မတစ်ထောင်တစ်ကောင်ဘွား ကျားဆိုမှကျား
Vol. 9 Ch. 120
“အတွင်းအား တိုးစေတဲ့ ဆေးလုံးလား “
လီဖူချန်းကတော့ ကြောက်ရွံ့နေသည့် ပုံလုံးဝမပြပါဘူး။
ဒီကိစ္စက ဖန်းယွမ် စည်းကမ်းကို ဖောက်ဖျက်နေတာပါ။ ဒါပေမဲ့ ပွဲစဉ်ကို ကြီးကြပ်တဲ့ အတွင်းစည်း ကြီးကြပ်ရေးမှုးက ဘာမှ ဝင်မပြောတဲ့အတွက် လီဖူချန်းကလည်း စောဒက တက်မနေတော့ပါဘူး။ အဆုံးအဖြတ်ပေးမဲ့ သူကိုက မသိချင်ယောင် ဆောင်နေမှတော့ သူစောဒက တက်နေလည်း အလကား ဖြစ်နေမှာပါပဲ။
လျိုတိုင်ရှန်းရဲ့ မိုးမြေသိမ့်တုန် ဓားသိုင်းက လီဖူချန်းရဲ့ ပတ်ပတ်လည် ၃မီတာကို ဟာကွက်မရှိ ပိတ်ဆို့ ထားလိုကိပါပြီ။
ရွှီး…
ချီအတွင်းအားနဲ့ အဝေးက တိုက်ခိုက်တယ်။ ကြည့်ရတာ ချီအတွင်းအားတိုး ဆေးလုံးကို သောက်သုံးပြီးတဲ့ အခါမှာ လျိုတိုင်ရှန်းက ချီတွေကို ဓားကနေ ထုတ်လွှတ်ပြီး တိုက်ခိုက် လာနိုင်တဲ့ ပုံပါပဲ။
လီဖူချန်းက လုံးဝကို မခန့်မလေးစားပါပဲ။ သူ့ရဲ့ မျက်လုံးတွေကို မှိတ်လိုက်ပြီး ထူးဆန်းတဲ့ ခြေလှမ်း အနည်းငယ်ကို လှမ်းလိုက်ပါတယ်။
လီဖူချန်း တစ်ယောက်ကတော့ ထူးဆန်းစွာပဲ ဓားကွက်ထဲက ပျောက်ကွယ် သွားပါတယ်။
အဲဒါကတော့ လီဖူချန်းရဲ့ ဆန်းကြယ် အဆင့်နိမ့် အရိပ်မဲ့ ခြေသိုင်းပါပဲ။
လျိုတိုင်ရှန်းရဲ့ ဓားချက်က လီဖူချန်းရဲ့ အရိပ်ကိုတောင် ထိအောင် မခုတ်လိုက်နိုင်ပါဘူး။
“မင်းက ရှောင်ပြေး ချင်တာလား "
လျိုတိုင်ရှန်းက လီဖူချန်းဆီကို သွေးရူးသွေးတန်း ပြေးသွားပြီး အရူးတစ်ယောက်လို ဆက်တိုက် ထိုးခုတ် လိုက်ပါတယ်။ သူရဲ့ မိုးမြေသိမ့်တုန် ဓားသိုင်းက ထွက်လာတဲ့ ဓားချီတွေက မိုးစက် မိုးပေါက်တွေလို လီဖူချန်းဆီကို ဦးတည် သွားနေပါတော့တယ်။ လီဖူချန်းရဲ့ ပတ်ပတ်လည် ၃မီတာ အကျယ်အဝန်းကတော့ တကယ့် မရဏ နယ်မြေလို ဖြစ်နေပါပြီ။
လျိုတိုင်ရှန်းရဲ့ ဓားချက်ကို မိသွားရင်တော့ လီဖူချန်း တစ်ယောက် ရစရာကို ရှိတော့မှာ မဟုတ်ပါဘူး။ ဒီဓားချက်တွေက သူ့ရဲ့ သေကွင်း သေကွက်တွေကိုပဲ ဦးတည်နေတာလေ။
တော်သေးတာက လီဖူချန်းရဲ့ ထူးဆန်းတဲ့ ခြေကွက်တွေက သူ့ကို တစ္ဆေတစ်ကောင်လို သွက်လက် နေစေပါတယ်။ လျိုတိုင်ရှန်းရဲ့ ဓားချက်တွေကတော့ လီဖူချန်းကို ထိရမယ့်အစား ဖန်းယွမ်စင်မြင့် ကြမ်းပြင်ကိုပဲ ထိနေပါတော့တယ်။
စင်အောက်ကနေ လျိုတိုင်ရှန်းကို အားပေးနေတဲ့ လူတွေကလည်း စိတ်ဓာတ် ကျချင်သလိုလို ဖြစ်နေပါပြီ။ လျိုတိုင်ရှန်းရဲ့ အဖြစ်က လေကို လိုက်ပြီး ခုတ်နေတဲ့ အရူးတစ်ယောက်လို ဖြစ်နေသည် မဟုတ်ပါလား။
လျိုတိုင်ရှန်းက အခြေအနေ မဟန်တာကို သဘောပေါက်တဲ့ အတွက် ဓားကွက်ကို ရပ်လိုက်ပြီး စကားနာ ထိုးပါတော့တယ်။
“ရှောင်ဖို့ပဲ သိတာလား ... ငကြောက်ကောင် "
လီဖူချန်းရဲ့ ထူးဆန်းတဲ့ ခြေကွက်ကြောင့် သူက လီဖူချန်းကို ထိအောင် တိုက်နိုင်တော့မှာ မဟုတ်ဘူးဆိုတာ သဘော ပေါက်သွားခဲ့ပါပြီ။ အခုတောင် သူသာ လက်ပန်းကျပြီး အမော ဆို့နေပေမဲ့ ဒီစောက်ရူးကတော့ ချွေးတောင် မစို့သေးပါဘူးလေ။
“ငကြောက်ဟုတ်လား ... မင်းကတော့ စောက်ခွက် အရိုက် အရမ်း ခံချင်နေပြီနဲ့ တူတယ်”
လီဖူချန်းက အရှေ့ကို သုံးလှမ်းတိုးပြီး ခန္ဓာကိုယ်ကို တစ်ပတ်လည်ကာ လေပေါ် ခုန်တက် လိုက်တာနဲ့ လျိုတိုင်ရှန်းရဲ့ ဓားချီတွေ အောက်ကနေ လွတ်ထွက် သွားပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းက ဝိညာဉ်တစ်ကောင်လို လျိုတိုင်ရှန်းရဲ့ ညာဘက်မှာ ပေါ်လာခဲ့ပါပြီ။
လျိုတိုင်ရှန်းကတော့ လီဖူချန်းရဲ့ ထူးဆန်းတဲ့ ခြေကွက်ကို အကြောင်သား ငေးကြည့် နေဆဲပါပဲ။
ဒါပေမဲ့ လျိုတိုင်ရှန်းက ခေတဲ့သူတော့ မဟုတ်ပါဘူး။ လီဖူချန်းက သူ့ကို တိုက်ခိုက်တော့မယ့် အချိန်မှာပဲ ခါးကို တစ်ချက် တွန့်လိမ်ကာ ရှောင်ထွက်သွားပါတယ်။ သူ့ခန္ဓာကိုယ်ကတော့ ဂျင်တစ်လုံးလိုပဲ မွှတ်မွှတ် လည်နေပြီး လီဖူချန်းရဲ့ ဓားကွက်ကို ကာကွယ်ဖို့ ပြင်ဆင်ထားပါတယ်။
ဒီသိုင်းကွက်တော့ မိုးမြေသိမ့်တုန် ဓားသိုင်းရဲ့ အဓိက ဓားကွက်ဖြစ်တဲ့
“ပဋာမြေလူးဓားကွက်” ပါပဲ။
ရွှမ်း ... ရွှမ်း ... ရွှမ်း…
လျိုတိုင်ရှန်းက မွှတ်နေအောင် လည်နေရင်းနဲ့ ဓားချက်တွေ အဆက်မပြတ် ထုတ်နေပါတော့တယ်။ သူ့ရဲ့ ဓားချီတွေကလည်း ဦးတည်ရာမရှိ အရပ် ၈မျက်နှာစလုံးကို လွင့်ပျံ နေပါတယ်။ လီဖူချန်းက သတိလက်လွှတ် ရှိမနေပဲ သူ့ရဲ့ဓားနဲ့ ဓားချီတွေကို ရိုက်ထုတ် နေရပါပြီ။
လီဖူချန်း ဓားချီတွေကို ရိုက်ထုတ်နေရတာ များလွန်းတဲ့ အတွက် လက်တောင် အံသေချင်သလို ခံစား နေခဲ့ရတယ်လေ။
“မင်းက အခုချိန်ထိ ခုခံနိုင်သေးတယ်ပေါ့လေ။ ရော့ ... ဒီဓားသိုင်းကို မြည်းကြည့်စမ်း”
“လေရူးဓားမြန် ဓားသိုင်း"
လျိုတိုင်ရှန်းက လည်နေတာကို ရပ်လိုက်ပြီး ဓားကွက် ပြောင်းလိုက်ပါတယ်။
လေရူးဓားမြန် ဓားသိုင်းက အဝါရောင် အထွတ်အထိပ် အဆင့် ဓားသိုင်းဖြစ်တဲ့ အတွက် မိုးမြေသိမ့်တုန် ဓားသိုင်းလောက်တော့ မပြင်းထန်ပါဘူး။ ဒါပေမဲ့ ဒီဓားသိုင်းရဲ့ အားသာချက်က ပြင်းအား မဟုတ်ပါဘူး။ လျင်မြန်မှုပါ။ လျိုတိုင်ရှန်းရဲ့ အတွင်းအားတွေက အရမ်း ပြင်းထန်နေတဲ့ အတွက် ဓားချက် မြန်မြန် ထုတ်နိုင်လေလေ နိုင်ဖို့ အခွင့်အလမ်း များလာ လေလေပါပဲ။
“လီဖူချန်းကတော့ ရှုံးခါနီးနေပြီ”
စင်အောက်က အတွင်းစည်း တပည့်တစ်ယောက်က မှတ်ချက် ချလိုက်ပါတယ်။
လီဖူချန်းရဲ့ ခြေကွက်တွေက တကယ်ကို လျင်မြန်ပြီး ထူးဆန်းတဲ့ အတွက် မိုးမြေသိမ့်တုန် ဓားသိုင်းရဲ့ ဓားချီတွေကို အလွယ်တစ်ကူ ရှောင်တိမ်း နိုင်ပါတယ်။ အဲဒီ အချက်ကို တိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်နေတဲ့ လျိုတိုင်ရှန်းကလည်း သတိပြုမိသွားတဲ့ အတွက် ဓားချက် မြန်မြန်ထုတ်နိုင်တဲ့ လေရူးဓားမြန် သိုင်းကို ပြောင်းလဲလိုက်တာပါ။
လျိုတိုင်ရှန်းရဲ့ အတွေးက တကယ်ကို မှန်ကန်ခဲ့ပါတယ်။ အစောပိုင်းက တစ္ဆေတစ်ကောင်လို ရှောင်တိမ်းနေတဲ့ လီဖူချန်းက ရှောင်တိမ်းနေရာမှာ အနည်းငယ် လေးဖင့်လာခဲ့ပါပြီ။ လီဖူချန်းလို လူသားတစ်ယောက် မပြောနဲ့ ခြင်တစ်ကောင်မှ ဒီလေရူးဓားကွက်ကို ရှောင်တိမ်းနိုင်ဖို့ ခဲယဉ်း လွန်းလှပါတယ်။
လျိုတိုင်ရှန်းရဲ့ ဓားချီတွေကို ဖန်းယွမ်စင်မြင့် တစ်ဝက်လောက်ကို လွှမ်းခြုံသွားပါပြီ။ ဒီအတိုင်း ဆက်သွားနေရင်တော့ လီဖူချန်း တစ်ယောက် ရှုံးနိမ့်သွားတော့မှာ မလွဲဧကန်ပါပဲ။
လီဖူချန်းကလည်း သူ့အခြေအနေကို သူတွက်ဆထား ပြီးသားပါ။
“ကြည့်ရတာ ငါဓားဆန္ဒကို မထုတ်သုံးလို့မရတဲ့ အခြေအနေကို ရောက်နေပြီဟ။ ခဏနေပါဦး ငါမေ့နေတာကိုး။ ငါ့မှာ တခြားအကွက် ရှိသေးတာပဲ "
လီဖူချန်းက သူ့ရဲ့ ကြက်သွေးရောင်လျှို့၀ှက် မီးတောက် အတွင်းအားကို ရုတ်သိမ်းလိုက်ပြီး လေအရိပ် ကိုယ်ဖော့ပညာကို ထုတ်ဖော်လိုက်ပါတယ်။ လီဖူချန်းရဲ့ ခန္ဓာကိုယ်က မြှားတစ်စင်းလို ပြေးထွက်သွားပြီး မီတာ အနည်းငယ် အကွာအဝေးကို မျက်စိတစ်မှိတ် အတွင်းမှာပဲ ရောက်သွားပါတယ်။ ဒီအလျင်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင် တစ်ယောက် ပိုင်ဆိုင် ထားနိုင်တဲ့ အမြန်နှုန်းကို မဟုတ်ပါဘူး။
“ဒီကောင်က ဘယ်လိုလုပ် အဲဒီလောက် မြန်နေရတာလဲ”
ပွဲကြည့် ပရိသတ်တွေကတော့ လီဖူချန်းရဲ့ အမြန်နှုန်းကို လုံးဝ အံ့သြနေကျတယ်လေ။
“ငါ့ရဲ့တိုက်ခိုက်မှုတွေ အားလုံးကို မင်းရှောင်တိမ်းနိုင်မယ်လို့ ငါမယုံဘူးကွာ”
လျိုတိုင်ရှန်းက နောက်ဆုံးအနေနဲ့ သက်စောင့် အတွင်းအားကိုတောင် မချန်ပဲ ရှိသမျှ အတွင်းအားတွေကို ဓားဆီကို ပို့ဆောင် လိုက်ပါတယ်။
ထို့နောက်မှာတော့ သူက လီဖူချန်းကို ဓားနဲ့ လှမ်းခုတ် လိုက်ပါပြီ။
တစ်ပြိုင်တည်းမှာပဲ လျိုတိုင်ရှန်းရဲ့ ဘယ်ဘက်လက်က လက်သီးတစ်လုံး ထွက်လာပြီး လီဖူချန်းရဲ့ ရှောင်တိမ်းနိုင်မယ့် ဘက်ကို ထိုးနှက် လိုက်ပါတယ်။
ဒီလက်သီးနဲ့ ဓားဆီကနေ ထွက်လာတဲ့ ချီအတွင်းအားတွေက လီဖူချန်းရဲ့ နောက်ကို အသက်ရှိနေတဲ့ သားရဲ တစ်ကောင်လို လိုက်လံ တိုက်ခိုက်နေပါတယ်။
လျိုတိုင်ရှန်းရဲ့ ဒီတိုက်ခိုက်မှုက နေတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉မှာ ရောက်နေတဲ့ ပညာရှင်တောင် ထွက်ပြေး လွတ်မြောက်နိုင်မယ် မထင်ပါဘူး။
ဒါပေမဲ့ အခုသူနဲ့ ထိပ်တိုက် ရင်ဆိုင်နေတာက လီဖူချန်းပါ။
လီဖူချန်းက အတော်မြင့်မြင့်ကို ခုန်တက်လိုက်ပြီး ပထမဆုံး ရောက်လာတဲ့ ဓားချီတွေကို ရှောင်လိုက်ပါတယ်။ ထို့နောက် မြေပေါ် ပြန်အကျမှာတော့ ခြေဖျားတစ်ချက် ထောက်ကာ နောက်ထပ် တစ်ကြိမ် ဘေးတစ်စောင်း ခုန်ထွက် သွားပြန်တယ်လေ။ သူ့ရဲ့ ဒီရှောင်တိမ်းမှုက ဓားချီတွေကို ရှောင်တိမ်း နိုင်ရုံသာမက လက်သီးချက်ကိုပါ ရှောင်တိမ်း လိုက်နိုင်ပါတယ်။
တကယ်တော့ ဒါက ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဓားချီကို အပေါ် ခုန်တက်ပြီး ပြန်အကျမှာ သူက ညာဘက်လက်ကို အသုံးပြုပြီး လေဟာနယ် တစ်ခုကို ဖန်တီးလိုက်တာပါ။ ပြီးတာနဲ့ အဲဒါကို တွန်းကန်းအား အဖြစ် ပြောင်းလိုက်တဲ့ အခါမှာတော ဘေးတစ်စောင်း ခုန်ထွက် သွားနိုင်တယ်လေ။
လီဖူချန်းက သူ့ရဲ့အနက်ရောင် သံသေဓားကို တစ်ဖန် ဆွဲထုတ်လိုက်ပါပြီ။ သူက ခြေကို တစ်ချက် ဆောင့်လိုက်တာနဲ့ လျိုတိုင်ရှန်းရဲ့ အနောက်ကို ရောက်သွားခဲ့တယ်လေ။
လီဖူချန်းရဲ့ လှုပ်ရှားမှုအစကနေ အဆုံးအထိကို ကြည့်နေရတာက ကျွမ်းကျင်တဲ့ ကချေသည် တစ်ယောက် အစွမ်းကုန် ကပြ ဖျော်ဖြေနေသလိုပါပဲ။ မည်သည့် အရာကမှ အတင်းအကျပ် လုပ်ဆောင်ထားခြင်း မရှိပဲ အရာရာကို လိုက်လျော ညီထွေစွာ ရှိနေပါတယ်။
မြေဆွဲအား သဘာဝကတော့ သူ့အပေါ်မှာ လုံးဝ သက်ရောက်မှု မရှိတဲ့ပုံပါပဲ။
“ဒီကောင်က လူကော ဟုတ်သေးရဲ့လား"
“ဒီကောင်က နတ်ဆိုး တစ်ပါး ဝင်ပူးထားတာပဲ ဖြစ်ရမယ်”
ပွဲကြည့် ပရိသတ်တွေကတော့ ရင်တမမနဲ့ ကြည့်နေကျပါတယ်။ လီဖူချန်းကို အစက ကြည့်မရတဲ့ အတွင်းစည်း ဂိုဏ်းသား အချို့ကတောင် ဒီလှပသေသပ်တဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့ပြီး နောက်မှာတော့ စတင် အားပေးလာကျပါပြီ။
“လီဖူချန်းကွ ... ။ ဒါမျိုးတော့ လာမစမ်းနဲ့။ ရူးတောင် သွားဦးမယ်။ ကြိုစားထား လီဖူချန်း။ လျိုတိုင်ရှန်းက ကျရိပ်သန်းနေပြီ "
လူတစ်ယောက်က ဒီလို ပေါ့ပါးမှုမျိုးနဲ့ အမြန်နှုန်းကို ပိုင်ဆိုင် ထားနိုင်မယ်လို့ သူတို့တွေ စိတ်ကူးထဲမှာတောင် မတွေးထင်ခဲ့ဖူးပါဘူးလေ။ အခုတော့ လီဖူချန်းက သူတို့ရဲ့ အမြင်တွေကို ကျယ်စေခဲ့ပါပြီ။
“လေအရိပ် ခြေလှမ်းနဲ့ အရိပ်မဲ့ ခြေသိုင်း အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်လား……။ ဒီကောင်လေးက ငါထင်ထားသလောက် မရိုးရှင်းဘူးပဲ။ ဘိုးဘိုးတောင် နည်းနည်း စိတ်ဝင်စားစ ပြုလာပြီ”
အဘိုးအိုက ပြုံးပြီး ဇောင်မင်းယွီကို ပြောလိုက်ပါတယ်။ သူက တဖြည်းဖြည်းနဲ့ လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုတွေက ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ ပါရမီရှင်တွေနဲ့ တန်းတူ လိုက်နေတယ် ဆိုတာကို လက်ခံလာပါပြီ။
လီဖူချန်းက ဓားသိုင်းမှာတင် အစွမ်းထက်နေတာ မဟုတ်ပဲ ကိုယ်ဖော့ပညာနဲ့ ခြေသိုင်းမှာပါ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့် ရောက်နေတာလေ။ လီဖူချန်း နေရာမှာ တခြား တပည့်တစ်ယောက် ဆိုရင် အတွင်းစည်း အကြီးအကဲ တစ်ယောက်ယောက်ရဲ့ မျက်စိကျခြင်းကို ရနေတာ ကြာနေလောက်ပါပြီ။
“မင်းရှုံးပြီ "
လျိုတိုင်ရှန်းက ဓားကွက် ပြောင်းဖို့ ပြင်ဆင်နေတုန်းမှာပဲ လီဖူချန်းရဲ့ ဓားက သူ့လည်ပင်းပေါ်ကို ရောက်နေခဲ့ပါပြီလေ။ လျိုတိုင်ရှန်းက မျက်လုံးတွေ နီရဲလာပြီး ကြုံးအော်လိုက်ပါတယ်။
“ရှုံးပြီ ဟုတ်လား … ငါဘယ်တုန်းက ရှုံးသွားလို့လဲကွ”
ဘုန်း …
လျိုတိုင်ရှန်းက ရုတ်တရက် လီဖူချန်းရဲ့ ရင်ဘတ်ကို ထိုးချလိုက်ပါတယ်။
လီဖူချန်းက ပွဲပြီးသွားပြီ ဆိုပြီး စိတ်အေးလက်အေးနဲ့ နေနေတာ ဖြစ်တဲ့အတွက် လျိုတိုင်ရှန်းရဲ့ လက်သီးကို မကာကွယ် လိုက်နိုင်ပါဘူး။
သူရဲ့ခန္ဓာကိုယ် ခွန်အားက ၂၀၀၀၀ ကီလိုဂရမ်အားကို ကျော်နေပြီဖြစ်တဲ့ ခံနိုင်ရည် အလွန် ကောင်းနေတယ်လို့ ဆိုနိုင်ပေမဲ့လည်း သွေးတစ်လုတ်မျှ အန်လိုက် ရပါသေးတယ်။
“အောက်တန်းကျလိုက်တာ”ချန်ဖန်းဟွာက စင်အောက်ကနေ အော်ပြောလိုက်ပါတယ်။
“အရှက်ကိုမရှိဘူး “
ဇောင်မင်းယွီကလည်း သူမရဲ့ စိတ်ကို မထိန်းထားနိုင်တော့ပါဘူး။
လီဖူချန်းက သူ့ပြိုင်ဖက်ကို ညှာတာ ပေးလိုက်ပေမဲ့လည်း လျိုတိုင်ရှန်းကတော့ အရှုံးကို ဝန်မခံပဲ အလစ် တိုက်ခိုက်လိုက်တာလေ။
“လီဖူချန်း အပိုတွေ လုပ်မနေနဲ့။ မင်းက ဒီလိုပုံစံနဲ့ ငါ့ကို အနိုင်ယူဖို့ စဉ်းစားထားတာလား။ ဒါက ဖန်းယွမ် စင်မြင့်ကွ။ သတ်ဖြတ်တာက လွဲပြီး ကျန်တဲ့ အရာအားလုံးကို ခွင့်ပြုထားတယ်။ မင်းနဲ့ငါ တစ်ယောက်ယောက် သွေးမြေမကျပဲ ပွဲက ပြီးမှာ မဟုတ်ဘူး။ ကဲ အခုတော့ မင်းငါ့လက်သီး အကြောင်း ကောင်းကောင်းကြီး သိသွားပြီမလား။ စိတ်မပူပါနဲ့ ... အေးအေးဆေးဆေးပေါ့။ ငါကမင်းရဲ့ ခြေလက်တွေကို အေးအေးဆေးဆေး တစ်ချောင်းချင်း ဖြတ်ပေးမှာပါ။ မင်းရဲ့ အတွင်းအား ပင်လယ်ကိုတော့ နောက်ဆုံးမှ ဖျက်ဆီး ရတာပေါ့”
လျိုတိုင်ရှန်းက လီဖူချန်း တစ်ယောက် အမှတ်မထင် ဒဏ်ရာရသွားတဲ့ အတွက် အထက်စီးကနေ တိုက်ခိုက် နေနိုင်ပါပြီ။ သူက မိုးမြေသိမ့်တုန် ဓားသိုင်းကို သုံးပြီး လီဖူချန်းကို တိုက်ခိုက် နေပါတယ်။
“ပေါ့ဆမိတဲ့ ငါ့ရဲ့အမှားပဲ “လီဖူချန်းက သက်ပြင်း ချလိုက်ပါတယ်။
လျိုတိုင်ရှန်းက သူ့ကို လီဖူချန်း ဒဏ်ရာရအောင် မလုပ်ရဲဘူး ဆိုတာကို သိတဲ့အတွက် အဲဒီအချက်ကို အားကိုးပြီး တိုက်ခိုက် လိုက်တာလေ။
ပြီးတော့ လျိုတိုင်ရှန်း ဆိုတဲ့ ကောင်က အဲဒီလောက် အရှက် ကင်းမဲ့လိမ့်မယ်လို့ သူမထင်ထား ခဲ့ပါဘူး။ ဒီလောက် နီးကပ်နေတဲ့ အကွာအဝေးကနေ လာတဲ့ လက်သီးချက်ကို သူလုံးဝ ရှောင်တိမ်းခွင့် မရလိုက်ပါဘူး။ ဒီလက်သီးချက် အတွင်းဒဏ် အနည်းငယ် ဖြစ်ပေါ်စေတဲ့ အတွက် သူ့ရဲ့ လှုပ်ရှားမှုတွေက အနည်းငယ် လေးလံနေခဲ့ပါပြီ။
လီဖူချန်းက အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး လေထဲကို ခုန်တက် လိုက်ပါတယ်။
“မင်းက အရှုံး မပေးချင်မှတော့ ငါကမင်းကို ငဲ့ညှာနေလို့ကော ဘာထူးလာမှာလဲ “
လီဖူချန်းရဲ့ မျက်လုံးထဲမှာတော့ ရက်စက်ပြီး အကြင်နာမဲ့တဲ့ အရိပ်အယောင်တွေ ပေါ်ထွက် လာခဲ့တယ်လေ။
ခန္ဓာကိုယ်က လေလို။ လေက အရိပ်လို။ ပြီးတော့ အရိပ်က တစ္ဆေတစ်ကောင်လို ဦးတည်ရာမဲ့ သွားလာနေပြီး ပျောက်ကွယ် သွားပါပြီ။ လီဖူချန်းက ကိုယ်ဖော့ပညာ ဆိုတာ ဘာလဲဆိုတာကို အားလုံးကို ကောင်းကောင်းကြီး ပြသနေသလိုပါပဲ။ လူသာမန်တွေရဲ့ မျက်လုံးနဲ့ လီဖူချန်းကို ရှာတွေ့ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ သူ့ရဲ့ ဒီတစ်ခေါက် အမြန်နှုန်းက ပထမ တစ်ခေါက်တုန်းက ထက်ကို အဆ ပေါင်းများစွာ မြန်နေပါသေးတယ်။
လီဖူချန်းက လျိုတိုင်ရှန်းရဲ့ ဓားချက်တွေ ထဲကနေ ရုန်းထွက်ပြီး ပြန်ပေါ်လာတဲ့ အချိန်မှာတော့ ... လျိုတိုင်ရှန်းရဲ့ နောက်ကျောဘက်ကို ရောက်နေပါပြီ။ လျိုတိုင်ရှန်းက ဒဏ်ရာရနေတဲ့ လီဖူချန်း တစ်ယောက် ဒီလောက်အထိ လျင်မြန်စွာ လှုပ်ရှား နေနိုင်လိမ့်မယ်လို့ မထင်ထားတဲ့ အတွက် ခုခံကာကွယ်ဖို့ လုံးဝ မပြင်ထားမိပါဘူး။
သူ့ရဲ့ စိတ်ထဲမှာလည်း လီဖူချန်းက သူ့ကို ဒဏ်ရာရအောင် မတိုက်ခိုက်ရဲဘူးလို့ တွက်ထားခဲ့တဲ့ အတွက် ခုခံကာကွယ်ဖို့ မပြင်ထားခဲ့တာလည်း ပါပါတယ်။ ဒါပေမဲ့ လျိုတိုင်ရှန်း တစ်ယောက် လီဖူချန်းကို လျော့တွက် ခဲ့မိလေပြီ။
ဓားရောင်တစ်ချက် ဖြတ်ခနဲ လက်သွား အပြီးမှာတော့ လျိုတိုင်ရှန်းရဲ့ ဘယ်ဘက်လက်က လက်မောင်းရင်းကနေ ပြတ်ထွက် သွားပါတော့တယ်။ သွေးတွေကလည်း ရေတံခွန်ကနေ ကျနေတဲ့ ရေတွေလိုပါပဲ။
အား…
လျိုတိုင်ရှန်းက အသံနက်ကြီးဖြင့် အော်ဟစ် လိုက်ပါတေ့ာတယ်။
***