ဓားသိုင်း၁၀၀
Vol. 9 Ch. 115
တစ်လ အကြာမှာတေ့ာ လီဖူချန်းက အဝါရောင် အဆင့်နိမ့် ဓားသိုင်း၆မျိုးကို တစ်ဖက်ကမ်း ခတ်သည် အထိ လေ့ကျင့် နိုင်ခဲ့ပါပြီ။ ဒီနှုန်းက လောကကြီး တစ်ခုလုံးကိုတောင် တုန်လှုပ် သွားစေနိုင်ပါတယ်လေ။
ဒါတွေက အဝါရောင် အဆင့်နိမ့် ဓားသိုင်းတွေ ဆိုပေမဲ့ ဓားရဲ့တာအို သဘော သဘာဝတွေတော့ အနည်းအကျဉ်း ပါနေသေးတယ်လေ။ ဥပမာ မိုမခ ဓားသိုင်းပေါ့။ ဒီဓားသိုင်းက အပျော့သိုင်းပါ။ ရွက်ကြွေ ဓားသိုင်းကတော့ အမာသိုင်း ဖြစ်ပါတယ်။ ဒီလို မတူညီတဲ့ ဓားသိုင်း နှစ်မျိုးကို လေ့ကျင့်တာက တော်တော် မလွယ်တဲ့ အရာပါပဲ။
လီဖူလျန်းရဲ့ အကြံက ဒီအဆင့်နိမ့် ဓားသိုင်းတွေ အကုန်ကို လေ့ကျင့်ပြီး ကိုယ်ပိုင် ဓားလမ်းကြောင်း ဓားနိယာမ တစ်ခုကို ရှာဖွေဖို့ပါပဲ။ ဒီကိစ္စက အပြောသာ လွယ်ပြီး လက်တွေ့က အလွန် ခက်တယ် ဆိုတာ သူအခုတော့ ကောင်းကောင်းကြီး နားလည်နေခဲ့ပါပြီ။
ဒီလို ဓားသိုင်း အများကြီးကို လေ့ကျင့်တာက တစ်ဖက်ကနေ ကြည့်မယ်ဆိုရင် လုံးဝ မကောင်းတဲ့ အရာတစ်ခုပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အချိန် ကြာလာတာနဲ့အမျှ ဓားသိုင်းတွေက ရှုပ်ထွေးကုန်ပြီး ဝေခွဲမရတွေ ဖြစ်လာနိုင်လို့ပါပဲ။ ကံကောင်းတာကတော့ လီဖူချန်းက ဒီကိစ္စကို လုံးဝ စိုးရိမ်စရာ မလိုပါဘူး။ သူ့ရဲ့ ဆင့်ကဲ ပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်က ဓားသိုင်းတွေကို ကောင်းကောင်းကြီး ခွဲခြမ်း စိတ်ဖြာ နိုင်စွမ်း ရှိနေတယ်လေ။ ဒါပေမဲ့ အချိန် နည်းနည်းတော့ ယူရတာပေါ့။
ဒီလိုနဲ့ တစ်လ ပြည့်သွားတဲ့ အခါမှာတော့ လီဖူချန်းက ဓားသိုင်း၆မျိုးကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင် သွားခဲ့ပါပြီ။ ဒုတိယမြောက် လမှာတော့ လီဖူချန်းက ဓားသိုင်း၇မျိုးအထိ လေ့ကျင့် နိုင်ခဲ့ပါတယ်။ တတိယမြောက် မှာတော့ ဓားသိုင်း ၉မျိုးအထိ ဖြစ်လာပြီး စတုတ္ထမြောက် လမှာတော့ ဓားသိုင်း၁၂မျိုးကို တစ်ဖက်ကမ်းခတ် အဆင့်အထိ လေ့ကျင့် နိုင်ခဲ့ပါတယ်။
အချိန်တွေ ကုန်လွန်သွားတာနဲ့ အမျှ လီဖူချန်းရဲ့ ဓားသိုင်း ကျင့်ကြံမှုနှုန်းက ပိုပိုပြီး ကြောက်စရာ ကောင်းလာခဲ့ပါပြီ။
“ပြတ်စမ်း "
စကားသံနဲ့အတူ ဓားရောင်တစ်ချက် လက်သွားပြီး သတ္တုရိုင်းကြီး တစ်ခုကို နှစ်ပိုင်း ပြတ်သွား စေပါတယ်။ လီဖူချန်းက သူ့ရဲ့ဓားကို လျှပ်ပြက်သည့် အလား ဓားအိမ်ထဲသို့ ပြန်သွင်း လိုက်ပါတယ်။
“ဝုန်း "မူလက နှစ်ပိုင်း ပြတ်နေသော သတ္တုရိုင်းတုံးကြီးက နောက်ထပ် တစ်ကြိမ် ဓားဖြင့်ခုတ်ခြင်း ခံလိုက်ရသည့် အလား ထပ်ပြတ်သွားပြန်ပါတယ်။ အမှန်တော့ လီဖူချန်းက ဓားကို ပြောင်းပြန် အနေအထားနဲ့ တစ်ချက် ခုတ်ရင်း ဓားအိမ်ထဲကို ပြန်သွင်းလိုက်တာပါ။ ဓားချက်က အရမ်းကို မြန်လွန်းတဲ့ အတွက် သာမန် မျက်လုံးနဲ့ မြင်နိုင်စရာ အကြောင်း မရှိပါဘူး။
ဒီဓားအိမ်ထဲကို ဓားပြန်သွင်းလိုက်တာ တစ်ခုတည်းကကို သာမန် ဓားချက်တွေထက် ကြောက်စရာ ကောင်းနေပါပြီ။ လီဖူချန်းက အနောက်ကို ပြန်ဆုတ်လိုက်ပြီး ဓားကွက် တစ်ကွက် ပြန်ခင်း လိုက်ပါတယ်။ ဒါပေမဲ့ ဓားချက်ကတော့ ထွက်မလာတော့ပါဘူး။
အတန်ကြာမှ လီဖူချန်းက သက်ပြင်း ချလိုက်ပြီး ဓားကွက်ကို ပြန်ရုတ်သိမ်း လိုက်ပါတယ်။
“လောကမှာ ဓားသိုင်းတွေက ထောင်သောင်းနဲ့ချီပြီး တည်ရှိနေတာ။ဒါပေမဲ့ ဓားသိုင်းတွေရဲ့ အခြေခံကတော့ အတူတူပဲ။ ငါကဘာဖြစ်လို့ ဓားသိုင်းရဲ့ အခြေခံနိယာမကို ဖမ်းဆုပ်လို့ မရသေးတာလဲ။ငါက လိုအပ်တဲ့ အမြန်နှုန်းတွေကို နားမလည်နိုင်သေးလို့လား “
လီဖူချန်းက သူလေ့ကျင့်ခဲ့တဲ့ ဓားသိုင်းတွေကို ပြန်ဆင်ခြင် သုံးသပ်နေပါတယ်။
ဒီလိုနဲ့ နောက်ထပ်တစ်လ ကုန်လွန် သွားခဲ့ပြန်ပါပြီ။ ဒီလထဲမှာတော့ လီဖူလျန်းက ဓားသိုင်း ၁၈မျိုးကို လေ့ကျင့်ခဲ့ပါတယ်။ အဲဒါက အရင်လကထက် ၆မျိုးတောင် ပိုလာတယ်လေ။ ပြောရမယ် ဆိုရင် လီဖူချန်းရဲ့ ဓားသိုင်းအပေါ် နားလည်မှုက ပိုပြီးကောင်းလာတဲ့ သဘောပါပဲ။
ဓားသိုင်းတွေ လေ့ကျင့်နေရင်းနဲ့ လီဖူချန်းက အဆင့်တစ်ဆင့်တောင် တက်လှမ်း သွားနိုင်ပါသေးတယ်။ အခုဆိုရင် သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၅ကို ရောက်နေပါပြီ။
ဒါပေမဲ့ လီဖူချန်းက သူ့ရဲ့ ကျင့်ကြံမှုနှုန်းက မြန်တယ်လို့ သတ်မှတ် မရသေးတာကို သိထားပါတယ်။
သူ့ရဲ့ ခေတ်ပြိုင် မျိုးဆက်က ပြိုင်ဘက်ကင်းတွေ အားလုံးလည်း စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၅ကို ရောက်နှင့် နေပြီးသား ဆိုတာကို သူက ကောင်းကောင်းကြီး တွက်ချက်ပြီးသားပါ။ အထူးသဖြင့် ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ယုဝူရှန်းပေါ့။ သူက လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆ကို ရောက်နေခဲ့တာလေ။
ဒီအရိုး တည်ဆောက်ပုံ ကောင်းတဲ့သူတွေက ကျင့်ကြံခြင်းမှာ တစ်ပန်းကို သာနေတာပါ။ ဒီကောင်တွေက အနာဂတ်မှာလည်း ပိုပြီး လမ်းခရီး ဖြောင့်ဖြူး နေပါသေးတယ်။ လီဖူချန်းရဲ့ လက်ရှိ စိတ်ဝိညာဉ်က ကြယ်၄ပွင့် အရိုး တည်ဆောက်ပုံနဲ့ပဲ ယှဉ်လို့ ရသေးတာ ဆိုတော့ ယုဝူရှန်းကို မီဖို့ အများကြီး လိုပါသေးတယ်။
မိုးပြာရောင် ဂိုဏ်းရဲ့ မှတ်တမ်းမှတ်ရာတွေ အရဆိုရင်တော့ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက အသက်၂၂မှာပဲ မြေကမ္ဘာအဆင့်ကို ရောက်နိုင်ပါတယ်။ ကြယ်၄ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေကတော့ အသက်၂၅မှ မြေကမ္ဘာအဆင့်ကို ရောက်နိုင်တာပါ။
အော်မေ့လို့ ။ ဟုတ်တယ်… ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံနဲ့ သိုင်းပညာအပေါ် ထိုးထွင်းသိမြင်မှု ကောင်းတဲ့ လူတွေကလည်း အသက်၂၂နှစ်နဲ့ မြေကမ္ဘာအဆင့်ကို ရောက်နိုင် ပါသေးတယ်။
ဒါပေမဲ့ ဂိုဏ်းတော်ရဲ့ သမိုင်းမှာ မြေကမ္ဘာ အဆင့်ကို အစောဆုံး ရောက်ထားတဲ့ စံချိန်က အသက် ၁၈နှစ် ဖြစ်ပါတယ်။ ဒီစံချိန်ကို အခုထက် အထိတော့ ဘယ်သူမှ မချိုး နိုင်သေးပါဘူး။
ကျင့်ကြံခြင်း လမ်းစဉ်ဆိုတာ အလွန်ရှည်လျားတဲ့ လမ်းစဉ် ဖြစ်ပါတယ်။ ဒါကြောင့် လီဖူချန်း ကတော့ ဘယ်သူ့ ဘယ်သူနဲ့မှ နှိုင်းယှဉ်နေမှာ မဟုတ်ပါဘူး။ လီဖူချန်းဆိုတဲ့ သူသည်သာလျှင် သူ့ရဲ့ပြိုင်ဖက် မဟုတ်ပါလော။သူက သူ့ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖောက် နိုင်နေသရွေ့တော့ တစ်နေ့မှာ ကျင့်ကြံခြင်း လောကရဲ့ ထိပ်ဆုံးကို ရောက်နိုင်လိမ့်မယ်လို့ လီဖူချန်း တစ်ယောက် ယုံကြည် ထားပါတယ်။
အတွင်းစည်းဂိုဏ်း စားသောက်ခန်း
“အစ်ကို ယုဝူ … ... အစ်ကိုက ဂိုဏ်းတူအစ်ကို တိုင်ဖန်းကို အနိုင်ယူလိုက် နိုင်တယ်ဆို။ ဂုဏ်ယူပါတယ်ဗျာ … “
“ဂိုဏ်းတူ အစ်ကို တိုင်ဖန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈တောင် ရောက်နေပြီ။ ဒါပေမဲ့ အစ်ကို ယုဝူနဲ့တော့ ယှဉ်လို့ မရသေးဘူးကွ။ အစ်ကိုယုဝူက သိုင်းကွက် ၁၀၀အတွင်းမှာပဲ ဂိုဏ်းတူအစ်ကို တိုင်ဖန်းကို အနိုင်ယူ လိုက်တာလေ။ နောက်ထပ် တစ်နှစ်ဆိုရင် အစ်ကိုယုဝူက အတွင်းစည်း ပြိုင်ဘက်ကင်း ၁၀ယောက် စာရင်းထဲကို ဝင်တော့မှာကွ”
ထမင်းစားပွဲခုံ တစ်ခုမှာတော့ အတွင်းစည်း တပည့် နှစ်ယောက်က ယုဝူရှန်းနဲ့အတူ စားသောက် နေကျပါတယ်။ စားသောက်ရင်းနဲ့လည်း ယုဝူရှန်းရဲ့ ဘုန်းတော်ဘွဲ့တွေကို အလွန်အကျူး ဖွဲ့နွဲ့ နေကျတယ်လေ။
ယုဝူရှန်းကတော့ သူတို့ရဲ့ မြှောက်ပင့် ပြောဆိုမှုတွေကို မကြားသလိုပါပဲ
” တိုင်ဖန်းကို နိုင်တာက ဘာမှ မပြောပလောက်ပါဘူး။ သူက တတိယတန်းစား အတွင်းစည်း တပည့်ပဲ ရှိသေးတယ်”
“အဲဒီလိုလည်း မဟုတ်ဘူးလေ အစ်ကိုယုဝူ ။ ပြောရမယ် ဆိုရင် ဂိုဏ်းတူအစ်ကို တိုင်ဖန်းက အစ်ကိုယုဝူနဲ့ အဆင့်၂ဆင့်တောင် ကွာတာလေ။ ဒီလို အဆင့်၂ဆင့်ကွာပြီး တိုက်ခိုက်နိုင်တဲ့သူက အတွင်းစည်း ဂိုဏ်းထဲမှာ ၁၀ယောက်တောင် ရှိမယ် မထင်ဘူး "
“မှန်တာပေါ့။ ပြီးတော့ ဂိုဏ်းတူ အစ်ကိုတိုင်ဖန်းက အတွင်းစည်း တပည့်ဖြစ်တာ နှစ်ပေါင်း မနည်းဘူးလေ။ သူ့မှာ တိုက်ခိုက်ရေး အတွေ့အကြုံတွေ အများကြီး ရှိနေပြီ။ သူက သာမန် စိတ်တန်ခိုး နယ်ပယ် အဆင့်၈က သိုင်းပညာရှင်တော့ မဟုတ်ဘူး”
“အော်… ဒါနဲ့ …အစ်ကိုယုဝူ။ အစ်ကိုယုဝူ လီဖူချန်းဆိုတဲ့ အတွင်းစည်း တပည့်ကို ကြားဖူးသလား မသိဘူး။ ကျွန်တော် ကြားတာကတော့ အဲဒီကောင်က လျိုတိုင်ရှန်းနဲ့ ဖန်းယွမ်စင်မြင့်မှာ တိုက်ဖို့ တစ်နှစ် အချိန်းအချက် လုပ်ထားတယ်တဲ့ ".
“သူ့ကိုယ်သူ အရမ်း အထင်ကြီးနေတာပဲ “
လီဖူချန်းရဲ့ နာမည်ကို ကြားလိုက်တာနဲ့ ယုဝူရှန်းရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ အရိပ်အယောင်တွေ ဖြစ်ပေါ် လာပါပြီ။
သူက မာနကြီးတဲ့ လူတစ်ယောက် ဖြစ်တဲ့ အလျောက် လီဖူချန်းက သူ့ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ဆူးညောင့် တစ်ခု ဖြစ်နေမှာပါပဲ။ သူက လီဖူချန်းကို ရှုံးနိမ့်ခဲ့တဲ့ အကြောင်းကို တွေးမိလိုက်တိုင်း ထိန်းချုပ်နိုင်မှုတွေ လွတ်သွား နေဆဲပါပဲ။
သူ့ကို ဘောမနေတဲ့ အတွင်းစည်း တပည့် နှစ်ယောက်ကလည်း နပ်ပါတယ်။ ယုဝူရှန်း တစ်ယောက် လီဖူချန်းရဲ့ နာမည်ကို ကြားတာနဲ့ မျက်နှာ ပျက်သွားတယ် ဆိုကတည်းက ဘာဆိုတာကို တန်းပြီး သဘောပေါက်တဲ့ အတွက် လီဖူချန်းကို စပြီး ရှုံ့ချပါတော့တယ်။
“လုံးဝကို ဘဝင် မြင့်နေတာကတော့ သေချာတယ် အစ်ကိုယုဝူရေ။ စဉ်းစားကြည့်လေ ... အစ်ကိုလျို ဆိုတာ ဒုတိယတန်းစား အတွင်းစည်း တပည့် တစ်ယောက်။ ပြီးတော့ သူ့ထက် အဆင့်၄ဆင့်တောင် မြင့်နေသေးတယ်။ လီဖူချန်းက သူ့ကိုယ်သူ ဘာထင်နေတာလဲ။ ဂိုဏ်းတူအစ်ကိုကြီး ဓားအရူးသူတော်တောင်မှ သူ့အရွယ်တုန်းက အဆင့်၄ဆင့် ကွာတဲ့ ဒုတိယတန်းစား အတွင်းစည်း တပည့်ကို နိုင်အောင် တိုက်နိုင်မှာ မဟုတ်ဘူး”
“သူ့ရဲ့ မာနထောင်လွှားမှုက သူ့ကို အထိ နာစေလိမ့်မယ်။ ဖန်းယွမ် စင်မြင့်ဆိုတာ သနားညှာတာမှု ကင်းမဲ့တဲ့ နေရာ တစ်ခုပဲ”
ဒီနှစ်ယောက်ကတော့ အခွင့်အရေး ရတုန်းမှာ လီဖူချန်းကို ကောင်းကောင်းကြီး အပုပ် ချနေပါတော့တယ်။
“ငါကတော့ ဒီကောင် ဖန်းယွမ် စင်မြင့်မှာ ဒဏ်ရာ ကြီးကြီးမားမား မရပါစေနဲ့လို့ပဲ မျှော်လင့်မိတယ်။ မဟုတ်ရင် ငါသူ့ကို ပြန်အနိုင်ယူဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး”
ယုဝူရှန်းက ပြောလိုက်ပါတယ်။
သူက လီဖူချန်းကို တစ်ခါ ရှုံးနိမ့်ခဲ့ဖူးပေမဲ့လည်း သူ့မျက်လုံးထဲမှာတော့ လီဖူချန်းလို သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်က အမှိုက်သာသာပါပဲ။
သူ့လို ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်က နောက်ပိုင်း ရောက်လေလေ ကျင့်ကြံမှုနှုန်းမှာ အသာ ရလေလေ ဖြစ်နေမှာလေ။
သူနဲ့ လီဖူချန်းတို့ ကြားထဲက ကွာဟချက်တွေက အချိန် ကြာလာတာနဲ့အမျှ ပိုပြီး ကြီးမားလာဖို့ပဲ ရှိပါတယ်။ ကွာဟချက်က ကြီးလွန်းတဲ့ အတွက် နောက်ဆို ဘယ်တော့မှ ထပ်ယှဉ်လို့ မရတော့တဲ့ အထိပါပဲ။
နောက်ထပ် နှစ်အနည်းငယ် ဆိုရင် သူက မြေကမ္ဘာအဆင့်ကို ရောက်နေပြီ။ အဲဒီ အခါကျရင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ဆိုတာ သူ့အတွက်တော့ ဘာမှအရေးပါတဲ့ နယ်ပယ်တစ်ခု မဟုတ်တော့ဘူးလေ။
***
ခုနစ်လမြောက် …
လီဖူချန်းက နောက်ထပ် ဓားသိုင်း ၂၆မျိုးပဲ လေ့ကျင့်ဖို့ လိုပါတော့တယ်။ ပြီးတော့ သူ့ရဲ့ လေ့ကျင့်နှုန်းက တစ်ရက်ကို ဓားသိုင်း တစ်ခုရဲ့ တစ်ဖက်ကမ်း အဆင့်ကို ရောက်တဲ့ အထိပါပဲ။
ရှစ်လမြောက်မှာတော့ လီဖူချန်းက သူယူလာတဲ့ အဝါရောင် အဆင့်နိမ့် ဓားသိုင်း ၁၀၀လုံးရဲ့ တစ်ဖက်ကမ်းခတ် အဆင့်ကို ရောက်သွားခဲ့ပါပြီ။
သူက ဓားသိုင်း ၁၀၀ကနေ အကောင်းဆုံး ဓားကွက် တစ်ခုချင်းစီကို ကောက်နှုတ်ပြီး ကလန်တစ်ရာ ဓားသိုင်းကိုတောင် ထွင်ထားလိုက်ပါသေးတယ်။
ယခုအချိန်မှာတော့ လီဖူချန်းရဲ့ အတွေးထဲမှာ ဒီဓားကွက် ၁၀၀စလုံးက သံမှို ရိုက်နှိပ်ထားသလို စွဲမြဲနေပါပြီ။ ဒီဓားကွက်တွေကို ကိုယ်ပိုင်ဟန်နဲ့လည်း ပြန်လည် အသုံးပြုနိုင်စွမ်း ရှိနေပါပြီ။ ဓားကွက် တစ်ကွက်ချင်းစီရဲ့ စွမ်းပကားကလည်း အရင်က ထက်ကို တစ်မူထူးခြားလို့ နေခဲ့ပါပြီ။
“ပြတ်စမ်း”
ခြံဝင်း ထဲမှာတော့ လီဖူချန်း တစ်ယောက် သူ့ရဲ့ အနက်ရောင် သံသေဓားကို ကိုင်ပြီး သတ္တုရိုင်းကြီး တစ်တုံးကို သာမန် ဓားချက် တစ်ချက်နဲ့ ခုတ်ပိုင်းလိုက်ပါတယ်။
ရွှမ်း…
ဆန်းကြယ်တဲ့ ချီအတွင်းအားတွေက ဖြာထွက်လာပါတယ်။ လီဖူချန်းရဲ့ ဓားချက်ကို ကြည့်လိုက်မယ် ဆိုရင် ရိုးရိုး သာမန်ဓားချက်ပဲ ထင်ရပေမဲ့ အဲဒီ ဓားချက်က လေဟာနယ် တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင် တာကို တွေ့ရမှာပါ။ ပြီးတော့ အဲဒီဓားချက်ကနေ ဆင့်ကဲ ထွက်လာနိုင်တဲ့ ကွက်ပြောင်းတွေက ရာနဲ့ ချီနေတာကိုလည်း ခံစားလို့ ရနေပါတယ်။ တကယ်လို့သာ လီဖူချန်းရဲ့ ရန်သူက ဒီဓားချက်ကို သာမန် ဓားချက်ပဲထင်ပြီး ပေါ့ပေါ့ဆဆ နေလိုက်မယ်ဆိုရင် ဒီတစ်ကွက် တည်းနဲ့တင် လီဖူချန်းရဲ့ ဓားက ဇီဝိန်ခြွေသွားမှာပါ။
ခရက် ...
သတ္တုရိုင်းတုံးပေါ်က သတ္တုစတွေက ပဲ့စင်ကျလာပြီး နှစ်မီတာရှည်တဲ့ သတ္တုရိုင်းတုံးကြီး ပေါ်မှာတော့ ထုတ်ချင်းဖောက် ဖြစ်နေတဲ့ အပေါက် တစ်ခု ဖြစ်ပေါ် လာပါတော့တယ်။
“ဒီဓားချက်က နှလုံးသားနဲ့ ထုတ်ရတာ။ နှလုံးသားကလည်း ဓားချက်ကြောင့် စည်းချက်ညီညီ ခုန်နေရတာ။ ဓားနဲ့ နှလုံးသားဟာ တစ်ခုတည်း အဖြစ် ပေါင်းစည်း လိုက်နိုင်တဲ့ အခါမှာတော့ ဘယ်လိုရလဒ်ပဲ ထွက်လာပါစေ။ နောင်တ ရနေမှာ မဟုတ်တော့ပါလား “
လီဖူချန်းရဲ့ နှလုံးသားထဲမှာ ဓားနိယာမလေး တစ်ခု တစ်စွန်းတစ်စလေး ဖျတ်ခနဲ ပေါ်လာခဲ့ပါတယ်။ နောက်လာတဲ့ ရက်တွေမှာလည်း လီဖူချန်း တစ်ယောက် ဓားရဲ့နိယာမကိုပဲ ဆင်ခြင် သုံးသပ် နေပါတော့တယ်။
၉လမြောက်လရဲ့ ပထမအပတ်မှာတော့ လီဖူချန်းက ဆင်ခြင် သုံးသပ်နေရာကနေ ထပြီး ကြယ်ပျံ ဓားသိုင်းကို ထုတ်ဖော် လေ့ကျင့်လိုက်ပါတယ်။
လီဖူချန်းက သူ့ကိုယ်သူ ထင်ယောင်ထင်မှားတွေ ဖြစ်နေတယ် လို့တောင် ယူဆလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ကြယ်ကြွေဓားကွက်က ကိုယ်ပိုင် အသက် ရှိလာသလို ခံစားနေရပြီး အဲဒါက သူ့ရဲ့ အသက်ရှူသံနဲ့ စည်းချက်ကျက လိုက်လျော ညီထွေစွာ ထွက်ပေါ်လာလို့ပါပဲ။
ဒီကြယ်ကြွေ ဓားကွက်က တစ်ကွက်တည်း ဆိုပေမဲ့ ကောင်းကင်တစ်ခုလုံးက ကြယ်တွေအကုန် လီဖူချန်းရဲ့ လက်ထဲက ဓားဆီကို ကြွေကျလာပြီး ခိုဝင်အောင်းနေသလိုပါပဲ။ ဓားကွက် ကွက်ပြောင်းတွေကလည်း အများကြီးကို ဖြစ်ပေါ်လာပါတယ်။ ဓားကွက်တိုင်းက မူလကြယ်ကြွေ ဓားကွက်နဲ့ ဆင်တူနေပေမဲ့ ဦးတည်ချက်တွေ လားရာတွေကတော့ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲ နေပါတော့တယ်။
ရွှမ်း ... ရွှမ်း ... စွပ် ... စွပ်……
သတ္တုရိုင်းတုံးကြီး အပေါ်မှာတော့ ပုံစံအမျိုးမျိုးသော ဓားချက်တွေက ဖြစ်ပေါ်နေပြီး သတ္တုရိုင်းတုံးကြီးရဲ့ မျက်နှာပြင် တစ်ခုလုံးဟာလည်း ရစရာကို မရှိတော့ပဲ မွစာကြဲနေပါပြီ။
“ပျက်စီးစမ်း "
မရေမတွက်နိုင်တဲ့ ဓားရိပ်တွေ ကြားကနေ ကြယ်ပျံ တစ်စင်းလို စူးရှတဲ့ အလင်းရောင်ကြီး တစ်ခု ထွက်ပေါ် လာပါတယ်။
ဝုန်း…
ကျယ်လောင်လှတဲ့ အသံကြီးတစ်ခုက ထွက်ပေါ်လာပြီး သတ္တုရိုင်းတုံးကြီးကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွား စေပါတော့တယ်။
နောက်ထပ် စက္ကန့် အနည်းငယ် အကြာမှာတော့ ထိုသတ္တုရိုင်းတုံးကြီးက ဖုန်မှုန့်ဘဝကို ကူးပြောင်း သွားပါပြီလေ။
***