ယန်ယဲ့ဘာကြောက်နေတာလဲ
Vol. 14 Ch. 270
သူမ အသက်ကို လွတ်လွတ်လပ်လပ်ရှူနေရပြီး ခံတွင်းအတွင်း၌ အမွှေး နံ့သာရှိနေသည်ကို အာရုံခံမိသည်နှင့် ပေထင်းဟွမ် မျက်မှောင်ကြုတ်လိုက်၏။ သူမ ထထိုင်ပြီး မျက်လုံးဖွင့်လိုက်သည်နှင့် ခရမ်းရောင်မျက်လုံးအစုံကို မြင်လိုက်ရသည်။
သူ့မျက်လုံးထဲမှ စိုးရိမ်မှုမှာ ထက်သန်နေသဖြင့် ပေထင်းဟွမ်သည် ထိုမျက်လုံးထဲမှ အကြောက်တရားကို ခံစားမိသည်။
အကြောက်တရားဟုတ်လား။ သူ့မှာ နတ်အဆင့်ကျွမ်းကျင်သူနဲ့ နတ်အဆင့်ဆေးကို သန့်စင်နိုင်တဲ့ အဂ္ဂိရတ်ပညာရှင်ရှိနေတာပဲ။ ယန်ယဲ့ ဘာကြောက်နေတာလဲ။
ယန်ယဲ့၏ဖျစ်ညှစ်ထားမှုကြောင့် နာကျင်သဖြင့် ပေထင်းဟွမ်၏ လက်ချောင်းများသည် လှုပ်ရုံသာလှုပ်နိုင်လေသည်။ ယန်ယဲ့၏ ဖြူစွတ်သော လက်ချောင်းများ အနည်းငယ် ဖြည်လျော့ပေးလိုက်သော်လည်း သူမကို လွှတ်မပေးသေးပေ။ ပေထင်းဟွမ် သတိပြန်ရလာသည်ကို အတည်ပြုပြီးသည် နှင့် သူသည် မျက်လုံးများမှိတ်ကာ ပြန်ဖွင့်ဟလာသည်။ သူ့ရှေ့တွင် ပေထင်းဟွမ်၏ ကျောက်စိမ်းနှင့်တူသော မျက်လုံးနက်များရှိသည်။ သူမသည် သူ့အား ပြူးကျယ်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ထိုအခါမှပင် သူသည် ပေထင်းဟွမ်အား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ပေထင်းဟွမ် သတိမေ့သွားချိန်တွင် သူ မည်မျှ ကြောက်လန့်သွားသည်ကို မည်သူမှ မသိကြပေ။ ပေထင်းဟွမ်သည် အဆင့် ၇ နတ်ဆေးလုံးသောက်ပြီး သည်နှင့် နိုးထလာမည်ဟု သူ၏ဆင်ခြင်တုံတရားကပြောနေသည်။ သို့သော် မကြောက်ဘဲမနေနိုင်ပေ။
“ရှင်က ဘယ်သူလဲ ရှင့်မျက်လုံးတွေက အရမ်းလှတာပဲ ကျွန်မကို ပေးလို့ရမလား” ထိုနှစ်က ကောင်းကင်နှင့်တိမ်တိုက်အကြားတွင် သူသည် သူမနှင့်တွေ့ဆုံခဲ့သည်။ သူမသည် သူ့မျက်နှာကို တယုတယပွတ်သပ်ပေးကာ သူမ၏ တိုးညင်းသောအသံသည် တောင်ကြားထဲမှထွက်လာသည့် တေးသီငှက် အသံနှင့်တူသည်။ သူမ၏ တောက်ပသောမျက်ခုံးများသည် ရှည်လျားပြီး လှပ စွာ တွန့်ကွေးနေသည်။
“ယဲ့ ပြတ်ပြတ်သားသားတိုက်ခိုက်ကြတာပေါ့.. ဒီတိုက်ပွဲမှာ ရှုံးမယ်ဆိုရင် ကျွန်မ ရှင့်သဘောအတိုင်း လုပ်ပေးမယ်” ထိုနှစ်က မြည်ဟိန်းသံများထွက်ပြီး တိမ်တိုက်များ တလိပ်လိပ်တက်ခဲ့သည်။ သူမသည် ကိုးရောင်နဂါးဇာမဏီပေါ် တွင် မတ်တတ်ရပ်ကာ လက်ထဲမှ ဓားပျော့ဖြင့် သူ၏မျက်ခုံးနှစ်ခုကြားကို ထိုးညွှန်ခဲ့သည်။ သူမ၏ သူရဲကောင်းဆန်သော စိတ်ဓာတ်သည်အဆုံးမရှိသလို သူမ၏ရောင်ဝါသည် တောင်နှင့်မြစ်များကို လွှမ်းမိုးသွားသည်။
“ယဲ့ ကျွန်မ တောင်းပန်ပါတယ် ကျွန်မ ရှင့်ကိုဖုံးကွယ်ထားမိတယ်.. ကျွန်မ ရှင့်ဇနီးအရမ်းဖြစ်ချင်တယ်.. ဒါပေမဲ့ ရှင့်ကိုထပ်ပြီး မဖုံးကွယ်နိုင်တော့ ဘူး…” ထိုနှစ်က ရဲရဲတောက်နေသည့် မင်္ဂလာဝတ်စုံသည် သူမဆီမှထွက်လာ သော သွေးများကို မဖုံးကွယ်နိုင်ပေ။ သူမ၏ ဒွါရခုနစ်ပေါက်မှ သွေးများစီးကျ လာခဲ့သည်။ သူမ၏ ကြည်လဲ့သောမျက်လုံးများသည် သူ့အပေါ်တွင်သာ ကျရောက်နေခဲ့သည်။ သူမ၏မျက်လုံးထဲမှ ကျိုးပျက်နေသာအမူအရာသည် သေဆုံးရသည်ကို နောင်တမရသည်ကို ပြသနေသည်။ ထိုညက လပြည့်နေ သည်။ ထိုညတွင် သွေးလမင်းသည် နတ်မိစ္ဆာနန်းတော်ကို ထွန်းလင်းစေခဲ့၏။ သူ၏ရင်ခွင်ထဲတွင် သူမသည် မီးပန်းများသဖွယ် ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်မှစပြီး သူသည် နှစ်ပေါင်းတစ်သောင်းကြာအောင် တစ်ကိုယ်တည်းဖြစ် ခဲ့သည်။ လသည် ချိုမြိန်သောခါးသက်သည့် သတိပေးသောအရာဖြစ်သည်။
သူ အိပ်ရာဝင်သည့်အချိန်တိုင်းတွင် ထိုအကြောင်းကိုသာ ထပ်ခါထပ်ခါ သတိရနေမိသည်။ သူ သူမလက်ကို ဆုပ်ကိုင်ပြီး ကောင်းကင်နှင့်မြေကြီးကို လင်မယားအဖြစ် တိုင်တည်စဉ်က သူမ၏စကားများသည် သူ့နားထဲတွင် အကြိမ်ကြိမ်အခါခါ ပဲ့တင်ထပ်နေခြင်းသည် သူ၏အထီးကျန်သော နှလုံးသား ကို နှစ်သိမ့်ပေးခဲ့သည်။
“ယဲ့ ကျွန်တော် ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး”
ဤအားကောင်းလှသော လူသည် သူမကို စိုးရိမ်ပြီး သူမ သေသွားမည်ကို ကြောက်သည်ကို ခံစားမိသည်။ ပေထင်းဟွမ်သည် သူ့ကို အကြိမ်ပေါင်း တစ်သောင်းမျှ ညှဉ်းပန်းချင်သေးသော်လည်း သူ၏တိုက်ခိုက်သည့်ကွင်းကို ဝင်လာသူမှာ သူမဖြစ်သည်။ ထို့ကြောင့် သူမသည် သူ့ကို အပြစ်မတင်နိုင်တော့ ပေ “ဒါနဲ့ ယဲ့ အဲဒီအထွတ်အမြတ်သားရဲ ဘယ်ရောက်သွားတာလဲ”
ပေထင်းဟွမ်သည် သူ့ရင်ခွင်ထဲမှ ထခုန်ကာ ထွက်လိုက်သည်။ သူမသည် ခြေလှမ်းမှားကာ ဂူဝင်ပေါက်မှ မီးကိုနင်းမိတော့မလိုဖြစ်သွားသည်။ ယန်ယဲ့သာ အမြန်တုံ့ပြန်ပြီး သူမကို မဖက်လိုက်လျှင် သူမသည် ပြာဖြစ်သွားနိုင်သည်။
“ဟူး” သူသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။ ယန်ယဲ့သည် သူမ၏အားနည်းသောခန္ဓာကိုယ်ကို ဖက်ကာ မတတ်သာစွာပင် စောဒကတက်လေသည် “မင်း ဖြည်းဖြည်းလုပ်လို့မရဘူးလား ခုနက အလောတကြီးသွားလိုက်ရင် သူ့ကိုတောင်တွေ့ရတော့မှာမဟုတ်ဘူး”
“သူ့ကိုတကယ်သတ်လိုက်ပြီလား” ပေထင်းဟွမ်သည် ထိုစကားကြား သောအခါ အနည်းငယ် ပူပန်လာသည်။ “ဒီမှာ ခင်ဗျား သူ့ကို သေတဲ့အထိ ရိုက်ပြီးရင် ကျွန်တော်က အဲကောင်ကို ထိန်းကျောင်းပြီး စာချုပ်သားရဲလုပ်ခိုင်း မလို့”
ယန်ယဲ့၏ ခရမ်းရောင်မျက်လုံးများသည် သူမကို မေတ္တာအပြည့်ဖြင့် ကြည့်ပြီး မတတ်သာစွာပင် ပြုံးလိုက်သည်။ သူသည် လက်မြှောက်ပြီး သူမ၏ မျက်နှာကို လက်မထိပ်ဖြင့် ပွတ်သပ်လိုက်သည် “ငါ သူ့ကိုမသတ်ပါဘူး.. နောက်လည်း မသတ်ချင်တော့ဘူး.. သူသာ ဉာဏ်ကောင်းရင် ငါ ထွက်သွားတာ နဲ့ သူမင်းကို လာရှာလိမ့်မယ်”
***