ကို   ခုခံနိုင်တာလား”

ဘေးနားမှာ ရပ်ကြည့်နေတဲ့ ဝူကျင်မိန် တစ်ယောက်ကတော့ သူ့မျက်လုံး ကိုတောင်  မယုံနိုင် ဖြစ်နေပါတယ်။

လျိုဟောင်လုံ ဆိုတာ အတွင်းစည်း ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း စာရင်းဝင် ဖြစ်တဲ့အပြင် လီဖူချန်းထက်လည်း အဆင့်၂ဆင့် မြင့်တယ်လေ။ အရင် တစ်ခေါက်တုန်းက  လီဖူချန်းက ယူဝူရှန်းကို နိုင်ခဲ့တယ် ဆိုတာ သူတို့ရဲ့ ကျင့်ကြံခြင်း နယ်ပယ်က အတူတူနီးပါး ဖြစ်နေလို့ မဟုတ်ပါလား။ လီဖူချန်းသာ လူသား နယ်ပယ် အဆင့်၇ဆိုရင် ယုဝူရှန်းကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။

“အား ... ဒီကောင်က ဘာကြီးလဲ။ နတ်မိစ္ဆာဝင်ပူး ထားတာလား” ဂေါင်ချန်းရှန် တစ်ယောက် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက် ထုတ်လိုက် လုပ်နေရပါတယ်။

“စိတ်ဝင်စားစရာ ပါလား။ ဒီ မောင်လေးလီက ငါ ထင်ထားတာထက်ကို ပိုပြီး   အစွမ်း ထက်တာပဲ” ချန်ဖန်းဟွာက တိုက်ပွဲ အစအဆုံးကို လုံးဝ မမှိတ်မသုန် စောင့်ကြည့် နေခဲ့တာလေ။

“ဒီစွမ်းအားက လျိုဟောင်လုံကို ယှဉ်တိုက် နိုင်တာလား”

ဇောင်မင်းယွီက အလွန် အံ့အားသင့် နေခဲ့ပါပြီ။ ထို့နောက်မှာတော့ သူမရဲ့ မျက်လုံးတွေက အံ့အားသင့်နေတဲ့ ပုံကနေ ထူးဆန်းတဲ့ အရောင်တွေ တောက်ပ လာသလိုပါပဲ။

(အင်း... ဒီကျင့်ကြံခြင်း လောကမှာ သူရဲကောင်းကို မနှစ်သက်တဲ့ မိန်းကလေး ဘယ်နှယောက် ရှိမှာမို့လို့လဲလေ။ စွမ်းအားကြီးတဲ့ သူရဲကောင်းနဲ့ နတ်မိမယ်ဆိုတာ လိုက်ဖက်လှတဲ့ အရာပဲ မဟုတ်ပါလား)

“ဂိုဏ်းတူ အစ်ကိုလျိုက သူ့ဓားချက်ထဲမှာ အားအကုန် မထည့်ထားဘူး ထင်တယ်။ ဟုတ်တယ် မလား။ မဟုတ်လို့ကတော့ ဒီလီဖူချန်းက ဘယ်လိုလုပ် ဂိုဏ်းတူ အစ်ကိုလျိုရဲ့ ဓားချက်ကို ခုခံနိုင်မှာလဲ”

လီဖူချန်းကို အစောတုန်းက ပြစ်တင် ရှုတ်ချခဲ့တဲ့ အတွင်းစည်း တပည့် နှစ်ယောက်ကတော့ ကြောက်လန့် တုန်လှုပ်နေပါပြီ။

“မျိုးမစစ်ကောင်... ခွေးမသား ... သေစမ်းကွာ”

ထိုအခိုက်မှာပဲ လျိုဟောင်လုံက အရှေ့ကို ခုန်ထွက်လာပြီး လီဖူချန်းကို ဆက်တိုက် ထိုးခုတ် တိုက်ခိုက် နေပါတယ်။

ချွင် ချွင်   ထန်   ထန်

စိတ်မကောင်း စရာပါပဲ။ လီဖူချန်းရဲ့ ကြယ်ပျံ ဓားသိုင်းက သူ့ပြိုင်ဘက်ရဲ့ ဓားသိုင်းထက်ကို ကြမ်းတမ်း နေပါတယ်။ သူ့ရဲ့ အတွင်းအား ထိန်းချုပ်ပုံက အပိုအလိုမရှိ တိကျလွန်းပြီး “ကြယ်ကြွေ”ကလည်း သေသပ်လွန်း ပါတယ်။ လီဖူချန်းက လျိုဟောင်လုံရဲ့ ဓားချက်တွေကို ခုခံကာကွယ် နိုင်ရုံမက သူ့ဓားက တစ်ချက် တစ်ချက်မှာ လျိုဟောင်လုံရဲ့ ဟာကွက်တွေထဲကို တိုးဝင် နေပါသေးတယ်။ လျိုဟောင်လုံရဲ့ မိုးကြိုး ဓားသိုင်းကတော့ လီဖူချန်းကို ပြန်မလှန် နိုင်တော့ပါဘူး။

ဥပမာတစ်ခု ပေးရမယ်ဆိုရင် ဒေါသတကြီး မာန်စောင်နေတဲ့ မြွေတစ်ကောင်ရဲ့ ခေါင်းမှာ သံတစ်ချောင်း ရိုက်ထည့် ထားလိုက် သလိုပါပဲ။ မြွေက ဘယ်လောက် ဒေါမာန်ဟုန် အပြည့်နဲ့ ရုန်းထဖို့ ကြိုးစားပေမဲ့လည်း  သံချောင်းက ချက်ကောင်းမှာ ရှိနေပါပြီ။ ပြန်လှန်နိုင်စရာ အကြောင်း မရှိတော့ပါဘူး။

လျိုဟောင်လုံရဲ့ မျက်နှာကြီး ကတော့ သပြေသီးမှည့်လို နီရဲရှုံ့တွလို့ နေပါပြီ “လီဖူချန်း ... မျိုးမစစ်ကောင်… ခွေးမသား … ခွေးမျိုး။ မင်းလို စိတ်တန်ခိုး နယ်ပယ် အဆင့်၄မှာပဲ ရှိတဲ့  မျိုးမစစ်ကောင်က ဘယ်လိုလုပ် ငါ့ရဲ့ မိုးကြိုးဓားသိုင်းကို ခုခံနေနိုင်တာလဲ။ မင်း… ကလိမ်ကျစ် တစ်ခုခု လုပ်ထားတာ မဟုတ်လား”

(မြန်မာဘာသာပြန်သူ -  wait  ... what စောက်ရူး လျိုဟောင်လုံ မနိုင်တာနဲ့ ပတ်ဆဲနေလို့ ရလား။)

“ဆဲစမ်း။ ဆဲလေ ... စောက်ခွေးသား လျိုဟောင်လုံ။ မင်းရဲ့ ဝဲစွဲနေတဲ့ စောက်ပါးစပ်ပုပ်ကြီးက ဆဲတာကလွဲပြီး ဘာလုပ် နိုင်သေးလို့လဲ”

လျိုဟောင်လုံရဲ့ စကားတိုင်းမှာ ပါလာတဲ့ စောက်... တွေရယ်၊ မျိုးမစစ်ရယ် ဆိုတာက လီဖူချန်းရဲ့ ဒေါသကို အကြီးအကျယ် ထွက်လာ စေခဲ့ပါတယ်။ သူက အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် လူပုံအလည်မှာ လျိုဟောင်လုံရဲ့ စောက်ခွက်ကို တက်နင်းပြီး စိမ်ပြေနပြေ ထိုင်ဆဲမယ် လို့တောင် စဉ်းစား ထားပြီးပါပြီ။

၁၀ကွက် ... အကွက်၅၀ ... အကွက်၁၀၀  ...

သိပ်မကြာခင်မှာပဲ သူတို့ နှစ်ယောက် တိုက်ခိုက်နေတာက သိုင်းကွက်၁၀၀ ကျော် သွားခဲ့ပါပြီ။ ဒါပေမဲ့ တစ်ဖက်နဲ့တစ်ဖက် အနိုင်ရအောင် မတိုက်နိုင်သေးပါဘူး။ ချန်ဖန်းဟွာရဲ့ အမြင်မှာတော့ လီဖူချန်းက အနည်းငယ် အသာရ နေပါပြီ။

“လေ၊ မိုးကြိုး၊ လျှပ်စီး ... ပေါင်းစမ်း”

လျိုဟောင်လုံက မိုးကြိုးဓားသိုင်းရဲ့ အစွမ်းကို ကောင်းကောင်းကြီး ပြသနေပါပြီ။ သူက အစောကြီး ကတည်းက မိုးကြိုးဓားသိုင်းကို အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်အထိ လေ့ကျင့်ထားနိုင်သူ တစ်ယောက်ပါ။ ပြီးတော့ သူက ဒီဓားသိုင်း တတ်မြောက်ပြီး ကတည်းက ဘယ်သူ့ကိုမှ မရှုံးဖူးသေးပါဘူး။

“ဒါမျိုးကတော့ ဘယ်ရမလဲ”

လီဖုချန်းရဲ့ ကြယ်ပျံ ဓားသိုင်းကလည်း အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်မှာလေ။ ပြီးတော့ ဓားကွက်ရဲ့ ပြင်းထန်အားက လုံးဝ မှန်းဆလို့ မရတဲ့ အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့  ဒီဓားကွက်ကို တီထွင်ခဲ့တဲ့သူက တစ်ကွက်တည်းပဲ ထွင်ခဲ့လို့ပါ။ တစ်ကွက်တည်းပဲ ရှိတယ်ဆိုတာက ရှိသမျှ အစွမ်း အားလုံးကို ဒီတစ်ကွက်ထဲမှာ မြှုပ်နှံထားတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

လေပေါ်မှာတော့ အနီရောင် အလင်းတန်းကြီး တစ်ခုက လျိုဟောင်လုံရဲ့    မိုးကြိုးဓားသိုင်းကို ချေဖျက် လိုက်ပါပြီ။ သူ့ရဲ့ ဓားချက် သုံးချက်က လီဖုချန်းရဲ့ ဓားချက် တစ်ချက် အောက်မှာပဲ ဝပ်သွားခစား လိုက်ရပါတယ်။

အဘက်ဘက်မှာ ပြည့်စုံတယ် ဆိုတာဟာ ဒါပါပဲ။

လီဖူချန်းက အနည်းငယ် သူ အသာရလိုက်ပြီ ဆိုတာ သိတာနဲ့ ဒီအတိုင်း မနေနေပါဘူး။ သူ့ရဲ့ ခြေထောက်က အရိပ်မဲ့ ခြေသိုင်းကို သုံးပြီး လျိုဟောင်လုံကို ဆက်တိုက် ကန်ပစ် လိုက်ပါတယ်။ ကန်ချက် မြန်လွန်းလို့ အရိပ်တောင် မမြင်လိုက် ရသလိုပါပဲ။

လီဖူချန်းရဲ့ ကန်ချက်က လျိုဟောင်လုံရဲ့ အောက်ခြေကို အခြေမခိုင် ဖြစ်ပြီး ကိုယ်ဟန် အနေအထား ပျက်ပြား သွားစေခဲ့ပါတယ်။

ဒီကန်ချက်ထဲမှာ လေအရိပ်ငယ်ဖော့ပညာပါ ပေါင်းထည့် လိုက်မယ် ဆိုရင်တော့ ဒီထက်ပိုပြီး ကန်ချက်က ပြင်းထန် သွားမှာပါ။ ဒါပေမဲ့ လီဖူချန်းရဲ့ ရည်ရွယ်ချက်က လျိုဟောင်လုံကို ဒဏ်ရာရစေဖို့ မဟုတ်ပါဘူး။

ကိုယ်ဟန် အနေအထားကိုပဲ ပျက်သွား စေချင်တာပဲ။

ဇွပ် ...

လီဖူချန်းရဲ့ ဓားဖျားက အချိန်ကိုက်လေးပဲ လျိုဟောင်လုံရဲ့ ရင်ဘတ်ကို ထိုးစိုက်လိုက်ပါပြီ။ ပြောရမယ်ဆိုရင် လျိုဟောင်လုံက ကန်ချက်ကို အာရုံများနေတဲ့ အချိန်မှာ လီဖူချန်းရဲ့ဓားက အကာအကွယ် မဲ့နေတဲ့ ရင်ဘတ်ထဲကို မြွေတစ်ကောင်လို တိုးဝင် လာခဲ့တာပါလေ။

ဒါပေမဲ့ လီဖူချန်းရဲ့ ဓားက လျိုဟောင်လုံကို ဒုက္ခ မပေးနိုင်ခဲ့ပါဘူး။ လျိုဟောင်လုံက အဆင်၃မိစ္ဆာသားရဲ သားရေနဲ့ ပြုလုပ်ထားတဲ့ ကိုယ်ကျပ်အင်္ကျီကို အထဲမှာ တစ်ထပ်ခံပြီး ဝတ်ထား ခဲ့တယ်လေ။ ပြီးတော့ လီဖူချန်းရဲ့ ဓားကလည်း လျှပ်တစ်ပြက် ထိုးလိုက်တာ ဖြစ်တဲ့အတွက် အားက လိုအပ်တာထက်ကို နည်းနေ ပါသေးတယ်။

“သုံးရိပ်ဖြာ ဓားသိုင်း”

သူ့ဓားချက်က တစ်ဖက်လူကို ဒုက္ခမပေးနိုင်ဘူး ဆိုတာကို သိလိုက်တာနဲ့ လီဖူချန်း တစ်ယောက် လျိုဟောင်လုံကို စက်ဝိုင်း ပတ်ပတ်ပြီး တိုက်လိုက် ပါတယ်။ ဓားရိပ်၃ရိပ်က လျိုဟောင်လုံဆီကို ဝင်သွားပါပြီ။

“သွားစမ်း”

လျိုဟောင်လုံက အလျင်အမြန်ပဲ ဓားကို စက်ဝိုင်းသဖွယ် ဝှေ့ယမ်းကာ ခုခံ လိုက်ပါတယ်။ လေထုထဲမှာတော့ မိုးကြိုးမုန်တိုင်း တစ်ခုက ဖြစ်ပေါ်လာခဲ့ပါပြီ။

အဲဒါသည်ပင် လီဖူချန်း လိုချင်နေတဲ့အရာ ဖြစ်ပါတယ်။ သူက လျိုဟောင်လုံကို အဆက်မပြတ် ခုခံနေစေချင်တာပါ။

ဝှစ်...

လီဖူချန်းက မူလ နေရာကနေ ရိပ်ခနဲ ပျောက်သွားပြီး  လျိုဟောင်လုံရဲ့ ညာဘက်ခြမ်းမှာ တစ္ဆေ တစ်ကောင်လို ပြန်ပေါ် လာပါတယ်။

“ကြယ်ကြွေ”

အနီရောင် ဓားရိပ်ကြီးက ကော်ဇော်နီ တစ်ထည် ဖြန့်ကြက် လိုက်တဲ့အတိုင်း လျိုဟောင်လုံကို လွှမ်းခြုံ သွားပါတော့တယ်။

ဝေါ့ ...

ဒီဓားချက်က လျိုဟောင်လုံရဲ့ ချီအကာအကွယ်ကို ဖျက်ဆီး လိုက်နိုင်ရုံသာမက အဆင့်၃ မိစ္ဆာသားရဲသားရေ ကိုယ်ကျပ်အင်္ကျီရဲ့ ခံနိုင်ရည်ကိုပါ ကျော်လွန် သွားပါပြီ။ လျိုဟောင်လုံက သွေးစိမ်းရှင်ရှင် တစ်လုတ်မျှ အန်လိုက် ရပါတယ်။ ဒီအတိုင်း ဆိုရင်တော့ လျိုဟောင်လုံ တစ်ယောက် အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာ သေချာ သွားခဲ့ပါပြီ။

ကြယ်ပျံဓားသိုင်းရဲ့ တိုက်ခိုက်မှု အစွမ်းကတော့ တကယ် လက်ဖျား ခါရ လောက်ပါတယ်။ ဒီဓားသိုင်းက လျင်မြန်မှုမှာကော ပြင်းထန်မှုမှာပါ စံတင်နိုင်လောက် စရာပါပဲ။

ရွှပ်  … ရွှပ် … ရွှပ် …

လျိုဟောင်လုံ ဒဏ်ရာ ရသွားတာကို သိပေမဲ့ လီဖူချန်းက သူ့ဓားကွက်တွေကို မရုပ်သိမ်း သေးပါဘူး။ ဒီကောင်က သူ့ကို အကြိမ်ပေါင်းများစွာ ဆဲဆိုထားတာလေ ဘယ်လွယ်လွယ်နဲ့ လွှတ်ပေး လိုက်နိုင်မှာလဲ။ သူက အသက်ကို တစ်ဝကြီး ရှူပြီး ကြယ်ကြွေဓားကွက် သုံးကွက်တိတိ တစ်ဆက်တည်း ထုတ်ဖော် လိုက်ပါတယ်။ ဓားချက် နှစ်ချက်ကတော့ တစ်နေရာတည်းကိုပဲ ရည်ရွယ် ထားပါတယ်။

လျိုဟောင်လုံရဲ့ သားရဲ ကိုယ်ကျပ်အင်္ကျီ ပေါ်မှာကော၊ အရေပြား ပေါ်မှာကော အပေါက်တစ်ခု ဖြစ်သွားခဲ့ပါပြီ။ အဲဒါက လျိုဟောင်လုံကို ကြောက်ရွံ့ သွားစေပါတယ်။

ထန် …

လီဖူချန်းရဲ့ နောက်ထပ် ဓားချက် တစ်ချက်ကတော့ လျိုဟောင်လုံ လက်ထဲက ဓားကို မြေပေါ် ကျသွားစေခဲ့ပါတယ်။

“ပြောစမ်း ... အခု ဘယ်သူက ခွေးလဲ”

လီဖူချန်းက လျိုဟောင်လုံရဲ့ အရှေ့မှာ ရပ်ပြီး အေးစက်စက် အကြည့်နဲ့ စိုက်ကြည့် နေပါပြီ။

လျိုဟောင်လုံရဲ့ နောက်လိုက် အတွင်းစည်း တပည့် နှစ်ယောက်ကလည်း ကြက်သေသေ နေပါတယ်။ သူတို့က လျိုဟောင်လုံ ရှုံးနိမ့်သွားမယ်လို့ လုံးဝကို မထင်ထားခဲ့တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လျိုဟောင်လုံက အတွင်းစည်း ပြိုင်ဘက်ကင်း စာရင်းဝင် ဖြစ်တဲ့အပြင် လီဖူချန်းထက် အဆင့်၂ဆင့် မြင့်နေလို့ပါပဲ။

“လီဖူချန်း နိုင်သွားတာလား”

ဂေါင်ချန်းရှန်နဲ့ ဝူကျင်မိန်က တစ်ယောက်ကို တစ်ယောက် မျက်လုံးကြီး ပြူးပြီး စိုက်ကြည့် နေကြပါတယ်။ ဒီကိစ္စကြီးက မိုးပြိုကျလာတဲ့ အတိုင်းပါပဲလေ။

“အစ်မချန် ... ကြည့်စမ်းပါဦး။ လီဖူချန်း နိုင်သွားပြီရှင့်”

ဇောင်မင်းယွီရဲ့ ရွှန်းလဲ့နေတဲ့ မျက်ဝန်းထဲမှာတော့ အရမ်းကို ကျေနပ် ဝမ်းသာနေတဲ့ အရိပ်အယောင်တွေ ထွက်ပေါ် နေပါတယ်။ ဒါက သူမဘဝမှာ ပထမဆုံး လူတစ်ယောက်ကို အခုလို အားပေး ဖူးတာပါပဲ။ ပြီးတော့ လီဖူချန်းက သူမ စိတ်ဝင်စားတဲ့ ပထမဆုံး ယောက်ျားလေး တစ်ယောက် ဖြစ်လာခဲ့ပြီလေ။ ပြောရမယ်ဆိုရင် ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံရှိတဲ့ ယုဝူရှန်းကို တောင်မှ သူမက မျက်လုံး တစ်ချက် စွေကြည့်ခဲ့တာ မဟုတ်ပါဘူး။

သူမရဲ့ အမြင်မှာ ဆိုရင်တော့ ယုဝူရှန်းက ကောင်းကင် ပိုးနယ်ပယ်ကို ရောက်ဖို့ အခွင့်အရေး များနေတဲ့ လူငယ်တစ်ယောက် ဆိုတာထက် ဘာမှ ပိုထူးပြီး စိတ်ဝင်စားစရာ မရှိပါဘူး။ သူမက ကောင်းကင် ပိုးနယ်ပယ်မှာ ရောက်နေတဲ့ အတွင်းစည်း အကြီးအကဲခေါင်ချုပ်ရဲ့ မြေးမလေး ဖြစ်တဲ့အတွက် ကောင်းကင်ပိုး အဆင့်ကို ရောက်ဖို့ အခွင့်အရေးရှိတဲ့ ယုဝူရှန်းကို စိတ်မဝင်စားတာ ကလည်း ယုတ္ထိ ရှိပါတယ်လေ။

ယုဝူရှန်းက ပြန်လည် ဝင်စားခြင်း နယ်ပယ်အထိ ရောက်နိုင်မယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါပေမဲ့ အခုချိန်မှာတော့ ဇောင်မင်းယွီရဲ့ နှလုံးသားထဲမှာ မဟုတ်မခံ မိုက်ကန်းကန်း ကောင်လေး တစ်ယောက် တိတ်တခိုး ဝင်ရောက်နေပြီ ဆိုတာကို သူမ ကိုယ်တိုင်တောင် သတိပြုမိနိုင်မယ် မထင်ပါဘူးလေ။

တစ်ချက် ပြန်စဉ်းစား ကြည့်မယ် ဆိုရင်တော့ မိုးပြာရောင်ဂိုဏ်းလို ရှေးဟောင်း ဂိုဏ်းကြီး တစ်ခုကတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ်က ပညာရှင်တွေ ပေါ်ပေါက်လာဖို့ကို အားသွန်ခွန်စိုက် ကြိုးစားကြမှာပါပဲ။

ဘာဖြစ်လို့လဲ ဆိုတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်သွားပြီဆိုရင် မရောက်ဖူးသေးတဲ့ ကုန်းမြေတွေကို သွားရောက်နိုင်မှာ ဖြစ်နေလို့ပါပဲ။

“ဟုတ်တယ်။ နိုင်သွားပြီ။ ဒါကတကယ် အံ့သြစရာပဲ”

ချန်ဖန်းဟွာက သူမရဲ့ မေးဖျားလေးကို ပွတ်နေရင်းနဲ့ စဉ်းစားခန်း ဝင်နေပါတယ်။

“လီဖူချန်း ... မျိုးမစစ်တဲ့ ခွေးသား...။ တစ်နေ့ကျရင် ငါမင်းကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်ပြီး မင်း ပိုင်ဆိုင်တဲ့အရာ မှန်သမျှကို ဖျက်ဆီးပြမယ်။ ဟားဟား” လျိုဟောင်လုံက သွေးရူးသွေးတန်း ဖြစ်နေပါပြီ။

ဖြန်း ...

လီဖူချန်းက လျိုဟောင်လုံရဲ့ မျက်နှာကို မညှာမတာ ဖြတ်ရိုက် ပစ်လိုက်ပါတယ်။ လျိုဟောင်လုံက တစ်ပတ်ကို လည်ထွက် သွားတာပါ။

“မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့။ ငါဘယ်သူလဲ ဆိုတာ မင်းသိရဲ့လား” လျိုဟောင်လုံက အော်ဟစ် လိုက်ပါတယ်။

ဖြန်း......

လီဖူချန်းက နောက်ထပ် လက်ပြန်တစ်ချက် ကျွေးလိုက်ပြန်ပါပြီ။

ဖြန်း ဖြန်း  ဖုန်း  ဖုန်း ...

လီဖူချန်းက ရိုက်ရတာ အားမရလာဘူး ထင်ပါရဲ့။ လျိုဟောင်လုံကို စကားပြောခွင့်ကို မပေးတော့ပဲ နားရင်းတွေချည်း လိမ့်အုပ် နေပါတော့တယ်။

လျိုဟောင်လုံက စကားကို ပြန်မပြော ရဲတော့ပါဘူး။ သူ့မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုတွေက အထင်းသား ပေါ်နေပါပြီ။

မျက်နှာ တစ်ခုလုံးကလည်း ဖောရောင်နေပြီး ခေါင်းတစ်ခုလုံးလည်း လီဖူချန်းရဲ့ ရိုက်ချက်ကြောင့် ချာချာလည် နေပါပြီ။

“ဒါ ... ဒါကြီးက ...”

ဒီမြင်ကွင်းကို မြင်နေရတဲ့ လူတွေအားလုံးက အသံတစ်ချက်တောင် မထွက်နိုင်ပဲ လီဖူချန်းကို ကြောင်ကြည့် နေကြပါတယ်။

ဒီလောက် အညှာအတာ ကင်းမဲ့တဲ့ကောင်။

ဒီလောက် မိုက်ကန်းတဲ့ကောင်။

ဒီလောက် အကြောက်တရား ကင်းမဲ့တဲ့ကောင်။

အခုချိန်မှာတော့ လီဖူချန်းရဲ့ ဖြစ်တည်မှုက လျိုဟောင်လုံရဲ့ ပြိုင်ဘက်ကင်း စာရင်းဝင်ဆိုတဲ့ ဂုဏ်သိက္ခာကို ရစရာမရှိအောင် ရိုက်ချိုး ပစ်လိုက်ပါပြီ။ လျိုဟောင်လုံ တစ်ယောက်ကတော့ အတွင်းစည်း ဂိုဏ်းမှာ မျက်နှာပြရဲတဲ့ သတ္တိ ရှိပါဦးမလားပါပဲ။ ဒီကောင့်ရဲ့ သိက္ခာတွေကတော့ အတွင်းစည်း ဂိုဏ်းသားတွေရဲ့ တံတွေးခွက်ထဲမှာ မျောနေတော့မှာ အမှန်ပါပဲ။

“မကောင်းတော့ဘူး။ လီဖူချန်းက စည်းအရမ်း ကျော်သွားပြီ။ လျိုဟောင်လုံက ရှေးဟောင်း လျိုကလန်ရဲ့ သခင်လေးပဲ။ သူ့ရဲ့အဆင့်အတန်းက    လီဖူချန်းထက် အများကြီး ကြီးမြတ်တယ်” ဂေါင်ချန်းရှန်က  လျိုဟောင်လုံရဲ့ ဇာစ်မြစ်ကို ကောင်းကောင်းကြီး သိပါတယ်။ လျိုဟောင်လုံရဲ့ အနောက်မှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာကိုလည်း သူက ရိပ်မိနေပြီးသားပါ။ ဒါကြောင့် သူက လျိုဟောင်လုံရဲ့ စော်ကားမှုတွေကို ငြိမ်ခံနေခဲ့တာလေ။

“ဟင် စောက်ကလေး။ ဒီခွေးသားလေးက ဘယ်လိုသတ္တိနဲ့ ငါတို့ သခင်လေးကို စော်ကားရဲတာလဲ။ ဒီကောင်က သေသင့်နေပြီ။ ဘယ်သူမှ သူ့ကို ကယ်ဖို့ မစဉ်းစားနဲ့”

မီတာ ၁၀၀လောက် အကွာအဝေးကနေ အတွင်းစည်း လက်ထောက် ကြီးကြပ်ရေးမှူး နှစ်ယောက်က အော်ဟစ်ပြီး လီဖူချန်းဆီကို တစ်ရှိန်ထိုး ပြေးဝင် လာကြပါတယ်။

***

All Chapters