ည တိုက်ပွဲ
Vol. 32 Ch. 445
မိုးလေဝသလက်နက်များကြောင့် ခိုင်ဧကရာဇ်ခေတ် နိဂုံးချုပ်တော့မည့်အချိန်တွင် ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားများ တည်ဆောက်ခဲ့သော နေသင်္ဘောနှင့် လသင်္ဘာများအား အမှောင်ထုကို မောင်းထုတ်ရန် အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် ပြည်သူပြည်သားများ အသက်ချမ်းသာရာရခဲ့ကြ၏။
နေသင်္ဘောနှင့် လသင်္ဘောသည် တိုက်ပွဲတွင် အရေးပါသောလက်နက်ဆိုလည်း မမှားပေ။ နေစောင့်ရှောက်သူနှင့် လစောင့်ရှောက်သူက ခမ်းနားထည်ဝါသည့် သင်္ဘော၏စွမ်းအင်ကို ထိန်းချုပ်နိုင်၍ သူတို့၏ကိုယ်ပိုင်စွမ်းရည်သည်လည်း နတ်ဘုရားအဆင့်သို့ မြင့်တက်သွားလိမ့်မည်။ ထိုအခါ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကို ပြောင်းလဲနိုင်သည့် အင်အားများ ပိုင်ဆိုင်သွားမည်ဖြစ်သည်။
ချင်မူက နေသင်္ဘောကို တစ်ခါ အသုံးပြုခဲ့ဖူးသလို၊ လသင်္ဘောကိုလည်း ငှားခဲ့ဖူးသည့်အတွက် သင်္ဘောနှစ်စင်း၏ တမူထူးခြားသောအချက်များကို သိထားသည်။
သူ့အနေဖြင့် နဂါးထိန်းကျမ်းစဉ်မှ လျှို့ဝှက်နဂါးထိန်းသံစဉ်ကို တီးမှုတ်ကာ ကောင်းကင်ရေနဂါးမင်းနှင့် ရေနဂါးများ၏ စွမ်းအားကို ငှားယူပြီး ကောင်းကင်တံတားအား ဖွင့်လှစ်နိုင်သည်။ ထိုအခါ သူ၏မူလဝိညာဉ်က ကောင်းကင်နတ်ဘုံသို့ ရောက်ရှိသွားမည်ဖြစ်သည်။ သို့ရာတွင် တောင်ကောင်းကင်မုခ်ဝ အရှေ့၌သာ ရပ်နိုင်၍ ကောင်းကင်နတ်ဘုံအတွင်းထဲ မဝင်နိုင်ပေ။ အခြားတစ်ဖက်တွင်မူ နေသင်္ဘောနှင့် လသင်္ဘော၏ စွမ်းအားကို ငှားယူပါက ကျောက်စိမ်းရေကန်ဘေးရှိ ကျောက်စိမ်းစံအိမ်အထိ ရောက်နိုင်သည်။
သို့တိုင်အောင် နေသင်္ဘောနှင့် လသင်္ဘောအတွက် အိပ်မက်ဆိုး ရှိသည်။ ၎င်းက ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ပင် ဖြစ်၏။
နေသင်္ဘောများက နေစောင့်ရှောက်သူများကို စွမ်းအားချေးငှားပေးသလို၊ လသင်္ဘောများကလည်း လစောင့်ရှောက်သူများကို စွမ်းအားချေးငှားပေးသည်။ ထိုစွမ်းအားက သင်္ဘောနှစ်စင်း၏ ကိုယ်ထည်မှ လာခြင်းဖြစ်သည်။ ထိန်းချုပ်သူများဆီမှ မဟုတ်ပေ။ သင်္ဘောတွင် ကြောက်မက်ဖွယ်ရာစွမ်းအင် ကိန်းဝပ်နေပြီး နတ်ဘုရားများ သွန်းလုပ်ထားသော နေနှင့်လက စွမ်းအင်အရင်းအမြစ်ဖြစ်သည်။ ဤသို့ဖြင့် သူတို့ အမှောင်ထုအား တွန်းထုတ်နိုင်ခဲ့၏။
ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်မှာ ‘အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်’ ဆိုသော အယူအဆပေါ် အခြေခံသည်။ အဆိုပါကျင့်စဉ်သည် ဝိညာဉ်ဖွဲ့တည်ကာ လောကမြေပြင်တခွင်ရှိ အရာရာတိုင်းအား နှိုး၍ တိုက်ခိုက်စေခိုင်းနိုင်သည်။
ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ကို ကျင့်ထားသည့် နတ်ဘုရားတစ်ပါးက နေသင်္ဘောနှင့် လသင်္ဘော၏ ဝိညာဉ်ကို နှိုး၍ ထိန်းချုပ်ကာ သူ့အတွက် တိုက်ခိုက်ခိုင်းနိုင်သည်။
သို့ဖြစ်ချေရာ နေထိန်းကျောင်းသူများနှင့် လထိန်းကျောင်းသူများအား စောင့်ကြိုနေသည်မှာ သေခြင်းတရားသာ ဖြစ်တော့၏။ နေစောင့်ရှောက်သူများနှင့် လစောင့်ရှောက်သူများပင် လွတ်မြောက်မည်မဟုတ်ပေ။
“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ဒီနေရာမှာ ကြောက်မက်ဖွယ်ရာတိုက်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့လိမ့်မယ်။ နေသင်္ဘောတွေနဲ့ လသင်္ဘောတွေဟာ ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ် ကျင့်ထားတဲ့ နတ်ဘုရားတစ်ပါးနဲ့ ဆုံတွေ့ခဲ့ပြီး အဲဒီနတ်ဘုရားကြောင့်ပဲ တစ်စင်းပြီးတစ်စင်း ပျက်စီးခဲ့ရလိမ့်မယ်။ ဒီကိစ္စက...” ချင်မူ အနောက်အရပ်သို့ ကြည့်လိုက်သည်။ သူ့အကြည့်မှာ မုန်တိုင်းကြားက ဖယောင်းတိုင်မီးပမာ လှုပ်ခတ်နေ၏။ “အနောက်ကမ္ဘာမြေရဲ့ အစစ်အမှန်ကောင်းကင်နန်းတော်နဲ့ ပတ်သက်နေလိမ့်မယ်”
အနောက်ကမ္ဘာမြေ၏ အစစ်အမှန်ကောင်းကင်နန်းတော်က မဟာမိုးခြိမ်းသံကျောင်းတော်နှင့် တာအိုဂိုဏ်းကဲ့သို့ အထွတ်အမြတ်မြေတစ်မြေသာ ဖြစ်သည်ဟု သူ အမြဲခံစားခဲ့ရသည်။ နန်းဆောင်သခင်မတွင် ထူးခြားသော ကောင်းကင်နတ်သိုင်းများ ရှိသော်လည်း ကောင်းကင်တံတားအဆင့်မှ ရှေ့မတက်နိုင်သည့် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးသာ ဖြစ်နေသေး၏။ သူမ၏အထွတ်အမြတ်မြေက ကျန်အထွတ်အမြတ်မြေများနှင့် မထူးခြားနားပေ။
သို့သော် အခြေအနေအရ အနောက်ကမ္ဘာမြေ၏ အစစ်အမှန်ကောင်းကင်နန်းတော်တွင် လျှို့ဝှက်ချက်များစွာ ကိန်းဝပ်နေပြီး ကြောက်မက်ဖွယ်ရာသိုင်းပညာရှင်တစ်ယောက်ပင် ငုပ်လျှိုးနေနိုင်သည်။
ထိုမျှသာမက အစစ်အမှန်ကောင်းကင်နန်းတော် ဆိုသည့် နာမည်နှင့်တင် တွေးစရာများ ရှိလာသည်။
ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသည် သစ်ခုတ်သမားကို တန်ခိုးရှင်အဖြစ် အထွတ်အမြတ်ထား၍ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဟု အမည်တွင်လာခြင်းဖြစ်၏။ မဟာမိုးခြိမ်းသံကျောင်းတော်မှာမူ မြင်းမိုရ်တောင်ထွတ်က မိုးကြိုးတိမ်တိုက်များ တည်ရှိရာနေရာအထိ မြင့်မားလှသည်ကို အစွဲပြုကာ မှည့်ခေါ်ခြင်းဖြစ်သည်။ မိုးခြိမ်းသံများနှင့် ဗုဒ္ဓသံများ ပဲ့တင်ရိုက်ခတ်သည့်အခါ နားကန်းပင် ကြားနိုင်လောက်အောင် ကျယ်လောင်ပေသည်။
တာအိုဂိုဏ်းက တာအိုဓားနှင့် ခွန်းလွန်တောင်ကြောင့် ထင်ရှားကျော်ကြားပြီး ကျောက်စိမ်းမြို့တော်ငယ်က ခိုင်ဧကရာဇ်ခေတ်၏ ကျောက်စိမ်းမြို့တော်မှ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အထွတ်အမြတ်မြေများ၏ နာမည်အရ မူရင်းဇစ်မြစ်ကို သိနိုင်သည်။
သို့ဆိုလျှင် အစစ်အမှန်ကောင်းကင်နန်းတော်၏ မူရင်းဇစ်မြစ်က အဘယ်အရာနည်း။
အစစ်အမှန်ကောင်းကင်နန်းတော်၏ နတ်ဘုရားက အဘယ်ကြောင့် နေသင်္ဘောနှင့် လသင်္ဘောကို ဖျက်စီးခဲ့သနည်း။
ကန္တာရနန်းတော်ပျက်နှင့် ထူးဆန်းသော သဲဘီလူးကြီးများလည်း ထိုနတ်ဘုရားများ၏ လက်ချက် ဖြစ်လောက်သည်။ ကန္တာရတစ်ခုလုံး ဖုံးလွှမ်းနေသော မီးတောက်မီးလျှံများ၊ မဟာမြို့ပျက်၏ အစွန့်ပစ်ခံလူများကို မီးလောင်ပြာချပစ်မည့် မီးတောက်အမှတ်အသားများ .... ယင်းတို့သည်လည်း အစစ်အမှန်ကောင်းကင်နန်းတော်နှင့် ပတ်သက်နေသည်လော။
အစွန့်ပစ်ခံလူများ ကန္တာရပေါ် ခြေချလိုက်သည်နှင့် အဘယ်ကြောင့် မီးတောက်အမှတ်အသားများ ပေါ်လာရသနည်း။ အဘယ်ကြောင့် မဟာမြို့ပျက်၏ အစွန့်ပစ်ခံလူများကိုသာ မီးလောင်ပြာချပစ်ပြီး ကျန်ရှိသူများကို အန္တရာယ်မပြုသနည်း။
အနောက်ကမ္ဘာမြေတွင် မည်သည့်လျှို့ဝှက်ချက်များ ကိန်းဝပ်နေသနည်း။
တဟုန်းဟုန်း တောက်လောင်နေသော ကန္တာရမီးလျှံများက ချင်မူ့အတွက် ခြစ်ခြစ်တောက် ပူပြင်းလှသည်။ ရုတ်တရက် သူတို့၏ရှေ့တွင် နန်းတော်ပျက်တစ်ခု ပေါ်လာပြီး နဂါးချီလင် အနားပင်ရောက်မလာခင် နန်းတော်ပျက်အတွင်း၌ သဲများ မြောက်ကြွလာသည်ကို မြင်လိုက်ရသည်။ သဲဘီလူးတစ်ကောင် တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည့်အပြင် နောက်တစ်ကောင်လည်း ဘေး၌ ဖွဲ့တည်လာနေသည်။ သဲကြမ်းများက သူတို့၏ခြေထောက်အောက်၌ ဝဲကဲ့သို့ လည်နေ၏။
နဂါးချီလင် ကွေ့သွားတော့မည့်အချိန် ချင်မူက ပြောလိုက်သည်။ “မလိုဘူး ရှေ့ဆက်သွား”
နဂါးချီလင်လည်း သတ်ဖြတ်လိုစိတ်များ ပြည့်သျှံနေသည့် သဲဘီလူးများဆီသို့သာ ပြေးဝင်သွားလိုက်ရသည်။ ချင်မူ့မျက်ဝန်းထဲတွင် ဝင်္ကပါအမှတ်အသားများ ဖွဲ့တည်လာပြီး သူက နန်းတော်ပျက်ကို အဝေးမှ လှမ်းအကဲခတ်လိုက်၏။
သဲဘီလူးများက တရှိန်ထိုး ရွေ့လျားလာရာ တစတစ နီးကပ်လာသည်။ ရုတ်တရက် ရွှင်ပျော်ပျော်ဓားက ဝှမ်ခနဲ မြည်သံပြု၍ သဲမြေပြင်တစ်လျှောက် ရွှီးခနဲ ဖြတ်သန်းသွားသည်။ ၎င်းက သဲများကို ပင့်မကာ လေပွေတစ်လုံး ဖွဲ့တည်လိုက်သည်။
သဲဘီလူးများ နဂါးချီလင်ထံမှ မိုင်တစ်ရာအကွာသို့ ရောက်သည့်အခါ ရုတ်တရက် ပြိုကွဲကျသွား၏။ သဲလှိုင်းများ လိမ့်ဆင်းလာသဖြင့် နဂါးချီလင်က ကမန်းကတန်း ဟိန်းဟောက်ကာ ဖြိုခွင်းပစ်လိုက်သည်။
ချင်မူ ရွှင်ပျော်ပျော်ဓားကို ပြန်ခေါ်လိုက်ပြီး နဂါးချီလင်က နန်းတော်ပျက်ထဲသို့ သူ့အား သယ်ဆောင်သွားသည်။ နန်းတော်ပျက်၏ ကျောင်းဆောင်ထဲတွင် ရှစ်ပိုင်းပိုင်းခံထားရသော နတ်ဘုရားရုပ်တုတစ်ခုအား မြင်လိုက်ရ၏။
နဂါးချီလင် ရှေ့ဆက်ပြေးနေသည်။
“မနက်ဖြန် နေ့လည်လောက် အနောက်ကမ္ဘာမြေကို ဝင်လိမ့်မယ်”
ပျက်စီးနေသော နေသင်္ဘောတစ်စင်းအပေါ်တွင် ချင်မူ မီးပုံထွန်းပြီး နဂါးချီလင်နှင့် ရှုန်းချီအာအား အနားယူခိုင်းလိုက်သည်။ သူ့အနေဖြင့် တောင့်ခံနိုင်သေးသော်လည်း နဂါးချီလင်မှာ တောက်လျှောက်ပြေးနေခဲ့ရသဖြင့် အနားယူရန် လိုလေသည်။ ရှုန်းချီအာအတွက်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် ခရီးကြမ်းကို လိုက်ပါခဲ့ရ၍ ပင်ပန်းလိမ့်မည်။
ချင်မူ အနောက်အရပ်သို့ လှမ်းကြည့်လိုက်ပြီး သူ့အကြည့်က ကန္တာရမီးတောက်များအပေါ် ရောက်သွားသည်။ ခပ်ဝေးဝေးတွင် လူရိပ်တစ်ခု ပေါ်လာ၏။
ချင်မူက ပြုံးလျက် လက်ယမ်းပြလိုက်သည်။ လူရိပ်မှာ လန့်ဖျပ်သွားသည့်အလား ကပျာကယာ ထွက်ပြေးသွားသည်။
“မဟာမှော်ဆရာသခင်ကတော့ သတ္တိနည်းသထက် နည်းလာတာပဲ” ချင်မူ တဟားဟား အော်ရယ်မိလိုက်၏။
ပန်ကုန်းစုန်မှာ နေသင်္ဘောဆီမှ မျက်စိပျက်မျက်နှာပျက်ဖြင့် ထွက်ခွာလာသည်။ ကျိုးနေသည့်လက်မောင်းကို သူ ပြန်ဆက်ပြီးပြီဖြစ်ပြီး ဒဏ်ရာများလည်း သက်သာနေပြီဖြစ်သည်။ သို့သော် ချင်မူ့အား အလစ်မတိုက်နိုင်သေးပေ။
အလစ်တိုက်ရန် သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်ရန် သူ မတွေးဖူးခြင်းမဟုတ်။ အောင်မြင်နိုင်နှုန်းက မမြင့်သဖြင့် လက်လျှော့နေရခြင်း ဖြစ်သည်။
ပန်ကုန်းစုန် ထွက်သွားတော့မည့်အချိန်တွင် သဲများ တိတ်ဆိတ်စွာ စီးဆင်းလာသည်ကို မြင်လိုက်ရ၍ ရင်ထဲတွင် ထိတ်သွား၏။ သူက မီးတောက်များအား ကပျာကယာ လှမ်းကြည့်လိုက်သည်။
ကန္တာရ၏ ညသည် ပိတ်ပိန်းမှောင်မည်းနေခြင်းမဟုတ်။ မီးတောက်များကြောင့် အနည်းငယ် ထွန်းလင်းနေသည်။ အဝေးမှ လူရိပ်တစ်ခုက သစ်သားရုပ်သေးရုပ်သဖွယ် ထူးဆန်းစွာ လမ်းလျှောက်လာသည်ကို ပန်ကုန်းစုန် မြင်တွေ့လိုက်ရသည်။
ကန္တာရသဲများက ရုပ်သေးရုပ်၏ ခြေလှမ်းများနှင့်အတူ ရွေ့လျားနေသော်လည်း ထူးဆန်းသည်မှာ အသံမထွက်ခြင်းဖြစ်သည်။
ထိုအချိန်တွင် သစ်သားရုပ်သေးရုပ်၏ အနောက်မှ သစ်သားရုပ်သေးရုပ်များ လိုက်လာသည်ကို မြင်လိုက်ရသဖြင့် ပန်ကုန်းစုန်မှာ ရင်တဒိန်းဒိန်း ခုန်လာတော့သည်။
ထူးဆန်းသောအရိပ်များ အနားရောက်လာသည့်အခါမှ သစ်သားရုပ်တုများ ဖြစ်နေကြောင်း သူ သတိပြုမိလိုက်၏။ သို့ရာတွင် ၎င်းတို့၏မျက်လုံးများက သစ်သားမဟုတ်ဘဲ မျက်လုံးအစစ် ဖြစ်သည်။ သူတို့က နေသင်္ဘောဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာနေကြသည်။
ပန်ကုန်းစုန် ရင်တဒိန်းဒိန်းခုန်နေစဉ် သစ်သားရုပ်တုတစ်ရုပ်က သူ့ကို လှည့်ကြည့်ကာ ချောက်ချားဖွယ်ရာ ပြုံးပြသည်။ ၎င်းက သစ်သားလက်ချောင်းကို ဆန့်၍ နှုတ်ခမ်းပေါ် တင်ပြီး ‘ရှူး’ ဟု နှုတ်ခမ်းလှုပ်ပြ၏။
ပန်ကုန်းစုန်မှာ တုပ်တုပ်မလှုပ်ဘဲ မျက်တောင်ပုတ်ခတ်လိုက်ပြီး နတ်ဘုရားရုပ်တုများ နေသင်္ဘောဆီ ရွေ့လျားသွားသည်ကို ကြည့်နေမိတော့သည်။
တသွင်သွင် စီးဆင်းနေသော သဲများက မြောက်တက်လာကာ သစ်သားရုပ်တုများအား လေပေါ် မြှောက်တင်လိုက်သည်။ သူတို့အောက်ရှိ သဲမြေလွှာက တစတစ ကြီးမားလာ၏။
ပန်ကုန်းစုန် စိတ်လှုပ်ရှားလာပြီး လက်သီးတင်းတင်း ဆုပ်လိုက်မိသည်။ နေသင်္ဘော၏ ပတ်ဝန်းကျင်ကို သဲဘီလူးများက ပိတ်ဆို့လိုက်ပြီဖြစ်သည်။ သူတို့က ဧရာမလက်သီးကြီးများကို မြှောက်ကာ ချင်မူ အနားယူနေသော နေသင်္ဘောအပေါ်သို့ ရိုက်ချလိုက်၏။
‘ခွေးသူတောင်းစားချင်တော့ သေပြီပဲ’ ပန်ကုန်းစုန်မှာ ဝမ်းသာအားရ ထအော်မိလုမတတ် စိတ်လှုပ်ရှားနေ၏။
ထိုအချိန်တွင် ငွေရောင်ဓားရိပ်တစ်ခုက သစ်သားရုပ်တုတစ်ရုပ်၏ ခေါင်းအား ရွှစ်ခနဲ ထိုးဖောက်လိုက်သည်။ သစ်သားရုပ်တု ပေါက်ကွဲသွား၏။ ထို့နောက် နောက်တစ်ရုပ်၊ နောက်တစ်ရုပ်...
နတ်ဘုရားရုပ်တုများ ပေါက်ကွဲသွားသည့်အခါ သဲဘီလူးကြီး၏ လက်များလည်း လေလယ်တွင် ရပ်တန့်သွားပြီး သဲမှုန်များအဖြစ် တသွင်သွင် စီးကျလာသည်။ နေသင်္ဘော၏ ကိုယ်ထည်တစ်ဝက်ကျော်မှာ သဲများကြားထဲ နစ်မြုပ်သွား၏။
“ငါနဲ့ တိုက်ခိုက်ချင်လို့လား” သင်္ဘောထံမှ သရော်တော်တော် ပြောလိုက်သံ ထွက်လာသည်။
ပန်ကုန်းစုန်မှာ တွန့်ဆုတ်မနေတာ့ဘဲ ထွက်သွား၏။ ‘ဒီခွေးသူတောင်းစားကို အလစ်တိုက်နိုင်မယ့် အခွင့်အရေးမရှိဘူး။ ဒါပေမဲ့ သူ့လို အစွန့်ပစ်ခံလူသားတစ်ယောက်က ဘာကြောင့် အနောက်ကမ္ဘာမြေကို လာတာလဲ။ သေချင်နေလို့လား။ ဒီသစ်သားနတ်ဘုရားရုပ်တုတွေရဲ့ ပိုင်ရှင်ကို ငါ သိတယ်။ တစ်ခါလည်း တွေ့ခဲ့ဖူးပေမယ့် ပြန်တော့မတွေးချင်ဘူး။ ဟီးဟီး ခွေးသူတောင်းစားချင် ငါ မင်းကို သတ်ချင်ရင် ငါကိုယ်တိုင် လှုပ်ရှားဖို့မလိုပါဘူး’
သူက ပြုံးလိုက်သည်။ ‘ပြီးတော့ အဲဒီနတ်ဘုရားရဲ့စွမ်းအားကို မငှားနိုင်ရင်တောင်မှ အနောက်ကမ္ဘာမြေမှာ ငါ့မိတ်ဆွေဟောင်းကြီးတွေ ရှိသေးတယ်။ မင်းကို အလွယ်လေး သတ်ပစ်လို့ ရတယ်။ ခွေးသူတောင်းစားလေး၊ မင်းကများ ငါ့ကို ရန်စရဲရတယ်လို့။ မင်း သေရင် ငါ အုတ်ဂူလုပ်ပေးပါ့မယ်’
နောက်တစ်နေ့ နေ့လည်ခင်းတွင် နဂါးချီလင်သည် ကန္တာရအပြင်သို့ ထွက်လိုက်နိုင်၍ ချင်မူ့ကိုယ်ပေါ်ရှိ မီးတောက်အမှတ်အသားများ တစတစ မှိန်ကျသွားသည်။
သူတို့ အနောက်ကမ္ဘာမြေ၏ နယ်စပ်မြို့ဆီ ရောက်လာကြ၏။ နယ်စပ်မြို့တွင် နဖူးစည်းများ စည်းထားပြီး ရွှေထည်၊ ငွေထည်များ ဝတ်ဆင်ထားသည့် ယောက်ျား၊ မိန်းမများကို တွေ့ရသည်။ အဆင့်အတန်းမြင့်မားသူက ငွေထည်ကို ဝတ်ဆင်ပြီး ခေါင်းဆောင်းက ဖုန့်ဟွမ်ငှက်အသွင်၊ မီးငှက်အသွင် ရှိသည်။ ဝတ်စုံများက အနီရောင် သို့မဟုတ် အနက်ရောင်ရှိရာ မျက်စိပသာဒရှိလှလေသည်။
မိန်းမလှလေးများလည်း ပေါများပြီး ယောက်ျားသားများမူ ရိုးရှင်းပြီး နုံအသောပုံစံ ရှိကြသည်။
သုံးယောက်သား မြို့ငယ်လေးထဲ ဝင်လိုက်သည်နှင့် ရှုန်းချီအာက ငါးချဉ်ပေါင်း၊ အရိုးအစပ်သုပ်၊ ဂျုံထမင်းခေါက်ဆွဲစားချင်ကြောင်း၊ ပိုးကောင်ချီးလက်ဖက်ရည်ကြမ်း သောက်ချင်ကြောင်း ပူဆာသည်။ အိမ်နှင့် ဝေးနေသည်မှာ နှစ်ဝက်ကျော် ကြာပြီဖြစ်၍ အိမ်ဟင်းအိမ်ထမင်း ပြန်စားရန် သူမ စိတ်လှုပ်ရှားနေ၏။ အကုန်လုံးကို တစ်ထိုင်တည်း စားပစ်ချင်နေတော့သည်။
အနောက်ကမ္ဘာမြေက ရွှေစ၊ ငွေစဖြင့် အရောင်းအဝယ်လုပ်သောကြောင့် ချင်မူက သူမပူဆာသည်များ ဝယ်ကျွေးကာ စိတ်တိုင်းကျ စားစေသည်။
ချင်မူလည်း စားကြည့်သည်။ အနောက်ကမ္ဘာမြေ၏ အစားအစာက ပိုစပ်ပြီး ချဉ်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် အရသာကွဲ၏။ သို့သော် ပိုးကောင်ချီးလက်ဖက်ရည်ကြမ်းကိုတော့ သူ မသောက်ရဲပေ။ နာမည်အတိုင်း လက်ဖက်ရွက်ကို စားသည့် ပိုးကောင်၏မစင်မှ လုပ်ထားသောကြောင့် အနံ့မွှေးလျှင်တောင်မှ သူ မသောက်ရဲသေးပေ။
“ဘိုးဘိုးဆေးဆရာက လက်ဖက်ရည်ကြမ်း သောက်ရတာ ကြိုက်တယ်ဆိုတော့ ငါ သူ့အတွက် ဝယ်သွားရမယ်’ ချင်မူက သူ့ဘာသာ တွေးလိုက်၏။
ထို့နောက် ပတ်ဝန်းကျင်ကို သူ လေ့လာသည်။ အနောက်ကမ္ဘာမြေ၏ အဆောက်အအုံများက ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မတူညီပေ။ ရေမြေအနေအထားနှင့် ယဉ်ကျေးမှုအားလုံး ကွဲပြားသော်လည်း အထူးဆန်းဆုံးက အိမ်များဖြစ်ကြသည်။ အနောက်ကမ္ဘာမြေ၏ အိမ်များသည် သစ်သားဖြင့် တည်ဆောက်ထားပြီး လုံးဝန်းသောပုံသဏ္ဍာန် ရှိကြ၏။ အိမ်အတော်များများတွင် နတ်ဘုရားရုပ်တုတစ်ရပ် ထွင်းထားသည့် ပျဉ်ချပ်များအား ချိတ်ဆွဲထားကြလေသည်။
စုံစမ်းကြည့်ပြီးနောက်တွင် ထိုနတ်ဘုရားရုပ်တုများက မှော်အစီအရင်ကြောင့် ဝိညာဉ်နိုးထမလာနိုင်အောင် တားမြစ်ရန် ဖြစ်ကြောင်း ချင်မူ သိလိုက်ရ၏။
အနောက်ကမ္ဘာမြေ၏ အစီအရင်များက ‘အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်’ ဆိုသော လမ်းစဉ်ဖြစ်ချေရာ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဦးသာ မန္တန်တစ်ခု ထုတ်လွှတ်လိုက်လျှင် အိမ်များ ထ၍ ထွက်ပြေးသွားလိမ့်မည်။ ထိုတစ်ခါ တစ်မိသားစုလုံး နေစရာဘုံပျောက်သွားမည် မဟုတ်ပါ၏လော။
အိမ်တစ်အိမ်တွင် နတ်ဘုရားရုပ်တုတစ်ရုပ်အား ကိုးကွယ်ထားမှ ကောင်းကင်နတ်သိုင်းပညာရှင်များကြောင့် အသက်ဝင်လာတော့မည်မဟုတ်ပေ။
ချင်မူ ထိုအဖြေကြောင့် မျက်တောင်ပုတ်ခတ်လိုက်မိသည်။ အိမ်များ ထလာပြီး တိုက်ခိုက်ပါက မည်မျှကြည့်ရကောင်းလိုက်မည်နည်း။
သို့သော် နတ်ဘုရားရုပ်တုက အမှန်တကယ်ပင် ဝိညာဉ်နိုးထမလာအောင် ဟန့်တားပေးနိုင်သည်လော။
“တောင်တွေပေါ်မှာလည်း တောင်ဝိညာဉ်တွေကို ဖိနှိပ်ဖို့ ကျောင်းဆောင်တွေ ရှိတယ်။ မြစ်တွေမှာလည်း နတ်ကျောင်းဆောင်တွေ ရှိတယ်။ ဒါပေမဲ့ အဲဒီတောင်တွေ မြစ်တွေအားလုံးမှာ ပိုင်ရှင်တွေ ရှိတယ်”အဘိုးအိုတစ်ဦးက ရှင်းပြသည်။
ချင်မူ ဘေးဘီဝဲယာကို ကြည့်ကာ တအံ့တဩ စုပ်သပ်လိုက်မိ၏။ မျက်စိတဆုံး သွယ်တန်းနေသော တောင်တန်းများကို ကြည့်လိုက်ပြီး ၎င်းတို့ အဘယ်ကြောင့် မပျက်စီးသေးဘဲ တည်ရှိကြောင်း နားလည်သွားသည်။ စိမ်းစိမ်းစိုစို တောင်တန်းများနှင့် ပြာလဲ့ကြည်လင်နေသော ရေပြင်များက သာယာလှပသော ရှုခင်းတစ်ခုကို ပုံဖော်ထား၏။
“ဘာလို့ တောင်တွေ၊ မြစ်တွေမှာ ပိုင်ရှင်တွေ ရှိနေတာလဲ” ချင်မူ မေးလိုက်မိသည်။ “သူတို့က ဘယ်သူတွေလဲ”
“သူတို့က အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သခင်မတွေပေါ့။ တခြားနေရာနဲ့ တခြားဂိုဏ်းတွေက ကောင်းကင်နတ်သိုင်းပညာရှင်တွေ ပိုင်တာတွေလည်း ရှိတယ်” အဘိုးအိုက ဆက်ပြောသည်။ “တောင်တွေ၊ မြစ်တွေမှာတင် ပိုင်ရှင်ရှိတာမဟုတ်ဘူး၊ ပန်းတွေ၊ မြက်တွေနဲ့ သစ်ပင်တွေမှာလည်း ပိုင်ရှင်တွေ ရှိတယ်။ လက်လွတ်စပယ် သွားထိလို့မရဘူး။ မဟုတ်ရင် ကိုယ့်ကိုယ်ကို ရောင်းစားတောင် ပြန်မဆပ်နိုင်ဘဲ နေမယ်”
သူ ပြောနေသည့်အချိန်မှာပဲ မြေကြီးက သိမ့်ခနဲ တုန်သွား၍ မြို့သူမြို့သားများ ထိတ်လန့်လာကြသည်။ သူတို့က ကပျာကယာ ဘေးဖယ်ပေးလိုက်ကြပြီး အသံလာရာသို့ ကြည့်လိုက်သောအခါ လမ်းလျှောက်လာနေသော သစ်ပင်တစ်ပင်ကို ချင်မူ တွေ့လိုက်ရ၏။ သစ်ပင်အပေါ်တွင် မိန်းမတစ်ယောက်က ပန်းချီဆွဲထားသော စာလိပ်တစ်လိပ်အား ကိုင်ထားသည်။ သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “မဟာမြို့ပျက်က ဝရမ်းပြေးတစ်ယောက် ငါတို့အနောက်ကမ္ဘာမြေကို ဒီနေ့ ဝင်လာတယ်။ အစစ်အမှန်ကောင်းကင်နန်းတော်က ဒီဝရမ်းပြေးကို ဖမ်းဖို့ အမိန့်ထုတ်လိုက်ပြီ။ ဒီပန်းချီကို ချိတ်ထားကြ”