← Chapters

လျှို့ဝှက် နည်းစနစ်

Vol. 9 Ch. 125

လျှို့ဝှက် နည်းစနစ်

Vol. 9 Ch. 125

ခေါင်းဆောင်ကျန်းဆီ လိုအပ်တဲ့ သတင်း အချက်အလက်တွေ ရပြီး နောက်မှာတော့ ဝမ်ညီအစ်ကိုတွေဟာ ဖေးရှုတောင်တန်းတွေ ပေါ်မှာ ပုန်းအောင်း နေကျတယ် ဆိုတာကို လီဖူချန်း တစ်ယောက် သိလိုက်ရပါပြီ။

ဖေးရှုတောင်တန်းတွေ ပေါ်မှာတော့ နှစ်စဉ်နှစ်တိုင်း ဒီအချိန်တွေဆို ဆီးနှင်းတွေက အဆက်မပြတ် ကျဆင်းလေ့ ရှိပါတယ်လေ။ ဒါကြောင့်မို့ ရာဇဝတ်သားတွေဟာ ဒီတောင်ပေါ်မှာ ပုန်းခိုလေ့ ရှိကျတာပါ။

ဒီတောင်တန်းကြီးက ရှည်လျား လွန်းလှတဲ့ အတွက် လူသုံးယောက်ကို ရှာဖို့ မဆိုထားနဲ့။ စပ်တပ် တစ်တပ် ပုန်းခိုနေရင်တောင် အဲဒီ စစ်တပ်ကို ရှာဖွေနိုင်ဖို့ မလွယ်လှပါဘူး။

“ခေါင်းဆောင်ကျန်း ... ဒီကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်က ဘာထူးခြားချက်တွေ ရှိနေတာလဲ ဆိုတာကို သိခွင့်ရှိမလားဗျာ "

လီဖူချန်းက မေးလိုက်ပါတယ်။ သူ့ရဲ့ မသိစိတ်က ဒီကျောက်စိမ်း ရုပ်ပွားတော်က သာမန် မဟုတ်ဘူး ဆိုတာကို သိနေတယ်လေ။ ခေါင်းဆောင်ကျန်းက လီဖူချန်းကို ပြောပြရမလား ဆိုတာ စဉ်းစားရင်းနဲ့ တွေဝေနေပါတယ်။ လီဖူချန်းနဲ့ လက်ဝါးချင်း ယှဉ်ခဲ့တဲ့ အကြီးအကဲက ကြားဖြတ်ပြီး အကြံ ပေးလိုက်ပါတယ်။

“ခေါင်းဆောင် ... ဒီသူရဲကောင်းငယ်လေးကို ပြောပြလိုက်လို့လည်း ဘာမှပိုပြီး ဆိုးရွားသွားစရာ မရှိတော့ပါဘူး။ ကျောက်စိမ်း ရုပ်ပွားတော်က ကျွန်တော်တို့ရဲ့ လက်ထဲမှာ ရှိနေတော့လည်း မဟုတ်ဘူးလေ”

ခေါင်းဆောင်ကျန်းက ချောင်းတစ်ချက် ဟန့်လိုက်ပြီး

“ဒီလိုပါ သူရဲကောင်းလေး ... ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်က ဦးတို့ ကျန်းမိသားစုရဲ့ ဘိုးဘွား အမွေအနှစ် တစ်ခုပါ။ အဲဒီ ရုပ်ပွားတော်ထဲမှာ မီးနဂါးဆိုတဲ့ လျှို့၀ှက် ကျင့်စဉ် တစ်ခုကို ထည့်သွင်း ထားပါတယ်။ ဒီအကြောင်းကို သိသွားတဲ့ ဝမ်ညီအစ်ကို သုံးယောက်က ကျောက်စိမ်း ရုပ်ပွားတော်ကို ဝင်လု သွားတော့တာပါပဲ”

“မီးနဂါး လျှို့၀ှက် နည်းစနစ်လား “

လီဖူချန်းက မျက်ခုံးပင့်ပြီး ခေါင်းဆောင်ကျန်းကို ကြည့်လိုက်ပါတယ်။ လျှို့၀ှက် နည်းစနစ်တွေ ဆိုတာ သိုင်းပညာ အမျိုးအစားထဲက အထူးပြု ပညာရပ် တစ်ခု ဖြစ်ပြီး အရမ်း ရှားပါးလွန်းတယ်လေ။

မိုးပြာရောင် ဂိုဏ်းထဲမှာ ဆိုရင် မရေမတွက်နိုင်တဲ့ သိုင်းကျမ်းတွေ ရှိပါတယ်။ ဒါပေ့မဲ့ လျှို့၀ှက် နည်းစနစ် ကျမ်းကတော့ အနည်းအကျဉ်းပဲ ရှိတာလေ။ တိုက်ရိုက် တပည့်တွေသာလျှင် ဒီပညာရပ်တွေကို လေ့ကျင့်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ကောလဟာလတွေ အရတော့ ယုဝူရှန်းက လျှို့၀ှက် နည်းစနစ် တစ်ခုကို လေ့ကျင့် ပြီးသွားပါပြီတဲ့။ သူထုတ်သုံးတာကို မြင်လိုက်ရတဲ့သူ အနည်းငယ်ကတော့ အခိုင်အမာကို ပြောနေတော့တာပါပဲ။

မိုးပြာရောင်ဂိုဏ်းရဲ့ အစွမ်းဆုံး လျှို့၀ှက် နည်းစနစ်ကတော့ “မူလဘူတဓား” ဆိုတဲ့ ပညာရပ်ပါပဲ။ ဒီပညာရပ်ရဲ့ ဂုဏ်သတင်းက အစစ်အမှန် မိုးပြာရောင်ရေစက် အတွင်းအား ပညာရပ်နဲ့ အစစ်အမှန် ငရဲမီးတောက် ပညာရပ်ထက်ကို ကြီးမား ပါသေးတယ်။

အဲဒီပညာရပ်ကို ထုတ်ဖော် လိုက်တာနဲ့ လောက တစ်ခုလုံးက ဓားချီတွေတောင်မှ စုစည်း ရောက်ရှိလာတယ်လို့ ကောလဟာလတောင် ကြားဖူး ပါသေးတယ်။

လျှို့၀ှက် နည်းစနစ်တွေမှာ သတ်မှတ်ထားတဲ့ အဆင့်တွေ ရှိပါတယ်။ အဲဒီ သတ်မှတ်ချက်တွေက သိုင်းပညာရပ်တွေကို သတ်မှတ် ထားတာနဲ့တေ့ာ မတူပါဘူး။ လျှို့၀ှက် နည်းစနစ်တွေကို ကြယ်တစ်ပွင့်ကနေ ကိုးပွင့်အထိ ဆိုပြီး သတ်မှတ် ထားပါတယ်။ ကြယ်တစ်ပွင့် အဆင့်ကတော့ အနိမ့်ဆုံး ဖြစ်ပြီး ကြယ်ကိုးပွင့် အဆင့်ကတော့ အမြင့်ဆုံး ဖြစ်ပါတယ်။ မိုးပြာရောင် ဂိုဏ်းရဲ့ မူလဘူတ ဓားကတော့ ကြယ်ငါးပွင့် အဆင့်ပဲ ရှိပါတယ်။ ကြယ်ငါးပွင့်ရဲ့ အထက်မှာ ရှိတဲ့ နည်းစနစ်တွေကတော့ ဒဏ္ဍာရီထဲမှာပဲ ရှိပါတော့တယ်။

လီဖူချန်းက ဒီမီးနဂါးကျင့်စဉ်ကို အလွန်ဆုံးရှိလှ ကြယ်နှစ်ပွင့် အဆင့်လို့ ယူဆလိုက်ပါတယ်။ ခေါင်းဆောင်ကျန်းက ဆက်ပြီး ပြောပါတယ်။

“သူရဲကောင်းလေးလီက ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်ကိုသာ ပြန်ယူလာနိုင်မယ် ဆိုရင်ဖြင့် ဦးတို့က ဒီမီးနဂါး လျှို့၀ှက် ကျင့်စဉ်ကို ကျင့်ခွင့် ပေးပါဦးမယ်။ သြော် မေ့လို့ … မီးနဂါးလျှို့၀ှက် ကျင့်စဉ်က ကြယ်တစ်ပွင့်နဲ့ ကြယ်နှစ်ပွင့် အဆင့် မဟုတ်ဘူးနော်။ အဲဒါက ကြယ်သုံးပွင့် အဆင့်ရှိတဲ့ လျှို့၀ှက် နည်းစနစ် ပညာရပ်ပါ။

“ဘာ… ... ကြယ်သုံးပွင့်အဆင့် လျှို့၀ှက် နည်းစနစ်လား "

လီဖူချန်း တစ်ယောက်ကတော့ စိတ်လှုပ်ရှား သွားရပါပြီ။ ကြယ်သုံးပွင့် အဆင့်ရှိတဲ့ လျှို့၀ှက် နည်းစနစ် ဆိုတာကြီးက အရမ်းကို တန်ဖိုး ကြီးမားလှပါတယ်။ တကယ်လို့ မိုးပြာရောင်ဂိုဏ်းရဲ့ မူလဘူတဓားက ဂိုဏ်းတော်ရဲ့ အစွမ်းအထက်ဆုံး လျှို့၀ှက် နည်းစနစ် ဖြစ်ရင် ကြယ်လေးပွင့် အဆင့်တွေက တကယ့် အရေးကြီးတဲ့ လျှို့၀ှက် နည်းစနစ်တွေပါပဲ။ ကြယ်သုံးပွင့် အဆင့် လျှို့၀ှက် နည်းစနစ်တွေကို ဆိုရင်တော့ ပထမတန်းစား အဖြစ်ကို သတ်မှတ်လို့ ရပါတယ်။

“ဟုတ်ပါတယ်။ ကြယ်သုံးပွင့် အဆင့် လျှို့၀ှက် နည်းစနစ် စစ်စစ်ပါ”

အခုချိန်မှာ ခေါင်းဆောင်ကျန်းရဲ့ အလိုချင်ဆုံး ဆုတောင်း တစ်ခုကို ပြောပါဆိုရင် ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားကို အမြန်ဆုံး ပြန်ရချင်တာပါပဲ။ လီဖူချန်းက အစွမ်းကုန် မကြိုးစားပဲ လက်လျော့ပြီး ပြန်လာမှာ စိုးတဲ့ အတွက် မီးနဂါးကျင့်စဉ် အကြောင်းကိုပါ ထုတ်ဖော် ပြောလိုက်ရတယ်လေ။

လီဖူချန်းက ခေါင်းညိတ် ပြလိုက်ပါတယ်။ ထို့နောက်မှာတော့ သူက ရုတ်တရက် အတွေး တစ်ချက် ပေါက်သွားပါတယ်။

“ဒီမှာ ရှိနေတဲ့ လူတွေက လျှို့၀ှက် နည်းစနစ်ရဲ့ အဆင့် ဘယ်လောက်အထိ လေ့ကျင့် ပြီးသွားပြီလဲဗျ "

ကြယ်သုံးပွင့် လျှို့၀ှက် နည်းစနစ်ကတော့ တကယ်ပဲ အစွမ်းထက်မှာပါ။ လူတစ်ယောက်က ဒီပညာရပ်ရဲ့ အနည်းအကျဉ်းလောက်ကို တတ်မြောက် သွားရင် တောင်မှပဲ ဒီစိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်မှာတော့ ဆရာတစ်ဆူ ဖြစ်လာနိုင်တယ်လေ။ ဒီလျှို့၀ှက် နည်းစနစ်ကသာ တကယ့် အစစ်အမှန် ကြယ်သုံးပွင့်ဆိုရင် ဝမ်ညီအစ်ကို သုံးယောက်လောက်ကတော့ မှုစရာကို မလိုဘူး မဟုတ်ပါလား။ ဒီကျန်းကလန်က ဘာဖြစ်လို့ မိုးပြာရောင် ဂိုဏ်းကို အကူအညီ တောင်းခံရတာပါလိမ့်။

ခေါင်းဆောင်ကျန်းက ရှက်ရွံ့စွာနဲ့

"ဒီမီးနဂါး လျှို့၀ှက် နည်းစနစ်က အဆင့်၃ဆင့်ရှိပါတယ်။ ပထမ အဆင့်ကို အောင်မြင်တဲ့ လူဆိုလို့ ဒီအဘိုးကြီးနဲ့ ကျန်းရွှမ်ပဲ ရှိပါတယ်။ ကျန်တဲ့ သူတွေကတော့ ပထမအဆင့်ကို မကျော်ဖြတ် နိုင်သေးပါဘူး”

(ကျန်းရွှမ်ဆိုတာ လီဖူချန်းနဲ့ အစောပိုင်းတုန်းက လက်ဝါးခြင်း ယှဉ်ရိုက်တဲ့သူပါ။)

“ကျွန်တော် သဘောပေါက်ပါပြီ"

လီဖူချန်းက အခုမှပဲ ဘဝင် ကျသွားပါတော့တယ်။

“တကယ်လို့ ကြယ်သုံးပွင့်အဆင့် လျှို့၀ှက် နည်းစနစ်က ကျင့်ရတာ အရမ်း လွယ်ကူနေရင် ဘာဖြစ်လို့ လျှို့၀ှက် နည်းစနစ်လို့ အမည်တွင်နေမှာလဲ “

ပြီးတော့ လျှို့၀ှက် နည်းစနစ်တွေက အရိုး တည်ဆောက်ပုံတွေနဲ့ အနည်းငယ် ဆက်နွယ် နေပါသေးတယ်။

အနည်းဆုံး ကြယ်သုံးပွင့် အရိုး တည်ဆောက်ပုံ ရှိတဲ့သူကမှ ဒီကြယ်သုံးပွင့် လျှို့၀ှက် နည်းစနစ်ကို လေ့ကျင့်တဲ့ အခါမှ လွယ်ကူမှာပါ။ ကြယ်တစ်ပွင့်နဲ့ ကြယ်နှစ်ပွင့် အရိုးတည်ဆောက်မှု ပိုင်ရှင်တွေကတော့ ဒီမီးနဂါး ကျင့်စဉ်ကို ကျင့်တဲ့ အခါမှာ ခက်ခဲနေပါလိမ့်မယ်။

မိုးပြာရောင်ဂိုဏ်းရဲ့ လျှို့၀ှက် နည်းစနစ်ဖြစ်တဲ့ မူလဘူတဓားကို ဆိုရင် ကြယ်ငါးပွင့် အရိုးတည်ဆောက်မှု ရှိတဲ့သူတွေကပဲ ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့် နိုင်တာလေ။ ကြယ်ငါးပွင့် အရိုးတည်ဆောက်ပုံထက် နိမ့်တဲ့သူတွေကတော့ အကြို ပြီးပြည့်စုံခြင်း အဆင့်အထိပဲ လေ့ကျင့်နိုင်စွမ်း ရှိပါတယ်။

“အားလုံးပဲ လုံးဝ စိတ်မပူပါနဲ့။ ကျွန်တော်က ဒီတာဝန်ကို တာဝန်ယူပြီးပြီ ဆိုမှတော့ ပြီးမြောက်တဲ့ အထိ လုပ်ဆောင် ပေးသွားမှာပါ “

လီဖူချန်းက ကျန်းကလန်သား အားလုံးကို ရဲရဲကြီး အာမခံလိုက်ပါတယ်။

“ဒီလိုဆိုရင်တော့ ဦးတို့ကျန်းကလန်က သူရဲကောင်းလေးကို ဆွေစဉ်မျိုးဆက် ကျေးဇူး တင်နေမိမှာပါပဲ”

ကျန်းကလန်ရဲ့ ခေါင်းဆောင်က လီဖူချန်းကို လက်နှစ်ဖက်ဆုပ် ဦးညွှတ်ပြီး အရိုအသေ ပေးလိုက်ပါတယ်။

“သူရဲကောင်းလေးလီ အောင်မြင်ပါစေ “

ကျန်တဲ့ ကျန်းကလန် အကြီးအကဲတွေ ကလည်း လီဖူချန်းကို အရိုအသေ ပေးလိုက်ကြပါတယ်။ ဒီမီးနဂါးကျင့်စဉ်က ကြယ်သုံးပွင့် လျှို့၀ှက် နည်းစနစ် ဆိုပေမဲ့ တစ်နေ့မှာ ကျန်းကလန် သားတွေထဲက တစ်ယောက်ယောက်က ကြယ်သုံးပွင့် အရိုးတည်ဆောက်ပုံ ရှိတဲ့ မျိုးဆက်ကို မွေးဖွားလာဖို့ မျှော်လင့်ချက် ရှိပါသေးတယ်။ အဲဒီ အချိန်ကျရင် ဒီကျင့်စဉ်က အများကြီး အသုံးကျလာမှာလေ။

“သွားတော့မယ်ဗျို့။ လိုက်ပြီးတော့ ပို့ဖို့ မလိုတော့ပါဘူး "

လီဖူချန်းက ကျန်းကလန် ခြံဝင်းထဲကနေ ထွက်တာနဲ့ မားရှန်မြင်းကိုတောင် မယူသွားတော့ပဲ ကိုယ်ဖော့ပညာကို သုံးပြီး ပြေးထွက် သွားပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်လို ပေါ့ပါးစွာနဲ့ မျက်စိတစ်မှိတ် အတွင်းမှာပဲ ပျောက်ကွယ် သွားပါတော့တယ်။

“ကောင်းလိုက်တဲ့ ကိုယ်ဖော့ပညာ။ တကယ်လို့ ငါတို့ ကျန်းကလန်မှာသာ သူရဲကောင်းလေး လီလို မျိုးဆက် တစ်ယောက် ရှိလို့ကတော့ ငါသေရမယ် ဆိုရင်လည်း ကျေနပ်ပါတယ်လေ”

အကြီးအကဲကျန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

***

ဖေးရှုတောင်တန်းက လင်းရှမြို့ရဲ့ မိုင်၂၀၀ အကွာအဝေးမှာ တည်ရှိပါတယ်။ ဖေးရှုတောင်တန်းကို မရောက်ခင်မှာပဲ လီဖူချန်းက တောင်တန်းရဲ့ အငွေ့အသက်တွေကို ရနေပါတော့တယ်။

“ဖေးရှုတောင်တန်းမှာ ဝမ်ညီအစ်ကိုတွေကို ရှာရတယ် ဆိုတာက ကောက်ရိုးပုံမှာ အပ်တစ်စင်း ရှာရတာထက်ကို ခက်နေတာပဲ။ ငါက ကံအပေါ်မှာပဲ အားကိုး ရတော့မှာပဲ”

ဖေးရှုတောင်တန်းရဲ့ တောင်ခြေကို အရောက်မှာတော့ လီဖူချန်း သက်ပြင်း တစ်ချက် ချလိုက်ပြီး တောင်ခြေကနေ တောင်ပေါ်ကို တက်သွားပါတော့တယ်။

တောင်တန်းရဲ့ အတွင်းမှာတော့ နှင်းမုန်တိုင်းတွေက လောက တစ်ခုလုံးကို ဖုံးလွှမ်း နေပါတော့တယ်။ သာမန် သိုင်းပညာရှင် တစ်ယောက်က ဒီနေရာကို ရောက်လာခဲ့မယ် ဆိုရင် သိပ်မကြာခင် အချိန်လေး အတွင်းမှာပဲ နှင်းမုန်တိုင်းနဲ့ တွေ့ပြီး သေဆုံး သွားနိုင်ပါတယ်။

လီဖူချန်းကတော့ ဒီဆိုးရွားတဲ့ ရာသီဥတုကို ကောင်းကောင်းကြီး သတိထားမိပါတယ်။ ဒါကြောင့်မို့ သူက သူ့ရဲ့ အတွင်းအားကို ထုတ်ဖော်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ကာကွယ် ထားပါတယ်လေ။

နှင်းဖုံးနေတဲ့ တောင်တန်းတွေရဲ့ အလယ် တစ်နေရာမှာတော့ လီဖူချန်း တစ်ယောက်က ရှေ့ဆက်သွားရမယ့် လမ်းကို ရွေးချယ် စဉ်းစားနေပါတယ်။

လီဖူချန်းက အမြင်အာရုံ အရမ်းကောင်းတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ဒီနှင်းကျနေတဲ့ ရာသီဥတုကြောင့်သာ မဟုတ်ရင် သူက ဆယ်မိုက်လောက် အကွာအဝေးကိုတောင် လှမ်းမြင် နိုင်ပါတယ်လေ။ သူ့ရဲ့ စိတ်ဝိညာဉ် ပင်လယ်ထဲက ရွှေရောင် လက်ဖွဲ့အဆောင်က သူ့ရဲ့ ပတ်ဝန်းကျင် လေ့လာမှုကို အားကောင်းလာအောင် အထောက်အကူ ပြုနေတာလေ။

နောက်ထပ် လာတဲ့ နေ့ရက်တွေမှာတော့ လီဖူချန်းက ဒီနှင်းဖုံးနေတဲ့ တောင်တန်းတွေပေါ်မှာ ခြေဦးတည့်ရာ လျှောက်သွားရင်းနဲ့ ဝမ်ညီအစ်ကိုတွေကို ရှာဖွေနေပါတော့တယ်။ သူက ရေဆာနေတဲ့ အချိန်ဆို နှင်းတွေကို စုပြီး သောက်တယ်။ ဗိုက်ဆာလာတဲ့ အချိန်ဆိုရင်တော့ မိစ္ဆာသားရဲတွေကို ဖမ်းပြီး ချက်ပြုတ် စားသောက်ပါတယ်။ ဒီဖေးရှုတောင်တန်းပေါ်က နေ့ရက်တွေက လီဖူချန်း အတွက်တော့ သိပ်ပြီးခါးလှတဲ့ နေ့ရက်တွေတော့ မဟုတ်ပါဘူးလေ။

***

ဖေးရှုတောင်တန်းဟာ ထျန်းရှဂိုဏ်းရဲ့ နယ်နိမိတ်နဲ့လည်း ထိစပ် နေပါသေးတယ်။

ဒီနေ့မှာတော့ အနက်ရောင် ဝတ်စုံပြည့် ဝတ်ထားတဲ့ အလှမယ်လေး တစ်ယောက်က ဖေးရှုတောင်တန်းတွေ ပေါ်ကို ရောက်လာပါတယ်။

ဒီအနက်ရောင် ဝတ်စုံ ဝတ်ထားတဲ့ မိန်းမပျိုလေးက ဖေးရှုတောင်တန်းနဲ့ ရင်းနှီးနေပုံ ရပါတယ်။ သူမရဲ့ ကိုယ်ဖော့ပညာက နှင်းတွေ ပေါ်မှာတောင် ခြေရာ မထင်တဲ့ အထိပါပဲ။ နေ့တစ်ဝက်လောက် အကြာမှာတော့ သူမက ကောင်းကင်ကို ထိုးထွက်နေတဲ့ တောင်ထွတ် တစ်ခုပေါ်ကို ရောက်သွား ပါတော့တယ်။ ဒီတောင်ထွတ်ရဲ့ အပေါ်မှာတော့ နှင်းကျင်းမှုက အတော်လေးကို လျော့နည်း နေပါပြီ။

မကြာခင်မှာပဲ ဒီအနက်ရောင် မိန်းမပျိုလေးက တောင်ထွတ်ပေါ်က လိုဏ်ဂူ တစ်ခုထဲကို ဝင်ရောက် သွားပါတော့တယ်။

ဒီလိုဏ်ဂူထဲက လမ်းကြောင်းကတော့ ကမ္ဘာ့မြေ အောက်ထဲကို ဦးတည် သွားနေပါတယ်။ ဒီလိုဏ်ဂူကြီးမှာက ဝင်္ကပါလိုပဲ ရှုပ်ထွေးတဲ့ လမ်းကြောင်းတွေ အများကြီး ပါဝင်နေပါတယ်။ ထိုမိန်းမပျိုက ဟိုကွေ့ဒီကွေ့ လျှောက်သွားပြီး အချိန် တော်တော်ကြာမှာတော့ အေးစိမ့်နေတဲ့ ဂူပေါက်ကြီး တစ်ခုကြီးရဲ့ အရှေ့မှာ ရပ်လိုက်ပါတော့တယ်။

ဒီဂူပေါက်ကြီးက ၁၀ပေလောက် မြင့်ပြီး ကျောက်စက် ပန်းဆွဲတွေ ၊ ကျောက်စက် မိုးမျှော်တွေနဲ့ ပြည့်နှက် နေပါတယ်လေ။ ဒီအေးစိမ့်နေတဲ့ ဂူကြီးရဲ့ အလယ်မှာတော့ မီတာ အနည်းငယ်လောက် ကျယ်တဲ့ ရေကန်လေး တစ်ခု ရှိနေပါတယ်။

ထောက် … ... ထောက် …

ကျောက်စက် ပန်းဆွဲတွေကနေ ကျနေတဲ့ ရေစက်တွေက ဒီရေကန်ငယ်လေးကို ဖြစ်ပေါ် လာစေတာပါ။

ဒီအနက်ရောင် မိန်းမပျိုက သူမရဲ့ အဝတ်အစားတွေကို ချွတ်ချ လိုက်ပါတော့တယ်။ သူမရဲ့ နှင်းတွေလို ဖြူဖွေးတဲ့ အသားအရေရယ် ဆင်စွယ်လေးလို သွယ်လျတဲ့ ပေါင်တံလေးရယ်က အထင်းသား ပေါ်လာ ပါတယ်လေ။ သူမမှာက သေးသွယ်တဲ့ ခါးကျဉ်ကျဉ်လေးရယ် ကျစ်လစ်ပြီး လုံးတင်းနေတဲ့ တင်သား လုံးလုံးလေးကလည်း ရှိနေပါသေးတယ်။

ဗွမ်း…

ဒီမိန်းမပျိုလေးက ရေကန်ထဲကို ခုန်ချလိုက်ပြီး ရေသူမလေး တစ်ကောင်လို ရေဆော့ကစား နေပါတော့တယ်။ သူမက နေ့တစ်ဝက်လောက် ကြာတဲ့အထိ အချိန်ကို ဂရုမပြုမိပဲ ရေထဲမှာ ငါးတစ်ကောင်လို ကူးခတ်ရင်း ပျော်မွေ့ နေတယ်လေ။

ဒါပေမဲ့ သူမ မသိတာကတော့ ဒီအေးစိမ့်တဲ့ ဂူပေါက်က ဖေးရှုတောင်တန်းရဲ့ အခြားသော ဂူပေါက်တွေနဲ့လည်း ဆက်စပ်လျက် ရှိနေတယ် ဆိုတာကိုပါ။

ဖေးရှုတောင်တန်းရဲ့ အခြားတစ်နေရာက ဂူပေါက်တစ်ခုထဲမှာတော့ သက်လတ်ပိုင်းအရွယ် လူကြီးသုံးယောက်က ကြာပန်း ပုံသဏ္ဌာ န်ထိုင်ရင်းနဲ့ ရှိနေပါတယ်။ သူတို့ရဲ့ ရှေ့မှာတော့ လက်တစ်ဝါး အရွယ် ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော် တစ်ခု ရှိနေတယ်လေ။

“တတိယညီလေး ... ဒီတစ်ခါတော့ မင်းအမဲလိုက်ရမယ့် အလှည့်ပဲ"

သူတို့ထဲက အကြီးဆုံး ဖြစ်ဟန် တူသူက ပြောလိုက်ပါတယ်။

“ဘယ်လိုလုပ် ကျွန်တော့်ရဲ့ အလှည့် ဖြစ်နေရတာလဲ။ ဒီတစ်ခါက အစ်ကိုလတ်ရဲ့ အလှည့် မဟုတ်ဘူးလား”

“အဓိပ္ပာယ် မရှိလိုက်တာ ... ငါက မနေ့ကပဲ အမဲလိုက်ပြီးတာလေ"

အစ်ကိုလတ်ဟု ထင်ရသူက အသည်းအသန် အော်ပြောလိုက်ပါတယ်။

“ဟုတ်ပြီလေ။ ဒါဆိုလည်း ကျွန်တော်ပဲ သွားလိုက်တော့မယ်။ အစ်ကိုတို့ ခဏစောင့်ဦး”

အငယ်ဆုံး ဖြစ်ဟန်တူသူက ထလိုက်ပြီး အပြင်ကို ထွက်သွား ပါတော့တယ်။

***

All Chapters