အသံတိတ်အစားထိုးခြင်း ပညာရပ်
Vol. 68 Ch. 946
ဝမ်ပေါင်လဲ့မှာ သူမ၏ စကားများကို ကြားလိုက်ရသောအခါ မျက်ဝန်းများ တောက်ပသွားပြီး စိတ်ထဲတွင် အေးစက်စွာရယ်မောလိုက်၏။ သူမသည် သူ့အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်မှာ အကြိမ်ရေ အနည်းငယ်ခန့် ရှိနေပြီ ဖြစ်သည့်အပြင် ယခုတွင်လည်း သူ့အား သူမ၏ တိုက်ပွဲသုံး ကျေးကျွန်အဖြစ် သိမ်းပိုက်ချင်သည်ဟု ဆိုနေသည်မဟုတ်ပါလော။ ဝမ်ပေါင်လဲ့၏ အမြင်တွင် ထိုကဲ့သို့သော လူမျိုးမှာ ကိုယ့်အဆင့်ကိုယ် မသိလောက်အောင် မောက်မာဝင့်ကြွားနေသည့် လူတစ်ယောက်သာ ဖြစ်ပေသည်။
သူမ၏ နောက်ဆုံးစကားမှာဆိုလျှင် ခြိမ်းခြောက်မှုအပြည့်ပါသော စကားတစ်ခွန်း ဖြစ်၏။ အကယ်၍ သူမသာ သူ၏အဖြေအား သဘောကျနှစ်သက်မှုမရှိပါက သူ့အား ဤနေရာ၌ မည်သည့်အခွင့်အလမ်းမှ မရရှိနိုင်အောင် ပိတ်ပင်တားဆီးမည့်ပုံပင်။
" ဒီမိန်းမက သွေးနားထင်ရောက်နေတာပဲ။ ငါ့ရဲ့ နောက်ကြောင်းရာဇဝင် အစစ်အမှန်ကိုသာ ထုတ်ပြလိုက်ရင် သူ အကြောက်လွန်ပြီး သေရင် သေသွားလောက်တယ် " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ရေရွတ်လိုက်ပြီးနောက် အေးစက်စွာ နှာမှုတ်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများ မှေးကာ သူ၏ရှေ့တွင် ရှိနေသည့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား သေသေချာချာ စိုက်ကြည့်နေရင်း သူ၏ မျက်ဝန်းများမှာ သူမ၏ မျက်နှာနှင့် ခန္ဓာကိုယ်ကောက်ကြောင်းပေါ်သို့ ရောက်သွား၏။
ထို မိန်းမပျိုလေး၏ ရုပ်ရည်မှာ ကျောက်ယမုန့်နှင့်ပင် ယှဉ်နိုင်လောက်ပေသည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းမှာဆိုလျှင် ပို၍ပင် စွဲမက်ဖွယ်ရာ ကောင်းနေ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စု လွှတ်တော်အမတ်ခေါင်းဆောင်ကြီး၏ သမီးဖြစ်သူ လီဝမ်အာသာလျှင် ထိုကဲ့သို့သော ခန္ဓာကိုယ်ကောက်ကြောင်းမျိုးကို ပိုင်ဆိုင်ထားသည်ဟု ခံစားမိလိုက်၏။ သူသည် လီဝမ်အာအကြောင်း တွေးမိသွားသည်နှင့် နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားရသဖြင့် ချောင်းဟန့်ကာ သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်သွားအောင် ထိန်းသိမ်းလိုက်ရသည်။ ထို့နောက် သူသည် စိတ်ထဲတွင်ကျိတ်၍ ရေရွတ်လိုက်၏ " နင်က ငါ့ကို ပစ်မှတ်ထားနေမှတော့ ငါ့ဘက်ကလည်း ပြန်ပြီးတော့ တုံ့ပြန်ရတာပေါ့ "
" နင် တကယ်ပြောနေတာလား "
ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ထိုသို့ ဆိုလိုက်ပြီးနောက် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ အသားအရေ အရောင်အား အကဲခတ်လိုက်၏။ သူမ၏ အသားအရေမှာဆိုလျှင် ပို၍ပင် နှစ်လိုဖွယ်ကောင်းနေသည်။ ထို့အပြင် သူမသည် သူမ၏ ခါးသိမ်သိမ်လေးတွင်လည်း ခေါင်းလောင်းတစ်လုံးအား ချိတ်ဆွဲထားပြီး ညုတုတု အမူအရာလေးများကိုပါ ပိုင်ဆိုင်ထားသည်ဖြစ်ရာ အလွန်အင်မတန်မှ ညှို့ဓာတ်အား ပြင်းနေတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရ၏။
" ပျားရည်လေးတွေအတိုင်းပဲ... " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ချီးကျူးမိလိုက်ပါသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ ပို၍ တည်ကြည်လာ၏။
အစတွင် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ဝမ်ပေါင်လဲ့၏ အကြည့်အား မြင်လိုက်ရသောအခါ စိတ်ထဲတွင် ရွံရှာစက်ဆုပ်သွားရ၏။ သို့သော် သူမသည် သူ၏ စကားများကို ကြားလိုက်ရသောအခါ သူ၏ရှေ့တွင် ရှိနေသည့် ပုဂ္ဂိုလ်မှာ တမူထူးခြားသော လူတစ်ယောက်ဖြစ်ကြောင်း ပြန်၍သတိရသွားသည်။ သူသည် သူမ၏ အာရုံအား ဖမ်းစားနိုင်ခဲ့သည့် ပါရမီရှင်လူနည်းစုထဲတွင် ပါသည်ဟုပင် ဆိုနိုင်ပေသည်။ အကယ်၍ သူမသည် သူ့အား သူမ၏ တိုက်ပွဲသုံး ကျေးကျွန်အဖြစ် သိမ်းပိုက်နိုင်မည် ဆိုပါက အနာဂတ်တွင် သူမအတွက် အများကြီး အကျိုးရှိနိုင်လိမ့်မည်ဟု ယုံကြည်နေ၏။
ထို့ကြောင့် သူမသည် နှလုံးသားထဲမှ ရွံရှာစက်ဆုပ်မှုများကို ချုပ်တည်းကာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် နတ်ဘုရားအာရုံဖြင့် လှမ်းပြောလိုက်ပြန်သည်။
" တကယ်ပြောနေတာ "
" အဲလိုဆိုမှတော့... ထားလိုက်ပါတော့။ ငါ နင့်ကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ ငါ့ရဲ့ ကိုယ်လုပ်တော် ကျေးကျွန် လာလုပ်ပါ့လား။ နင့်ရဲ့ တစ်ဘဝလုံး သာယာစိုပြည်သွားဖို့ ငါ အာမခံပါတယ် " ဝမ်ပေါင်လဲ့မှာလည်း ကြံရာမရဖြစ်နေသည့် အမူအရာဖြင့် သက်ပြင်းချကာ နတ်ဘုရားအာရုံဖြင့် ပြန်ပြောလိုက်၏။
" နင့်ကိုနင် ဘာကောင်ထင်နေလို့လဲ " ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ ဒေါသထွက်သွားသည့် လေသံဖြင့် ရယ်မောကာ ပြန်မေးလိုက်၏။ သူမ၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပနေပြီး ရွံရှာစက်ဆုပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူမသည် နတ်ဘုရားအာရုံဖြင့် ထိုသို့ လှမ်းပြောလိုက်ပြီးနောက် အရပ်မျက်နှာအနှံ့ရှိ လူတိုင်း ကြားနိုင်အောင် တည်ကြည်စွာဆိုလိုက်သည်။
" တာအိုရောင်းရင်းတို့။ ရှဲ့တလုဆိုတဲ့ကောင်က ကောက်ကျစ်စဉ်းလဲပြီး လောဘကြီးတဲ့အပြင် အရှက်မရှိတဲ့ လူတစ်ယောက်ပါ။ တာအိုရောင်းရင်းတို့တွေ မြင်တဲ့အတိုင်းပါပဲ။ သူ့ရဲ့ ပုံရိပ်ယောင်သလင်းကျောက်ပေါ်မှာ အချုပ်အနှောင် ရှိနေသေးပေမဲ့ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အပေါ် ဘာမှ အကျိုးသက်ရောက်မှု မရှိဘူးလေ။ သူက အဲဒီလို ဖြစ်လာနိုင်တယ်လို့ ကြိုပြောခဲ့တာ မှန်ပေမယ့် ကျွန်မတို့တွေ ဒီလို လွယ်လွယ်နဲ့ အမြတ်ထုတ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ။ အဲတာမလို့ တခြားလူတွေကိုပါ ကြိုသတိပေးတဲ့အနေနဲ့ သူ့ကို သင်ခန်းစာပေးပြီး ဒီ အရည်အချင်း စမ်းသပ်ပွဲထဲကနေ ထွက်သွားရအောင် လုပ်ရအောင် "
ခေါင်းလောင်းနှင့် မိန်းမပျိုလေး စကားဆုံးသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် သူမ၏နှုတ်မှ ထိုစကားလုံးများ ထွက်လာလိမ့်မည်ဟု ကြိုတင်မှန်းဆထားပြီးသား ဖြစ်သည်။ သူသည် အစကတည်းက ဖြစ်နိုင်ခြေအားလုံးကို ရှင်းပြထားခဲ့ပြီးသား ဖြစ်ပါသော်လည်း အရှက်မရှိသည့် လူများမှာ သူတို့၏ ဒေါသများကို သူ့အပေါ်ပုံချကာ သူ့အား အပြစ်တင်နိုင်ရန် ကြိုးစားကြမည်သာဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ ထိုကဲ့သို့သော လူများအား လိုက်၍ ရှင်းပြနေခြင်းမှာ အကျိုးမရှိပေ။
သို့ဖြစ်ရာ သူ့ဘက်မှ ပြန်လည်တုံ့ပြန်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူမအား စော်ကားနိုင်မည့် နည်းလမ်းတစ်ခုခုအား စဉ်းစားရန်သာ ဖြစ်သည်။
" ဒီ ကောင်မလေးက ငါ အောင်မြင်မှာကို မလိုလားမှတော့ ငါကလည်း သူ့အတွက် ထည့်တွေးပေးနေစရာ ဘာအကြောင်းရှိလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ လှောင်ပြုံးပြုံးလိုက်၏။ သူသည် သူ၏ ဘေးနားတစ်ဝိုက်မှ လူများ မျက်ဝန်းများ အရောင်တလက်လက် တောက်ပနေသည်ကို ဂရုစိုက်နေခြင်းမရှိပေ။ သူ၏ အစွမ်းအစများမှာ သူတို့အတွက် အန္တရာယ်ရှိလာနိုင်သည်ဖြစ်ရာ ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ စကားများကို လက်ခံမည့် လူအရေအတွက်မှာ အမြောက်အမြား ရှိနိုင်ကြောင်း သူက သိထား၏။ ဤ အရည်အချင်းစမ်းသပ်ပွဲမှာ လူအယောက်သုံးဆယ်ထဲမှ ဆယ်ယောက်ကိုသာ ရွေးချယ်မည်မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ အစကတည်းက ခက်ခဲကြမ်းတမ်းသည့် ပြိုင်ပွဲတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် သူတို့မှာ သူ့အား ပြိုင်ပွဲထဲမှ ထုတ်ပယ်နိုင်ရန် သဘောတူညီချက် ရယူနိုင်မည်ဆိုပါက သူတို့၏ အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းများမှာလည်း ပိုမို မြင့်မားလာမည် ဖြစ်သည်။
ပညာရှိပုံစံ ကျင့်ကြံသူကဲ့သို့သော ပါရမီရှင်များအတွက် ထိုကဲ့သို့ တိုးတက်လာမည့် ရာခိုင်နှုန်းမှာ မပြောပလောက်ပါသော်လည်း အခြားသူများအတွက်မူ မတူပေ။ ထို ဆုံးဖြတ်ချက်ကြောင့် ဤ အရည်အချင်းစမ်းသပ်ပွဲထဲ၌ သူတို့၏ ကံကြမ္မာများမှာ လုံးဝပြောင်းလဲသွားနိုင််ခြေပင် ရှိပေသည်။
အထူးသဖြင့် သူသည် ကျောထောက်နောက်ခံ အားနည်းသူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ သူသည် သူ့ကိုယ်သူ ရှဲ့တလုဟု ခေါ်နေသည့်တိုင်အောင် လူအများစုမှာ သူ့အား မယုံကြပေ။ ထို့ကြောင့် လူအချို့မှာ ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ စကားများကို ချက်ချင်းသဘောတူလိုက်ကြ၏။
ထိုကဲ့သို့ သဘောတူလိုက်ကြသည့် လူများထဲမှ အများစုမှာ ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား လိုချင်တက်မက်နေကြသည့် လူများ ဖြစ်ကြပေသည်။ ဥပမာပြရလျှင် ဒုတိယမြောက် အရည်အချင်းစမ်းသပ်ပွဲ၏ နောက်ဆုံးအခိုက်အတန့်၌ ပုံရိပ်ယောင် သလင်းကျောက်တုံးများအား လုယူရန် ကြိုးစားခဲ့သည့် လူနည်းစုမှာဆိုလျှင် ထိုကဲ့သို့သောလူများ ဖြစ်ကြပေသည်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာကြတော့သည်။
လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြခြင်းဖြစ်ပြီး သူတို့၏ အငွေ့အသက်များမှာ သက်တံ့များနှင့် တူနေ၏။ ထို ပါရမီရှင် တစ်ယောက်ချင်းစီတိုင်းမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ ထို့အပြင် ခေါင်းလောင်းနှင့် မိန်းမပျိုလေးလည်း ရှိနေသေးသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာမူ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် မဟုတ်ပေ။ ယခုလို အခြေအနေမျိုးတွင် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထွက်ပြေးဆုတ်ခွာသွားရမည်သာ ဖြစ်သည်။
ထို့ကြောင့် သူတို့ ရှေ့သို့ ပြေးထွက်လာကြသည်နှင့် ဝမ်ပေါင်လဲ့မှာ နောက်သို့ ဆုတ်ခွာသွားလိုက်၏။ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာချိန်တွင် သူသည် လူတိုင်း၏ တိုက်ကွက်များကို ရှောင်တိမ်းကာ နောက်သို့ ပေတစ်ထောင်တိတိ ဆုတ်ခွာပြီးသွားပြီ ဖြစ်သည်။ လှုပ်ရှားမှု မရှိဘဲ ရပ်နေကြသည့် အခြားသူများမှာမူ မျက်နှာအမူအရာ အမျိုးမျိုးဖြစ်နေကြ၏။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့် ပညာရှိပုံစံ လူငယ်လေးတို့မှာ တွေဝေတုံ့ဆိုင်းနေသည့်ပုံ ပေါ်ပါသော်လည်း နောက်ဆုံးတွင် သူတို့မှာ ခပ်လှမ်းလှမ်းတွင် ရှိနေသည့် တောင်ဆယ်လုံးဆီသို့ ဦးတည်သွားလိုက်ကြ၏။ သူတို့မှာ ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်ရာ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်ကြပြီးနောက် လက်ရိုက်တံများ ရုပ်လုံးပေါ်လာသည့် အမြန်နှုန်းအား ပိုမိုမြန်ဆန်လာအောင် မြှင့်တင်ပေးနေကြပြီ ဖြစ်သည်။ လူပုံစံစက္ကူရုပ်ကြီးမှာ ထိုအကြောင်း ပြောပြထားခြင်း မရှိပါသော်လည်း လူတိုင်းမှာ ထိုသို့ အရှိန်မြှင့်တင်ပေးသည့် နည်းလမ်းအား သိထားကြသည်ပုံပင်။
အမှောင်ပညာရပ်အား အသုံးပြုခဲ့သည့် မိန်းမငယ်လေးမှာလည်း နောက်သို့လှည့်ကာ ဝမ်ပေါင်လဲ့အား ပြုံးပြလိုက်ပြီးနောက် အဝေးသို့ ပျံထွက်သွားပြီး တောင်တစ်လုံးအား ရွေးချယ်လိုက်၏။ နောက်ကျောတွင် ဓားရှည်ကြီးလွယ်ထားသည့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးမှာမူ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိသလို ဝမ်ပေါင်လဲ့ကိုပင် တစ်ချက်မှမကြည့်ဘဲ အဝေးသို့ ချက်ချင်းထွက်ခွာသွား၏။
အခြားသူများမှာလည်း ထိုနည်းတူပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရသည်။ သို့သော် ပြဿနာအားလုံး၏ အဓိကတရားခံမှာ ခေါင်းလောင်းနှင့် မိန်းမပျိုလေး ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အာရုံထွေပြားသွားခြင်းမရှိဘဲ သူမအား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် နောက်သို့ ထပ်၍ ဆုတ်ခွာသွားလိုက်၏။
" မင်းတို့တွေ အစွမ်းအစရှိတယ်ဆိုရင် ငါ့နောက်ကို ဆက်လိုက်ခဲ့ပေါ့ " သူသည် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေရင်း ထိုသို့ လှမ်းပြောလိုက်သဖြင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ ဦးဆောင်မှုအောက်၌ သူ့အား လိုက်လံဖမ်းဆီးနေကြသည့် ကျင့်ကြံသူများမှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားရ၏။
လက်ရှိတွင် သူတို့အတွက် အရေးကြီးဆုံးမှာ အခွင့်အလမ်းကောင်းများ ရရှိနိုင်ရန် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား ကြည့်မိလိုက်ကြ၏။ သူမသည် ဝမ်ပေါင်လဲ့အား မရရအောင် သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားသည့်ပုံ မပေါ်ပေ။ မကြာသေးမီတုန်းက သူမပြောခဲ့သည့် စကားများမှာ အပေါ်ယံဟန်ပြ အဆင့်တွင်သာ ရှိပေသည်။
" ကိစ္စမရှိပါဘူး။ သူ ထွက်ပြေးသွားမှတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ သူ သတ္တိကောင်းပြီးတော့ ပြန်လာမယ်ဆိုရင် ငါတို့တွေ သူ့ကို သတ်လိုက်ရုံပဲ။ သူ့ကို သတ်နိုင်တဲ့လူကို ငါ အင်မော်တယ်ဂြိုဟ်တစ်လုံး ဆုချမယ် "
သူမ၏ စကားများကြောင့် လူအများမှာ မျက်ဝန်းများ အရောင်တောက်ပသွားကြ၏။ သူတို့မှာ စကားတစ်ခွန်းမှ မပြောပါသော်လည်း စိတ်ထဲတွင်မူ အတွေးမျိုးစုံ ပေါ်ပေါက်လာကြပြီဖြစ်သည်။ ထို့နောက် သူတို့မှာ တောင်ဆယ်လုံးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလိုက်ကြ၏။ သို့သော် သူတို့မှာ ဝမ်ပေါင်လဲ့အား စောင့်ကြည့်နေကြဆဲပင်။
ထိုသို့ဖြင့် ဤ အရည်အချင်းစမ်းသပ်ပွဲထဲသို့ ရောက်ရှိလာသည့် လူအယောက်သုံးဆယ်ထဲတွင် ဝမ်ပေါင်လဲ့မှလွဲ၍ အခြားသူများအားလုံးမှာ သူတို့၏ ကိုယ်ပိုင်တောင်ကြီးများကို ရွေးချယ်ပြီးသွားကြပြီ ဖြစ်သည်။ အချို့သောတောင်များပေါ်တွင် ကျင့်ကြံသူတစ်ယောက်သာ ရှိပါသော်လည်း အချို့တောင်များပေါ်တွင်မူ ကျင့်ကြံသူ တစ်ယောက်ထက်ပို၍ ရှိနေကြသည်။ သူတို့အားလုံးမှာ မလှုပ်မယှက်ထိုင်ကာ အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် လက်ရိုက်တံများ ရုပ်လုံးပေါ်လာနေသည့် အမြန်နှုန်းအား မြှင့်တင်ပေးနိုင်ရန် ကြိုးစားနေကြသည်။
လက်ရိုက်တံများ ပေါ်ပေါက်မလာခင် ကြိုတင်တိုက်ခိုက်နေ၍ အကျိုးမရှိပေ။ ဒဏ်ရာရရှိသွားမည်ဆိုပါက အခြား ပြိုင်ပွဲဝင်များ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရမည်ဖြစ်ရာ အလွယ်တကူ ကျရှုံးသွားနိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ အဝေးမှနေ၍ လှမ်းကြည့်နေရင်း ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ အနည်းငယ်ခန့် မျက်မှောက်ကြုတ်သွား၏။ လူတိုင်းမှာ ဆင်ခြင်တုံတရား ရှိနေကြသည်ဖြစ်ရာ သူသည် ဤ အခြေအနေကြီးအား အခွင့်ကောင်းမယူနိုင်ဘဲ ဖြစ်နေရသည်။ သို့သော် အကယ်၍ နောက်ဆုံးအချိန်အထိ စောင့်ကာ တိုက်ခိုက်လိုက်မည် ဆိုလျှင်လည်း သူလိုချင်သည့် ရလဒ်အား ရရှိနိုင်ရန်မှာ မသေချာပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မကျေမနပ်ဖြစ်လာရတော့သည်။ နောက်ဆုံးတွင် သူသည် သည်းမခံနိုင်တော့သဖြင့် ချောင်းဟန့်ကာ ရေရွတ်လိုက်၏။
" လူကြီးမင်း။ သူတို့က ကျွန်တော်တို့ကို မျက်နှာသာလည်း မပေးကြဘူးဗျာ "
ဝမ်ပေါင်လဲ့မှာ ထို သို့ရေရွတ်လိုက်ပြီးနောက် တစ်ခဏမျှ စောင့်ဆိုင်းနေလိုက်သည့်တိုင်အောင် လူပုံစံစက္ကူရုပ်ကြီးဆီမှ မည်သည့်တုံ့ပြန်မှုကိုမှ မရရှိခဲ့ပေ။ ထို့ကြောင့် သူသည် မေးခွန်းထပ်မေးရန် ပြင်လိုက်စဉ်မှာပင် သက်ပြင်းချသံတစ်သံအား ကြားလိုက်ရတော့သည်။
" ဒါ... မင်းထိုက်နဲ့မင်းကံပဲလေ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သိုသိုသိပ်သိပ် လှုပ်ရှားပြီးတော့ အေးအေးဆေးဆေး နေခဲ့လို့ရတာကို... " လူပုံစံစက္ကူရုပ်ကြီးမှာ ခေါင်းခဲကာ ကြံရာမရဖြစ်နေသည့်လေသံ ပေါက်နေ၏။ ၎င်းမှာ ယခုလို အရှုပ်ထုပ်ကြီးထဲသို့ မည်သို့မည်ဖုံ ရောက်သွားခဲ့မှန်း နားမလည်နိုင်လောက်အောင် ဖြစ်နေရသည်။
" လူကြီးမင်းရဲ့ စဉ်းစားတွေးခေါ်ပုံက မှားနေတာဗျ။ ကျွန်တော်တို့ မျိုးဆက်ထဲက ကျင့်ကြံသူတွေက သိုသိုသိပ်သိပ် နေလို့မရဘူး။ ကျွန်တော် တစ်ယောက်တည်းသာ ဆိုရင်တော့ သိုသိုသိပ်သိပ် နေရင်နေခဲ့မှာပေါ့ဗျာ။ ဒါပေမဲ့ လူကြီးမင်းရဲ့ အကူအညီနဲ့ဆိုရင် ကျွန်တော်က အကျိုးအမြတ် အများဆုံးရအောင် ကြိုးစားနိုင်တယ်လေ။ တကယ်လို့ လူကြီးမင်း ဒီကိစ္စကြောင့် စိတ်ရှုပ်နေရတယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်ပဲ ဖြေရှင်းလိုက်ပါ့မယ် " ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာဆိုလိုက်၏။ သူ၏ အမြင်တွင် သူသည် အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ သူသည် လူပုံစံစက္ကူရုပ်ကြီး၏ အကူအညီအား မရရှိခဲ့လျှင်တောင် ပုံရိပ်ယောင်ကျောက်တုံးများအား လုယူနိုင်ခဲ့ဦးမည်သာ ဖြစ်သည်။ ယခုကိစ္စကြီးပင်လျှင် သူ့အတွက် ရေးကြီးခွင်ကျယ်မဟုတ်ပေ။ အများဆုံးအနေနှင့် သူ့ဘက်မှ အင်အားအနည်းငယ်ခန့် စိုက်ထုတ်လိုက်ရုံပင်။ လက်ရိုက်တံ ဆယ်ချောင်းထဲမှ တစ်ချောင်းအား လုယူနိုင်ရန်မှာ သူ့အတွက် အထူးတလည် ခဲယဥ်းနေမည် မဟုတ်ပေ။
သို့ဖြစ်ရာ သူသည် လူပုံစံစက္ကူရုပ်ကြီးနှင့် ပူးပေါင်းဆောင်ရွက်နေစရာပင် မလိုတော့ပေ။ ထို့ကြောင့် သူပြောလိုက်သည့် စကားများမှာ လူပုံစံစက္ကူရုပ်ကြီးအား တစ်ခဏမျှ ဆွံ့အသွားစေ၏။ ၎င်းမှာ အနည်းငယ်ခန့် စိတ်ဓာတ်ကျသွားရသည့်တိုင်အောင် သူပြောသည့် စကားများမှာ အဓိပ္ပါယ်ရှိကြောင်း ဝန်ခံလိုက်ရသည်။
ထို့ကြောင့် တစ်အောင်ခန့်ကြာပြီးနောက် လူပုံစံစက္ကူရုပ်ကြီးမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ သက်ပြင်းချကာ ဆိုလိုက်ပြန်သည်။
" မင်း ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ငါနားလည်ပါတယ်။ ထားလိုက်ပါတော့။ ငါ မင်းကို အဆောင်သန့်စင်တဲ့နေရာမှာ သုံးတဲ့ အထူးပညာရပ်တစ်ခု သင်ပေးမယ်။ အဲဒီပညာရပ်ကို အသံတိတ်အစားထိုးခြင်း ပညာရပ်လို့ ခေါ်တယ် "