← Chapters

အတွင်းစည်းပြိုင်ဘက်ကင်းပါရမီရှင်စာရင်းဝင်

Vol. 9 Ch. 122

အတွင်းစည်းပြိုင်ဘက်ကင်းပါရမီရှင်စာရင်းဝင်

Vol. 9 Ch. 122

“ဒါက ကောင်းကင် ပိုးနယ်ပယ်က တကယ့် ထိပ်သီးတွေရဲ့ စွမ်းရည်ပဲလား"

လီဖူချန်းက ချွေးသီး ချွေးပေါက်တွေ ကျလျက် ရှိနေပါတယ်။

ကောင်းကင်ပိုး နယ်ပယ် ပညာရှင်တွေက တကယ်ကိုပဲ လွှမ်းမိုးနိုင်စွမ်း ရှိလှတယ်လေ။ သူတို့က လှုပ်ရှားဖို့ မလိုအပ်ဘူး ဆိုရင် တစ်ချက် ကလေးမှတောင် မလှုပ်ပါဘူး။ အေး ... ဒါပေမဲ့ လှုပ်ရှားပြီဟေ့ ဆိုရင်လည်း ဘယ်သူ့ မျက်နှာမှ မထောက်ပဲ လှုပ်ရှား တတ်ကျပါတယ်။

လီဖူချန်းက လျိုတိုင်ယွန်ရဲ့ ချီအရှိန်အဝါ ဖိအားကို ခံနိုင်တယ် ဆိုတာ သူအရမ်း အစွမ်း ထက်နေလို့တော့ မဟုတ်ပါဘူး။ တိတိကျကျ ပြောရမယ်ဆိုရင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉က ပညာရှင်တောင်မှ လျိုတိုင်ယွန်ရဲ့ ဖိအားကို ခံနိုင်စွမ်း မရှိပါဘူးလေ။ ဒီကိစ္စက ကျင့်ကြံခြင်းနဲ့ ဆက်နွယ်နေတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကို စိတ်စွမ်းအင်လို့ သတ်မှတ် ကြပါတယ်။

စိတ်စွမ်းအင် ဆိုတာ အရမ်းကို ဆန်းကြယ်လှတဲ့ အရာတစ်ခု ပါပဲ။ ဒီစိတ်စွမ်းအင်က ခန္ဓာကိုယ်ကို နားမလည်နိုင်တဲ့ နည်းလမ်း တစ်မျိုးတစ်ဖုံနဲ့ ဆက်နွယ်နေပါတယ်။

သာမန်လူ တစ်ယောက်ဟာ ငါရောဂါ တစ်ခုခု ရှိနေပြီ မကြာခင် သေတော့မယ်လို့ ယုံကြည် သွားတာနဲ့ သိပ်မကြာခင်မှာပဲ ထိုလူဟာ အဖျားရောဂါ တစ်ခုခုရပြီး သေသွား တတ်ပါတယ်။

စိတ်စွမ်းအင်တွေက တစ်ခါတစ်ခါ ကျရင် အကျပ်အတည်းထဲကနေ ဖြစ်ပေါ် တတ်လာ ပါသေးတယ်။

ဥပမာ မင်းကို ခွေးတစ်ကောင်က လိုက်ကိုက်တယ် ဆိုပါစို့။ အဲဒီလို အချိန်မှာ ပြေးတဲ့ မင်းရဲ့ အမြန်နှုန်းကို သာမန် အချိန်မှာ ပြေးတဲ့ မင်းရဲ့ အမြန်နှုန်းက လိုက်မီလိမ့်မယ်လို့ ထင်ပါသလား။ ဒါက မင်းရဲ့ မသိစိတ်ထဲက စိတ်စွမ်းအင်က မင်းရဲ့ ခြေထောက်တွေကို အားဖြည့် ပေးလိုက်တာပါ။

တချို့လူတွေက သရဲခြောက်တဲ့ နေရာတွေကို ရောက်လာရင် အလိုလို ကြောက်ရွံ့လာပြီး ငိုချင်သလိုလို ၊ရယ်ချင်သလိုလို ဖြစ်လာလေ့ ရှိပါတယ်။ ဒါပေမဲ့ တချို့ကတော့ ဘာခံစားမှုမှကို ဖြစ်မလာပါဘူး။ ဒါကလည်း စိတ်စွမ်းအင်နဲ့ ဆိုင်တာပါပဲ။

ဒီစိတ်စွမ်းအင် ဆိုတဲ့ အရာက ခိုင်မာတဲ့ စိတ်သမာဓိက လာတာပါ။ ဒီသမာဓိ ဆိုတဲ့ အရာကို လေ့ကျင့်ယူလို့ ရပါတယ်။ တချို့ကတော့ လေ့ကျင့်စရာ မလိုပဲ မွေးကတည်းကကို ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင် သဘောမျိုးနဲ့ ပါလာ တတ်ပါတယ်။

လီဖူချန်းလို စိတ်ဝိညာဉ် နှစ်ခု ရှိနေတဲ့ လူကတော့ ခြွင်းချက်ပေါ့လေ။

လီဖူချန်းရဲ့ ဆင့်ကဲ ပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်က ပညာရပ်တွေအပေါ် ထိုးထွင်း သိမြင်နိုင်တဲ့ အပြင် ပြဿနာ တစ်ခုကို အရင်းအမြစ် ရှာတဲ့ နေရာမှာ အထောက်အကူ ပြုပါတယ်။ ကျန်တဲ့ ရွှေရောင် လက်ဖွဲ့အဆောင်ကတော့ လျှို့၀ှက် ဆန်းကြယ် လွန်းပါတယ်။ သူက လီဖူချန်းရဲ့ စိတ်စွမ်းအင် ပင်လယ်ထဲကို ရောက်ရှိပြီး ကတည်းက ယနေ့အထိ ဘာအရိပ်အယောင်မှ မပြသသေးပါဘူး။ ဒါပေမဲ့ ဒီရွှေရောင်လက်ဖွဲ့ အဆောင်ရှိနေတာ လီဖူချန်းကို ယုံကြည်မှု အပြည့်ရှိတဲ့ လူတစ်ယောက် ဖြစ်လာစေပါတယ်။ ပြီးတော့ ဒီရွှေရောင် လက်ဖွဲ့အဆောင်က လီဖူချန်းရဲ့ စိတ်စွမ်းအင်ကို မသိနိုင်တဲ့ နည်းလမ်း တစ်ခုနဲ့ အားဖြည့် ပေးနေသလိုပါပဲ။ လီဖူချန်းက လျိုတိုင်ယွန်ရဲ့ ချီအရှိန်အဝါကိုတောင် ခံနိုင်တယ် ဆိုတာ သူ့ရဲ့မွေးရာပါ စိတ်စွမ်းအင်ကြောင့် သာမက စိတ်ဝိညာဉ် နှစ်ခုကြောင့်လည်း အနည်းငယ်တော့ ပါပါတယ်။ ဒီစိတ်ဝိညာဉ် နှစ်ခုရဲ့ အကူအညီသာ မပါရင် လီဖူချန်းရဲ့ စိတ်စွမ်းအင် ဘယ်လောက် ကောင်းကောင်း လျိုတိုင်ယွန်ရဲ့ ဖိနှိပ်မှုကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။

သေချာတာ တစ်ခုကတော့ စိတ်စွမ်းအင် သမာဓိအား ကောင်းတဲ့ လူတွေက ဒဏ္ဍာရီ ပုံပြင်တွေလိုပါပဲ။ အရမ်းကို ရှားလွန်းပါတယ်။

လူဦးရေ သန်းတစ်ထောင်မှာတောင် တစ်ယောက် မရှိသလောက် ရှားပါတယ်။ ဒါပေမဲ့ အလွန် ကောင်းမွန်တဲ့ အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကတော့ ဒီလို စိတ်စွမ်းအင်မျိုးကို လေ့ကျင့် ရယူနိုင်စွမ်း ရှိပါတယ်လေ။

“မဆိုးဘူး။ အတွင်းအား ယာယီ တိုးမြှင့်ဆေးလုံး သောက်ထားတဲ့ လျိုတိုင်ရှန်းကို အနိုင်ယူနိုင်တယ် ဆိုကတည်းက မင်းက ခေတဲ့သူ တစ်ယောက် မဟုတ်ဘူး ဆိုတာကို ဖော်ပြနေပြီးပြီ။ လျိုတိုငိရှန်းရဲ့ ချီအရှိန်အဝါ ဖိနှိပ်မှုကို ကြံကြံ ခံနိုင်တာကတော့ ငါကိုယ်တိုင်တောင် မတွေးထင်ထားတဲ့ အရာတစ်ခုပဲ။ မင်းသိရဲ့လား ... သာမန် မြေကမ္ဘာအဆင့်က ပညာရှင်တွေတောင် မင်းလို မစွမ်းဆောင်နိုင်ဘူး”

ဇောင်ဝူကျင်းက လီဖူချန်းကို ချီးကျူးလိုက်ပါတယ်။ လီဖူချန်းမှာရှိတဲ့ ထိုးထွင်း သိမြင်မှုကတောင် သူ့ကို စိတ်ဝင်စားစေ ခဲ့တယ်လေ။ အခုတော့ ဒီကောင်လေးရဲ့ စိတ်စွမ်းအင်ကလည်း အရမ်းကို သန်မာ နေလွန်းတယ်လေ။ ဇောင်ဝူကျင်းကတော့ ကြည့်ရင်း ကြည့်ရင်းနဲ့ ဒီပါရမီရှင်လေးကို သဘော ကျသထက် ပိုကျလာပါတယ်။

သာမန် အရိုးတည်ဆောက်ပုံက လီဖူချန်းကို ကန့်သတ်ရင် ကန့်သတ်နေမှာပါပဲ။ ဒါပေမဲ့ သူရဲ့လက်ရှိ အမြင်အရတော့ လီဖူချန်းရဲ့ ထိုးထွင်း သိမြင်နိုင်မှုနဲ့ စိတ်စွမ်းအင် ခွန်အားက အဲဒီ ကန့်သတ်ချက်ကြီးကို ချိုးဖျက် သွားနိုင်ပါလိမ့်မယ်။ လီဖူချန်းက ကံအကြောင်း မလှလို့ မြေကမ္ဘာ အဆင့်မှာပဲ ရပ်တန့် သွားခဲ့ဦး။ ကြောက်စရာ ကောင်းလှတဲ့ မြေကမ္ဘာအဆင့် ပညာရှင်တွေထဲမှာ တစ်ဦး အပါအဝင် ဖြစ်နေဦးမှာပါ။

ဒါပေမဲ့ ဇောင်ဝူကျင်းကတော့ လီဖူချန်းကို ကောင်းကင် နယ်ပယ် အဆင့်အထိ သွားနိုင်လိမ့်မယ်လို့ ကောက်ချက် ချလိုက်ပါတယ်။

“အခုလို ကူညီပေးတဲ့ အကြီးအကဲ ခေါင်ချုပ်ကို အရမ်း ကျေးဇူးတင်ပါတယ်ဗျာ။ ဖူချန်းက ဒီကျေးဇူးကို အခွင့်သာရင် ပြန်ဆပ်ပါဦးမယ်”

လီဖူချန်းက ခါးကိုင်းပြီး အရိုအသေ ပေးလိုက်ပါတယ်။ ဇောင်ဝူကျင်းကြောင့်သာ မဟုတ်ရင် သူက အခုချိန်ဆို ဒုက္ခိတ ဖြစ်နေလောက်ပါပြီ။ သူ့ရဲ့ ဒျန့်တျန်ကလည်း ရစရာရှိတော့မှာ မဟုတ်ပါဘူး။ မင်းဟာမင်း ဘယ်လောက် ထိုးထွင်း သိမြင်မှုရှိရှိ ၊ ဘယ်လောက်ပဲ စိတ်စွမ်းအင် ကောင်းကောင်း ဒျန့်တျန် ဖျက်ဆီး ခံလိုက်ရရင်တော့ ပြီးသွားပါပြီ။

ဘာစွမ်းအင်မှ လေ့ကျင့်နိုင်တော့မှာ မဟုတ်ပါဘူး။

“ဟား ... ဟား ... ဒါက မိုးပြာရောင် ဂိုဏ်းလေ။ ဒီလျိုတိုင်ယွန်က သူထင်ရာ လျှောက်လုပ်နေလို့ ရမယ် ထင်နေတာလား။ ဂိုဏ်းသား တပည့်တွေကို ကာကွယ် စောင့်ရှောက်ရမှာက ငါတို့ အကြီးအကဲတွေရဲ့ တာဝန် မဟုတ်ဘူးလား။ ပြီးတော့ ငါက အကြီးအကဲ ခေါင်ချုပ်လေ။ ငါက ဒီကိစ္စလေးကိုမှ မဖြေရှင်းနိုင်ရင် ဒီရာထူးနဲ့ ဘယ်သင့်တော်ပါ့မလဲ။ လူငယ်လေး ... အရမ်း ကျေးဇူး တင်မနေနဲ့ ။ ငါက ငါလုပ်သင့်တာကို လုပ်လိုက်တာပါ”

ဇောင်ဝူကျင်က ရယ်ပြီး ပြောလိုက်ပါတယ်။

“ဘိုးဘိုး ... ဒီလျိုကလန်က အဓိပ္ပာယ်မရှိတာ အရမ်းလုပ်တာပဲ။ ဘိုးဘိုးက ဒီကိစ္စကို ဂိုဏ်းချုပ်ကြီး ဆီမှာ မတင်ပြဘူးလား”

ဇောင်မင်းယွီက ဖန်းယွမ် စင်မြင့်ပေါ်ကို လှမ်းတက် လာရင်းနဲ့ ပြောလိုက်ပါတယ်။ ဇောင်ဝူကျင်းက ခေါင်းကိုခါလိုက်ပြီး

“ကောင်မစုတ်လေး ... ရှေးဟောင်း ကလန်တစ်ခုကို ပြဿနာ ရှာရတာ အရမ်းလွယ်ကူတဲ့ အလုပ်လို့ ထင်နေတာလား။ ဒီလျိုကလန်က ငါတို့ ဇောင်ကလန်ထက် အင်အားနည်းတယ် ဆိုပေမဲ့ သူတို့ရဲ့ အဆက်အသွယ်တွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေက ငါတို့ ကလန်ထက် များတယ်ကွ။ ပြီးတော့ နင်မမေ့လိုက်နဲ့ဦး။ လျိုကလန်ကလည်း မိုးပြာရောင် ဂိုဏ်းအဖွဲ့ဝင် ကလန်တစ်ခုပဲ ဆိုတာကိုလေ။ သူတို့ကို မိုးပြာရောင်ဂိုဏ်းက ထုတ်ပစ်လိုက်ရင် ဂိုဏ်းတော်ပဲ အင်အားချည့်နဲ့ သွားလိမ့်မယ်။ အဲဒါက တခြားဂိုဏ်းတွေနဲ့ တိုက်ခိုက်တဲ့ အခါမှာ ပြဿနာရှိတယ်”

"အရေးအကြီးဆုံး ကတော့ ဒီကောင်လေး အတွက်နဲ့ လျိုကလန်ကို ငါပြဿနာ မရှာ ချင်သေးဘူး။ အဲဒါက ကောင်လေးရဲ့ အနာဂတ်ကို ထိခိုက် သွားစေလိမ့်မယ်”

ဇောင်ဝူကျင်းက လည်ချောင်း တစ်ချက် ရှင်းလိုက်ပြီး လီဖူချန်းဘက်ကို ပြန်လှည့်လိုက်ပါတယ်။

” မင်းရဲ့ အရိုး တည်ဆောက်မှုနဲ့ကတော့ မင်းက အတွင်းစည်း ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း စာရင်းဝင် မဖြစ်ထိုက်ဘူး။ ဒါပေမဲ့ ငါက မင်းရဲ့ စိတ်စွမ်းအား ခိုင်မာမှုနဲ့ ပညာရပ်တွေ အပေါ် ထိုးထွင်း သိမြင်နိုင်မှုကို မြင်ပြီးသွားပြီ။ ငါက မင်းအပေါ် အတော်လေး စိတ်ဝင်စားသွားပြီ။ ဒါကြောင့် မင်းကိုငါက အတွင်းစည်း ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း အဆင့်ကို တိုးမြှင့် ပေးလိုက်မယ်။ ဒါပေမဲ့ ဒီအဆင့်အတန်းက ယာယီပဲနော်။ မင်းရဲ့ ပညာရပ်တွေ အပေါ် ထိုးထွင်း သိမြင်နိုင်မှု လျော့ကျလာတဲ့ တစ်နေ့ကျရင် မင်းရဲ့ အဆင့်အတန်းကို ပြန်လျော့ ရလိမ့်မယ်”

အကြီးအကဲ ခေါင်ချုပ် တစ်ယောက်ဖြစ်တဲ့ ဇောင်ဝူကျင်းက ဒီလို ရာထူး အာဏာမျိုးကို လက်ဝယ် ကိုင်ထားတာပါ။ သူကြိုက်နှစ်သက်တဲ့ တပည့် တစ်ယောက်ကို ပြိုင်ဘက်ကင်း ပါရမီရှင် စာရင်းထဲ လွတ်လွတ်လပ်လပ် ထည့်သွင်းပေးလို့ ရပါတယ်။ အဲဒီအတွက် ဘယ်သူ့ရဲ့ ထောက်ခံမှုကိုမှ တောင်းနေစရာ မလိုပါဘူး။ ဒါပေမဲ့ သူအဆင့်အတန်း တိုးပေးလိုက်တဲ့ ဂိုဏ်းသားက တကယ်ပဲ ပြိုင်ဘက်ကင်း ပါရမီရှင် အဆင့် ရှိနေဖို့တော့ လိုအပ်ပါတယ်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲချုပ် "

လီဖူချန်းလို စိတ်ခံစားချက်ကို တော်ရုံတန်ရုံနဲ့ ထုတ်မဖော်ပြတတ်တဲ့ သူတောင်မှ အကြီးအကဲရဲ့ စကားကို ကြားပြီးတဲ့ အခါမှာ ပါးစပ်က နားရွက် တက်ချိတ်နေပါပြီ။

အတွင်းစည်းဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းတွေ ဆိုတာက ပထမတန်းစား တပည့်တွေပါပဲ။ ဒါပေမဲ့ သူတို့က ပစ္စည်းတွေ၊ သိုင်းကျမ်းတွေ လဲလှယ်တဲ့ အခါမှာ အတွင်းစည်းဂိုဏ်း ပထမတန်းစား တပည့်တွေထက် လျော့ဈေး ပိုရတယ်လေ။

အတွင်းစည်း ပထမ တန်းစား တပည့် တစ်ယောက်က ၃၀ရာခိုင်နှုန်း လျော့ဈေးပဲရတဲ့ အချိန်မှာ အတွင်းစည်း ပြိုင်ဘက်ကင်း စာရင်းဝင် တစ်ယောက်က ၅၀ရာခိုင်နှုန်း လျော့ဈေး ရတာပါ။ ဒီ၂၀ရာခိုင်နှုန်း ကွာဟချက်ကြီးက လီဖူချန်းလို အမှတ် အများကြီး သုံးဖြုန်းတဲ့ သူတွေ အတွက်တော့ အရမ်းကို သိသာ လွန်းပါတယ်။

အရင် တစ်ခေါက်က သူဝယ်တဲ့ အဆင့်၂ မိစ္ဆာသားရဲ သွေးအဆီအနှစ် တစ်ပုလင်းကို ရွှေပြား ၁၄၀၀၀၀ ပေးခဲ့ ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ သွားဝယ်ရင်တော့ ရွှေပြား ၁၀၀၀၀၀ ပဲ ပေးရတော့မှာပါ။ ဒါက သူ့ကို ရွှေပြား ၄၀၀၀၀ စုဆောင်း မိစေပါတယ်။

“ငါ့ကို ကျေးဇူး တင်ရင်တော့ အရင်ကထက် ပိုပြီး ကြိုးစားပြစမ်းကွာ ။ ဒါက ငါ့ကို ကျေးဇူး ဆပ်တာနဲ့ အတူတူပဲ”

ဇောင်ဝူကျင်က လီဖူချန်းရဲ့ ပုခုံးကို ညင်ညင်သာသာလေး လှမ်းပုတ် လိုက်ပါတယ်။ သူက ပါရမီရှင်တွေကို ပြုစု ပျိုးထောင် ပေးရတာကို ချစ်ခင် နှစ်သက်တဲ့ လူတစ်ယောက်လေ။ သူ့ရဲ့ မွေးစားသား ဇောင်ဝူကျိကိုလည်း ကလေး ဘဝကတည်းက သူရှာတွေ့ခဲ့တာလေ။ အခုနှစ်ပေါင်းများစွာ အကြာမှာတော့ လီဖူချန်းကို ပြန်တွေ့ခဲ့ပြန်ပါတယ်။

ဒါပေမဲ့ လီဖူချန်းနဲ့ ဇောင်ဝူကျိတို့က တူညီမှုတော့ မရှိပါဘူး။ ဒီလီဖူချန်းရဲ့ ပါရမီက ခန့်မှန်းလို့ မရအောင် ရှုပ်ထွေးလွန်း တယ်လေ။ လီဖူချန်းရဲ့ အလားအလာ အဆုံးသတ်ကို သူမခန့်မှန်းရဲပါဘူး။ လီဖူချန်းက တစ်နေ့မှာ ရုတ်တရက် အမှိုက်တစ်စ ဖြစ်ရင် ဖြစ်သွားမှာပါ။ ဒါပေမဲ့ ဇောင်ဝူကျင်က လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုနဲ့ စိတ်စွမ်းအင်ကို တွေ့မြင် အပြီးမှာတော့ အခွင့်အရေး တစ်ခုပေးဖို့ ဆုံးဖြတ် လိုက်တာပါ။ လီဖူချန်က ခေါင်းညိတ် လိုက်ပြီး

“ကျွန်တော်က အကောင်းဆုံး ကြိုးစားသွားမှာပါ "

“ကဲ ... ငါဒီမှာ ဆက်နေဖို့ မသင့်တော်တော့ဘူး။ ငါသွားတော့မယ် “

ဇောင်ဝူကျင်က ပြုံးပြလိုက်ပါတယ်။ ထို့နောက်မှာတော့ သူ့ခန္ဓာကိုယ်က အလင်းတန်း တစ်ခု အဖြစ် ပြောင်းသွားပြီး လူတွေရဲ့ မြင်ကွင်းကနေ ပျောက်ကွယ် သွားပါတော့တယ်။

“ငါက နင့်အတွက် ကိစ္စ အကြီးကြီးတစ်ခု ကူညီ ပေးခဲ့တယ်နော်။ ငါနဲ့ အစ်မချန်ကို နင်က ဧည့်ခံဖို့ ပြင်ထားပေးတော့

“ဇောင်မင်းယွီက ရယ်ပြီး လီဖူချန်းကို ပြောလိုက်ပါတယ်။

“ကျွေးရမှာပေါ့ "

ဒီနှစ်အတွင်းမှာ လျှို့၀ှက် သွေးမျိုးဆက် ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ အတွက် လီဖူချန်းက အဆင့်၂သားရဲမိစ္ဆာ သွေးအဆီအနှစ် ၃ပုလင်း ဝယ်ခဲ့ပါတယ်။ အဲဒီ အတွက် သူက ရွှေပြား ၄၂၀၀၀၀ ကုန်ကျခဲ့တယ်လေ။ အခုတော့ သူ့ဆီမှာ ရွှေပြား ၁၀၀၀၀၀ ကျော်လောက်ပဲ ကျန်ပါတော့တယ်။

ဒါပေမဲ့ ဒီလို နတ်မိမယ်လေး နှစ်ပါးကို တစ်ခုခု လိုက်ကျွေး ရတယ် ဆိုတာ နည်းတဲ့ ကုသိုလ်ကံမှ မဟုတ်တာလေ။ သူက နှမြော တွန့်တိုနေလို့ မရပါဘူး။ ဒီလို အခွင့်အရေးမျိုးကို လိုချင်နေတဲ့ အတွင်းစည်း ဂိုဏ်းသားတွေက နည်းတာမှ မဟုတ်တာ။

ဖန်းယွမ် တိုက်ပွဲကို လာကြည့်တဲ့ အတွင်းစည်း ဂိုဏ်းသားတွေကတော့ နတ်မိမယ်လေး နှစ်ပါးကို ဘယ်ညာ ခြံရံပြီး ဆင်းလာတဲ့ လီဖူလျန်းကို မနာလိုစွာနဲ့ ကြည့်နေကျပါတယ်။

“အတွင်းစည်း အကြီးအကဲ ခေါင်ချုပ်က ဒီကောင့်ကို တကယ်ကြီး ပြိုင်ဘက်ကင်း ပါရမီရှင် အဆင့်အတန်း ပေးလိုက်တာပဲကွ။ အဲဒီလိုမျိုး ငါ့ကိုလည်း ပေးရင် သိပ်ကောင်းမှာပဲကွာ။ အနည်းဆုံးတော့ ငါ့ရဲ့ ကျင့်ကြံမှုနှုန်းက နှစ်ဆလောက် မြန်လာမှာကွ”

“မင်းပြောတာ မှန်တယ်။ ဒါပေမဲ့ ငါကတော့ ဒီကောင့်ဘေး တစ်ဖက် တစ်ချက်မှာ ပါလာတဲ့ ဇောင်မင်းယွီနဲ့ ချန်ဖန်းဟွာကိုပဲ ကြိုက်တယ်ကွာ။ ဒီအလှကလေးတွေ ဘယ်လိုလုပ် ဒီကောင့်လို အနုတ်စုပ်ဂုတ်စုပ် ကောင်ကို စိတ်ဝင်စား နေကျတာလဲဟ။ နေရာချင်းသာ လဲလိုက်စမ်းချင်ပါ ဘိကွာ”

အတွင်းစည်း ဂိုဏ်းသား တစ်ယောက်ကတော့ ဇောင်မင်းယွီနဲ့ ချန်ဖန်းဟွာကို ကြည့်ပြီး တောက်တစ်ခေါက်ခေါက် ရှိနေပါတယ်။

“ဟိတ်ကောင် … သိပ်လည်း စိတ်ကူးယဉ်မနေနဲ့။ ဟိုက မင်းလိုကောင်ကို စိတ်ကူးထဲမှာတောင် ရှိမှာမဟုတ်ဘူး။ မင်းက လီဖူချန်းလို ပါရမီရှိလို့လားကွ။ ဟိုကောင်က ပြိုင်ဘက်ကင်း စာရင်းဝင်ကွ။ အတွင်းစည်း တစ်ဂိုဏ်းလုံးမှာတောင် ပြိုင်ဘက်ကင်း ပါရမီရှင်တွေက အယောက်၃၀ ပြည့်တာတောင် မဟုတ်ဘူး။ ကိုယ့်အဆင့်အတန်းကို သိစမ်းပါ”

တပည့်တွေ အားလုံးက လီဖူချန်းကို ကြည့်ပြီး ဆွေးနွေး နေကျပါတယ်။

ယုဝူရှန်းကတော့ လီဖူချန်းကိုတောင် လှည့်မကြည့်ပဲ ထွက်သွားပါပြီ။

“လီဖူချန်း ... မင်းကိုခဏလောက် သာယာခွင့် ပေးလိုက်မယ်။ နောက်ကျမှ ငါ့အကြောင်း သိရမယ်ကွ”

ဖန်လီဟိုင်ကလည်း ကြိမ်းဝါးပြီး ထွက်သွားပါတော့တယ်။

“အတွင်းစည်း ပြိုင်ဘက်ကင်း ပါရမီရှင်ကြီး

“ချန်ဖန်းဟွာကတော့ လီဖူချန်းကို တိုးတိုးတိတ်တိတ် နောက်ပြောင် နေပါတော့တယ်။

မကြာခင်မှာပဲ သူတို့ သုံးယောက်တွဲက ဖန်းယွမ်စင်မြင့် တည်ရှိရာကနေ စားသောက်ခန်း ဘက်ကို ချီတက်သွားပါပြီ။ လီဖူချန်းကတော့ သူ့ဘေးက အစားသရမ်းသော ပန်းလေးနှစ်ပွင့်ကို ကြည့်ပြီး ကုန်ကျစရိတ်ကို စိတ်ထဲက တွက်နေပါတော့တယ်။

စားသောက်ဆိုင်ကနေ ပြန်အထွက်မှာတော့ လီဖူချန်းက တရားနဲ့ပဲ ဖြေလိုက်ပါတော့တယ်။ ရွှေပြားတွေ ဆိုတာက သူ့ရဲ့ အတွင်းစည်း ပြိုင်ဖက်ကင်း ဘွဲ့လောက်တော့ တန်ဖိုး မရှိပါဘူးလေ။

အခု သူပထမဦးဆုံး လုပ်ဖို့ လိုတာကတော့ တစ်ခုရှိပါတယ်။ အဲဒါကတော့ ငွေများများ ရှာဖို့ပါပဲ။

***

“ဘာလိုလိုနဲ့ နှစ်တစ်ဝက်တောင် ကျိုးသွားပြီပဲ။ ဂိုဏ်းတော်က တာဝန်တစ်ခု လောက်တော့ ငါထမ်းဆောင်မှ ဖြစ်တော့မယ်”

တစ်နှစ်တစ်ခေါက် ထမ်းဆောင်ရမယ့် တာဝန်အချိန်ကတော့ နီးကပ်လာပါပြီ။ ဒီတာဝန်က လီဖူချန်း အတွက်တော့ ရွှေတွင်းကြီးပါပဲ။

ဒီတစ်ခါတော့ လီဖူချန်းက အဆင့်မြင့် တာဝန်ကို ရွေးယူဖို့ ဆုံးဖြတ် ထားပြီးပါပြီ။ သူက ရွှေတွေနဲ့ ထောက်ပံ့ရေး ရမှတ်တွေ ရသလောက် ယူဖို့ လိုအပ် နေတယ်လေ။

လီဖူချန်းက ညစာကို စားသောက်ခန်းမှာ စားပြီးတာနဲ့ သူ့နေရာကို သူပြန်လာခဲ့ပါတော့တယ်။

အပြန်လမ်း တစ်ဝက်မှာ သူက ကျူးဟောင်ရှုရဲ့ ခြံဝင်းကို တွေ့လိုက်တဲ့ အတွက် တစ်ချက် ရပ်ကြည့် လိုက်ပါသေးတယ်။ အထဲမှာ ကျူးဟောင်ရှု မရှိဘူး ဆိုတာကိုလည်း သူက သိပြီးသားပါ။

ကျူးဟောင်ရှုက လွန်ခဲ့တဲ့ တစ်နှစ်ကတည်း အတွင်းစည်း ဂိုဏ်းကို ဝင်လာခဲ့ပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူ့မောင်လေး ကျုးရှောင်မင်နဲ့အတူ အိမ်ပြန် သွားပါတယ်။ သူသိရသလောက် ဆိုရင် ကျူးကလန်က ပြဿနာ တစ်ရပ်နဲ့ တွေ့ကြုံနေပုံပါပဲ။

လီဖူချန်းက ဝင်ရောက် ကူညီပေးချင်ပေမဲ့လည်း သူကိုယ်တိုင်တောင်မှ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်မှာပဲ ရှိနေသေးတာလေ။ သူ့ကိုယ်သူတောင်မှ မကာကွယ် နိုင်သေးပါဘူး။ ဒါကြောင့်သူက ကလန်တစ်ခုကို ဘယ်လို ကာကွယ်နိုင်စွမ်း ရှိမှာပါလဲ။

***

All Chapters