← Chapters

တစ်နှစ်

Vol. 9 Ch. 113

တစ်နှစ်

Vol. 9 Ch. 113

မိစ္ဆာ သားရဲအုပ်ကြီးတွေဟာ မိစ္ဆာသွေးသားရဲမြို့ တစ်မြို့တည်းကိုသာ တိုက်ခိုက်တာ မဟုတ်ပါဘူး။

တောရိုင်းကောင်မြို့မှာ ဆိုရင်လည်း အရင် နှစ်တွေကထက် ပိုများတဲ့ မိစ္ဆာသားရဲအုပ်ကြီး လာတာပါပဲ။ အရင်တုန်းက လူသားတွေရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိတဲ့ တောအုပ်တွေဟာ အခုဆိုရင် မိစ္ဆာသားရဲ အလောင်းတွေနဲ့ ပြည့်နေပါပြီ။

လူတော်တော် များများကတော့ သူတို့ရဲ့ မိစ္ဆာအမြူတွေကို မိစ္ဆာအော်သံ မြို့ကြီးမှာ ရောင်းချလေ့ မရှိပဲ ဂိုဏ်တော်ရဲ့ သက်ဆိုင်ရာ ဌာနတွေမှာသာ ရောင်းချလေ့ရှိပါတယ်။

မိစ္ဆာအော်သံ မြို့တော်ကြီးမှာလည်း အစွမ်းထက်တဲ့ သူရဲကောင်းတွေနဲ့ ပြည့်နှက်နေပါပြီ။

“အဆင့်၂အနိမ့်စား မိစ္ဆာအမြုတေ ၃ခု၊ အဆင့်၂ အလယ်အလတ် တန်းစား မိစ္ဆာအမြုတေ ၂ခု ၊ အဆင့်၂ အကောင်းစား မျိုးစပ်မိစ္ဆာ အမြုတေ ၁ခု ။ အားလုံး စုစုပေါင်း ရွှေပြား ၃သိန်း ရမယ်။

ကုန်သွယ်ရေး ခန်းမထဲမှာတော့ လီဖူချန်း တစ်ယောက် သူရှာဖွေတွေ့ရှိခဲ့တဲ့ မိစ္ဆာအမြုတေ ၆ခုစလုံးကို ရောင်းချလိုက်ပါတယ်။

“မောင်လေးလီ ... နင်ဒီတစ်ခါ ရတနာသိုက်ကြီး တူးမိတာပဲ။ ဘာဖြစ်လို့ အစ်မတို့ နှစ်ယောက်ကို အရသာ ရှိတာလေးတွေ ဝယ်ကျွေးမယ်လို့ မစဉ်းစားမိတာလဲ”

ချန်ဖန်းဟွာက လီဖူချန်းကို စကား စလိုက်ပါတယ်။

“ဟုတ်တာပေါ့။ ငါတို့ကို တစ်ခုခု ဝယ်ကျွေးသင့်တယ်"

ဇောင်မင်းယွီကလည်း ခေါင်းညိတ်ပြီး ချန်ဖန်းဟွာရဲ့ အဆိုကို ထောက်ခံလိုက်ပါတယ်။ လီဖူချန်းက ပြုံးလိုက်ပြီး

“ကြိုက်တဲ့ နေရာသာ ရွေးပေတော့ဗျာ "

အရသာရှိတဲ့ စားသောက်ဆိုင်တွေကို ဂိုဏ်းတော်က ဖွင့်လှစ် ထားပါသေးတယ်။ ဒီစားသောက်ဆိုင်တွေက အပြင်လောကမှာ ရှိတဲ့ စားသောက်ဆိုင်တွေနဲ့ ပုံစံတူပေမဲ့ ရောင်းချတဲ့ အစားအစာတွေ ကတော့ မတူပါဘူး။ ဟင်းတစ်ပွဲကိုတောင် ရွှေပြား ထောင်ချီ ပေးရပါတယ်။ မင်းသာ စားနိုင် သောက်နိုင်မယ် ဆိုရင် ရွှေပြား သောင်းနဲ့ချီပြီးကို ကုန်ကျ သွားနိုင်ပါတယ်။

ဂိုဏ်းတော်က စားသောက်ဆိုင်နေရာ လေးခု ခွဲထားပေးပါတယ်။ အပြင်စည်း ဂိုဏ်းသားတွေ အတွက် တစ်နေရာ၊ အတွင်းစည်း ဂိုဏ်းသားတွေ အတွက် တစ်နေရာ၊ တိုက်ရိုက် တပည့်တွေ အတွက် တစ်နေရာနဲ့ အဓိက ပင်မခန်းဆောင်နေရာ ဆိုပြီးတော့ပေါ့လေ။ ဇောင်မင်းယွီကတော့ အတွင်းစည်း ဂိုဏ်သားတွေ အတွက် ဖွင့်ထားပေးတဲ့ ရသာစုံ စားသောက်ဆိုင်ကို ရွေးလိုက်ပါတယ်။

***

အတွင်းစည်း ဂိုဏ်သား အဆောင်

“ကောင်းလိုက်တာ။ အရင်တစ်ခေါက် ဒီကို လာပြီးကတည်းက ငါဒီအရသာတွေကို မမေ့နိုင်ပဲ ဖြစ်နေတာ။ အခုတော့ ငါဒီနေရာကို နောက်တစ်ခေါက် ပြန်လာနိုင်ခဲ့ပြီ”

ချန်ဖန်းဟွာက သူမရဲ့တူကို ကျင်လည်စွာ ကိုင်ပြီး ငါးအသားစလေး တစ်ခုကို ဖဲ့လိုက်ပါတယ်။ ထို့နောက်မှာတော့ ပါးစပ်ထဲကို ထည့်လိုက်ပြီး အရသာခံ ဝါးနေပါတော့တယ်။ သူမရဲ့ မျက်နှာ အမူအရာကို ကြည့်ရတာတော့ ဒီစားကောင်း သောက်ဖွယ်တွေကို တကယ် ကြိုက်နှစ်သက်သည့် ပုံပါပဲ။

ဇောင်မင်းယွီကလည်း နှစ်သက်ခုံမင်စွာ စားသောက်နေပါတယ်။ သူမက အတွင်းစည်း အကြီးအကဲ ခေါင်ချုပ်ရဲ့ မြေးဖြစ်တဲ့ အတွက် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက် နေခဲ့ရတာလေ။ အစားကောင်း အသောက်ကောင်းကို မကြိုက်တဲ့ မိန်းကလေးဆိုတာ ဘယ်တုန်းက ရှိခဲ့ဖူးလို့လည်းလေ။

အရသာ ရှိလွန်းတဲ့ ဟင်းပွဲတွေကို မြည်းကြည့်ပြီးနောက် လီဖူချန်း တစ်ယောက်ကတော့ ဘာလို့ ဈေးဒီလောက် ကြီးနေရတာလဲ ဆိုတာကို ကောင်းကောင်းကြီး နားလည် သွားခဲ့ပါပြီ။ ဒီဟင်းတွေမှာ ထည့်သုံးထားတဲ့ ပါဝင် ပစ္စည်းတွေက လုံးဝအလယ်အလတ် အဆင့်ရှိတဲ့ ပစ္စည်းတွေပါပဲ။ ဥပမာ အလယ်အလတ် အဆင့် စိတ်ဝိညာဉ် ဟင်းသီးဟင်းရွက် ၊ ဒုတိယ တန်းစား ရတနာငါး ၊ အလယ်အလတ် စိတ်ဝိညာဉ်ပဲတွေကနေ ပြုလုပ်ထားတဲ့ တိုဟူး၊ စိတ်ဝိညာဉ်ငှက်သိုက်၊ စိတ်ဝိညာဉ်ငှက်ရဲ့ ဥ စသဖြင့်ပေါ့လေ။

သိတဲ့ အတိုင်းပဲ ဒုတိယတန်းစား ရတနာငါး တစ်ကောင်က တစ်ကီလိုကို အမှတ်၁၀၀၀ ပေးရတယ်လေ။ အခု ဟင်းတစ်ပွဲမှာ ငါးအသား ၁၀ကီလိုလောက် ပါပါတယ်။ အဲဒါကို ရွှေပြားနဲ့ ပြန်တွက်မယ် ဆိုရင် ရွှေပြား ၂၀၀၀၀ ရှိပါတယ်။ ဟင်းအဖြစ် ပြန်ချက်တဲ့ အခါမှာ ဆိုရင်တော့ စားဖိုမှုးခ ဘာညာနဲ့ ရွှေပြား ၂၂၀၀၀လောက် ကျသွားနိုင်ပါတယ်။

တော်သေးတာပေါ့လေ။ ဒီစားသောက်ဆိုင်မှာ သုံးတဲ့ အလယ်အလတ် တန်းစား ပါဝင် ပစ္စည်းတွေက ဈေးနည်းနည်း ပေါနေလို့။ ဒါတောင် ရွှေပြား ၉၀၀၀ ကျပါသေးတယ်။

ဒီငါးဟင်း တစ်ပွဲတည်းကိုပဲ စုစုပေါင်း ရွှေပြား ၃၀၀၀၀ ကျော်လောက် ကျသင့်သွားပါတယ်။

ဒါပေမဲ့ လီဖူချန်းက ရွှေပြားတွေကို သုံးရတာ တန်တယ်လို့ ယူဆထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီစားသောက်ဆိုင်က ရောင်းချတဲ့ ဟင်းလျာတွေက တကယ်ပဲ အနံ့အရသာနဲ့ ပြည့်စုံနေလို့ပါ။

ဒီလိုနဲ့ပဲ သူတို့သုံးယောက် စားသောက်နေလိုက်တာ ချသမျှ ဟင်းပွဲ အကုန် တက်တက်စင်အောင် ပြောင်သွားခဲ့ပါပြီ။ ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာလည်း အပူစီးကြောင်း တစ်ခု စီးဆင်းနေတာကို ခံစား လိုက်ရပါတယ်။

ဒီဟင်းလျာတွေမှာ သုံးစွဲထားတဲ့ ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေးက တန်နဲ့ချီတဲ့ အထောက်အကူပြု ပစ္စည်းတွေလိုပါပဲ။ သူတို့ သုံးယောက် စားထားတဲ့ ဟင်းလျာတွေရဲ့ အစွမ်းသတ္တိက အဆင့်မြင့် ကျားနဂါးဆေးလုံးတွေ အများကြီး စားသုံးထားတာနဲ့တောင် ညီနေတယ်လေ။ ဒါကြောင့်မို့ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အပူစီးကြောင်းတစ်ခု စီးဆင်းနေတာကို အံ့သြစရာတော့ မရှိဘူးလေ။

စားသောက်ဆိုင်ကနေ ထွက်လာပြီး အပြင်ကို အရောက်မှာတော့ တောင်တန်းတွေ ဘက်ကနေ တိုက်ခတ်လာတဲ့ လေပြည်နုနု၊ လေညင်း အေးအေးလေးက သူတို့ကို နှုတ်ဆက် လိုက်ပါသေးတယ်။

“လီဖူချန်း ... နောက်ဆုံးတော့ မင်းထွက်လာပြီပေါ့လေ။ မင်းရဲ့ လက်တစ်ဖက်ကို မင်းဟာမင်း ရိုက်ချိုးလိုက်စမ်း။ င့ါရဲ့လက်တွေက မင်းကို ထိဖို့ သနနေလို့။ အော် ... ပြောဖို့မေ့နေတာ ရှိသေးတယ်။ ငါက လျိုဟောင်လုံရဲ့ ဦးလေး လျိုတိုင်ရှန်းပဲ။

ရသာစုံ စားသောက်ဆိုင်ရဲ့ အရှေ့၁၀မီတာလောက် မှာတော့ လူတစ်ယောက်က လီဖူချန်းကို ရပ်စောင့် နေပါတယ်။ သူ့ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းပြီး ရက်စက်မဲ့ ပုံပါပဲ။ သူ့ပုံစံကို ကြည့်ရတာ လီဖူချန်းက သူ့လက်ခုပ်ထဲက ရေဆိုပြီး အပိုင် တွက်ထားတယ်နဲ့ တူပါတယ်။

“လျိုတိုင်ရှန်း ... လီဖူချန်းက ငါ့မိတ်ဆွေပဲ။ နင်ပြဿနာ မရှာပဲ ထွက်သွားရင် ကောင်းမယ်လို့ အကြံပေးပါရစေ”

ချန်ဖန်းဟွာက ထီမထင်တဲ့ အမူအရာနဲ့ ပြန်ပြောလိုက်ပါတယ်။ လျိုတိုင်ရှန်းက သူ့ရဲ့ အကြည့်တွေကို ချန်ဖန်းဟွာဆီကို ပြောင်းလိုက်ပြီး

”ချန်ဖန်းဟွာ ... မင်းက တကယ်ပဲ ဒီကိစ္စထဲ ဝင်ရှုပ်တော့မှာလား”

လို့မေးလိုက်ပါတယ်။

“ဒါပေါ့ … အစတည်းက ငါက ဒီကိစ္စထဲ ဝင်ပါနေခဲ့မိပြီပဲ”

ချန်ဖန်းဟွာက မဆိုင်းမတွပင် ပြန်ဖြေပါတယ်။

ခိ ... ခိ ... ခိ

လျိုတိုင်ရှန်းက အာခေါင် ခြစ်သံကြီးဖြင့် ရယ်လိုက်ပြီး

“ချန်ဖန်းဟွာ ... မင်းက ဒီလို ဆုံးဖြတ်လိုက်ပြီ ဆိုတော့လည်း ငါက ပြောပြရဦးမှာပေါ့။ မင်းဟာ နဂိုကတော့ တောက်ပတဲ့ အနာဂတ် ရှိတဲ့သူပဲ။ နှမြောစရာ ကောင်းလိုက်တာ။ ဒီပုရွက်ဆိတ်လေးကြောင့် မင်းရဲ့ တောက်ပတဲ့ အနာဂတ်က မှေးမှိန် သွားရတော့မယ်။ မင်းက ငါ့ကို အပိုတွေ ပြောနေတယ် ထင်ရင် ထင်နေလိမ့်မယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ငါပြောတာ ဟုတ်မဟုတ် ဆိုတာကို မင်းသိလာမှာပါ။ မင်းကိုယ်တိုင်လည်း အမှားကြီးတစ်ခု ကျူးလွန်လိုက်ပြီ ဆိုပြီး တစ်သက်လုံး နောင်တ ရနေတော့မှာ”

ဘာကြောင့်မှန်းတော့ မသိပါဘူး။ ချန်ဖန်းဟွာ တစ်ယောက်ကတော့ လျိုတိုင်ရှန်းရဲ့ စကားတွေကို ကြားပြီးနောက်မှာ ကျောချမ်းလာသလိုလို ခံစား လိုက်ရပါတယ်။

ဇောင်းမင်းယွီကတော့ လျိုတိုင်ရှန်း တစ်ယောက် ချန်ဖန်းဟွာကို ခြိမ်းခြောက် နေတာကို မခံစားနိုင်တော့တဲ့ အတွက် ဝင်ပါလာပါတယ်။

“လျိုတိုင်ရှန်း ... ငါနင့်ကို သတိတစ်ခု ပေးလိုက်မယ်နော်။ နင်တကယ်လို့ ချန်ဖန်းဟွာကို တစ်ခုခု ဖြစ်သွားအောင် လုပ်ရဲ လုပ်ကြည့်စမ်း။ ငါလည်း နင့်ကို အစ်မတော် ချန်ဖန်းဟွာ ဖြစ်တဲ့အတိုင်း ပြန်ခံစားရအောင် လုပ်နိုင်တယ် ဆိုတာ မမေ့နဲ့”

လျိုတိုင်ရှန်းက ဇောင်မင်းယွီနဲ့တော့ ထိပ်တိုက် မတွေ့ရဲပါဘူး။

“ငါသူ့ကို နာကျင်အောင် လုပ်တာကို နင်အခု မြင်နေလို့လား။ ငါဒီအတိုင်း ပါးစပ်လေးနဲ့ ခြိမ်းခြောက် လိုက်တာလေ။ ဒါက ဂိုဏ်းစည်းကမ်းကို ချိုးဖောက်နေပြီလား”

“နင်… နင် …"

ဇောင်မင်းယွီက လျိုတိုင်ရှန်းလို လူနှင့် အဘယ်မျှ စကား ယှဉ်ပြောနိုင်မည်နည်း။ လျိုတိုင်ရှန်းရဲ့ ပါးစပ်က ထွက်လာသည့် စကားလုံး အချို့ကပင်လျှင် ဇောင်မင်းယွီ၏ ပါးစပ်ကို တိတ်သွား ခဲ့စေသည်လေ။

လျိုတိုင်ရှန်း ကတော့ သူ့ရဲ့ လာရင်း ကိစ္စကို ဆက်ပါတော့တယ်။

“လီဖူချန်း … ဘယ်လို ဖြစ်ရတာလဲ။ မင်းသတင်းတွေ ကြားရတာတော့ အင်မတန်မှ သတ္တိရှိလှတဲ့ သူရဲကောင်းကြီး ပါဆို။ အပြင်စည်းဂိုဏ်းရဲ့ ပြိုင်စံမပေါ်ကြီး ပါဆို။ အခုကျတော့ မိန်းကလေး နှစ်ယောက်ရဲ့ အနောက်မှာ လိပ်တစ်ကောင်လို ပုန်းနေပြီလားကွ”

“ဟုတ်ပြီကွာ။ မင်းက အဲဒီလောက် ကြောက်နေရင်လည်း ဆက်မပြောတော့ပါဘူး။ လက်တစ်ဖက် မြန်မြန် ရိုက်ချိုးလိုက်။ အဲဒါဆိုရင် ငါဖြစ်ခဲ့သမျှ အကုန် မေ့ပစ်ပေးလိုက်လို့ ရပြီ။ မဟုတ်ရင်တော့ ငါ့ရဲ့ဓားကို အလုပ်နည်းနည်း ပေးလိုက်ရလိမ့်မယ်။ ငါမင်းကို စနောက်နေတာ မဟုတ်ဘူးနော်။ ငါက ပြောတဲ့အတိုင်း စကားတည်တဲ့ ယောကျာ်း တစ်ယောက်ပဲ “

ဒီလျိုတိုင်ရှန်းက ခြိမ်းခြောက်သည့် နေရာမှာတော့ တော်တော် ပါရမီပါသည့် ပုံပင်။ သူ့နှုတ်က ထွက်လာသမျှ စကားတိုင်းက အေးစက် ချောက်ကပ်နေပြီး မြွေတစ်ကောင်လို အဆိပ်ပြင်းလွန်း ပါတယ်။ ပြောရမယ် ဆိုရင် လုံးဝ ရင်ထဲ ၊ အသည်းထဲ အထိကို အေးစိမ့် သွားသလိုပါပဲ။

လီဖူချန်းကတော့ လျိုတိုင်ရှန်းရဲ့ စကားတွေကို သိပ်အမှုမထားတဲ့ ပုံပါပဲလေ။ သူက ဘာမထီသည့် ပုံဖြင့် ခပ်ပေါ့ပေါ့ ရယ်သွမ်းလိုက်ပြီး

“လျိုတိုင်ရှန်း ... ငါမှတ်ဉာဏ်တွေသာ မမှားဘူးဆိုရင် မင်းက ဒီနှစ်ထဲမှာ ၃၁နှစ် ရောက်နေပြီ မလား "

“အဲဒီတော့ ဘာဖြစ်လဲ။ မင်းထင်နေတာက ငါက မင်းထက် အများကြီး ကြီးနေလို့ မင်းကို သိက္ခာ အကျခံပြီး မတိုက်ခိုက်ရဲဘူး လို့လား။ ဟ … ဟ မှားသွားမယ် ကောင်လေး ။ ငါက အရှက်တွေ၊ သိက္ခာတွေ ဆိုတာကို မေ့နေတာ ကြာပြီ။ မွေးကတည်းက ဆိုပါတော့

"လျိုတိုင်ရှန်းက ဆင်သားရေ မျက်နှာသိုင်း ကျင့်ထားပုံ ရပါတယ်။

(ဆင်သားရေက ထူတယ်လေ။ ပြီးတော့ မာလည်း မာတယ် မလား။ မျက်နှာ အရေခွံထူတယ်လို့ ရွဲ့ ပြောချင်တာပါ ။ ခေတ်စကား ပြောရမယ်ဆိုရင် စောက်ရှက်ဆိုတာ ဘာမှန်းကို မသိတာပေါ့ )

လီဖူချန်းကတော့ ခေါင်းကို အေးအေး သက်သာပဲ ခါပြလိုက်ပါတယ်။

“ငါ့ကို အချိန် တစ်နှစ်သာ ပေးလိုက်။ နောက်တစ်နှစ် ပြည့်တဲ့အခါ မင်းနဲ့ငါ အတွင်းစည်းဂိုဏ်းရဲ့ ဖန်းယွမ် စင်မြင့်ပေါ်မှာ တိုက်ကျမယ် "

ဖန်းယွမ် စင်မြင့်ဆိုတာ အတွင်းစည်း ဂိုဏ်းသားတွေ ပြဿနာ ရှင်းဖို့အတွက် အထူး ပြုလုပ်ထားပေးတဲ့ နေရာ ဖြစ်ပါတယ်။

ဖန်းယွမ် စင်မြင့်ပေါ်မှာ သတ်ဖြတ်ချင်းကို ခွင့်မပြုထားပေမဲ့ တစ်ဖက်လူရဲ့ သိုင်းအားတွေ၊ ခြေလက်တွေကို ဖျက်ဆီးတာကိုတော့ တရားဝင် ခွင့်ပြုထားပါတယ်။ ရှုံးနိမ့်တဲ့လူက ကလဲ့စား ပြန်မချေရဘူး လို့လည်း ကတိကဝတ် ပြုထား ရပါသေးတယ်။ တကယ်လို့ ရှုံးနိမ့်သွားတဲ့လူက တခြားသူတွေကို ငှားပြီး လုပ်ကြံခိုင်းတာကို ဂိုဏ်းက သိသွားရင်တော့ ဆွေစဉ်မျိုးဆက် သတ်ဖြတ် ခံရမှာလေ။

“တစ်နှစ်လား “

လျိုတိုင်ရှန်းက လီဖူချန်းကို စူးစိုက်ကြည့်ပြီး မေးလိုက်ပါတယ်။

လီဖူချန်းကတော့ လှံတစ်ချောင်းလိုပဲ မားမားမတ်မတ် ရပ်နေပါတယ်။ သူက လျိုတိုင်းရှန်းရဲ့ အကြည့်တွေကို တစ်ချက် ကလေးတောင် ခေါင်းငုံ့ပြီး ရှောင်ထွက် မသွားပါဘူး။ သူ့ရဲ့ မျက်လုံးတွေက ဘာမထီတဲ့ အရိပ်အယောင်တွေကို ပြသလျက်ပါပဲ။ လျိုတိုင်ရှန်းက မျက်လုံးကနေပြီး စိတ်အခြေအနေကို ဖတ်ဖို့ ကြိုးစားပေမဲ့လည်း ရေခဲတုံးကြီး သဏ္ဌာန် တည်ငြိမ်ပြီး အေးစက်နေတဲ့ လီဖူချန်းကြောင့် သူ့ရဲ့ကြိုးစားမှုတွေက အရာမထင် ခဲ့ပါဘူး။

“မရဘူး။ ငါမင်းကို အချိန်တစ်နှစ် မစောင့်နိုင်ဘူး။ မင်းရဲ့လက်ကို အခုရိုက်ချိုးလိုက်။ မိန်းကလေး နှစ်ယောက်က မင်းကို အမြဲ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးနော်”

လျိုတိုင်ရှန်းက လီဖူချန်းရဲ့ တောင်းဆိုမှုကို ငြင်းလိုက်ပါတယ်။ လျိုတိုင်ရှန်းရဲ့ အမူအကျင့်က သူလုပ်ချင်တာကို ချက်ချင်း လုပ်လိုက်ရမှ ကျေနပ်တဲ့ အမျိုးပါ။ တစ်နှစ်ဆိုတဲ့ အချိန်က ဖြစ်နိုင်ချေ အများကြီး ဖြစ်သွားနိုင်တယ်လေ။

သူက ဘာဖြစ်လို့ အချိန်တစ်နှစ် လီဖူချန်းကို ပေးနေရမှာလဲ။

“လျိုတိုင်ရှန်း ... နင်က တကယ့် သူရဲဘောကြောင်တဲ့ ကောင်ပဲ။ နင်က စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈မှာ ရောက်နေပြီ။ လီဖူချန်းကတော့ အခုမှ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၄ပဲ ရှိသေးတာ။ ဒါတောင် နင်က တစ်နှစ် မစောင့်ရဲဘူးလား။ နင့်လိုကောင်ကို ယောကျာ်းလို့တောင် ခေါ်ထိုက်ရဲ့လား”

ဇောင်မင်းယွီက လျိုတိုင်ရှန်းကို ငကြောက် တစ်ကောင်ပါလို့ စွပ်စွဲ လိုက်ပါပြီလေ။  အနီးအနားမှာ ရှိနေတဲ့ အတွင်းစည်း တပည့်တွေကလည်း သူတို့ရဲ့ အခြေအနေကို စောင့်ကြည့် အကဲခတ် နေကျတာပါ။

ဇောင်မင်းယွီက အခုလို ပြောလိုက်တာကို ကြားပြီးတဲ့ နောက်မှာတော့ အတွင်းစည်း တပည့် အားလုံးက လျိုတိုင်ရှန်းကို ငကြောက်တစ်ကောင်ပါ ဆိုပြီး ဝိုင်းကြည့် နေကျပါပြီ။

အားလုံးရဲ့ အထင်သေးတဲ့ အကြည့်တွေကိုတော့ လျိုတိုင်ရှန်း တစ်ယောက် မခံနိုင်တော့ပါဘူး။ လျိုတိုင်ရှန်းက

“ဟုတ်ပြီလေ ။ ငါမင်းကို တစ်နှစ် အချိန် ပေးလိုက်မယ်။ တစ်နှစ် ပြည့်ပြီးရင်တော့ မင်းနဲ့ငါ ဖန်းယွမ် စင်မြင့်ပေါ်မှာ တွေ့ကြတာပေါ့။ ငါကမင်းရဲ့ ဒျန့်တျန်ကို ဖျက်ဆီးရုံသာမကဘူး။ မင်းရဲ့ ခြေလက်တွေကိုပါ ရိုက်ချိုးပစ်မှာ။ ဟား … ဟား ... အဲဒီ အခါကျရင်တော့ မင်းလျိုကလန်ကို စော်ကားမိတဲ့ အတွက် တစ်သက်လုံး နောင်တ ရနေပေတော့ “

“ငါက အဲဒီ စကားကို မင်းကိုတောင် ပြန်ပြော လိုက်ဦးမယ်”

လီဖူချန်းက လေသံ အနိမ့်အမြင့် မရှိပဲ အေးစက်စက် ဆိုလိုက်ပါတယ်။

လီဖူချန်းရဲ့ အေးစက် တည်ငြိမ်မှုက လျိုတိုင်ရှန်းကို စိတ်ထင့်သွားစေပါတယ်။ သူ့ဘဝ တစ်လျောက်လုံးမှာ စကားပြောရင် သူကပဲ တစ်ဖက်လူကို လွှမ်းမိုး ချုပ်ကိုင်ထားပြီး ပြောခဲ့တာလေ။ အခု လီဖူချန်းနဲ့ အတွေ့မှာတော့ လီဖူချန်းကို လွှမ်းမိုးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

သူဘယ်လိုပဲ ခြိမ်းခြောက် နေပါစေ။ လီဖူချန်းရဲ့ ထီမထင်တဲ့ မျက်နှာပေးက ပြောင်းလဲသွားချင်း မရှိပါဘူးလေ။

“ဟမ့် ... မင်းတစ်နှစ်တည်းနဲ့ ဘယ်လောက် တိုးတက် လာမလဲဆိုတာ စောင့်ကြည့်လိုက်ဦးမယ်။ ဖန်းယွမ် စင်မြင့်ရောက်မှ ငါ့ကို ခွင့်လွှတ်ပေးဖို့ ငိုယိုပြီး မတောင်းပန်နဲ့ “

သူ့ရဲ့ နောက်ဆုံးစကား ပြောပြီးတာနဲ့ လျိုတိုင်ရှန်းက လှည့်ပြီး ထွက်ခွာ သွားပါတော့တယ်။

“နောက်တစ်နှစ် ကြာရင် ဂိုဏ်းတူ အစ်ကိုလျိုက လီဖူချန်းနဲ့ ဖန်းယွမ်စင်မြင့်ပေါ်မှာ တိုက်ခိုက် ကျမယ်တဲ့ "

“ဒီလီဖူချန်းဆိုတဲ့ ကောင်လေးက အရမ်း လွန်မနေဘူးလား။ အစ်ကိုလျိုက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈ကို လွန်ခဲ့တဲ့ နှစ်ဝက်ကတည်းက ရောက်နေတာလေ။ နောက်တစ်နှစ် ဆိုရင် သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကိုတောင် ရောက်နေလောက်ပြီ”

“အဲဒါက တကယ့် ပြဿနာပဲ။ လီဖူချန်းက အခုမှ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၄ပဲ ရှိသေးတာ။ နောက်ထပ် တစ်နှစ်ကြာလို့ အလွန်ဆုံး ရောက်ရင် စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆ပေါ့။ ဒီလောက် အဆင့် ကွာနေတာကို လျိုတိုင်ရှန်းနဲ့ ဘယ်လို တိုက်နိုင်မှာလဲ။ ငါတို့ရဲ့ ကျင့်ကြံခြင်း လောကမှာ နယ်ပယ်တိုင်း နယ်ပယ်တိုင်းရဲ့ အဆင့်တစ်ဆင့် ကွာနေရင်တောင် တိုက်ခိုက်နိုင်ဖို့ အရမ်းခဲယဉ်း နေတာလေ”

အနီးအနားမှာ ရောက်နေတဲ့ အတွင်းစည်း တပည့်တွေကတော့ ဒီဖန်းယွမ် စင်မြင့်ပေါ်က တိုက်ပွဲ အကြောင်းကို ဆွေးနွေး နေကျပါတယ်။ ဒါပေမဲ့ သူတို့ထဲက အများစုကတော့ လီဖူချန်းကို နိုင်မယ့်လို့ မမျှော်လင့်ထားကျဘူးလေ။

***

All Chapters