← Chapters

တားမြစ်ဆေးဝါး

Vol. 9 Ch. 119

တားမြစ်ဆေးဝါး

Vol. 9 Ch. 119

ဒီဆန်းကြယ် အဆင့်နိမ့် ဓားသိုင်းဖြစ်တဲ့ မိုးမြေသိမ့်တုန် ဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်ရောက်တဲ့ အထိ ရောက်အောင် လျိုတိုင်ရှန်းက ငရဲသမျှ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်ခန်းတွေကို လေ့ကျင့်ခဲ့ရတာပါ။

သူ့လို ကြယ်၃ပွင့်အရိုး တည်ဆောက်ပုံပိုင်ရှင် ဒုတိယတန်းစား တပည့်တစ်ယောက် အတွက်တော့ ၁၀နှစ်နီးပါးမျှ အချိန် ယူခဲ့ရတာလေ။

ဟုတ်တာပေါ့။ သူ့ထက် အချိန်ပိုယူရတဲ့ ဒုတိယတန်းစား တပည့်တွေလည်း အများကြီး ရှိပါသေးတယ်။ တချို့ဆို အကြိုပြီးပြည့်စုံခြင်း အဆင့်မှာပဲ တန့်နေပြီး ရှေ့မဆက်နိုင်တာတွေ ရှိပါ သေးတယ်။

“ဝိုး ... မိုးမြေသိမ့်တုန် ဓားသိုင်းပါလား"

လီဖူချန်းက နည်းနည်းတော့ အံ့အား သင့်သွားမိပါတယ်။ ဒီမိုးမြေသိမ့်တုန် ဓားသိုင်းဆိုတာ ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်းတွေထဲမှာ လေ့ကျင့်ရ အခက်ဆုံး ဓားသိုင်း တစ်ခုဆိုတာ အတွင်းစည်း တပည့်တိုင်း သိနေတဲ့ အရာတစ်ခုပင် မဟုတ်ပါလား။ ဘယ်သူကမှ လျိုတိုင်းရှန် တစ်ယောက် ဒီဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့် ထားနိုင်မယ်လို့ မမျှော်လင့် ထားခဲ့ကျဘူးလေ။ သူ့ရဲ့ ထိုးထွင်း သိမြင်နိုင်မှုက သာမန်ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထက် အနည်းငယ် သာလွန်နေတယ် ဆိုတာကတော့ အရမ်း သိသာလွန်းနေပါတယ်။

"နှမြောစရာပဲ"

လီဖူချန်းက ခေါင်းခါလိုက်မိပါတယ်။ တကယ်လို့ သူသာ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆ကို ချိုးဖောက် ဝင်ရုံနိုင်ယုံ သက်သက်ဆိုရင်တော့ လျိုတိုင်ရှန်းရဲ့ ပြိုင်ဖက်ဖြစ်ဖို့ အဆင့် မမီနိုင်ပါဘူး။

အခုတော့ လီဖူချန်းရဲ့ လက်ရှိ အခြေအနေက လျိုတိုင်ရှန်း နှစ်ယောက် ပေါင်းပြီး တိုက်ရင်တောင် သူ့ပြိုင်ဖက်ဖြစ်ဖို့ မထိုက်တန်သေးပါဘူး။

“ကြယ်ကြွေ"

လီဖူချန်းရဲ့ အနက်ရောင် သံသေဓားက ဓားအိမ်ထဲကနေ စူးရှတောက်ပတဲ့ အလင်းတန်းတွေနဲ့ အတူ ထွက်ပေါ်လာခဲ့ပါပြီ။ ပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက သူ့ဓားကို လျှပ်ပြက်သည့် အလား ဓားအိမ်ထဲ ပြန်ထည့်လိုက်ပါတယ်။

ရုတ်တရက် မီးတောက်တွေက လျိုတိုင်ရှန်းကို ဝန်းရံ ပိတ်ဆို့သွားပါတယ်။ ထို့နောက်မှာတော့ လျိုတိုင်ရှန်း တစ်ယောက် မြင်းကန်ခံလိုက်ရသည့် အလား အနောက်ကို လွင့်ထွက် သွားပါတယ်။ သူ့လက်ထဲက ဓားကလည်း အဆက်အပြတ် တုန်ခါနေပြီး လက်ထဲက အချိန်မရွေး ပြုတ်ကျ သွားနိုင်သည့် ပုံပါပဲ။ လျိုတိုင်ရှန်းက အနောက်ကို ခြေလှမ်း ၇လှမ်းလောက် ဆုတ်ပြီးမှသာ ကိုယ်ဟန်ကို ပြန်ထိန်း လိုက်နိုင်တယ်လေ။

ဖြစ်ပျက် သွားသမျှ အရာတွေက အရမ်းကို မြန်ဆန် လွန်းလှပါတယ်။

လီဖူချန်းရဲ့ ဓားထွက်ပေါ် မလာမီ အချိန်တုန်းကတော့ လျိုတိုင်ရှန်းက တိုက်ပွဲရဲ့ အရှိန်ကို ထိန်းချုပ် ထားခဲ့တာလေ။ အခုတော့ လီဖူချန်းရဲ့ ဓားချက် တစ်ချက်က သူ့ကို အနောက်ကို လွင့်ထွက် သွားစေခဲ့ပြီ။ အဲဒီထက် ပိုဆိုးတာက လီဖူချန်း တစ်ယောက် ဘာဓားသိုင်း သုံးသွားတာလဲ ဆိုတာကို သူလုံးဝ မသိလိုက်တာပါပဲ။

ဒါပေမဲ့ အဲဒီလို ဖြစ်နေတာက သူတစ်ယောက်တည်း မဟုတ်ပါဘူး။ စင်အောက်နေ အားပေးနေတဲ့ အတွင်းစည်း တပည့်တွေ ဆိုရင် လီဖူချန်းတစ်ယောက် ဘယ်အချိန် ဓားထုတ်ပြီး ဘယ်အချိန် ပြန်သွင်းလိုက်သလဲ ဆိုတာကိုတောင် မမြင်လိုက်ရပါဘူး။ သူတို့ မြင်လိုက်တာက လီဖူချန်းတစ်ယောက် တစ်ချက် လှုပ်လိုက်တယ်။ ပြီးတာနဲ့ မီးတောက်တွေ ဖြစ်ပေါ်လာပြီး လျိုတိုင်ရှန်း တစ်ယောက် အနောက်ကို ဆုတ်သွားရတယ်။ ဒါပဲ သိလိုက်တာ ပါတယ်။

“ကြောက်စရာ ကောင်းလောက်အောင် မြန်တဲ့ ဓားချက်ပဲ”

လီဖူချန်းရဲ့ ဓားချက်ကို ကြည့်နိုင်တဲ့ အတွင်းစည်း တပည့်တွေကတော့ တအံ့တသြ ရေရွတ် လိုက်ကျပါတယ်။ ဒါကြီးက အရမ်း လွန်သွားပါပြီ။

လျိုတိုင်ရှန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉က သိုင်းပညာရှင်လေ။ ဒါတောင် သူက လီဖူချန်းရဲ့ ဓားချက် တစ်ချက်ကို မခုခံနိုင်ဘူးလား။ အရင်တုန်းက လီဖူချန်းကို လှောင်ပြောင်ခဲ့တဲ့ အတွင်းစည်း တပည့်တွေကတော့ ကြောက်ဒူး တုန်နေကျပါပြီ။ သူတို့က လီဖူချန်း တစ်ယောက် လျိုတိုင်ရှန်းရဲ့ ဓားချက် တစ်ချက်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့ကျတာလေ။

သူတို့ရဲ့ စိတ်ထဲမှာတော့ လီဖူချန်း တစ်ယောက် ပါးအချက် တစ်ရာလောက် ရိုက်သွားတာကို ခံလိုက်ရတဲ့ အတိုင်း ခံစားနေရပါတယ်။

“ဒီ ... ဒီကောင် "

ဂေါင်ချန်းရှန်ကလည်း ပါးစပ်ကြီးဟပြီး အကြောင်သားဖြင့် လီဖူချန်းကို ငေးကြည့် နေပါတော့တယ်။ သူရဲ့ ဘေးမှာတော့ ဝူကျင်မိန်က အသက်တောင် မရှူတော့ပဲ မျက်လုံး အပြူးသား ဖြစ်နေပါတယ်။

သူမရဲ့ နှလုံးသားထဲမှာတော့ အနက်ရောင် သံသေဓား တစ်စင်းကို ခါးမှာ ချိတ်ဆွဲထားတဲ့ ဂျစ်ကန်ကန် ကောင်ချောလေး တစ်ယောက်ရဲ့ ယုံကြည်မှုရှိတဲ့ အပြုံးတွေကို မြင်ယောင် နေမိပါတယ်။

ရှေးလူကြီးတွေ ပြောနေကျ စကားတစ်ခွန်း ရှိပါတယ်။

“မိန်းမချောလေးတွေက ဂျစ်ကန်ကန် ကောင်ဆိုးလေးတွေကို ချစ်ခင် မြတ်နိုးကျတယ်တဲ့လေ”

ဒီအတိုင်း ဆိုရင် လီဖူချန်းက အပိုတွေ ကြွားဝါပြီး ပြောခဲ့တာ မဟုတ်ပါဘူး။ သူက တကယ် လျိုတိုင်ရှန်းကို အနိုင်ယူနိုင်မှန်းသိလို့ မင်းက သေဖို့ မစောင့်နိုင်တော့တဲ့ လူနာလိုပဲလို့ ပြောခဲ့တာပါ။

“ဒါက လုံးဝ မဖြစ်နိုင်ဘူး “

ကျူးရှောင်ထန်က ခြောက်ကပ်စွာ ပြောလိုက်ပါတယ်။ သူ့ရဲ့ဘေးမှာ ရပ်နေတဲ့ ဝမ်လီကလည်း သရဲတစ်ကောင်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသလို ခံစားနေရပါတယ်။

ကျူးရှောင်ထန် ဆိုတာ အစွမ်းထက်တာ မှန်ပေမဲ့ လျိုတိုင်ရှန်းနဲ့ ယှဉ်လိုက်မယ် ဆိုရင် ဆီနဲ့ ရေပါပဲလေ။ လျိုတိုင်ရှန်းက လီဖူချန်းရဲ့ ဓားတစ်ချက် ကိုတောင် မခံနိုင်ဘူး ဆိုတော့ သူဆိုရင် လီဖူချန်း လေ နဲ့မှုတ်လိုက်တာနဲ့ ရှုံးနိမ့် သွားနိုင်ပါတယ်။

“မဖြစ်နိုင်ဘူး … ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ဒီကောင်က လှည့်ကွက် တစ်ခုခု သုံးထားတာပဲ ဖြစ်ရမယ်”

စင်အောက်ကနေ ကြည့်နေတဲ့ လျိုဟောင်လုံက သူ့မျက်လုံးကိုတောင် သူမယုံတော့သလို ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက လီဖူချန်းက သူ့ထက် အနည်းငယ်လေးပဲ အစွမ်း ထက်တာလေ။ အခု တစ်နှစ် အကြာမှာတော့ သူ့ဦးလေး လျိုတိုင်ရှန်းတောင် လီဖူချန်းရဲ့ ဓားတစ်ချက်ကို ခုခံနိုင်စွမ်း မရှိတော့ဘူး။ ဒီအဖြစ်အပျက်ကြီးက သူ့ကို ကျောချမ်း သွားစေပြီး သူ့ရဲ့ သိုင်းတာအိုအပေါ် ယုံကြည်မှု ကိုတောင် ပြိုကွဲလုနီးပါး ဖြစ်သွားစေပါတယ်။

သူ့ရဲ့ သားဖြစ်သူက လီဖူချန်းရဲ့ ဓားတစ်ချက်ကြောင့် အရေး နိမ့်သွားတာကို မြင်တွေ့လိုက်ရတဲ့ အခါမှာတော့ စပ်ဖြဲစပ်ဖြဲ ဖြစ်နေတဲ့ လျိုတိုင်ယွန်ရဲ့ မျက်နှာကြီး တည်သွားခဲ့ပါပြီ။

“သေစမ်းကွာ။ လျိုတိုင်ရှန်းက ဘာဖြစ်လို့ အဲဒီလောက် သောက်သုံး မကျရတာလဲ “

လီဖူချန်း မရှုမလှ ရှုံးနိမ့်တာကို ကြည့်ဖို့ လာခဲ့တဲ့ ဖန်လီဟိုင်က စင်အောက်ကနေ လက်သီး တစ်ဆုပ်ဆုပ်ဖြင့် အားမလို အားမရ ဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ သူက လီဖူချန်းကို ပိုမုန်းလာပါသေးတယ်။

သူ့လို ရှန်းဟိုင်းမြို့စားရဲ့ သားက ဒီမလောက်လေး မလောက်စားဆကာင်ရဲ့ စော်ကားမှုကို ခံခဲ့ရပေမဲ့ အခုထိ လက်တုံ့ မပြန်နိုင်သေးပါဘူး။ ဒီကိစ္စက သူ့နှလုံးသားထဲမှာ ဆူးငြောင့် သဖွယ် ကျန်နေရစ်ခဲ့တဲ့ အတွက် ဒီနှစ်ပိုင်း ကျင့်ကြံမှုမှာ အနည်းငယ် နှေးကွေး ခဲ့ရပါတယ်။ ဒါကြောင့်သူက လီဖူချန်း ပျက်စီးတာကို ကြည့်ဖို့လာခဲ့တာပါ။ အခုတော့ လီဖူချန်းက အရင်ကထက်ကို ပိုပြီး အစွမ်းထက် လာတာကို သိလိုက်ရပါပြီ။

“မောင်လေးလီ ... တိုက်တာ ကောင်းတယ်။ ကြိုးစားထား "

ချန်ဖန်းဟွာက ပျော်လွန်းလို့ စင်မြင့်အောက်ကနေ ခုန်ပေါက်ပြီး အားပေးနေပါတယ်။ တစ်နှစ်လောက် လေ့ကျင့် လိုက်တာနဲ့ လီဖူချန်းက လျိုတိုင်ရှန်းကို အနိုင် ယူနိုင်တယ် ဆိုတာ သေချာ သလောက် ရှိသွားပါပြီ။ သူမ ရွေးချယ် လိုက်တဲ့ဘက် မှန်သွားပြီ ဆိုတာကို ဖော်ပြလိုက်တာပါပဲ။ ဒီလို ကောင်းကင်ဘုံက ပေးသနားတဲ့ ပါရမီရှင်ဆိုတာ မိုးပြာရောင် ဂိုဏ်းတစ်ခုလုံးမှာ တောင်မှ လက်၅ချောင်း မပြည့်ပါဘူးလေ။

“ဘယ်လိုလဲ ဘိုးဘိုး။ သမီး မပြောခဲ့ဘူးလား … လီဖူချန်းက သာမန် အတွင်းစည်း တပည့် မဟုတ်ဘူးလို့ “

ဇောင်မင်းယွီ ကလည်း ဒီလိုရလဒ် ထွက်ပေါ်လာတဲ့ အတွက် အရမ်း ပျော်နေပါတယ်။ ဒါက သူမ မျှော်လင့်ထားတာ ထက်ကို အပုံကြီး သာနေတာလေ။ ဒါကြောင့် သူမက ရေငုံနှုတ်ပိတ် မနေနိုင်တော့ပဲ သူမရဲ့ အဘိုး ဖြစ်သူကို ခပ်ကြွားကြွား ကလေး ပြောလိုက်ပါတယ်။

အကြီးအကဲက သက်ပြင်း တစ်ချက် ချလိုက်ပြီး

“စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆၊ ခန္ဓာကိုယ် အပြင်အား ၂၀၀၀၀ ကီလိုဂရမ်ကျော်၊ ကြက်သွေးရောင် လျှို့၀ှက် မီးတောက်ကျင့်စဉ် အဆင့်၁၄။ ပြီးတော့ သူ့ရဲ့ကြယ်ပျံ ဓားသိုင်းက အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်။ ဒီကောင်လေးရဲ့ ပညာရပ်အပေါ် ထိုးထွင်း သိမြင်နိုင်မှုက သာမန်လူတွေ ထက်ကို အများကြီး ကောင်းနေတာပဲ။ ပိုပြီး ကြောက်စရာ ကောင်းတာက သူ့ရဲ့ စိတ်အာရုံ ခံစားနိုင်မှုပဲ။ အဲဒါက ဓားအရူး သူတော်နဲ့တောင် ယှဉ်လို့ရတယ်။ ဒီကောင်လေးက တစ်ချက် ကြည့်လိုက်တာနဲ့ မိုးမြေသိမ့် တုန်ဓားသိုင်းရဲ့ ဟာကွက်ကို တန်းမြင်နိုင်စွမ်း ရှိတာပဲ”

“ဘယ်လို ဘိုးဘိုး။ ကြက်သွေးရောင် လျှို့၀ှက် မီးတောက် ကျင့်စဉ် အဆင့်၁၄လား”

ဇောင်မင်းယွီရဲ့ နူတ်ခမ်းဖျားလေးက တအံ့တသြနဲ့ မေးခွန်းလေး တစ်ခု ထွက်လာခဲ့ပါတယ်။ သူမက လီဖူချန်းကို ကြက်သွေးရောင်လျှို့၀ှက် မီးတောက် ကျင့်စဉ် အဆင့်၁၃လို့ မြင်ထားတာလေ။ ကောင်းကင်နယ်ပယ် ပညာရှင်ရဲ့ မျက်လုံးကတော့ လီဖူချန်းရဲ့ ဖုံးကွယ်ထားတဲ့ အရာကို မြင်နိုင်စွမ်း ရှိတယ် ထင်ပါရဲ့။

“ဒီလူငယ်လေးရဲ့ ထိုးထွင်း သိမြင်နိုင်မှုက ဓားအရူး သူတော်ထက် ဘယ်လိုမှ မနိမ့်ကျနိုင်ဘူး။ ပိုပြီး အံ့သြစရာက ဓားအရူး သူတော်က ကြယ်၄ပွင့်အရိုး တည်ဆောက်ပုံ ရှိပြီး ဒီကောင်လေးက သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင် ဖြစ်နေတာပဲ”

တကယ်လို့ အကြီးအကဲကသာ လီဖူချန်းရဲ့ ကြယ်ပျံ ဓားသိုင်းက တစ်ဖက်ကမ်း ခတ်တဲ့အထိ ရောက်နေပြီ ဆိုတာ သိရင် အခုလို စကားကို ပြောနိုင်တော့မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဓားအရူးသူတော် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆ကို ရောက်ခဲ့တုန်းက ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းရဲ့ တစ်ဖက်ကမ်းခတ်တဲ့ အဆင့်ကို မရောက်ခဲ့သလို ဓားဆန္ဒကိုလည်း ထုတ်ဖော် အသုံးပြုနိုင်စွမ်း မရှိခဲ့လို့ပါပဲ။

ဖန်းယွမ်စင်မြင့် ပေါ်မှာတော့ လီဖူချန်းက ပြိုင်ဖက်ကို ဆက်မတိုက်တော့ပဲ လက်နှစ်ဖက်ကို နောက်ပစ်ပြီး လေညင်းခံ ထွက်နေသည့် အလား မတ်တတ် ရပ်နေပါတယ်လေ။

သူ့ပြိုင်ဖက်က ဓားဆန္ဒကို ထုတ်သုံးစရာ လိုတဲ့ အဆင့် မဟုတ်ဘူး ဆိုတာကို သိသွားတဲ့ အတွက် သူက အေးအေးသက်သာပဲ ရှိနေတာပါ။

ဟုတ်ပါတယ်။ အစောပိုင်းတုန်းက လီဖူချန်း အသုံးပြုလိုက်တဲ့ ကြယ်ပျံဓားသိုင်းမှာ ဓားဆန္ဒကို မထည့်သွင်း ထားပါဘူး။ ဘေးကနေ ကြည့်တဲ့ သူတွေကတော့ လီဖူချန်းကို အလုံးစုံတတ် သိနားလည်ခြင်း အဆင့်လို့ပဲ ထင်နေမှာပါပဲ။

လီဖူချန်းက သူ့ရဲ့ အစွမ်းအကုန် မထုတ်ပြတာက အကြောင်း ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိအချိန်မှာ သူ့အတွက် ရန်သူတွေက အရမ်း များနေပြီလေ။ ဒါကြောင့်သူက လက်ထဲမှာ ဝှက်ဖဲတစ်ချပ် ချန်ထားတာပါ။

တကယ်လို့ သူသာ ဝှက်ဖဲတစ်ချက် မချန်ထားရင် တကယ့် အခြေအနေဆိုး တစ်ရပ်နဲ့ ကြုံတဲ့အခါ ကျရင် အခြေအနေကို ပြန်ပြောင်းနိုင်ဖို့ အစွမ်းရှိတော့မှာ မဟုတ်ပါဘူး။

သူက ဒီလို ကံဆိုးမှုမျိုးကို မလိုချင်ဘူးလေ။

“ငါသာ ဓားဆန္ဒကို သုံးလိုက်လို့ကတော့ လျိုတိုင်ရှန်း တစ်ယောက် တစ်ချက်တည်းနဲ့ တန်းသေသွားနိုင်တယ်။ အဲဒါဆို ငါတော့ ကောင်းကောင်း အပြစ်ပေး ခံရတော့မှာ”

လီဖူချန်းက သူ့ကိုယ်သူ ဉာဏ်အရမ်း ကောင်းတယ်လို့ ချီးကျူး နေပါသေးတယ်။

သိတဲ့အတိုင်းပဲ ရိုးရိုး ဓားကွက်တစ်ကွက်နဲ့ ဓားဆန္ဒပါလာတဲ့ ဓားကွက်က အရမ်းကို ကွာခြား လွန်းတယ် မဟုတ်ပါလား။ ဓားဆန္ဒ သုံးလိုက်တာနဲ့ ဓားကွက်က မူလကထက်ကို သုံးဆလောက် မြန်သွားမှာလေ။ အဲဒီလို မြန်သွားတဲ့ ဓားချက်က လျိုတိုင်ရှန်းက မတော်တဆ သတ်မိသွားရင် လီဖူချန်း ဘဝကတော့ သွားပါပြီ။

အနည်းဆုံးတော့ ပြစ်ဒဏ်ပေး ခန်းမက တောင်ပေါ်ကနေ ၁၀နှစ် မဆင်းရဆိုတဲ့ ပြစ်ဒဏ် ပေးတော့မှာပါ။ ၁၀နှစ်တိတိ ထောက်ပံ့ရေး ရမှတ် မရှာနိုင်ဘူး ဆိုရင်တော့ သူ့ဘဝကြီးက ရေစုန် မျောပစ်လိုက်တာနဲ့ အတူတူပါပဲ။

“ခွေးမသား ... မင်းဘာလုပ် လိုက်တာလဲ"

လျိုတိုင်ရှန်းက သတိ ပြန်ဝင်လာပါတယ်။ သူက သူ့ရဲ့ခေါင်းကို ကိုင်ပြီး လီဖူချန်းကို မယုံနိုင်သလို ကြည့်နေတယ်လေ။

“မင်းက ငါ့ရဲ့ ပြိုင်ဖက်ဖြစ်ဖို့ မထိုက်တန်သေးဘူး။ မင်းမှာ နောက်ဆုတ်ဖို့ အခွင့်အရေး ရှိသေးတယ်နော်”

လီဖူချန်းက လျိုကလန်လို ရှေးဟောင်း ကလန်နဲ့ ရန်ငြိုးရန်စ မရှိချင်တဲ့ အတွက် လျိုတိုင်ရှန်းကို နောက်ဆုတ်ဖို့ အခွင့်အရေး ပေးလိုက်ပါသေးတယ်။

ဒါပေမဲ့ သူအဲဒီလို ပြောလိုက်တာက အခြေအနေကို ပိုဆိုး သွားစေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်နှစ်ဖက်ကို နောက်ပစ်ပြီး မင်းငါ့ကို မီဖို့ လိုပါသေးတယ်ကွာ ဆိုတဲ့ အကြည့်တွေကို သူက မရုတ်သိမ်း လိုက်လို့ပါပဲ။

မြင်ယောင်သာ ကြည့်ပါတော့။ ၁၀ကျော်သက် အရွယ် ကောင်လေး တစ်ယောက်က လူလတ်ပိုင်း အရွယ် ယောကျာ်း တစ်ယောက်ကို လက်နှစ်ဖက် နောက်ပစ်ပြီး နောက်ဆုတ်ဖို့ အခွင့်အရေး ရှိသေးတယ်နော်လို့ ပြောနေတဲ့ ပုံကိုပေါ့။

“ငါ-ိုးမသားလေး… ... မင်းအဖေကို သွားနောက် ဆုတ်ခိုင်း နေလိုက်ပါလား။ အရမ်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ ငါမင်းကို သေလုမျောပါး ဖြစ်အောင် ရိုက်ပြီးတဲ့ အခါမှ ငိုယိုပြီး ခွင့်လွှတ်ဖို့ တောင်းပန်မနေနဲ့ "

လျိုတိုင်ရှန်း တစ်ယောက်ကတော့ ယမ်းပုံမီးကျသကဲ့သို့ ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပါပြီ။ အဲသည်အတွက် သူက သင့်တော်သည် မသင့်တော်သည်ကို စဉ်းစားမနေတော့ပဲ ပါးစပ်ထဲမှာ ဖွက်ယူလာတဲ့ ဆေးတစ်လုံးကို ဝါးစား လိုက်ပါတော့တယ်။

ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန်တဲ့ ချီအငွေ့အသက်တွေက ရုတ်တရက် ထိုးထွက်လာခဲ့တယ်လေ။ သူ့ရဲ့ ချီအငွေ့အသက်တွေက မူလကထက် ၃၀ရာခိုင်နှုန်း ပိုတိုး လာသလိုပါပဲ။

“ဘာတွေ ဖြစ်နေတာလဲ။ လျိုတိုင်ရှန်းရဲ့ ချီအတွင်းအားတွေက အရင်ကထက် ပိုပြီး ပြင်းထန် လာနေပါလား။ ကြည့်ရတာ သူက တကယ့် အစွမ်းကို လျှိုထားတာများလား”

“ငါအစောကြီးကတည်း သိနေခဲ့တာ။ ဘယ်လိုလုပ် လီဖူချန်းက လျိုတိုင်ရှန်းကို ယှဉ်နိုင်မှာလဲ။ လျိုတိုင်ရှန်းက အလျော့ ပေးထားတာပဲ နေမှာ “

ပွဲကြည့် ပရိသတ်တွေကတော့ လျိုတိုင်ရှန်း ဘက်ကနေ စပြီး အော်ဟစ် အားပေး နေကျပါပြီ။

“မူမမှန်တာ တစ်ခုခုတော့ ဖြစ်နေပြီ”

ချန်ဖန်းဟွာက မျက်မှောင် ကြုတ်လိုက်ပါတယ်။

လျိုတိုင်ရှန်းကိုယ်က ထွက်လာတဲ့ ချီအငွေ့အသက်တွေက ပြင်းထန် လာတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီချီအငွေ့အသက်တွေက လျိုတိုင်ရှန်းရဲ့ ကျင့်ကြံမှုကနေ ထွက်လာတာ ဟုတ်မဟုတ်ကို သူမက သံသယ ဝင်နေမိတယ်လေ။

“ဆန်းကြယ်အဆင့် တစ်ဝက်ရှိတဲ့ ဆေးလုံးပဲ။ အဲသည် ဆေးလုံးက ချီအတွင်းအားကို ယာယီ တိုးတက် လာစေတယ်”

ဇောင်မင်းယွီဘေးမှာ ရှိနေတဲ့ အဘိုးအိုက ဇောင်မင်းယွီကို ရှင်းပြလိုက်ပါတယ်။

“ဘိုးဘိုး ... လျိုတိုင်ရှန်းက ဖန်းယွမ် စည်းကမ်းကို ဖောက်ဖျက်နေပြီ။ ဘိုးဘိုးက ဘာဖြစ်လို့ သူ့ကို ဝင်မတားတာလဲ”

ဇောင်မင်းယွီက သူမရဲ့ အဘိုးဖြစ်သူကို မေးလိုက်ပါတယ်။

ဖန်းယွမ် စင်မြင့်ပေါ်မှာ တိုက်ခိုက်တဲ့ သူတွေဟာ ပြင်ပဆေးဝါး အကူအညီယူပြီး တိုက်ခွင့် မရှိပါဘူး။ သူတို့က ကိုယ်ပိုင် စွမ်းရည်ကိုပဲ အားကိုးပြီး တိုက်ခိုက်ရမှာပါ။ ဒါက ဖန်းယွမ် စည်းကမ်းပါပဲ။

အဘိုးအိုက ခေါင်းခါလိုက်ပြီး

“ပွဲအခြေအနေကို အရင် ကြည့်ရအောင်ပါ။ မြေးလေးရဲ့ ကောင်လေးက လွယ်လွယ်နဲ့ ရှုံးမယ့်သူလို့တော့ ဘိုးဘိုးမထင်ပါဘူး။ ဟုတ်တယ် မလား “

အဘိုးအိုက ဇောင်မင်းယွီကို ပြုံးပြီး ပြောလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ သူက သေရေးရှင်ရေး အခြေအနေတွေ ရောက်ရင် ဝင်ပြီး ကယ်ဆယ်ဖို့ကို အသင့် ပြင်ထားပါသေးတယ်။ တကယ်လို့ လီဖူချန်းကသာ လျိုတိုင်ရှန်းရဲ့ တိုက်ခိုက်မှုကို အနိုင်မယူနိုင်ရင်တော့ သူ့မြေးမလေးနဲ့ မထိုက်တန်ဘူး ဆိုတာ သိသာနေပါပြီ။

“မျိုးမစစ်ကောင် ဒီနေ့တော့ မင်းကို မဆုံးမရရင် မကျေနပ်နိုင်ဘူးဟေ့”

ဒီဆေးလုံးက ရွှေပြား ၇၀၀၀၀ တောင် ပေးရပါတယ်။ ဒီဆေးလုံးကို သူ့အဖေဖြစ်သူက လိုလိုမယ်မယ် ဆောင်ထားဖို့ ပေးခဲ့တာပါ။ သူက အစောပိုင်းတုန်းကတော့ ဒီဆေးလုံးကို အသုံးပြုစရာ မလိုဘူးလို့ ထင်ထား ခဲ့တာလေ။ အခုတော့ သူက အမျှော်အမြင် ကြီးကြီးနဲ့ ဒီဆေးလုံး ပေးခဲ့တဲ့ သူ့အဖေကို ကျေးဇူးတင်နေမိပါပြီ။

လျိုတိုင်ရှန်းက သူ့ရဲ့ အတွင်းအားတွေကို စုစည်းလိုက်ပြီး လီဖူချန်းကို နောက်တစ်ကြိမ် ပြန်တိုက်ခိုက် လိုက်ပါတယ်။ ဒီတစ်ခါ သူ့ဓားချက်ကတော့ အရင်တစ်ခါကထက် ပိုအားပြင်းလာပြီး ဖန်းယွမ် စင်မြင့် တစ်ခုလုံးကို မုန်တိုင်း တစ်စင်း တိုက်ခတ်နေသည့် အလား ပြင်းထန်လွန်းလှပါတယ်။

***

All Chapters