← Chapters

အကြီးအကဲခေါင်ချုပ်ဇောင်

Vol. 9 Ch. 121

အကြီးအကဲခေါင်ချုပ်ဇောင်

Vol. 9 Ch. 121

ဖန်းယွမ် စင်မြင့်ပေါ်မှာတော့ လျိုတိုင်ရှန်းက သေခါနီး ဝက်တစ်ကောင်လို လူးလိမ့်ပြီး အော်ဟစ် နေပါတယ်။ စင်အောက်က အတွင်းစည်း ဂိုဏ်းသားတွေကတော့ အသံစိုးစိမျှ ထွက်မလာ တော့ပါဘူး။ လီဖူချန်းက တကယ်ကြီးကို လျိုတိုင်ရှန်းရဲ့ လက်တစ်ဖက်ကို ခုတ်ဖြတ် ပစ်လိုက်တာလေ။

ချီအတွင်းအား ယာယီတိုးစေတဲ့ ဆေးကို သောက်သုံးထားတဲ့ လျိုတိုင်ရှန်းကို လီဖူချန်းက ဓားချက် တစ်ချက်တည်းနဲ့ပဲ အနိုင်ယူလိုက်တယ်။ သူတို့တွေကို စဉ်းစားရင်း စဉ်းစားရင်းနဲ့ လီဖူချန်းကို ကြောက်လန့် လာကျပါတယ်။

“ဟေ့ကောင် ... ငါတို့ အဲဒီကလေးရဲ့ ရုပ်ကို သေသေချာချာ မှတ်ထားသင့်တယ်နော်။ နောင်တစ်ချိန် ဒီကလေးကို တွေ့တာနဲ့ ဝေးဝေးက ရှောင်လို့ ရတာပေါ့”

“အေး "

လီဖူချန်းက အခုချိန်မှာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆မှာပဲ ရှိပါသေးတယ်။ တကယ်လို့သူသာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်သွားရင်တော့ မြေကမ္ဘာအဆင့်က ပညာရှင်တွေနဲ့တောင် ယှဉ်လို့ ရနိုင်မည့် ပုံပါပဲ။

လီဖူချန်းကို အစောပိုင်းတုန်းက လှောင်ပြောင်ထားတဲ့ အတွင်းစည်း တပည့် အချို့ကတော့ လီဖူချန်း တစ်ယောက် မြေကမ္ဘာ အဆင့်ကို မြန်မြန်ရောက်ပြီး တိုက်ရိုက်တပည့် အဆင့်ကို အမြန် ရောက်ပါတော့လို့ ဆုတောင်း နေကျပါပြီ။

အတွင်းစည်း တပည့်တွေထဲမှာ ဒီလို နတ်ဆိုးတစ်ကောင် ပေါ်လာတာကို ခံနေမယ့်အစား တိုက်ရိုက် တပည့်အဆင့်ကို အမြန်တက်ပြီး နေရာ ပြောင်းသွားတာက ပိုကောင်းတဲ့အရာပဲလေ။

သိပ်မကြာခင် နှစ်အတွင်းမှာတော့ ဒီကောင်လေးကြောင့် တိုက်ရိုက် တပည့်အချို့ ခေါင်းကိုက် ကျရတော့မှာ ကတော့ မလွဲမသွေပါပဲလေ။

“တကယ်ကို အကြောက်အလန့် ကင်းမဲ့တဲ့ ကောင်ပဲ။ ဒီကောင်က လျိုတိုင်ရှန်းရဲ့ လက်ကို တကယ်ကြီး ခုတ်ဖြတ် လိုက်တာဟ”

“လက်တစ်ဖက် ပြတ်သွားတာ လျိုတိုင်ရှန်းရဲ့ ဟန်ချက်ကို ပျက်သွားစေတယ်။ ဒါက နောင်တစ်ချိန်မှာ ကြီးမားတဲ့ အားနည်းချက် တစ်ခု ဖြစ်လာတော့မှာပဲ”

“မှန်တယ်။ ဘယ်ဘက်လက်က ဓားကိုင်တဲ့လက် မဟုတ်တဲ့အတွက် တိုက်ခိုက်တဲ့ နေရာမှာ သိပ်အသုံးမဝင်ဘူး။ ဒါပေမဲ့ ခန္ဓာကိုယ် ဟန်ချက်ထိန်းတဲ့ အခါမှာတော့ ဘယ်ဘက်လက်က အရမ်းကို အရေးကြီး နေသေးတယ်။ ဒီလျိုတိုင်ရှန်းကတော့ သူနဲ့ လက်ရည်တူ ပြိုင်ဖက်တွေကို ဘယ်တော့မှ အနိုင်ယူနိုင်တော့မှာ မဟုတ်ဘူး။ ဟူး … ... နှမြောစရာပဲ “

“ဟမ့် ... အစ်ကို လျိုတိုင်ရှန်းရဲ့ လက်မောင်းကိုတောင် ဖြစ်ပစ်ရဲတယ်။ ဒီလီဖူချန်းက လျိုကလန်ကို တကယ် ရန်စလိုက်တာပဲ။ သူ့ရဲ့ အနာဂတ်ကတော့ သိပ်အဆင်ပြေမယ် မထင်တော့ဘူး။ လျိုကလန်ကတော့ ဒီကောင့်ကို နည်းတစ်မျိုးမျိုးနဲ့ လုပ်ကြံ သတ်ဖြတ်တော့မှာ”

အတွင်းစည်း တပည့် တော်တော်များများက လီဖူချန်းရဲ့ ဓားစွမ်းရည်ထက် အညှာအတာ ကင်းမဲ့မှုနဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုကို ပိုပြီး ထိတ်လန့် နေပါတယ်။

လျိုကလန်လို နာမည်ကြီး ကလန်တစ်ခုကို ရန်စတဲ့သူတွေဟာ အဆုံးသတ် မကောင်းလှဘူးလေ။ သူတို့က မင်းကို ငရဲကျတာထက် ဆိုးတဲ့ အခြေအနေ တစ်ခုကို ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။

"အရူးပဲ။ ဒီကောင်က လျိုတိုင်ရှန်းရဲ့ လက်ကိုဖြတ်ပြီး ဖန်းယွမ် စင်မြင့်ပေါ်ကနေ အေးအေး သက်သာနဲ့ ဆင်းသွားနိုင်မယ် ထင်နေတာလား”

ယုဝူရှန်းက လီဖူချန်းကို သိပ်မကြိုက်နှစ်သက် လှပေမဲ့လည်း လီဖူချန်းရဲ့ အစွမ်းကိုတော့ လက်ခံလိုက်ပါတယ်။

“အမှိုက်ကောင် ... မင်းက တကယ်ပဲ ငါ့သားရဲ့ လက်ကို ဖြတ်ရဲတယ်ပေါ့လေ။ ငါက မင်းရဲ့ ခြေလက်တွေ အကုန်လုံးကို ပြန်ဖြတ်ပစ်မယ်”

ကျယ်လောင်လှတဲ့ အော်ဟစ်သံကြီးနဲ့အတူ အရိပ်တစ်ရိပ်က ဖန်းယွမ် စင်မြင့်ထက်ကို ရောက်လာပါတယ်။ အရိပ်ပိုင်ရှင် ကတော့ လျိုတိုင်ယွန်ပါ။

သူက စင်မြင့်ပေါ်မှာ လဲကျနေတဲ့ လျိုတိုင်ရှန်းကို အရင်ဆုံး ဖေးမလိုက်ပါတယ်။

ထို့နောက်မှာတော့ လျိုတိုင်ယွန်က သူ့ရဲ့ ကောင်းကင်နယ်ပယ် အဆင့် အရှိန်အဝါတွေကို ဖန်းယွမ်စင်မြင့် တစ်ခုလုံးကို ထုတ်လွှတ် လိုက်ပါတယ်။

ကြောက်စရာ ကောင်းလှတဲ့ ကောင်းကင် အရှိန်အဝါတွေက လီဖူချန်း အတွက်တော့ ကောင်းကင်ပေါ်ကနေ ကျလာတဲ့ တောင်တစ်လုံး လိုပါပဲ။

သူ့ခန္ဓာကိုယ်က တောင်ခံနိုင်စွမ်း မရှိတော့တဲ့ အတွက် ဒူးတွေ တစ်ဆတ်ဆတ် တုန်လာပြီး ဒူးထောက်လု မတတ် ဖြစ်နေပါပြီ။

“မဖြစ်ဘူး ... ငါဒူးထောက်လိုက်လို့ မဖြစ်ဘူး။ “

လီဖူချန်းက အံကို တင်းတင်းစေ့ထားပြီး ကောင်းကင်နယ်ပယ် ဖိအားကို ကြံ့ကြံ့ခံ ခုခံနေပါတယ်။ လီဖူချန်းက မေးကြောကြီးတွေကို ထောင်နေအောင် အားစိုက် ထားပါတယ်။ သူ့ရဲ့ နှုတ်ခမ်းထောင့်ကနေတော့ သွေးတွေက ယိုစီးကျလျက် ရှိနေပါတယ်။

“အဖေ ... ကျွန်တော့် လက်တစ်ဖက်က ပြတ်သွားပြီ။ ကျွန်တော် ကတော့ ဘဝဆုံးပြီ ထင်ပါရဲ့ဗျာ”

လျိုတိုင်ရှန်းက အသက် မဲ့နေသည့် မျက်လုံးတွေဖြင့် ခြောက်ကပ်စွာ ပြောလိုက်ပါတယ်။

“တိုင်ရှန်း ... သားလေး ... “

လျိုတိုင်ယွန်က မျက်ရည် အဝိုင်းသားနဲ့ ရှိနေတဲ့ လျိုတိုင်ရှန်းကို ကြည့်ပြီး ဘယ်လို နှစ်သိမ့် အားပေးရမှန်းကို မသိတော့ပါဘူး။

အတွင်းအား ယာယီတိုးစေတဲ့ ဆေးသောက်ထားတဲ့ လျိုတိုင်ရှန်း တစ်ယောက်က လီဖူချန်းကို ရှုံးနိမ့် သွားမယ်လို့ သူက လုံးဝကို မမျှော်လင့် ထားခဲ့ဘူးလေ။ ဒါက သူလုံးဝ မခန့်မှန်း နိုင်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုပါ။

“မျိုးမစစ်ကလေး ... ဒီအတိုင်း ရိုးရိုးလေး အနိုင် ယူလိုက်ရင်လည်း ရရဲ့သားနဲ့ ငါ့သားရဲ့လက်ကို ဖြတ်ပစ် လိုက်တယ်။ မင်းက အရမ်းကို ရက်စက်တာပဲ”

လျိုတိုင်ယွန်က အေးစက်စွာနဲ့ လီဖူချန်းကို ကြည့်ပြီး မေးလိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ လူသတ်ချင်တဲ့ အငွေ့တွေက ရစ်သိုင်းလျက်ပါ။

ကောင်းကင်နယ်ပယ် တစ်ယောက်ရဲ့ အရှိန်အဝါကြောင့် လီဖူချန်းကတော့ စကားတစ်ခွန်းကို ပြန်မပြော နိုင်သေးပါဘူး။ သူက အံကိုတင်းတင်းစေ့ကာ ခုခံနေဆဲပါပဲ။

အစကတည်းကနေ အခုထက်ထိ လီဖူချန်းက တစ်ချက်မှ မငြီးငြူသေးပါဘူး။ သူရဲ့ မျက်လုံးထဲမှာတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ပြီးထားတဲ့ ပုံပါပဲ။ သူက ကောင်းကင်နယ်ပယ် အရှိန်အဝါကို အစွမ်းကုန် တွန်းလှန်နေပြီး ခွင့်လွှတ်မှုကို တောင်းခံမယ့် အရိပ်အယောင် လုံးဝ ရှိမနေဘူးလေ။

လီဖူချန်းရဲ့ အမူအရာကို ကြည့်ပြီး လျိုတိုင်ယွန်ရဲ့ မျက်နှာက မည်းမှောင် သွားခဲ့ပါတယ်။ သူ့ရဲ့ ကောင်းကင်နယ်ပယ် အရှိန်အဝါက ဒီလို ကောင်လေး တစ်ယောက်ကို ဒူးထောက် ကျသွားအောင် မလုပ်နိုင်ခဲ့ဘူးလေ။ ဒီဂိုဏ်းသားရဲ့ စိတ်စွမ်းအင်က ကြောက်စရာ ကောင်းလောက်အောင် သန်မာ နေပါရောလား။

ဒီလို ကြောက်စရာ ကောင်းလှတဲ့ စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့ သူက အနာဂတ်မှာ အကြီးအကျယ် အောင်မြင်မှု ရမယ့်သူဆိုတာ ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး။

“ဒီကောင်လေးကို အသက်ရှင်ခွင့် ပေးလို့ မရဘူး"

လျိုတိုင်ယွန်က လီဖူချန်းကို ကြည့်နေရင်းနဲ့ ဒီကောင်လေးက အနာဂတ်မှာ ကြောက်စရာ ကောင်းလှတဲ့ လူတစ်ယောက် ဖြစ်လာမယ် ဆိုတာကို ခံစား လိုက်ရပါတယ်။ ဒါကြောင့် လီဖူချန်းကို သတ်မှကို ရတော့မှာပါ။

” မျိုးမစစ်ကလေး ... မင်းက အခုလို ငယ်ရွယ်တဲ့ အချိန်မှာတောင် ဒီလောက် ရက်စက် တတ်နေပြီ။ မိုးပြာရောင်ဂိုဏ်းမှာ မင်းလို ရက်စက်တတ်တဲ့ သူတစ်ယောက် မပေါ်လာဖို့ အတွက် အကြီးအကဲ တစ်ယောက် ဖြစ်တဲ့ ငါ့မှာ တာဝန်ရှိတယ်။ ငါက ဂိုဏ်းတော်ရဲ့ ကိုယ်စား မင်းရဲ့ ဒန့်တျန်ကို ဖျက်ဆီးပြီး ခြေလက်တွေကို ဖြတ်ပစ်ရမယ်”

ပြောပြီးတာနဲ့ လျိုတိုင်ယွန်က သူ့ရဲ့လက်ကို ဝှေ့ယမ်း လိုက်ပါတယ်။ မိုးပြာရောင် ချီအလင်းတန်း ၅ခုက သူ့ရဲ့လက်ကနေ ထွက်ပေါ်လာပြီး လီဖူချန်းဆီကို ဦးတည် သွားပါတော့တယ်။

“ဒါက ငါ့ရဲ့ အဆုံးသတ်ပဲလား”

လီဖူချန်းကတော့ သူ့ဆီတိုးဝင်လာတဲ့ ချီအလင်းတန်း ၅ခုကို မြင်နေရပါတယ်။ သူ့ရဲ့ နှလုံးသားထဲ မှာတော့ ဒီအဖြစ်အပျက်ကို လုံးဝ လက်သင့်မခံနိုင်ပဲ ဖြစ်နေဆဲပါပဲ။

စင်အောက်က အတွင်းစည်း တပည့် တော်တော် များများကတော့ လီဖူချန်းတစ်ယောက် ဒန့်တျန် ဖျက်ဆီးခံရတာကို ဝမ်းသာအားရစွာ ကြည့်နေကျပါတယ်။ ကျန်တဲ့ အနည်းအကျဉ်း လူတစ်စုကတော့ လီဖူချန်းရဲ့ အဖြစ်အပျက်ကို မကြည့်ရက်နိုင်တဲ့ အတွက် မျက်နှာ လွှဲလိုက်ကျပါတယ်လေ။

လျိုကလန်ကတော့ လုံးဝကို အရှက် မရှိတော့ပါဘူး။

ဖန်းယွမ် စင်မြင့်ပေါ်မှာတော့ အနိုင်ရတဲ့သူက ရှုံးနိမ့်တဲ့သူကို မသတ်သေးသရွေ့ စည်းကမ်း မချိုးဖောက်သေးပါဘူးလေ။

လျိုတိုင်ယွန်ရဲ့ လုပ်ပုံက သူ့သားကတော့ လီဖူချန်းကို ဒုက္ခိတဖြစ်အောင် လုပ်လို့ရတယ်။ လီဖူချန်းကတော့ သူ့သားကို ထိခိုက်အောင် ပြန်တိုက်လို့ မရဘူးဆိုတဲ့ အချိုးပါပဲ။ ဒါက ဘယ်လို နိယာမ တရားကြီးပါလိမ့်။

ပိုပြီးပြောစရာ ဖြစ်သွားတာက လီဖူချန်းက မင်းရဲ့သားကို သက်ညှာပေးဖို့ လုပ်ခဲ့သေးတယ်လေ။ အခုလို ဖြစ်သွားတာက မင်းရဲ့သားက မိုက်လုံးကြီးခဲ့လို့ပဲ မဟုတ်လား။ လျိုတိုင်ယွန်က လူတွေရဲ့ အတွေးကို မကြားနိုင်တာ နှမြောစရာ ပါပဲ။ သူသာ ဒီအတွေးတွေကို ကြားနိုင်ခဲ့မယ်ဆိုရင် ချီအလင်းတန်း ၅ခုက လီဖူချန်းကို ဒုက္ခိတ ဖြစ်စေခါနီး ဆဲဆဲမှာပဲ

“ရပ်လိုက်စမ်း "

ကြည်လင် ပီသပြီး သြဇာသံ အပြည့်ရှိတဲ့ အသံတစ်ခုက ကောင်းကင်ပေါ်ကနေ ထွက်ပေါ် လာပါတယ်။ ထို့နောက်မှာတော့ ချီအကာအကွယ် တစ်ခုက လီဖူချန်းရဲ့ အရှေ့မှာ ပေါ်လာခဲ့တယ်လေ။

လျိုတိုင်ယွန်ဆီက ထွက်လာတဲ့ ချီအလင်းတန်း၅ခုက လီဖူချန်းရဲ့ရှေ့က ချီအကာအကွယ်ကို တုတ်တုတ်မျှ လှုပ်အောင် မစွမ်းဆောင် နိုင်စေခဲ့ပါဘူး။

“မကောင်းတော့ဘူး။ ဒါက အတွင်းစည်း အကြီးအကဲ ခေါင်ချုပ်ရဲ့ ချီအကာအကွယ်ပဲ "

လျိုတိုင်ယွန်က ချီအကာအကွယ်ရဲ့ ပိုင်ရှင်ကို သိနေပါတယ်။ ဒါပေမဲ့ သူက လီဖူချန်းကို သတ်ဖြတ်ဖို့ အတွက် လက်မလျော့သေးပါဘူး။ ဒီတစ်ကြိမ်မှာတော့ သူက အားကုန်သုံးပြီး ချီအကာအကွယ်ကို တိုက်ခိုက် လိုက်ပါတယ်။

“ဟင် ... မင်းက ငါ့ချီ အကာအကွယ်ကိုတောင် တိုက်ခိုက် ရဲတယ်လား။ မြေကြီးပေါ်မှာ ဝပ်နေလိုက်စမ်း”

ချီအကာအကွယ်က ဓားမြှောင်လေးတွေ အဖြစ် ပုံစံ ပြောင်းသွားပြီး လျိုတိုင်ယွန်ကို တိုက်ခိုက် လိုက်ပါတယ်။ ထို့နောက်မှာတော့ ကောင်းကင်ပေါ်ကနေ ကြောက်စရာ ကောင်းတဲ့ ချီအရှိန်အဝါတစ်ခု ကျဆင်းလာပြီး လျိုတိုင်ယွန်ကို ဖိနှိပ်ဖို့ ကြိုးစား လာပါတယ်။

ကောင်းကင်နယ်ပယ် အဆင့်၂ ရှိတဲ့ လျိုတိုင်ယွန်က ထိုချီအရှိန်အဝါရဲ့ ဖိအားကို မခုခံနိုင်တဲ့ အတွက် မြေကြီးပေါ်မှာ ပြားကပ်နေအောင် ဝပ်နေရပါပြီ။ တစ်လက်မတောင် လှုပ်မရတော့တဲ့ ပုံပါပဲ။

လျိုတိုင်ယွန်က ချီအရှိန်အဝါနဲ့ လီဖူချန်းကို ဖိနှိပ်ဖို့ ကြိုးစားခဲ့တုန်း ကတော့ လီဖူချန်းက ကြံ့ကြံ့ခံ နေနိုင်ခဲ့ပါတယ်။ အခုအကြီးအကဲ ခေါင်ချုပ်က ချီအရှိန်အဝါနဲ့ လျိုတိုင်ယွန်ကို ဖိအား ပေးလိုက်တဲ့ အချိန်မှာတော့ လျိုတိုင်ယွန် တစ်ယောက်က မြေပြင်မှာ ပြားကပ်နေအောင် ဝပ်နေရတယ်။ လျိုတိုင်ယွန်ကို ဒီလို ဖြစ်အောင် လုပ်နိုင်သည့်သူက မည်မျှအစွမ်း ထက်လိုက်မည်နည်း။ ဖန်းယွမ် စင်မြင့်ကို ရောက်နေကျတဲ့ သူတွေ အကုန်လုံး အသံတစ်ချက်မှ မထွက် နိုင်တော့ပါဘူး။

အတွင်းစည်း အကြီးအကဲတွေရဲ့ တိုက်ပွဲက သူတို့ဝင်ပါဖို့ လက်လှမ်း မမီတဲ့ အရာတစ်ခုပင် မဟုတ်ပါလား။ ဖန်းယွမ်စင်မြင့်ရဲ့ ကောင်းကင်ယံမှာတော့ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အကြီးအကဲ တစ်ယောက် ထွက်ပေါ် လာခဲ့ပါပြီ။ သူ့ရဲ့ မျက်နှာကတော့ ဒေါသကြောင့် တင်းမာလျက် ရှိပါတယ်။

အတွင်းစည်း အကြီးအကဲချုပ် ဇောင်ဝူကျင်း။ ကောင်းကင်ပိုး နယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်မှာ ရှိပြီး မိုးပြာရောင်ဂိုဏ်းရဲ့ အဆင့်မြင့် ဂိုဏ်းဝင် တစ်ယောက် ဖြစ်ပါတယ်။ ဂိုဏ်းချုပ်၊ ကြီးမြတ်သော အကြီးအကဲနဲ့ ဂိုဏ်းအစောင့်အရှောက်တွေ ပြီးရင် ရာထူး အကြီးဆုံးသော သူတစ်ယောက်လည်း ဖြစ်ပါတယ်။

“လျိုတိုင်ယွန် ... မင်းကိုမင်း ဘာထင်နေတာလဲ။ မင်းက ဖန်းယွမ် စင်မြင့်တိုက်ပွဲမှာ ဝင်ပါလို့ ရတဲ့အထိ ကြီးမြတ် နေပြီလား။ မင်းက ဂိုဏ်းတော်ရဲ့ စည်းကမ်းတွေကို ချိုးဖောက်တယ် ဆိုတော့ ပုန်ကန်ဖို့ စဉ်းစားနေတာလား”

ဇောင်ဝူကျင်က သူ့ရဲ့ ချီအရှိန်အဝါတွေကို မရုတ်သိမ်းသေးပဲ လျိုတိုင်ယွန်ကို မေးလိုက်ပါတယ်။ လျိုတိုင်ယွန်က မြေကြီးပေါ်မှာ ဝပ်နေရင်းနဲ့ ပြန်ဖြေ လိုက်ပါတယ်။

“အကြီးအကဲ ခေါင်ချူပ် ... ဒီကောင်လေးက အရမ်းကို ရက်စက်ကြမ်းကြုတ် လွန်းပါတယ်။ သူ့ရဲ့ မျက်လုံးထဲမှာ တစ်ဂိုဏ်းတည်းသားချင်း ညှာတာ ထောက်ထားဖို့ ဆိုတဲ့ အသိတောင် မရှိပါဘူး။ သူက ကျွန်တော့်သားရဲ့ လက်မောင်း တစ်ဖက်ကိုလည်း ဖြတ်ပစ် လိုက်ပါတယ်။ ကျွန်တော်က သူ့ကို ဘယ်လိုလုပ် ဒီအတိုင်း ထားလိုက်နိုင်မှာလဲ”

ဇောင်ဝူကျင်က လျိုတိုင်ယွန်ကို ရွံစရာ အကောင်တစ်ကောင်လို ကြည့်လိုက်ပါတယ်။ ဒီအတွင်းစည်း အကြီးအကဲက လုံးဝ အရှက်မရှိစွာနဲ့ သူ့ကို ဒီလို လိမ်ပြောရဲသေးတယ်လေ။

ထို့နောက်မှာတော့ ဇောင်ဝူကျင်က

“ဖန်းယွမ် စင်မြင့်ဆိုတာ အကြီးတွေ အငယ်တွေ သတ်မှတ်ထားတဲ့နေရာ မဟုတ်ဘူး။ အနိုင်ရသူနဲ့ ရှုံးနိမ့်သူ နှစ်ခုပဲရှိတယ်။ ပြီးတော့ မင်းရဲ့သားက အနိုင်ရသူ မဟုတ်ဘူး။ သူ့ကို တစ်ဖက်လူက ကြိုက်တာ လုပ်ခွင့်ရှိတယ်။ ဒါကို မင်းအပြစ် သွားပြောလို့ မရဘူးလေ”

“ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်ရဲ့ လျိုကလန်သားတွေက ဒီကောင်လေးထက် ပိုပြီး တန်ဖိုးရှိတယ်။ အကြီးအကဲ ခေါင်ချုပ် ... ကျွန်တော့ကို ခွင့်ပြုပေးပါ”

“ရယ်စရာ ကောင်းလိုက်တာကွာ။ ထွက်သွားစမ်း … ... တကယ်လို့ မင်းတို့ လျိုကလန်က ဒီကောင်လေး အပေါ် မကောင်းတာ တစ်ခုခု ကြံဖို့ ကြိုးစားတာနဲ့ ဂိုဏ်းချုပ်ကြီး ဆီကို ငါအကြောင်းစုံ သတင်းပို့ပြီး မင်းတို့ လျိုကလန်ကို ပြစ်ဒဏ်ပေးဖို့ တောင်းဆိုမယ်”

ဇောင်ဝူကျင်က လက်တစ်ဖက်ကို ဝှေ့ယမ်းပြီး လျိုတိုင်ယွန်တို့ သားအဖကို စင်ပေါ်ကနေ မောင်းချလိုက်ပါတယ်။ ဇောင်ဝူကျင်က လီဖူချန်းကို ဆုံးမစကား ပြောဖို့ ဟန်ပြင်လိုက်တဲ့ အချိန်မှာပဲ နောက်ထပ် အသံဝါကြီး တစ်ခုက ကောင်းကင် တစ်ခုလုံးကို ပဲ့တင်သံ ထပ်သွား စေခဲ့ပါတယ်။

“အကြီးအကဲ ခေါင်ချုပ် ... ခင်ဗျားက အရမ်းလွန်သွားပြီ။ ကျုပ်တို့ လျိုကလန်က မျိုးဆက်တွေက ဒီလိုပဲ စော်ကားခံနေမယ်လို့ ခင်ဗျား ထင်နေတာလား”

ဟိုးအဝေး တစ်နေရာကနေ တစ်ခေါင်းလုံး ဖွေးဆွတ်အောင် ဖြူနေတဲ့ အဘိုးကြီး တစ်ယောက်က ဖန်းယွမ်စင်မြင့်ကို ပျံသန်း ရောက်ရှိ လာပါတယ်။ သူက ဇောင်ဝူကျင်ထက် ပိုအသက်ကြီးပုံ ရပါတယ်။ သူ့ရဲ့ ချီအရှိန်အဝါက ပင်လယ်ကြီးလိုပဲ နက်ရှိုင်း လှပါတယ်လေ။

“လျိုဟိုင်ဝမ် ... မင်းဘာမှမသိပဲ လျှောက်ပြောမနေနဲ့။ လွန်နေတာက မင်းတို့ လျိုကလန်ကွ။ မင်းဟာမင်း နောက်မှ အခြေအနေကို စုံစမ်းပြီး ငါနဲ့လာပြောလှည့်။ အခုတော့ မင်းရဲ့ လျိုကလန်သားတွေကို ခေါ်ပြီး ဖန်းယွမ်စင်မြင့်က ထွက်သွားတော့”

ဇောင်ဝူကျင်က ထိုအဘိုးအိုကို နာမည် တပ်ခေါ်ပြီး ပြောလိုက်ပါတယ်။

ယား… ... ဒီနေ့ ဘာတွေ ဖြစ်နေကျတာလဲ။ ပထမဆုံး အတွင်စည်း အကြီးအကဲခေါင်ချုပ် ဇောင်ဝူကျင်က ဖန်းယွမ်တိုက်ပွဲကို လာကြည့်တယ်။ အခုနောက်ထပ် တစ်ဖန် လျိုကလန်ရဲ့ တည်ထောင်သူ ဖြစ်တဲ့ လျိုဟိုင်ဝမ် ရောက်လာ ပြန်ပြီ။

လျိုဟိုင်ဝမ်က ကောင်းကင်နယ်ပယ် အဆင့်၉က ပညာရှင် ဖြစ်ပါတယ်။ သူက ထိပ်တန်း အတွင်းစည်း အကြီးအကဲ ၁၀ယောက်ထဲက တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အဆင့်အတန်းက အတွင်းစည်း အကြီးအကဲ ခေါင်ချုပ်ဖြစ်တဲ့ ဇောင်ဝူကျင်ထက် နည်းနည်းလေးပဲ နိမ့်တာပါ။

လျိုဟိုင်ဝမ်က ပိုပြီး အရှက်မကွဲ ချင်တော့တာနဲ့ သူ့လျိုကလန်သားတွေကို ခေါ်ပြီး ပြန်ထွက် သွားပါတော့တယ်။ သူထွက် မသွားခင်မှာတော့ လီဖူချန်းကို တစ်ချက် ကြည့်သွားပါသေးတယ်။

***

All Chapters