← Chapters

နောက်ဆုံး အခွင့်ရေးတစ်ခု ပေးမယ်

Vol. 68 Ch. 945

နောက်ဆုံး အခွင့်ရေးတစ်ခု ပေးမယ်

Vol. 68 Ch. 945

သူတို့မှာ အချိန်ကိုက် လှုပ်ရှားလိုက်ကြခြင်း ဖြစ်၏။ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် စတင်တော့မည်ဖြစ်ရာ လူတိုင်းမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေကြသည် မဟုတ်ပါလော။ ထိုကဲ့သို့ လှုပ်ရှားလိုက်သည့် ပါရမီရှင် ခုနစ်ယောက်စလုံးမှာလည်း အလွန်အင်မတန်မှ အစွမ်းထက်လှပေသည်။ သူတို့နှင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ ကြားတွင် ကွဲပြားခြားနားချက်များ ရှိနေလျှင်တောင် ကြီးကြီးမားမား မဟုတ်ပေ။

သို့သော် သူတို့မှာ ခရီးစဉ်တစ်လျှောက်လုံး၌ အင်အားချွေတာခဲ့ကြ၏။ ထို့အပြင် ထို ခုနစ်ယောက်စလုံးမှာ ဝမ်ပေါင်လဲ့ဆီမှ လှေလက်မှတ် ဝယ်ယူခဲ့ကြသူများလည်း ဖြစ်သည်။ သူတို့၏ အစွမ်းအစများနှင့် ဆိုလျှင် ထိုကဲ့သို့ လှေလက်မှတ် ဝယ်ယူခဲ့ခြင်း မရှိလျှင်တောင် ကိုယ့်အားကိုယ်ကိုးကာ အနက်ရောင်စက္ကူပင်လယ်ကြီးအား ဖြတ်သန်းနိုင်ခဲ့မည်သာ ဖြစ်သည်။

သို့သော် သူတို့မှာ တစ်လမ်းလုံး အင်အားချွေတာခဲ့ကြသည်ဖြစ်ရာ ယခုကဲ့သို့ လှုပ်ရှားလိုက်သည့် အချိန်တွင် သူတို့၏ စွမ်းဆောင်ရည်များမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေတော့သည်။ သို့ရာတွင် သူတို့သာလျှင် ထိုကဲ့သို့ ဉာဏ်ပြေးကြသည်တော့ မဟုတ်ပေ။ ပုံရိပ်ယောင် သလင်းကျောက် ပိုင်ဆိုင်ထားသည့် လူတိုင်းမှာလည်း အားသာချက်ကိုယ်စီ ပိုင်ဆိုင်ထားပြီးသား မဟုတ်ပါလော။ ထို ခုနစ်ယောက် ပစ်မှတ်ထားခဲ့သည့် လူများမှာ အားအနည်းဆုံးလူများ ဖြစ်နေသည့်တိုင်အောင် ထိုကဲ့သို့ ပစ်မှတ်ထားခံရသည့် ပါရမီရှင်များမှာလည်း သတိဝီရိယအပြည့် ရှိနေကြဆဲပင်။

ထို့ကြောင့် ထို ခုနစ်ယောက် စတင်လှုပ်ရှားလိုက်သည်နှင့် သူတို့၏ ပစ်မှတ်ခြောက်ယောက်မှာလည်း တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ချက်ချင်းထုတ်သုံးလိုက်ကြ၏။

ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူ့အား ပစ်မှတ်ထားနေသည့် ရန်သူမှာ သူသည် အချုပ်အနှောင်များအား တစ်ခုပြီးတစ်ခု ဆက်တိုက် ဖယ်ရှားပေးနေရသဖြင့် အားအနည်းဆုံး အနေအထားသို့ ရောက်နေလိမ့်မည်ဟု မှန်းဆထားသည့်ပုံပင်။ တစ်ချိန်ထဲမှာပင် လူတိုင်းမှာ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများ ပေါ်ပေါက်လာမှုကြောင့် စိတ်လှုပ်ရှားနေရသလို ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာလည်း သူ့အား ကူညီပေးနေသေးသည်ဖြစ်ရာ အရာအားလုံးမှာ အဆင်ပြေချောမွေ့နေသည့်ပုံ ပေါက်နေတော့သည်။ သို့ဖြစ်ရာ အကယ်၍ သူ၏ နေရာတွင် အခြားတစ်ယောက်ယောက်သာဆိုပါက အန္တရာယ်များနှင့် မလွဲမသွေ ကြုံတွေ့လိုက်ရမည်သာ ဖြစ်သည်။ ပညာရှိပုံစံ လူငယ်လေးပင်လျှင် ကျရှုံးသွားလောက်ပေသည်။

သို့သော်... ဝမ်ပေါင်လဲ့မှာ အားနည်းနေသည့်ပုံစံ ဟန်ဆောင်ထားခဲ့သည် မဟုတ်ပါလော။ ထို့အပြင် သူသည် တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများ ပေါ်ပေါက်လာမှုကြောင့်လည်း စိတ်လှုပ်တရှား ဖြစ်နေခြင်း မရှိပေ။ သူသည် ယခုလို ဖြစ်လာလိမ့်မည်ဟု ကြိုတင်မှန်းဆထားခဲ့ပြီးသား ဖြစ်သည်။ ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ အစွမ်းထက်သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ သတိဝီရိယအပြည့် ရှိနေရုံသာမက သူ့ကိုယ်သူ ယုံကြည်မှုလည်း ရှိနေ၏။

အခြားသူများ တတိယမြောက် အရည်အချင်းစမ်းသပ်ပွဲထဲသို့ ဝင်ရောက်ခွင့် မရှိလျှင်တောင် သူသည် သေချာပေါက် ဝင်ခွင့်ရမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဘေးတွင် လူပုံစံစက္ကူရုပ် ရှိနေသရွေ့ သူ လုံးဝ မကျရှုံးနိုင်သောကြောင့်ပင်။

ထို့ကြောင့် ထို ပါရမီရှင် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာသည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပသွား၏။

" ငါ ဒီကို ရောက်လာကတည်းက ဘယ်သူ့ကိုမှ မသတ်ပြရသေးလို့ မင်းတို့က ငါ့ကို စိတ်ရှိတိုင်း အနိုင်ကျင့်လို့ရမယ်လို့ ထင်နေကြတာလား " ဝမ်ပေါင်လဲ့ ထိုသို့ အော်မေးလိုက်သည်နှင့် သူ၏ နောက်တွင် နတ်ဆိုးမျက်လုံးကြီး ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ ၎င်းမှာ သူ့ဆီသို့ ဦးတည်လာနေသည် ပါရမီရှင်အား ပစ်မှတ်ထားလိုက်ခြင်းမဟုတ်ဘဲ သူ၏နောက်သို့ တည်နေရာပြောင်းရွှေ့လာသော ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား ပစ်မှတ်ထားလိုက်ခြင်း ဖြစ်သည်။ ထို နတ်ဆိုးမျက်လုံးကြီးမှာ ရုတ်တရက်ဆိုသလို ပွင့်လာ၏။

ထို အနက်ရောင် နတ်ဆိုးမျက်လုံးကြီး ပွင့်လာသည်နှင့် အချုပ်အနှောင်စွမ်းအားတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာသည်။ ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ အဆင်သင့်ပြင်ထားသည့်တိုင်အောင် သူမ၏ ခန္ဓာကိုယ်မှာ တစ်ခဏမျှ ရပ်တန့်သွားရဆဲပင်။ သူမ ထိုကဲ့သို့ ရပ်တန့်သွားသည်နှင့် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ဆင်မြန်းထားသည့် ဝမ်ပေါင်လဲ့မှာ တောင်ကြီးတစ်လုံးကဲ့သို့ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလိုက်တော့သည်။ ထို့ကြောင့် သူသည် သူ့အား ပစ်မှတ်ထားနေသည့် ပါရမီရှင်အား ဝင်တိုက်မိသွား၏။

ထို ပါရမီရှင်မှာ သာမန်ရုပ်ရည်သာ ရှိပြီး သူ၏ ပုံပန်းသွင်ပြင်နှင့် အငွေ့အသက်များမှာလည်း တမူထူးခြားနေခြင်း မရှိပေ။ သူ၏ အမူအရာမှာလည်း အလွယ်တကူ ပြောင်းလဲသွားမည့်ပုံ မပေါ်ပေ။ သို့သော် ယခုတွင်မူ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားရပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ရက်စက်ကြမ်းကြုတ်သည့် ရှေးဟောင်း သားရဲကြီးတစ်ကောင်ကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်လာသည် မဟုတ်ပါလော။ သူသည် မြန်ဆန်လွန်းနေရုံသာမက သူ၏ အငွေ့အသက်များမှာလည်း ကြောက်ခမန်းလိလိ အားကောင်းနေ၏။ သို့ဖြစ်ရာ သူသည် အားအင်ချည့်နဲ့နေသည့်ပုံ လုံးဝမပေါ်ဘဲ သူ၏ အမြန်နှုန်းကြောင့် လေထဲ၌ တရွှီးရွှီးမြည်သံများပင် ပေါ်ပေါက်လာရတော့သည်။ ထို့ကြောင့် ထို ပါရမီရှင်လူငယ်လေး သူ၏ နှလုံးသားထဲ၌ ဗြောင်းဆန်သွားရစဉ်မှာပင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ သူ့အား ဝင်တိုက်သွားတော့သည်။

ထို အခြင်းအရာများမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ပြီး ထို လူငယ်လေးဆီမှ စူးရှကျယ်လောင်သည့် အော်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာရပြီး သူ၏ မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သူသည် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနိုင်ရန် ကြိုးစားလိုက်ပါသော်လည်း နောက်ကျသွားဖြစ်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏အစွမ်းအစများကို ထုတ်ပြရန် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ ဝုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ မြူခိုးများအဖြစ်ပြောင်းလဲသွား၏။ ထို့ကြောင့် သူသည် ထို ပါရမီရှင်လူငယ်လေးအား ချက်ချင်းလိုက်မီသွားကာ သူ၏ ဘေးတွင် ပြန်လည်ပေါ်ပေါက်လာပြီး သူ၏ ညာဘက်လက်အား မြှောက်လိုက်သည်။ ထိုအခါ သူ၏ တိမ်လွှာလက်ချောင်းပညာရပ်မှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြီး သူသည် ထိုလူငယ်လေး၏ နဖူးအား လှမ်းတောက်လိုက်တော့သည်။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထို လူငယ်လေးမှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွား၏။ ထို့နောက် သူသည် မျက်လုံးများပြူးကျယ်သွားပြီး မျက်ဝန်းထဲမှ အလင်းရောင်များမှာလည်း ချက်ချင်းဆိုသလိုပင် မှေးမှိန်သွားတော့သည်။ ထို့ကြောင့် သူ၏ မျက်ဝန်းများထဲ၌ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များသာလျှင် ကျန်ရစ်ခဲ့၏။ ဝမ်ပေါင်လဲ့ သူ၏လက်ကို ပြန်မြှောက်လိုက်ချိန်တွင် ထို လူငယ်လေး၏ ဦးခေါင်းမှာ ပေါက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ချက်ချင်းဆိုသလိုပင် ပြာကျသွားတော့သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ခေါင်းလောင်းပုံစံ အလင်းစက်လုံးလေးတစ်လုံးသာ ပျံထွက်လာ၏။ ၎င်းမှာ ဝိညာဉ်တစ်ခု မဟုတ်ပဲ သူ၏ ခန္ဓာကိုယ်ထဲ၌ ရှိနေခဲ့သည့် ကပ်ပါးကောင် တစ်မျိုးကဲ့သို့ပင်။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ခေါင်းလောင်းနှင့် မိန်းမပျိုလေးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။

" ဟင် " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရပြီး သူ၏ ညာဘက်လက်ကို ဆန့်ထုတ်ကာ ထို အလင်းစက်လုံးလေးအား လှမ်းဖမ်းလိုက်သည်။ ထို့နောက် သူသည် ၎င်းအား လက်ထဲတွင် အားပါပါ ဖိညှစ်လိုက်သဖြင့် အက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ထိုအလင်းစက်လုံးလေးမှာလည်း တစ်စီ ကြေမွသွားတော့သည်။

" ရှဲ့တလု " ထို အလင်းစက်လုံး ကြေမွသွားသည်နှင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ အော်ဟစ်ကြိမ်ဝါးသံကြီးမှာ ဝမ်ပေါင်လဲ့၏ နောက်မှ ထွက်ပေါ်လာတော့သည်။

" သူက နင့်ရဲ့ ကျေးကျွန်လား " ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်သွားပြီး ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား အေးစက်စက် စိုက်ကြည့်ကာ မေးလိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ တလက်လက် တောက်ပနေပြီဖြစ်သည်။ သူမသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း ထိုအခိုက်အတန့်တွင် သူမ၏လက်ထဲရှိ ပုံရိပ်ယောင်သလင်းကျောက်တုံးထဲမှ အလင်းရောင်များမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာပြီး သူမအား လွှမ်းခြုံသွားတော့သည်။

ခေါင်းလောင်းနှင့် မိန်းမပျိုလေးတစ်ယောက်တည်းသာ ထိုသို့ဖြစ်သွားသည် မဟုတ်ဘဲ အခြားသူများအားလုံးမှာလည်း ထိုနည်းတူပင်။ သူတို့၏ ပုံရိပ်ယောင် သလင်းကျောက်တုံးများထဲမှ အလင်းရောင်များမှာ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်သွားကြပြီး သူတို့အား လွှမ်းခြုံသွားကြသည်သာ ဖြစ်သည်။ ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ ကျေးကျွန်မှာ ဝမ်ပေါင်လဲ့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါသော်လည်း ကျန်ခြောက်ယောက်ထဲမှ သုံးယောက်မှာမူ အခြားသူများဆီမှ ပုံရိပ်ယောင် သလင်းကျောက်တုံးများကို လုယူနိုင်ခဲ့၏။

ပုံရိပ်ယောင် သလင်းကျောက်တုံးများ လုခံလိုက်ရသည့် ပါရမီရှင်သုံးယောက်မှာ သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းနေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သူတို့မှာ သူတို့၏ ပုံရိပ်ယောင် သလင်းကျောက်တုံးများအား ခိုးယူသွားသည့် ပါရမီရှင်များ အလင်းရောင်များအောက် ရောက်သွားသည်ကို ငေးကြည့်နေကြရတော့သည်။

တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာလည်း သူတို့နည်းတူပင်။ သူ၏ ဝတ်ရုံများထဲမှ ဝင်းလက်တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး သူ၏ ပုံရိပ်ယောင် သလင်းကျောက်တုံးမှာလည်း အပြင်ဘက်သို့ အလိုလို ပျံထွက်လာ၏။ ထိုအခိုက်အတန့်တွင် ၎င်းပေါ်ရှိ အချုပ်အနှောင်မှာ လုံးဝ အသုံးမဝင်တော့ဘဲ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွား၏။ ထို့နောက် အလင်းရောင်များမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရပြီး သူသည် တစ်စုံတစ်ခုအား မေ့လျော့နေခဲ့သည်ဟု ခံစားလိုက်ရ၏။

ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ သူ ထိုသို့ခံစားနေရသည့် အကြောင်းရင်းအား နားလည်သွားတော့သည်။ ထို့အပြင် သူသည် သူ၏ ပတ်ပတ်လည်ရှိ အလင်းရောင်များအောက် ရောက်နေသည့် ပါရမီရှင်များမှာလည်း အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာများဖြင့် သူ့အား စိုက်ကြည့်နေကြသည် ဖြစ်ကြောင်း သတိထားမိလိုက်တော့သည်။

" ငါ... ငါ .... " ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ပူ‌ဆွေးသောက ရောက်သွားရ၏။ သူသည် အခြားသူများ၏ အချုပ်အနှောင်များအား ဖယ်ရှားခဲ့ပါသော်လည်း သူ၏ကိုယ်ပိုင် အချုပ်အနှောင်အား မေ့နေခဲခြင်း ဖြစ်သည်။ သို့သော် သူ၏အမှားတော့ မဟုတ်ပေ။ အစတွင် သူသည် ကောင်းရှုံ့၏ ခေါင်းမာမှုများကြောင့် အာရုံထွေပြားသွားခဲ့ရသလို နောက်ဆုံးတွင်လည်း ခေါင်းလောင်းနှင့် မိန်မပျိုလေးနှင့် သူမ၏ ကျေးကျွန်များမှာ ဝမ်ပေါင်လဲ့၏ အချိန်အား ဖြုန်းတီးပစ်ခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့် သူသည် သူ၏ ပုံရိပ်ယောင်သလင်းကျောက်တုံး အကြောင်းအား မေ့ပျောက်သွားရ၏။ ထို သလင်းကျောက်တုံးပေါ်ရှိ အချုပ်အနှောင်ကြီးအား ဖယ်ရှားနိုင်သည်ဖြစ်စေ မဖယ်ရှားနိုင်သည်ဖြစ်စေ အရေးမကြီးကြောင်း သူက ကြိုသိထားသည်ဖြစ်ရာ ထိုကဲ့သို့ အထူးတလည် ဂရုစိုက်နေခဲ့ခြင်း မရှိသည်မှာ ထူးတော့ မထူးဆန်းပေ။

ဝမ်ပေါင်လဲ့မှာ ဆင်သေအား ဆိတ်သားရေနှင့် ဖုံးရန် ကြိုးစားလိုက်ပါသော်လည်း အချိန်မရှိတော့ပေ။ အလင်း‌ရောင်များ တောက်ပလာပြီး တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများ စုစည်းလာသည်နှင့် သူတို့ထဲမှ အယောက်သုံးဆယ်၏ ခန္ဓာကိုယ်များမှာ ချက်ချင်းဆိုသလိုပင် မှုန်ဝါးဝါး ဖြစ်သွားကြတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း သက်ပြင်းချကာ သူ့ကိုယ်သူ နှစ်သိမ့်အားပေးနေလိုက်ရုံမှတစ်ပါး အခြား ဘာမှ မတတ်နိုင်ခဲ့ပေ။

" ကိစ္စမရှိပါဘူး။ ငါ ကြိုပြောထားပြီးသားပဲလေ။ အဲဒီ အချုပ်အနှောင်တွေကို မဖယ်ရင်တောင် တည်နေရာပြောင်းရွှေ့လို့ ရရင်ရဦးမှာလို့... "

သူ ထိုကဲ့သို့ သူ့ကိုယ်သူ နှစ်သိမ့်နေစဉ်မှာပင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ပြောင်းလဲသွားပြီး သူတို့ အယောက်သုံးဆယ်မှာလည်း လုံးဝပျောက်ကွယ်သွားတော့သည်။ သူတို့မှာ အားကောင်းသော တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားတစ်မျိုး၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီနောက် ပုံရိပ်ယောင်ဂြိုဟ်ပေါ်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။

တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြီး ပြီးဆုံးသွားပြီး သူတို့အဖွဲ့ ပြန်ပေါ်လာသည့်အချိန်တွင် သူတို့၏ ရှေ့တွင် ရှိနေသည့် ကမ္ဘာကြီးမှာ ပုံရိပ်ယောင်ဂြိုဟ်နှင့် လုံးဝမတူတော့ပေ။

ဤ ကမ္ဘာကြီးထဲတွင် အလွန်အင်မတန်မှ ရှည်လျားကွေ့ကောက်ကာ ခမ်းနားထည်ဝါပြီး တသွင်သွင် စီးဆင်းနေသည့် မြစ်ကြီးတစ်စင်း ရှိနေ၏။ ထို မြစ်ကြီးထဲတွင်မူ ရေများရှိမနေပဲ အလွန်အင်မတန်မှ ပူပြင်းသည့် ကျောက်ရည်ပူများ ရှိနေသည်။ ၎င်းဆီမှ ထွက်ပေါ်နေသည့် မြင့်မားသော အပူချိန်များကြောင့် ကမ္ဘာကြီးတစ်ခုလုံးမှာ အနည်းငယ်ခန့် တွန့်လိမ်ပုံပျက်နေသကဲ့သို့ ဖြစ်နေရသည်။ ထို မြစ်ကြီးမှာ တောင်များနှင့် တူသည့် အရာဆယ်ခုအား ရစ်ပတ်ထားကြသည်။

ထိုအရာများ တောင်များနှင့် တူနေရခြင်းမှာ ၎င်းတို့အား ကျောက်တုံးများဖြင့် ဖန်တီးပြုလုပ်ထားသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ သို့သော် ၎င်းတို့၏ ပုံပန်းသွင်ပြင်မှာမူ တောင်များနှင့် မတူဘဲ... ဧရာမ မီးပြင်းဖိုကြီးများနှင့် ပို၍ ဆင်တူနေ၏။

ထို မီးပြင်းဖိုပုံစံ တောင်တစ်လုံးချင်းစီ၏ ထိပ်တွင် လက်ရိုက်တံတစ်ချောင်း၏ ပုံရိပ်တစ်ခုမှာ လေထဲ၌ ရစ်ဝဲနေသည်ကို မြင်နိုင်ပေသည်။ ထို ပုံရိပ်များမှာ မှုန်ဝါးဝါးဖြစ်နေသောကြောင့် ၎င်းတို့၏ ကောက်ကြောင်းများကိုသာ မသဲမကွဲ မြင်နေရသည်။ သို့သော်... ၎င်းတို့မှာ တဖြည်ဖြည်းနှင့် စုစည်းလာနေကြသည်ဖြစ်ရာ သိပ်မကြာခင်တွင် အပြည့်အဝ ရုပ်လုံးပေါ်လာတော့မည်ဖြစ်ကြောင်း သိနိုင်ပေသည်။

" ကြယ်ကြွေလက်ရိုက်တံပဲ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

သူ တစ်ယောက်သာလျှင် ထို လက်ရိုက်တံအား မျက်မှန်းတန်းမိလိုက်ကြသည် မဟုတ်ပေ။ အခြားသူများမှာလည်း မျက်ဝန်းများ အရောင်တောက်ပသွားကြသည်သာ ဖြစ်သည်။ သူတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် မိသားစုမျိုးနွယ်စုများထဲမှ မှတ်တမ်းများအရဆိုလျှင် ယခုအကြိမ် ကျော်ဖြတ်ရသည့် အရည်အချင်း စမ်းသပ်ပွဲကြီးမှာ ယခင်အကြိမ်များနှင့် မတူဘဲ ကွဲထွက်နေသည့်တိုင်အောင် နောက်ဆုံးအဆင့်မှာမူ အတူတူသာ ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ သူတိုအားလုံးမှာ ကြယ်လမ်းညွှန် လက်ရိုက်တံအား ရယူနိုင်အောင် ကြိုးစားရမည် ဖြစ်သည်။

ထိုအချိန်တွင် ယခင်တုန်းက ပေါ်ပေါက်လာခဲ့ဖူးသည့် အသံကြီးမှာလည်း မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲ၌ ပဲ့တင်ထပ်သွားပြန်သည်။

" ဒါ နောက်ဆုံး အရည်အချင်းစမ်းသပ်ပွဲပဲ။ မင်းတို့ အယောက်သုံးဆယ်ထဲက ဆယ်ယောက်ပဲ လက်ရိုက်တံကို ရယူပိုင်ဆိုင်နိုင်ခွင့်ရှိမှာ။ အဲဒီ ဆယ်ယောက်က.... ငါတို့တွေ ကြယ်သုဿာန်အင်ပါယာရဲ့ ကောင်းကင်ဘုံကို ပူဇော်မယ့် နေ့ရောက်ရင် မိုးကောင်းကင်စည်ကြီးကို တီးရမှာ။ အဲတာဆိုရင် ဂြိုဟ်ထောင်ပေါင်များစွာကို ဆွဲငင်နိုင်ပြီးတော့ အထူးအခွင့်အလမ်းတွေကို ရရှိပိုင်ဆိုင်သွားနိုင်မှာပဲ "

" အခု... အရည်အချင်းစမ်းသပ်ပွဲကြီး စပြီ "

ထိုစကားသံကြီးမှာ မိုးခြိမ်းသံကြီးကဲ့သို့ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွား၏။ ၎င်း စကားဆုံးသွားချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးမှာ တုန်ရီသွားရပြီး လူတိုင်းမှာလည်း အသက်ရှူသံများ မြန်ဆန်လာကြတော့သည်။ သူတို့မှာ ယခုလို အခြေအနေအထိ ရောက်ရှိလာနိုင်ရန် အစွမ်းကုန်ထုတ်၍ ကြိုးစားခဲ့ရသည် မဟုတ်ပါလော။ သူတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အထူးဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းကာ ဂြိုဟ်အဆင့်သို့ တက်လှမ်းနိုင်ရန် ဖြစ်သည်။

ယခုတွင် အောင်မြင်မှုမှာ သူတို့၏ လက်တစ်ကမ်းတွင် ရှိနေ၏။ သူတို့မှာ လက်ရိုက်တံများကို ရယူနိုင်ရုံနှင့် ထို အောင်မြင်မှုအား ရရှိပိုင်ဆိုင်ခွင့်ရသွားမည် ဖြစ်သည်။ ‌အနာဂတ်တွင် အထူးဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းနိုင်ခွင့် ရှိမရှိဆိုသည့် အချက်မှာမူ သူတို့၏ ကိုယ်ပိုင် အစွမ်းအစများပေါ်တွင်သာ မူတည်ပေသည်။

အဖွဲ့အစည်းအမျိုးမျိုးနှင့် မျိုးနွယ်စုအမျိုးမျိုးမှာ ထို အထူးဂြိုဟ်များနှင့် ပေါင်းစည်းနိုင်ခြေအား အချိန်တိုလေးအတွင်း မြှင့်တင်ပေးနိုင်သည့် နည်းလမ်း အမျိုးမျိုးကို ပိုင်ဆိုင်ထားကြပြီးသား ဖြစ်သည်။

သို့သော် သူတို့အားလုံး လူစုခွဲကာ ကောင်းကင်ယံထဲရှိ ထို တောင်ကြီးဆယ်လုံးဆီသို့ ပျံသန်းသွားရန် ပြင်လိုက်စဉ်မှာပင် ခေါင်းလောင်းနှင့် မိန်မပျိုလေးမှာ ရုတ်တရက်ဆိုသလို ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာပြီး သူ့အား အေးစက်စက်မျက်ဝန်များဖြင့် စိုက်ကြည့်လိုက်၏။ ထို့နောက် သူမသည် နှုတ်ခမ်းများ အနည်းငယ်ခန့် လှုပ်ရှားသွားပြီး နတ်ဘုရားအာရုံဖြင့် စကားတစ်ခွန်း လှမ်းပြောလိုက်တော့သည်။

" ငါ နင့်ကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်။ ငါ့ရဲ့လက်အောက်မှာ တိုက်ပွဲသုံးကျေးကျွန်တစ်ယောက် လာလုပ်ပါ့လား။ အဲတာဆို နင့်ရဲ့ တစ်ဘဝလုံး သာယာစိုပြည်သွားဖို့ ငါ အာမခံပါတယ် "

All Chapters