အိပ်မက်ဆိုး
Vol. 32 Ch. 444
အနောက်သို့ ဆည်းဆာနေလုံးကြီး တိုးဝင်သွားသည့်အချိန်တွင် မီးကန္တာရမှာ ပိုမိုနီရဲလာသည်။ ချင်မူက နဂါးချီလင်၏ ခေါင်းပေါ်တွင် ထိုင်ကာ ချီစွမ်းအင်ကို မီးငှက်ချီအသွင်ဖွဲ့၍ ဓားပျံများအား မီးဆေးနေသည်။ ဓားပျံများအပေါ်ရှိ သင်္ကေတအမှတ်အသားများ ထင်ရှားပြတ်သားလာ၏။
သူ ငုံ့ကြည့်လိုက်သည့်အခါ နဂါးချီလင်၏ နားရွက်ထဲတွင် ရှုန်းချီအာ အိပ်မောကျနေသည်ကို မြင်လိုက်ရသည်။ နဂါးချီလင်က ကလေးမလေး လေတိုးသည့်ဒဏ် မခံရအောင် နားထဲ၌ ဂရုတစိုက် ထည့်ထားခြင်းဖြစ်ပေသည်။
‘ဖက်တီးနဂါးက မဆိုးဘူးပဲ’ ချင်မူ စိတ်ထဲမှ ချီးကျူးမိလိုက်သည်။ “ဒီဖက်တီး တော်တော်လေး ဂရုစိုက်တတ်တယ်။ သူ ညည်းလည်း ညည်းချင်စရာပါပဲ သွေးနီမီးလျှံဆေးလုံးနဲ့ မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံးတွေက အရသာ သိပ်မှ မကောင်းတာ။ အနားယူစရာနေရာ တွေ့တာနဲ့ ဆေးလုံးအရသာကောင်းအောင် လုပ်ပေးရမယ်”
“ဂိုဏ်းသခင် ရှေ့မှာ မြေနုကျွန်းတစ်ကျွန်း ရှိတယ်” နဂါးချီလင်က ရုတ်တရက် ထပြောသည်။
ချင်မူ ရှေ့တူရူသို့ လှမ်းကြည့်လိုက်ရာတွင် အမှန်တကယ်ပင် မြေနုကျွန်းတစ်ကျွန်းအား မြင်လိုက်ရ၏။ “အဲဒီမှာ ရေရှိနေမလား မသိဘူး။ ငါက ရေမရှိလည်း နောက်တစ်ရက်လောက် ခံနိုင်သေးပေမယ့် ချီအာ့အတွက် စိတ်ပူရတယ်”
မီးကန္တာရသည် အလွန်တရာ ပူပြင်းသည့်အတွက် လေထဲ၌ အစိုဓာတ်မရှိပေ။ လိပ်နက်ချီစွမ်းအင်ကို ဖွဲ့တည်လျှင်ပင် ရေတစ်စက်မှ စစ်ထုတ်၍မရပေ။ သူ့အနေဖြင့် ရေပြဿနာကို တစ်ခါမှ စိတ်ပူစရာမလိုခဲ့သော်လည်း ဤခရီးတွင် ရှုန်းချီအာ ပါလာသည်မဟုတ်ပါ၏လော။
တခဏကြာသော် နဂါးချီလင်က မြေနုကျွန်းသို့ ရောက်သွားပြီး ကန်ဘေးတွင် ဆိတ်သားရေတဲများကို မြင်လိုက်ကြရသည်။ အနောက်ကမ္ဘာမြေ၏ အဝတ်အစားများကို ဝတ်ဆင်ထားသူများက မီးမွှေးကာ ဟင်းချက်နေကြ၏။ နဂါးချီလင်က ဘေးဘီဝဲယာကို စပ်စပ်စုစု ကြည့်ကာ ပြောလိုက်သည်။ “ပန်ကုန်းစုန် ဒီကို ပြေးလာမလားမသိဘူး။ ဂိုဏ်းသခင် ဂရုစိုက်ပါ။ သူက ဒဏ်ရာအပြင်းအထန် ရသွားတာဆိုတော့ ဝေးဝေးပြေးနိုင်မှာမဟုတ်ဘူး”
ချင်မူ ခုန်ဆင်း၍ နဂါးချီလင်၏ နားရွက်ကို လှန်ကာ အိပ်ပျော်နေသော ရှုန်းချီအာကို ထုတ်လိုက်သည်။ “မပူပါနဲ့။ ငါ ဒီရောက်လာမှတော့ အဲဒီကောင် အနီးနားမှာ ရှိနေရင်တောင် ထွက်လာရဲမှာမဟုတ်ဘူး။ ထွက်လာရင်လည်း သူ့ကို ရှင်းပစ်ဖို့ လွယ်သွားတာပေါ့”
အနောက်ကမ္ဘာမြေ၏ လူမျိုးနွယ်များက နဖူးစည်းများ စည်းထားကြသည်။ ချင်မူတို့ကို မြင်လျှင် သူတို့မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြပြီး အသံတစ်သံ မထွက်ရဲတော့ပေ။
ချင်မူ ဘေးဘီဝဲယာသို့ ကြည့်လိုက်သည့်အခါ ယောက်ျားအရေအတွက်က မိန်းမအရေအတွက်ထက် များကြောင်း တွေ့လိုက်ရသည်။ အသက်ရှင်နေထိုင်ရေးအတွက် နေ့စဉ်နေ့တိုင်း ကြိုးစားရုန်းကန်ရမှုများကြောင့် သူတို့မျက်နှာများမှာ နေလောင်ကာ နီရဲနေကြသည်။ ခြေနှစ်ချောင်းရှိသော အဝါရောင်ဂဇဲဆိတ်များနှင့် ကုန်စည်တချို့လည်း မြင်တွေ့ရရာ ဤအုပ်စုက နယ်လှည့်ကုန်သည်အုပ်စု ဖြစ်လောက်သည်။
ခြေနှစ်ချောင်း ဂဇဲဆိတ်များက မြန်ပြီး ဝန်များစွာ သယ်နိုင်သော်လည်း စီးရသည်မှာ သက်တောင့်သက်သာ မရှိပေ။ ထို့ကြောင့် ကုန်သည်များသာ ဤဆန်းကြယ်သားရဲများကို အသုံးပြုကြသည်။
ခြေနှစ်ချောင်းဂဇဲဆိတ်များအား စီးရသည်က ကြမ်းတမ်းသော်လည်း ကုန်စည်များစွာ သယ်ဆောင်နိုင်၏။
ချင်မူက အသက်ကြီးကြီးကုန်သည်တစ်ယောက်ဆီ သွား၍ မေးလိုက်သည်။ “အကြီးအကဲ၊ ကျွန်တော့်ညီမလေး အိပ်ပျော်နေလို့။ တဲတစ်လုံးလောက် ငှားလို့ရမလားခင်ဗျာ”
ကုန်သည်က ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ရတယ်”
ချင်မူ ကျေးဇူးတင်စကားပြောပြီး ကလေးမကို တဲထဲ ထည့်ထားလိုက်သည်။ ကန္တာရ၏ ညက အလွန်အေးစိမ့်သဖြင့် နွေးနွေးထွေးထွေးနေရန် တဲတစ်တဲ ရလိုက်သည်မှာ ကံကောင်းလေသည်။ ထို့အပြင် တဲထဲတွင် ဆိပ်မွှေးစောင်ထူထူများလည်း ရှိသည်။ ချင်မူ အိပ်ချင်မူးတူးဖြစ်နေသာ ရှုန်းချီအာကို စောင်ခြုံပေးလိုက်သောအခါ သူမ၏လက်သေးသေးများက စောင်ကို ဆွဲပြီး ပါးစပ်လေးမှ တပြက်ပြက်မြည်သံ ထွက်လာသည်။ သူမမှာ ဗိုက်ဆာနေသော်လည်း နိုးမလာသေးပေ။
ချင်မူက တဲအပြင်သို့ ပြန်ထွက်လိုက်ပြီး နေဝင်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသည်။
သူက မီးပွားများ တဖျစ်ဖျစ် ခုန်ထွက်နေသော မီးပုံဘေးသို့ သွားကာ မေးလိုက်သည်။ “အကြီးအကဲတို့က အနောက်ကမ္ဘာမြေက ကုန်သည်တွေလား”
အကုန်လုံး ချင်မူ့မျက်နှာကို ကြည့်ပြီး စကားမပြောရဲကြပေ။ ခေါင်းဆောင်ဖြစ်ဟန်တူသည့် ကုန်သည်တစ်ယောက်သာ ပါးစပ်ဟရဲသည်။ “ကျုပ်တို့က အနောက်ကမ္ဘာမြေကပါ၊ မဟာမြို့ပျက်မှာ ကုန်သွယ်ဖို့ သွားနေတာ။ နောင်ကြီးက မဟာမြို့ပျက်ကလား”
ချင်မူ စစချင်း ဆွံ့အသွားသော်လည်း တဟားဟား ရယ်လိုက်မိသည်။ သူက အတော်လေး အရပ်မြင့်သော်လည်း နောင်ကြီးဟု ခေါ်ရလောက်သည်အထိတော့ မနီးစပ်သေးပေ။ သူ့မျက်နှာပေါ်ရှိ မီးတောက်အမှတ်အသားများကြောင့် ကုန်သည်များ ကြောက်နေခြင်းဖြစ်လိမ့်မည်။
ထိုအမှတ်အသားများကြောင့် သူက မဟာမြို့ပျက်မှ ဖြစ်ကြောင်း သူတို့ ပြောနိုင်ကြ၏။
“ကျွန်တော်က မဟာမြို့ပျက်က ဟုတ်ပါတယ်။ အနောက်ကမ္ဘာမြေကို သွားမလို့ပါ” ချင်မူက ပြုံးပြုံးရွှင်ရွှင် ထောင်ကျယ်အိတ်ထဲမှ အမဲသားများနှင့် သစ်သီးများ ထုတ်ကာ လက်ဆောင်ပေးလိုက်သည်။ “အကြီးအကဲ၊ ကျွန်တော့်ညီမလေးကို အနားယူစရာနေရာပေးလို့ ကျေးဇူးတင်ပါတယ်။ အကြီးအကဲ စိတ်မရှိရင် ကျွန်တော့်ကို ချင်လေးကို ခေါ်နိုင်ပါတယ်”
ကုန်သည်ခေါင်းဆောင်မှာ မငြင်းသာ၍ လက်ခံလိုက်ရသည်။ “အကြီးအကဲလို့ ခေါ်တာ မခံယူဝံ့ပါဘူး။ အနောက်ကမ္ဘာမြေမှာ ကျုပ်တို့ယောက်ျားသားတွေက အဆင့်အတန်း နိမ့်ကျတယ်။ အမျိုးသမီးတွေကိုပဲ အကြီးအကဲလို့ ခေါ်ပိုင်ခွင့်ရှိတာပါ။ နောင်ကြီးချင်က မဟာမြို့ပျက်သားဆိုရင် အနောက်ကမ္ဘာမြေကို မသွားတာ ကောင်းမယ်ထင်တယ်။ ဒီမီးကန္တာရက မိုင်သောင်းနဲ့ချီ ရှည်လျားတဲ့အပြင် လမ်းတစ်လျှောက်လုံးလည်း မီးတဟုန်းဟုန်းတောက်လောင်နေတယ်။ ဒီမီးက မဟာမြို့ပျက်သားတွေအတွက် အန္တရာယ်များပါတယ်။ ဒါကြောင့် လှည့်ပြန်တာ ကောင်းလိမ့်မယ်”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်က အနောက်ကမ္ဘာကို လာမယ်လို့ ကတိပေးထားတာပါ။ ကတိဖျက်လို့ မဖြစ်ပါဘူး။ အနောက်ကမ္ဘာမြေမှာ အမျိုးသမီးတွေက ဦးဆောင်တဲ့လူတွေမလားဗျ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာဆိုလည်း အမျိုးသမီးစစ်သူကြီးတွေ၊ အမျိုးသမီးအရာရှိတွေ ရှိတယ်။ ဧကရာဇ်အတိုင်ပင်ခံ ယောက်ျားနဲ့ မိန်းမကြား တန်းတူညီတူ အခွင့်အရေးရအောင် အားထုတ်ခဲ့တုန်းကဆို အတိုက်အခံတွေ အများကြီးတွေ့ခဲ့ရတာ။ အနောက်ကမ္ဘာမြေက ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် ပိုပွင့်လင်းနေမယ်လို့တောင် မထင်ထားမိဘူး”
ကုန်သည်အဘိုးအို၏ မျက်နှာ ပြောင်းလဲသွားပြီး သူက ကပျာကယာ ပြောလိုက်သည်။ “ရှူးးးး ယောက်ျားမိန်းမ တန်းတူညီတူအခွင့်အရေးကြောင်း မပြောနဲ့ ကွပ်မျက်ခံရလိမ့်မယ်။ ယောက်ျားနဲ့မိန်းမက ဘယ်လိုလုပ် တန်းတူညီတူ ဖြစ်နိုင်မှာလဲ။ မိန်းမတွေက ကလေးမွေးနိုင်တယ်။ ယောက်ျားတွေက ကလေးမမွေးနိုင်ဘူးလေ။ ဒါကြောင့် ယောက်ျားတွေက တစ်ဆင့်နိမ့်တယ်”
ချင်မူ မှင်သက်သွားသည်။
ကုန်သည်အဘိုးအိုက ဟိုကြည့်သည်ကြည့် ကြည့်ကာ ခပ်တိုးတိုး ကပ်ပြောသည်။ “အနောက်ကမ္ဘာမြေကို ရောက်ရင် ဒီလိုပေါက်ကရတွေ လျှောက်မပြောနဲ့။ ဒီကန္တာရကို မင်း ဖြတ်ကျော်နိုင်ရင် ပြောတာပါ”
ချင်မူမှာ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။
“အနောက်ကမ္ဘာမြေကို ရောက်ရင် မင်း မဟာမြို့ပျက်ကလူဆိုတာလည်း မပြောနဲ့ဦး” ကုန်သည်အဘိုးအိုက ဆက်ပြောသည်။ “မင်းသာ မဟာမြို့ပျက်ကလူဆိုတာ သိသွားကြလို့ကတော့ ကွပ်မျက်ခံရလိမ့်မယ်”
ချင်မူ မျက်မှောင်ကြုတ်ကာ မေးလိုက်မိသည်။ “ဘာလို့လဲ”
ကုန်သည်အဘိုးအိုမှာ အသေးစိတ် ပြောချင်ပုံမရသဖြင့် ချင်မူလည်း အတင်းမေးမနေတော့ဘဲ ချီစွမ်းအင်ကို သုံးကာ ဓားပျံများအား ဆက်လက်မွမ်းမံနေလိုက်သည်။ ကျင့်စဉ်စွမ်းအင် တစ်ဝက်နီးပါး ကုန်ခမ်းသွားသည့်အခါ စွမ်းအင်ဆေးလုံးများ ထုတ်စား၏။ မမွမ်းမံရသေးသော ဓားပျံအရေအတွက်က တဖြည်းဖြည်း နည်းပါးလာသည်။
“ဘိုးဘိုးရွှေအနဲ့ ယှဉ်ရင် ငါ့မှာ လိုအပ်ချက်တွေ ရှိနေသေးတယ်။ အခုအချိန်အထိ ဓားတွေကို တသွင်သွင် စီးဆင်းနေတဲ့ ရေအသွင် မဖွဲ့တည်နိုင်သေးဘူး”
ချင်မူ ဓားပျံတစ်လက်ကို ပင့်မကာ ဓားသွားကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ ဓားသည် ဓားစက်လုံးအသေးစားအသွင် ဖြစ်လာသော်လည်း အချွန်အတက်များ ထွက်နေသေး၏။ ရွှင်ပျော်ပျော်ဓားကို ထုတ်လိုက်သည့်အခါ ဓားအလက်ရှစ်ထောင်က အချင်းချင်း ဝင်တိုက်ပြီး ဓားစက်လုံးတစ်လုံးအသွင် ဖွဲ့တည်သွားသည်။ ယခင်အရွယ်အစားနှင့်ယှဉ်လျှင် များစွာသေးငယ်သွားသော်လည်း နှစ်ပေလုံးပတ်ခန့် ရှိသေးသည်။
ဓားစက်လုံးကို လက်မအရွယ်အထိ ချုံ့နိုင်သည့်အချိန်ရောက်မှ သူ၏ပန်းပဲပညာ တိုးတက်လာသည်ဟု ဆိုရလိမ့်မည်။ ဓားစက်လုံးကို လက်မအရွယ် ချုံ့နိုင်လျှင် တသွင်သွင်စီးနေသော ရေအသွင် ဖွဲ့တည်နိုင်၏။
ချင်မူ ဓားစက်လုံးကို ပြန်ခွဲထုတ်ပြီး ရွှင်ပျော်ပျော်ဓားအား ဆုပ်ကိုင်လိုက်သည်။ ဓားပျံတစ်စင်းပြီးတစ်စင်း တဝှစ်ဝှစ် ပျံသန်းလာကာ မိခင်ဓားနှင့် တစ်သားတည်း ပေါင်းစည်းသွားသည်။
ရွှင်ပျော်ပျော်ဓားက လေးသထက် လေးလာပြီး နောက်ဆုံးဓားပျံ ဝင်ရောက်လာသည့်အခါ ချင်မူ့လက်များ တဆတ်ဆတ် တုန်လာသည်။ ဓားက အလွန်လေးလွန်းသော်လည်း အနည်းဆုံးတော့ မ,၍ ရချေပြီ။
ဓားကို ဝှေ့ယမ်းကြည့်သည့်အချိန်တွင် ဓားက နှေးကွေးစွာ ရွေ့လျားသွားသော်လည်း ကောင်းကင်ယံမှ တဂျိန်းဂျိန်း ပေါက်ကွဲသံများနှင့် တဝှမ်ဝှမ် တုန်ခါသံများ ထွက်ပေါ်လာသည်။ တောင်ကြီးတစ်လုံး ကျရောက်လာသကဲ့သို့ ထင်ရ၏။
ဓား၏အလေးချိန်က နေရာဟင်းလင်းပြင်အား ဖိသိပ်လိုက်သည့်အတွက် ယခုလိုဆူညံသံများ ထွက်လာခြင်းဖြစ်သည်။
ချင်မူမှာ ရွှင်ပျော်ပျော်ဓားကို နှစ်ကြိမ် ဝှေ့ယမ်းလိုက်ပြီးနောက်တွင် လက်မောင်းနှစ်ဖက်လုံး ကိုက်ခဲလာပြီဖြစ်သည်။ သူ ကလေးဓားများအား ကမန်းကတန်း ခွဲထုတ်လိုက်ပြီး သူ့ကိုယ်သူ မညှင်းပန်းတော့ပေ။ ‘အစစ်အမှန်နဂါးသိုက်နဲ့ ဧကရာဇ်တံဆိပ်ပြားပေါ်က နဂါးဘာသာစကားက သိပ်မဆိုးလှဘူး။ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကြောင့် ငါ့ရုပ်ခန္ဓာ တိုးတက်တဲ့နှုန်းက ကြောက်စရာကောင်းလောက်အောင် မြန်လာတယ်။ အရင်တုန်းက ဒီဓားကို မ,မ နိုင်ခဲ့ဘူး။ နဂါးဘာသာစကားကို ကောင်းကောင်းနားမလည်တာ နှမြောစရာပဲ’
ပြီးခဲ့သည့်ရက်ပိုင်းက နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်နှင့် လောကသခင်အမြုတေသုံးသွယ်ကျင့်စဉ်ကို တစ်သားတည်း ပေါင်းစည်းကြည့်ခဲ့ဖူးသည်။ သူ၏ရုပ်ခန္ဓာကလည်း နတ်ဘုရားကဲ့သို့ အမြန်နှုန်းဖြင့် တိုးတက်လာနေသည်။ ယခင်က မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲရှိ ရုပ်ခန္ဓာကျင့်စဉ်များကို ကျင့်ကြံခဲ့ဖူးသည့်အတွက် သူ၏ရုပ်ခန္ဓာခွန်အားသက်သက်ကပင် ကောင်းကင်နတ်သိုင်းပညာရှင်အများစု၏ ကောင်းကင်နတ်သိုင်းများထက် သန်မာအားကောင်းသည်။
မိုးကြိုးရှစ်ချက်လက်သီးသိုင်း၊ ဝက်ခုတ်ဓားမသိုင်းကဲ့သို့ သိုင်းကွက်အသားပေးပညာရပ်များကို ထုတ်ဖော်လိုက်လျှင် သိုင်းကွက်စွမ်းအားက အဆများစွာ ပြင်းထန်သွားလိမ့်မည်။
ရုပ်ခန္ဓာခွန်အားသည် သိုင်းကွက်အသားပေးပညာရပ်များအပေါ်တွင် များစွာသက်ရောက်မှုရှိ၏။
အနောက်ကမ္ဘာမြေ၏ ကုန်သည်များက အိပ်စက်အနားယူရန် တဲထဲ ဝင်သွားကြသော်လည်း ချင်မူက ကန်ဘေးတွင် ထိုင်လျက် ကျန်ခဲ့သည်။ နဂါးချီလင်လည်း ခန္ဓာကိုယ်ကို ချုံ့၍ ချင်မူ့ဘေးတွင် ထိုင်ချလိုက်သည်။ သူက ချင်မူ့ဆီမှ နဂါးထိန်းကျမ်းစဉ်ကို တောင်းကာ မီးကန္တာရ၏ မီးတောက်များကို အားပြု၍ ဖတ်နေသည်။
‘ဖက်တီးနဂါး၊ ဒီကောင်ကြီးလည်း လင်းအာလို ကြိုးစားတတ်လာပြီ’ ချင်မူ ဝမ်းသာသွားသည်။
နဂါးချီလင်က လက်သည်းကို လျက်၍ နဂါးထိန်းကျမ်းစဉ်ကို လှန်ကာ စိတ်ဝင်တစား ဖတ်ရှုနေသည်။ သူလည်း သူ့အတွေးနှင့်သူ ဖြစ်သည်။ ‘နဂါးထိန်းဧကရာဇ်က နဂါးထိန်းကျမ်းစဉ်ကို ရေးခဲ့တယ်။ ငါလည်း လူထိန်းကျမ်းစဉ်ကို ရေးချင်တယ်...”
များစွာမကြာလိုက်ဘဲ ချင်မူမှာ နဂါးချီလင်အပေါ် တက်ကာ အိပ်ပျော်သွားသည်။ နဂါးချီလင်လည်း ခေါင်းချပြီး အိပ်ပျော်သွား၏။ မီးကန္တာရထဲတွင် မီးတောက်မီးလျှံများ ပြည့်နေသော်လည်း ညကား အလွန်အေးစိမ့်လေသည်။ ကန်ရေပြင်မှာ အေးခဲလာသည့်တိုင် နဂါးချီလင်၏ ခန္ဓာကိုယ်က အလွန်နွေး၍ တော်သေး၏။ သူ့နှာခေါင်းမှလည်း မီးတောက်မီးလျှံများ တစ်ချက်တစ်ချက် ထွက်လာတတ်လေသည်။
မီးကန္တာရ၏ သန်းခေါင်ယံအချိန်၊ မြေနုကျွန်းအပြင်၌
ပန်ကုန်းစုန်က မြေကြီးအောက်မှ တူးထွက်လာသည်။ အိပ်ပျော်နေသော ချင်မူ့ကို ကြည့်ပြီး သူ တွန့်ဆုတ်နေ၏။ ယခုအချိန် ချင်မူ့အား သွားသတ်သင့်လား သူ တွေဝေနေသည်။
ချင်မူမှာ မည်သည်ကိုမျှ သတိမထားမိဘဲ အိပ်မောကျနေသည်။
ပန်ကုန်းစုန် နောက်ဆုံးအကြိမ် တွေဝေပြီးနောက် တစ်ချက်တည်း အသေသတ်ရန် ဆုံးဖြတ်လိုက်သည့်အခါ ချင်မူ့ထောင်ကျယ်အိတ်ထဲမှ နဂါးချီ စီးမျောထွက်လာသည်ကို မြင်လိုက်ရသည်။ နဂါးချီက နဂါးလေးများအသွင် ဖွဲ့ကာ ချင်မူ့အား ဝန်းရံနေသည်။
ထိုအချိန်တွင် ချင်မူ့လက်က ထောင်ကျယ်အိတ်ထဲ ရောက်နေသည်ကို မြင်လိုက်ရ၍ ပန်ကုန်းစုန် တုန်လှုပ်သွားသည်။ သူက ကပျာကယာ စိတ်ပြောင်း၍ မြေကြီးထဲ ပြန်ဝင်သွား၏။
‘သတိထားမိသွားတယ်လား’
ချင်မူ မျက်လုံးတစ်ဖက် ဖွင့်ကာ ဘေးဘီဝဲယာကို ကြည့်ပြီးနောက် ပြန်ပိတ်လိုက်သည်။ ထို့နောက် ထောင်ကျယ်အိတ်ထဲမှ လက်ပြန်ထုတ်၍ နဂါးများကို အစစ်အမှန်နဂါးသိုက်ထဲ ပြန်ထည့်ကာ အိပ်ပျော်သွား၏။ ဤတစ်ကြိမ်တွင် သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား၍ ဟောက်သံများပင် ထွက်လာသည်။
သူ၏ခန္ဓာကိုယ်က အစစ်အမှန်နဂါးချီများကို စုပ်ယူကာ ချီစွမ်းအင်နှင့် ကျင့်စဉ်စွမ်းအင်ကို မြှင့်တင်ပေးနေသည်။
ပြီးခဲ့သည့်လများတွင် အစစ်အမှန်နဂါးသိုက်နှင့် ဧကရာဇ်တံဆိပ်ပြားမှ နဂါးချီကို အသုံးပြုကာ ကျင့်ကြံခဲ့သောကြောင့် သူ၏ကျင့်စဉ်စွမ်းအင်က လျင်မြန်စွာ တိုးတက်လာခြင်းဖြစ်သည်။ ဆယ်ဘဝ ပြန်လည်မွေးဖွားလာသော ပန်ကုန်းစုန်ပင်လျှင် သူ့ကို ကျော်နိုင်မည်မဟုတ်ပေ။
မှန်သည်၊ အရေးအကြီးဆုံးက လင်ယွိရှို့နှင့် စစ်ယွင်ရှန်းနှင့်အတူ မူလဝိညာဉ်တူနှစ်ကိုယ်ကျင့်စဉ်အား မကြာခဏ ကျင့်ကြံခဲ့ခြင်းကြောင့်ဖြစ်သည်။ မူလဝိညာဉ်ကျင့်စဉ်က သူ့ကို များစွာအထောက်အကူ ပြု၍ သူ၏ကျင့်စဉ်စွမ်းအင်က ခုနစ်စဉ်ကြယ်အဆင့် ဝင်ရောက်သွားခဲ့သော ပန်ကုန်းစုန်၏ ကျင့်စဉ်စွမ်းအင်အောက် မနိမ့်ကျခြင်းဖြစ်၏။
နေထွက်သည့်အခါ ရှုန်းချီအာ နိုးလာပြီး ဗိုက်ဆာကြောင်း ဂျီကျသည်။ ချင်မူ အသားတချို့နှင့် အသီးအရွက်များ ရောကာ သူမအတွက် ဆန်ပြုတ်ပြုတ်ပေးလိုက်သည်။ နဂါးချီလင်အတွက်လည်း မုန့်ချိုများ လုပ်ပေးပြီးနောက်မှ စွမ်းအင်ဆေးလုံးကျွေးလိုက်သည်။
‘ငါ့ရဲ့ လူထိန်းကျမ်းစဉ် သေချာပေါက် အောင်မြင်စေရမယ်’ နဂါးချီလင်မှာ ယုံကြည်ချက်အပြည့် ရှိနေသည်။ “ဂိုဏ်းသခင်က နဂါးထိန်းကျမ်းစဉ်ကို ကောင်းကောင်းသုံးနိုင်တယ် ထင်နေတာ၊ ငါ့လူထိန်းကျမ်းစဉ် ကျော့ကွင်းထဲ ရောက်နေမှန်း မသိဘူး’
အနောက်ကမ္ဘာမြေ၏ ကုန်သည်များ ကုန်စည်များ ထုတ်ပိုးပြီးနောက် ထွက်ခွာရန် အသင့်ဖြစ်နေကြသည်။ ကုန်သည်အဘိုးအိုက ချင်မူ့ကို လာရောက်နှုတ်ဆက်ပြီး သတိထပ်ပေးပြန်၏။ “နောင်ကြီးချင်၊ မင်းက မဟာမြို့ပျက်ကလူဆိုတာ မပြောနဲ့နော်။ မဟုတ်ရင် ဒုက္ခအကြီးကြီး ရောက်လိမ့်မယ်”
ချင်မူ သူ့အား ကျေးဇူးတင်စကားဆိုကာ နဂါးချီလင်၏ နဖူးပေါ် တက်၍ အနောက်ကမ္ဘာမြေသို့ အသော့နှင်လိုက်သည်။ သူ့အနောက်တွင် ဂဇဲဆိတ်များ၏ လည်ပင်း၌ ချိတ်ဆွဲထားသော ခေါင်းလောင်းများမှ တချွင်ချွင်မြည်သံများ ထွက်လာပြီး ကုန်သည်တန်းကား အရှေ့အရပ်ရှိ မဟာမြို့ပျက်ဆီသို့ တရွေ့ရွေ့ ချီတက်သွားတော့သည်။
နဂါးချီလင်က မြန်သော်လည်း တစ်နေကုန် ပြေးလာသည့်တိုင်အောင် အနောက်ကမ္ဘာမြေသို့ မရောက်နိုင်သေးပေ။
သူတို့ တောင်ကြီးတစ်လုံးဘေးမှ ဖြတ်လာသည့်အခါ ချင်မူက တောင်ကို ကြည့်လိုက်သော်လည်း နဂါးချီလင်က လျင်မြန်စွာ ဖြတ်ကျော်သွား၏။ ချင်မူ ကမန်းကတန်း ပြောလိုက်သည်။ “ဖက်တီးနဂါး၊ ပြန်လှည့်”
နဂါးချီလင်မှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း ပြောသည့်အတိုင်း လုပ်၏။
ချင်မူ တောင်ကို အကဲခတ်ကြည့်လိုက်ပြီး အလွန်ခံညားထည်ဝါကြောင်း မြင်လိုက်ရသည်။ တောင်ပေါ်တွင် မီးတောက်များ မရှိသောကြောင့် ချင်မူ တောင်ထိပ်သို့ လျင်မြန်စွာ တက်လိုက်၏။ လမ်းတစ်လျှောက်တွင် ပျက်စီးနေသော တံတိုင်းများ၊ နံရံများအား မြင်တွေ့ရလေသည်။ အကောင်းပကတိအတိုင်း ရှိခဲ့စဉ်အခါက မည်မျှခမ်းနားခဲ့မည်ကို ချင်မူ ကောင်းကောင်းစိတ်ကူးကြည့်နိုင်သည်။
သဲမြေထဲတွင် မြုပ်နေသော အလောင်းများကို တွေ့ရရ၍ ချင်မူက စစ်ဆေးကြည့်ရှုသည်။ အလောင်းများက ထူးကဲစွာ ကြီးမားပြီး တုတ်ခိုင်ထွားကြိုင်းကြသည်။
ချင်မူ တိုင်တစ်လုံးဆီ သွား၍ ထိကြည့်လိုက်၏။ တိုင်ဘေးတွင် ဧရာမသံကြိုးများ ပြန့်ကြဲနေသည်။
“ဂိုဏ်းသခင် ဒီတောင်က ဘာတောင်ကြီးလဲ” နဂါးချီလင်က မီးလျှံတိမ်တိုက်များကို နင်း၍ ပျံသန်းနေသည်။
ချင်မူက အဝေးရှိ ကန္တာရဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ “အဲဒီကို ကြည့်လိုက်”
လက်ညှိုးထိုးပြရာဘက်သို့ နဂါးချီလင် ကြည့်လိုက်သည့်အခါ သဲလေလှိုင်းများကြားရှိ မည်းနက်နေသော အလုံးကြီးတစ်လုံးအား တွေ့လိုက်ရ၏။
“အဲ့ဒါက နေသင်္ဘောပဲ၊ သေနေတဲ့ နေသင်္ဘော” ချင်မူ သင်္ဘောဆီမှ အကြည့်လွှဲကာ မျက်နှာသေဖြင့် ပြောလိုက်သည်။ “သွားစို့”
နဂါးချီလင်က သူ့မျက်နှာအရိပ်အခြည်ကို ကြည့်ကာ မည်သည်ကိုမျှ မပြောရဲတော့ဘဲ အနောက်အရပ်သို့ ဆက်လက်ပြေးထွက်လာသည်။ များစွာမကြာလိုက်ဘဲ ဒုတိယသင်္ဘောကြီးတစ်စင်းအား တွေ့လိုက်ရ၏။
ကြေမွနေသော လသင်္ဘောတစ်စင်း
ထို့နောက် ကန္တာရထဲ မြုပ်နေသော တတိယမြောက်သင်္ဘောကြီးတစ်စင်းအား တွေ့ရပြန်သည်။ ထိုလသင်္ဘောမှာ အလွန်ပြင်းထန်သည့် တိုက်ပွဲတစ်ပွဲထဲတွင် စိစိညက်ညက် ကြေမွသွားခဲ့၍ ရစရာမရှိအောင် ပျက်စီးနေသည်။
ချင်မူ ရုတ်တရက် နားလည်သွား၏။ “ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်က နေသင်္ဘောနဲ့ လသင်္ဘောအတွက် အိပ်မက်ဆိုးပဲ”