သတ်ဖြတ်ခြင်း
Vol. 9 Ch. 123
နောက်တစ်နေ့ မနက်စောစောမှာပဲ လီဖူချန်း တစ်ယောက် တာဝန် ခွဲဝေရေးဌာနကို ရောက်လာ ခဲ့ပါတယ်။ ဟိုကြည့်ဒီကြည့်နဲ့ နေရင်းနဲ့ သိပ်မကြာခင်မှာပဲ သူနဲ့ သင့်တော်မယ့် အဆင့်မြင့် တာဝန် တစ်ခုကို ရှာတွေ့ သွားပါတယ်။
တာဝန်ကတော့ ဝမ်ညီအစ်ကို သုံးယောက်နောက်ကို လိုက်ပြီး သူတို့ ဓားပြတိုက်သွားတဲ့ ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်ကို ပြန်ယူ ပေးရမှာပါ။
ဝမ်ညီအစ်ကို သုံးယောက် စလုံးကတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်နေပါပြီ။ လေ့ကျင့်ထားတဲ့ ပညာရပ်တွေကတော့…
အတွင်းအား နည်းစနစ် အဝါရောင် အထွတ်အထိပ် အဆင့် သွေးဘီလူး ကျင့်စဉ် သိုင်းပညာ သွေးဆေဘာ ၊ သွေးနှောလက်ဝါး ၊ သွေးမိစ္ဆာ လျှို့၀ှက် နည်းနစ်
(TL note: လျှို့ဝှက် နည်းစနစ်ကို နောက်လာမယ့်အပိုင်းတွေမှ ပေါင်းရှင်းပြပါတော့မယ်။)
ဆုကြေးကတော့ ထောက်ပံ့ရေး ရမှတ် ၂၀၀၀၀၀ ပဲဖြစ်ပါတယ်။
“ဆုကြေးကတော့ မက်လောက်စရာပဲဟ “
လီဖူချန်းက ရလာမယ့် ဆုကြေးကို ဖတ်နေရင်းနဲ့ စိတ်ကူး ယဉ်နေပါတယ်။
ဝမ်ညီအစ်ကိုတွေက လင်းရှမြို့က သိုင်းပညာရှင်တွေ ဖြစ်ပါတယ်။ ကံအကြောင်းတစ်ခု တိုက်ဆိုင်ပြီး တစ်နေ့မှာ သူတို့က မြေကမ္ဘာ အဆင့် ပညာရှင် တစ်ယောက် ဆီကနေ သင်ကြားခွင့် ရခဲ့ပါတယ်။ အဲဒီ ပညာရှင်က သူတို့ကို သွေးဘီလူး ကျင့်စဉ်ကို သင်ကြား ပေးခဲ့တယ်လေ။ အဲဒီပညာကို အောင်မြင်အောင် လေ့ကျင့်နိုင်ပြီးတဲ့ နောက်မှာတော့ ဝမ်ညီအစ်ကိုတွေကို စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်တူက ပညာရှင် ၁၀ယောက် ဝိုင်းတိုက်ခိုက်တာတောင် မနိုင်တော့ပါဘူး။
“ငါဒါကိုပဲ ရွေးလိုက်တော့မယ်”
လီဖူချန်းက အကြီးအကဲဆီမှာ စာရင်း ပေးသွင်းပြီးတာနဲ့ တာဝန်ခွဲဝေရေး ဌာနကနေ ခြေလှမ်း ကျဲကြီးဖြင့် ထွက်ခွာ သွားပါတော့တယ်။
“ဒီကောင်က တာဝန်ခွဲဝေရေး ဌာနကနေ ထွက်လာတာကွ။ ဒီကောင် တာဝန် တစ်ခုခု ရွေးလာတာပဲ ဖြစ်ရမယ်”
တာဝန်ခွဲဝေရေး ဌာနရဲ့ အပြင်ဘက် တစ်နေရာမှာတော့ အတွင်းစည်း ပညာသင် တပည့်အချို့က လီဖူချန်းကို မသိမသာ အကဲခတ် နေကျပါတယ်။
***
လင်းရှမြို့ဟာ မိုးပြာရောင် ဂိုဏ်းနယ်နိမိတ်ရဲ့ အစွန်ဆုံးမှာ တည်ရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ အဲသည်မြို့ဟာ ထျန်းရှဂိုဏ်းက ချုပ်ကိုင်ထားတဲ့ နယ်မြေနဲ့ မိုင်ပေါင်း၁၀၀ ကျော်လောက်ပဲ ဝေးပါတယ်။ ထျန်းရှဂိုဏ်းက မိုးပြာရောင် ဂိုဏ်းထက် အနည်းငယ် ပိုအစွမ်း ထက်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက သူ့ရဲ့ ကိုယ်ဖော့ပညာကို မသုံးပဲ မြင်းစီးသွားဖို့ ဆုံးဖြတ် လိုက်ပါတယ်။ သူစီးသွားမယ့် မြင်းက အဆင့်၂မိစ္ဆာသားရဲ သွေးပါတဲ့ မြင်းဖြစ်ပါတယ်။ သူတို့ရဲ့ ပြေးနှုန်းက အတော်လေးကို မြန်ဆန်လှတဲ့ အတွက် ကိုယ်ဖော့ပညာ အသုံးပြုပြီး သွားတာထက် အဆင် ပြေတယ်လေ။ ဒီမြင်း အမျိုးအစားကို မားရှန်မြင်းလို့လည်း ခေါ်ပါသေးတယ်။
ယား…
လီဖူချန်းက မြင်းရဲ့ တင်ပါးကို ခပ်ဆတ်ဆတ် ကလေး ရိုက်လိုက်တဲ့ အခါမှာတော့ မားရှန်မြင်းက လေအဟုန်ကို မြှားတစ်စင်းလို ခွင်းပြီး ကဆုန်ပေါက် ပြေးထွက် သွားပါတော့တယ်။
“သူ့နောက်ကို လိုက် "
လီဖူချန်း ထွက်သွားပြီး သိပ်မကြာခင်မှာပဲ အတွင်းစည်း ပညာသင်တပည့် တော်တော်များများ ပါတဲ့ မြင်းစီးသမား အုပ်စုတစ်စုက လီဖူချန်း နောက်ကို လိုက်သွားကျပါတယ်။ သူတို့ကလည်း မားရှန် မြင်းတွေနဲ့ပါပဲလေ။
“စိတ်ဝင်စားစရာပဲ ။ ဒီမျိုးမစစ်လေးကို ကြည့်ရတာ ရန်သူတော်တော် ပေါ်တယ်နဲ့ တူတယ်”
အတွင်းစည်း ပညာသင် တပည့်အုပ်စုရဲ့ အနောက်မှာတော့ လူရိပ်တစ်ရိပ်က ထပ်လိုက် လာပါတယ်။ သူ့ရဲ့ ချီအငွေ့အသက်တွေ အရကတော့ မြေကမ္ဘာအဆင့် ပညာရှင် တစ်ယောက်ဆိုတာ သေချာပါတယ်။
“ထားလိုက်ပါတော့လေ။ အဲဒါက အရေးမကြီးပါဘူး။ ဒီကောင်တွေကို ဟိုမျိုးမစစ်လေးနဲ့ အရင် တိုက်ခိုင်း လိုက်ဦးမယ်။ သူတို့တွေ တိုက်ခိုက်ပြီးလို့ မောပြီဆိုမှ ငါက ဒီမအေပေးလေးရဲ့ သောက်ခြေထောက်တွေကို ခုတ်ပြီး လျိုကလန်ကို ဖမ်းခေါ်သွားရမယ်”
ထိုလူက တစ်ချက် လှုပ်လိုက်တာနဲ့ ပျောက်ကွယ် သွားပြီး အစိမ်းရောင် အခိုးအငွေ့တွေသာ ကျန်နေခဲ့ ပါတယ်လေ။
***
“ဒီကောင်လေးက တကယ့် ပြဿနာ ကောင်လေးပဲ။ ငါလည်း အပြင်လောကကို ထွက်တုန်း ခဏလေးမှာ ပွဲလေး တစ်ပွဲလောက် ကြည့်လိုက် ပါဦးမယ်လေ။ သူတို့ကို အစောကြီး သတ်ပစ်လိုက်ရင် ပျော်စရာ ဘယ်ကောင်းပါတော့မလဲ”
ကောင်းကင်ယံ ထက်မှာတော့ လူလတ်ပိုင်းအရွယ် ယောကျာ်းကြီး တစ်ဦးက အဖြစ်အပျက် တစ်ခုလုံးကို အေးအေးဆေးဆေး ရပ်ကြည့် နေပါတယ်။
တကယ်လို့ လီဖူချန်းသာ သူ့ကို မြင်ရင်တော့ ကောင်းကောင်းကြီး မှတ်မိနေမှာပါ။ ဘာလို့လဲ ဆိုတော့ သူက အတွင်းစည်းဂိုဏ်း စမ်းသပ်ချက် တုန်းက လီဖူချန်းနဲ့ တွေ့ခဲ့တဲ့ အကြီးအကဲချီ ဖြစ်နေလို့ပါပဲ။
အကြီးအကဲချီရဲ့ နာမည် အပြည့်အစုံကတော့ ချီဟွာ ဖြစ်ပါတယ်။ သူက ရာထူးဂုဏ်တွေကို မမက်တဲ့ အကြီးအကဲ တစ်ယောက်ပါ။ သူက သူ့ရဲ့ အချိန်တွေကို ကျင့်ကြံခြင်းမှာပဲ ပျော်မွေ့နေတတ်သူ တစ်ယောက်ပါ။
အခုတစ်ခေါက် သူကဘာလို့ ဂိုဏ်းထဲက ထွက်လာခဲ့လဲ ဆိုတော့ အတွင်းစည်း အကြီးအကဲ ခေါင်ချုပ်ဖြစ်တဲ့ ဇောင်ဝူကျင်က သူ့ကိုလာပြီး အကူအညီ တစ်ခု တောင်းလို့ပါပဲ။ အဲဒါကတော့ လီဖူချန်း တစ်ယောက် တာဝန်နဲ့ ဂိုဏ်းတော်ကနေ ထွက်တဲ့အခါ ကာကွယ် စောင့်ရှောက် ပေးစေချင်တာပါ။
တကယ်လို့သာ တခြားဂိုဏ်းသား တစ်ယောက်ဆိုရင် အကြီးအကဲချီက တစ်ခါတည်း တန်းပြီး ငြင်းပယ် လိုက်မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့လို အတွင်းစည်း အကြီးအကဲ တစ်ယောက်က ဂိုဏ်းသား တစ်ယောက်ရဲ့ လုံခြုံရေးကို တာဝန်ယူစရာ အကြောင်း မရှိလို့ပါပဲ။
ဒါပေမဲ့ လီဖူချန်း အတွက် ဆိုရင်တော့ သူက စေတနာ ရှိပါတယ်။ သူက ဟိုးအရင်ကတည်းက လီဖူချန်းကို အရမ်း မျှော်လင့်ထားတာပါ။ ဒါကြောင့်မို့လည်း သူက လီဖူချန်းကို အတွင်းစည်း ပြိုင်ဘက်ကင်း စာရင်းထဲ ထည့်ဖို့ အကြံ ပြုခဲ့တာလေ။
ကောင်းကင်ယံမှာတော့ ချီဟွာ တစ်ယောက်က လေဟုန်စီးပြီး လီဖူချန်းရဲ့ နောက်ကို မျက်ခြေမပြတ် လိုက်နေပါတော့တယ်။
***
စိတ်တန်ခိုး ဖွဲ့စည်းနယ်ပယ် အဆင့်၉က လူ၁၁ယောက်။ ငါက ဒီကောင်တွေကို ကိုင်တွယ် နိုင်လောက်ပါတယ်”
လီဖူချန်းက သူ့နောက်ကို လူတွေ လိုက်လာတာကို ဟိုးအစကတည်းက ရိပ်မိပြီး ထားပြီးသားပါ။
ဒါပေမဲ့ သူမသိတာက မြေကမ္ဘာအဆင့် ပညာရှင် တစ်ယောက်ကလည်း သူ့နောက်ကို လိုက်နေတယ် ဆိုတာပါပဲ။ လက်ရှိ အချိန်မှာတော့ လီဖူချန်းက တောအုပ်လေး တစ်အုပ်ရဲ့ ဘေးနားမှာပါ။ တောအုပ်လေးရဲ့ အကျော်မှာတော့ အလွန်ကြီးမားတဲ့ မြစ်ကြီး တစ်စင်း ရှိနေပါတယ်။
လီဖူချန်းက တောအုပ်အဝင် လမ်းကလေးကို အရောက်မှာတော့ အရှိန်ကို လျော့ချ လိုက်ပါတယ်။
“သူငါတို့ကို သတိ ပြုမိသွားတာလား "
လီဖူချန်း တစ်ယောက် အရှိန် လျော့လိုက်တဲ့ အတွက် သူ့အနောက် ခပ်လှမ်းလှမ်းကနေ လိုက်လာတဲ့ အတွင်းစည်း ပညာသင် တပည့် အုပ်စုကလည်း သူတို့ရဲ့ မြင်းတွေကို အရှိန် လျော့လိုက်ပါတယ်။
“သူငါတို့ကို သတိ ပြုမိသွားတော့လည်း ဘာအရေးလဲ။ ဒီကောင်က ငါတို့ ၁၁ယောက်စလုံး ကိုတော့ မနိုင်နိုင်ပါဘူးကွာ”
အတွင်းစည်း ပညာသင် တပည့် တစ်ယောက်က ဂရုမစိုက်တဲ့ပုံနဲ့ ပြောလိုက်ပါတယ်။
“သူက လျိုတိုင်ရှန်းကို နိုင်ရင်နိုင်လိမ့်မယ်။ ဒါပေမဲ့ အခု ငါတို့ထဲမှာ တစ်ယောက်မှ လျိုတိုင်ရှန်းထက် ညံ့တဲ့ကောင် မပါဘူးကွ။ ပြီးတော့ ငါတို့ ၁၁ယောက် ပေါင်းပြီး တိုက်တာကို ဒီကောင် ခံနိုင်မှာလား။ လီဖူချန်း ၃ယောက်လောက် ပေါင်းလိုက်ရင်တောင် ခံနိုင်မှာ မဟုတ်ဘူး။
“ကဲ ... မထူးပါဘူးကွာ။ ပေါ်တင်ပဲ သူ့နောက် လိုက်ပြီး သတ်ပစ် လိုက်ကျစို့ “
အတွင်းစည်း ပညာသင် တပည့် ၁၁ယောက်ဟာ မြင်းတွေပေါ်က ဆင်းပြီး လီဖူချန်းဆီကို သွားလိုက် ကျပါတယ်။
“မင်းတို့တွေက ဘယ်သူလဲ”
လီဖူချန်းက သူတို့ကို ဆီးကြိုပြီး မေးလိုက်ပါတယ်။
အစောပိုင်း တုန်းကတော့ လီဖူချန်းက သူ့နောက်ကို လျိုကလန်က လိုက်လာတာလို့ ထင်နေခဲ့တာပါ။ ဒါပေမဲ့ လျိုကလန်ရဲ့ အဆင့်အတန်းနဲ့ ဆိုရင်တော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉က လူတွေ လွှတ်မှာ မဟုတ်ပါဘူး။ မြေကမ္ဘာအဆင့်က ပညာရှင် တစ်ယောက်ပဲ လွှတ်လိုက်မှာပါ။
သူက ဂိုဏ်းတော်ထဲက အပြင် ထွက်လိုက်တာနဲ့ သူ့ကိုပစ်မှတ်ထား လုပ်ကြံလိမ့်မယ် ဆိုတာကိုလည်း ခန့်မှန်း ထားပြီးပါပြီ။ ဒါပေမဲ့ သူ့မှာ တခြား ရွေးချယ်ခွင့်မှ မရှိတာလေ။ ဂိုဏ်းတာဝန်ကို ထမ်းဆောင်ပြီးမှာသာ သူဆက်လက် လေ့ကျင့်ဖို့အတွက် ထောက်ပံ့ရေး ရမှတ်တွေ ရနိုင်မှာပါ။ သူအတတ်နိုင်ဆုံး လုပ်နိုင်တာကတော့ အသက်ကယ် ပစ္စည်းတွေ ဝယ်ယူ လာခဲ့တာပါပဲ။ ဒီပစ္စည်းတွေနဲ့ ဆိုရင် မြေကမ္ဘာအဆင့်က ပညာရှင်တောင်မှ သူ့ကို သတ်ဖြတ်ဖို့ အတော်လေး ခဲယဉ်းသွားမှာပါ။
“ငါတို့က ဘယ်သူတွေလဲ ဆိုတာက အရေးမကြီးဘူး။ မင်းသိထားရမှာက နောက်နှစ် ဒီလို အချိန်ဆိုရင် မင်းသေတာ တစ်နှစ်ပြည့်တဲ့နေ့ ဆိုတာပဲ။ သတ်… ... "
အတွင်းစည်း ပညာသင် တပည့်၁၁ယောက်ဟာ လီဖူချန်းကို ဝိုင်းလိုက်ကြပါပြီ။
“ငါထင်တာ မမှားဘူးဆိုရင် မင်းတို့က ရှန်းတု၊ယန်နဲ့ ကောင်းကလန်ကပဲ ဖြစ်ရမယ်။ ဟုတ်တယ် မလား "
လီဖူချန်းက သူ့ရဲ့မျက်လုံးတွေကို မှေးလိုက်ပြီး အေးစက်စက်လေသံနဲ့ မေးလိုက်ပါတယ်။
“ဒီကောင့်ကို အမြန်သတ်ဟေ့ "
လီဖူချန်းရဲ့ စကားကို ကြားအပြီးမှာတော့ ၁၁ယောက်လုံးဟာ ထိတ်လန့် သွားပါတယ်။ လီဖူချန်း တစ်ယောက် သူတို့ရဲ့ ဇစ်မြစ်ကို သိနေမယ်လို့ သူတို့က လုံးဝ မထင်ထားခဲ့ဘူးလေ။
အတွင်းစည်း ပညာသင်တပည့် ၁၁ယောက်ဟာ ငှက်ကြီးတွေလို ဝဲပျံပြီး လီဖူချန်းကို အရပ်၁၁ မျက်နှာကနေ တိုက်ခိုက် ပါတော့တယ်။ သူတို့ရဲ့ လက်ထဲက ဓားရောင်တွေကတော့ တစ်ဖိတ်ဖိတ် တောက်ပနေပြီး လီဖူချန်းရဲ့ လည်ချောင်းသွေးကို သောက်သုံး ချင်နေသည့် ပုံပါပဲ။
ဒီနေရမှာ တခြားသော သူတစ်ယောက် ဆိုရင်တော့ ဇကာပေါက် ဖြစ်ပြီး သေနေပါပြီ။
သူ့ဆီ ခုန်ဝင်လာတဲ့ လူ၁၁ယောက်ကို လူသေ၁၁ယောက်လို သဘောထားတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး လီဖူချန်းက သူ့ဓားကို ဆွဲထုတ်လိုက်ပါတယ်။
သူ့ရဲ့ဓားက ဓားအိမ်ထဲက ထွက်လာတာနဲ့ တစ်ပြိုင်နက် ဓားရိပ်၃ရိပ်က ကပ်ပါလာပြီး သားပါပဲ။
ရွှစ် ... ရွှစ် ... စွပ်…
သုံးယောက်သော အတွင်းစည်း ပညာသင် တပည့်တွေကတော့ လေပေါ်ကနေ ဘုတ်ခနဲ အရုပ်ကြိုးပြတ် ပြုတ်ကျ လာပါတယ်။ သူတို့ရဲ့ လည်ပင်းတွေ ပေါ်မှာတော့ ဓားဒဏ်ရာ တစ်ချက်စီ ရှိလျက်နဲ့ပေါ့။ လီဖူချန်းက မြေပြင်ပေါ်မှာ တစ်ချက် လှိမ့်လိုက်ပြီး နောက်ထပ် ဓားချက် ၃ချက်ကို လေထဲကို လှမ်းခုတ် လိုက်ပါသေးတယ်။
ရွှမ်း … စွပ် ... ရွှစ်…
တစ်ယောက်ကတော့ ခါးနှစ်ပိုင်း ပြတ်သွားပါတယ်။ နောက်တစ်ယောက် ကတော့ ခေါင်းပြတ် သွားပြီး ကျန်တဲ့ တစ်ယောက်ကတော့ လည်မျိုကို ကိုင်ရင်း မြေပြင်ပေါ်မှာ လူးလိမ့် နေပါပြီ။
မျက်စိတစ်မှိတ် အတွင်းမှာပဲ လူ၆ယောက်ကတော့ သေဆုံး သွားကျပါပြီ။ လီဖူချန်းရဲ့ ဓားချက်က ရှင်သေမင်း၏ မရဏခေါ်သံ အလားပါပဲ။
“သေစမ်းကွာ… ဒီကောင့်ရဲ့ ဓားချက်က လျိုတိုင်ရှန်းနဲ့ တိုက်တုန်းကထက် နှစ်ဆလောက် မြန်ပြီး သုံးဆလောက် ပိုပြင်းထန် လာပြီ”
ကျန်နေခဲ့တဲ့ လူ၅ယောက်ကတော့ လီဖူချန်းရဲ့ ဓားချက်တွေကို ကြည့်ပြီး သွေးပျက် နေကျပါတယ်။
သူတို့ရဲ့ဘဝမှာ တစ်ခါမှ ဒီလောက်မြန်တဲ့ ဓားချက်မျိုး မတွေ့ဖူးပါဘူး။ လီဖူချန်းရဲ့ ဓားချက် အမြန်နှုန်းက သူတို့ရဲ့ မျက်စိနဲ့တောင် ကြည့်လို့ မမြင်ရတော့တဲ့ အထိပါပဲ။ ရှောင်ဖို့ဆိုတာ ကတော့ တွေးကြည့် စရာကို မလိုတော့ပါဘူး။
“ပြေး "
ငါးယောက်စလုံးက တိုင်ပင်စရာကို မလိုပဲ တစ်ခါတည်း လှည့်ပြီး ပြေးပါတော့တယ်။ သူတို့က ဘယ်လို အကြောင်းနဲ့မှ လီဖူချန်းကို မသတ်နိုင်ဘူး ဆိုတာကို နားလည် သဘောပေါက် သွားကြပြီလေ။ လီဖူချန်းကို သတ်ဖို့ မဆိုထားနဲ့ လီဖူချန်းရဲ့ ဓားတစ်ချက်ကို ခံနိုင်တဲ့ အရည်အချင်းတောင် သူတို့မှာ မရှိပါဘူး။
“ပြေးလို့လွတ်မယ် ထင်နေတာလား "
လီဖူချန်းက မြေကြီးကို ခြေဖနောင့်နဲ့ တစ်ချက် ဆောင့်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်လို အလျင်နဲ့ အတွင်းစည်း ပညာသင် တပည့်၅ရဲ့ ကြားကနေကျော် ပြီး ပြေးထွက် သွားပါတော့တယ်။ ထို့နောက်မှာတော့ အရိပ်၅ရိပ်ဟာ မြေကြီးပေါ်ကို တအိအိနဲ့ လဲပြို ကျသွားပါတော့တယ်။ သူတို့ရဲ့ မျက်လုံးတွေကတော့ ကြောက်ရွံ့သည့် ပုံဖြင့် အပြူးသား ဖြစ်နေပြီး သေဆုံး သွားတာကိုတောင် သိလိုက်တဲ့ပုံ မရပါဘူး။
ရွှီ…
လီဖူချန်းက စူးရှစွာ လေတစ်ချက် ချွန်လိုက်ပြီး ဓားကို ဓားအိမ်ထဲ ပြန်သွင်း လိုက်ပါတော့တယ်။
“ဒီအတွင်းစည်း ပညာသင်တပည့် ၁၁ယောက် သေသွားတာက ကလန်၃ခုကို တော်တော် အင်အားချည့်နဲ့ သွားစေမှာပဲ”
ယုံဝူမြို့က ကလန်တွေ ဆိုတာက လျိုကလန်လို မဟုတ်ပါဘူး။ သူတို့ဆီမှာ ရှိတဲ့ မြေကမ္ဘာအဆင့် ပညာရှင်တွေနဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉က လူတွေက သိပ်အများကြီး မရှိပါဘူးလေ။ ဒီလူတွေက သူတို့ရဲ့ ကလန်အတွက်ကတော့ အမာခံ အင်အားတွေပါပဲ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉က ပညာရှင် ၁၁ယောက်ဆိုတာ နည်းတဲ့ ဆုံးရှုံးမှုမျိုးမှ မဟုတ်တာလေ။
လီဖူချန်းက သေနေတဲ့ အတွင်းစည်း ပညာသင်တပည့် ၁၁ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာများ ရှိမလဲလို့ ရှာဖွေရန် ပြင်နေတုန်းမှာပဲ သူ့ရဲ့ မသိစိတ်က မသိုးမသန့် ဖြစ်လာပါတယ်။ သူ့ရဲ့ခြေဖျား လက်ဖျားတွေက အေးစိမ့်လာပြီး နဖူးကနေ ချွေးစေးတွေ ထွက်ပေါ်လာပါတယ်။
“စိတ်ဝင်စားစရာပဲ။ မင်းက ဖန်းယွမ် စင်မြင့်မှာတုန်းက မင်းရဲ့ တကယ့်အစစ်အမှန် စွမ်းရည်ကို ဖုံးကွယ် ထားတာပေါ့လေ။ ဒီလို ဖြစ်လာမှတော့ မင်းကို အသက်ရှင်ခွင့် ပေးလို့ မရတော့ဘူး”
လီဖူချန်းရဲ့ အနောက်မီတာ အနည်းငယ် မှာတော့ မည်သည့် အချိန်ကတည်းက ရောက်နေမှန်း မသိတဲ့ လူစိမ်း တစ်ယောက်က ရပ်နေပါတယ်။
အဲသည် လူစိမ်းက မီးခိုးရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အမည်းရောင် မျက်နှာဖုံးကို တပ်ဆင် ထားပါတယ်။ သူ့ရဲ့ စူးရှတောက်ပတဲ့ မျက်ဝန်း အစုံကတော့ လီဖူချန်းကို စူးစိုက် ကြည့်နေတယ်လေ။
“မြေကမ္ဘာ အဆင့် ပညာရှင်လား"
လီဖူချန်းက အနောက်ကို လှည့်မကြည့်ပဲနဲ့ တန်းသိလိုက်ပါတယ်။ တစ်ဖက်လူရဲ့ အငွေ့အသက်က သူ့ရဲ့ စိတ်အာရုံ မြင်ကွင်းကို ပိတ်ဆို့ ထားနိုင်တယ်လေ။ အခု လာနေတဲ့သူက လုံးဝကို သေချာပေါက် မြေကမ္ဘာ အဆင့်က ပညာရှင်ပါပဲ။
"စိတ်မပူပါနဲ့။ ငါကမင်းကို နှိပ်စက်ဖို့ အစီအစဉ် မရှိပါဘူး။ မင်းရဲ့ အရည်အချင်းကို လေးစားတဲ့ အတွက် တစ်ချက်တည်းနဲ့ သတ်ပေးပါ့မယ်"
မီးခိုးရောင် ဝတ်ရုံနဲ့ လူစိမ်းက လီဖူချန်းဆီကို တစ်လှမ်းချင်း လှမ်းလာနေပါတယ်။ သူ့ရဲ့ပုံကို ကြည့်ရတာတော့ သူက လီဖူချန်းကို ခြံထဲက ကြက်လို သဘောထားတဲ့ ပုံပါပဲ။ ဘယ်အချိန် ရိုက်သတ် ရိုက်သတ် ရပါတယ်ပေါ့လေ။
ဘန်း…
အဲသည် အချိန်မှာပဲ လီဖူချန်းက ခါးကြားထဲက အရာတစ်ခုကို ထုတ်ပြီး မြေပြင်ကို ပစ်ပေါက် လိုက်ပါတယ်။ အဖြူရောင် မီးခိုးတွေက အလိပ်လိုက် ထလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးအုပ် သွားပါတော့တယ်။
***