ငါ့အတွက် သွားယူပေးစေသား
Vol. 69 Ch. 947
" ဒီ ပညာရပ်ကို အသုံးပြုချင်ရင် အချိန်နဲ့နေရာ ကန့်သတ်ချက်တွေ ရှိပေမယ့် အသုံးပြုပြီးသွားတာနဲ့ တခြားလူတွေရဲ့ အဆောင်ပစ္စည်းတွေကို ကိုယ့်ရဲ့လက်ထဲ ရောက်လာအောင် လုပ်လို့ရတယ်။ ဒါပေမဲ့ ဒီပညာရပ်က မိုးကောင်းကင်ကြီးကို ဖီဆန်တဲ့ ပညာရပ်တစ်ခု ဖြစ်နေတာမလို့ အသုံးပြုပြီးသွားတာနဲ့ ကောင်းကင်ဘုံက ချမှတ်တဲ့ အပြစ်ဒဏ်တွေ ပေါ်ပေါက်လာမှာ။ ငါ မင်းကို နောက်ကွယ်ကနေ ကူညီပေးလို့ရပေမယ့် အဲဒီ အပြစ်ဒဏ်အများစုကိုတော့ မင်းကိုယ်တိုင် ခံစားရမှာ " လူပုံစံစက္ကူရုပ်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ၎င်း၏ ညာဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့၏ နဖူးအား လက်ညှိုးထိုးလိုက်၏။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားရပါသော်လည်း သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်ပြီး ရှောင်တိမ်းနေခြင်း မရှိဘဲ မလှုပ်မယှက် ရပ်နေလိုက်သည်။ ထို့ကြောင့် လူပုံစံစက္ကူရုပ်ကြီး၏ လက်ညှိုးမှာ သူ၏နဖူးနှင့် ထိသွား၏။ ထိုအခါ သူ၏ အသိစိတ်ထဲသို့ နတ်ဘုရားအာရုံ အမျှင်အတန်းတစ်ခု ချက်ချင်းဆိုသလိုပင် ဝင်ရောက်လာပြီး အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်တစ်ခု၏ မန္တန်လက်ကွက်များအဖြစ် ပြောင်းလဲသွားတော့သည်။
ထို ပညာရပ်မှာ သူ ကြုံတွေ့ဖူးခဲ့သမျှ အခြား ပညာရပ်များအားလုံးနှင့် လုံးဝမတူပါသော်လည်း ကြယ်သုဿာန်အင်ပါယာမှ ပညာရပ်တစ်ခု ဖြစ်သည့်ပုံတော့ မပေါ်ပေ။ ဝမ်ပေါင်လဲ့မှာ ၎င်း၏ နောက်ကြောင်းရာဇဝင်များကို မသိပါသော်လည်း ထို သန့်စင်ခြင်းပညာရပ်မှာ အလွန်အင်မတန်မှ အံ့ဩဖွယ်ရာကောင်းကြောင်း သိလိုက်၏။
" ကျေးဇူးတင်ပါတယ် လူကြီးမင်း " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွားပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်အရိုအသေပေးလိုက်၏။
သူသည် ထို ပညာရပ်အား အကဲခတ်နေရင်း ထို " အစားထိုး ပညာရပ် " ဟု ခေါ်သည့် ပညာရပ်အကြောင်းအား ပို၍ နားလည်လာရတော့သည်။
" ဒီပညာရပ်ကို အစားထိုး ပညာရပ်လို့ ဘယ်ခေါ်လို့ရမလဲဟ။ တခြားလူတွေဆီက အဆောင်ပစ္စည်းတွေကို ခိုးယူတဲ့ သူခိုးပညာရပ်တစ်ခု ဖြစ်နေတာလေ " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးတောရင်း မျက်ဝန်းများ ပို၍ပင် အရောင်တောက်ပလာတော့သည်။ သူသည် အဆောင်သန့်စင်ခြင်း ပညာရပ်ထဲ၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ရာ သူ၏ ကျွမ်းကျင်မှု အဆင့်အတန်းမှာလည်း အတော်အသင့် မြင့်မားနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် လူပုံစံစက္ကူရုပ်ကြီး သူ့အား ပေးခဲ့သည့် ပညာရပ်မှာ မည်မျှ အစွမ်းထက်ကြောင်း နားလည်ထား၏။
ထို ပညာရပ်၏ ဒုက္ခပေးနိုင်စွမ်းကြောင့် သူသည် ၎င်းမှာ အစွမ်းထက်သည်ဟု ခံစားနေရခြင်းဖြစ်သည်... သူသည် လူတစ်ယောက် အဆောင်ပစ္စည်းတစ်ခုအား သန့်စင်နေသည့် ဖြစ်ရပ်အား စိတ်ကူးထဲ၌ မှန်းဆကြည့်လိုက်၏။ သူ ထို အဆောင်ပစ္စည်းအား သန့်စင်ပြီးသွားသည်နှင့် ၎င်းမှာ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားမည်ဖြစ်ပြီး အခြားလူတစ်ယောက်၏ လက်ထဲ၌ ပြန်လည်ပေါ်ပေါက်လာမည် ဖြစ်သည်။ ထို ဖြစ်ရပ်ကြီးမှာ စိတ်ဓာတ်ကျလွန်းစရာ ကောင်းနေမည်ဖြစ်ရာ ထိုကဲ့သို့ သန့်စင်ခဲ့ရသည့် လူမှာ သွေးများပင် အန်ထွက်လာလောက်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထို ပညာရပ်ဖြင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား သင်ခန်းစာပေးနိုင်တော့မည်ဖြစ်ကြောင်း တွေးမိလိုက်သောအခါ ပျော်ရွှင်မြူးထူးသွားရပြီး မျှော်လင့်တကြီး ဖြစ်လာရတော့သည်။
" ကောင်မလေးရာ။ ငါ့ကိုများ နင့်ရဲ့ ကျေးကျွန် လုပ်ခိုင်းရဲရတယ်လို့ " ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည်ရှုလိုက်ပြီးနောက် နေရာတစ်ခုဆီသို့ ပြေးသွားလိုက်၏။ ထိုနေရာမှာ တောင်ဆယ်လုံး၏ ညာဘက်အစွန်းတွင် ရှိနေသည်။ ၎င်းမှာ တောင်တစ်လုံး မဟုတ်သလို ကုန်းမြင့်ပိုင်းတစ်ခုလည်း မဟုတ်ဘဲ လွင်ပြင်တစ်ခုသာ ဖြစ်သည်။
ထိုနေရာမှာ လူသူကင်းမဲ့နေပါသော်လည်း မန္တန်တစ်ခု အသုံးပြုရန် သင့်တော်သည့် နေရာတစ်ခု ဖြစ်ပေသည်။ လျှပ်စီးအပြစ်ဒဏ်များ ကျဆင်းလာသည့် အချိန်တွင် လွင်ပြင်ကြီးထဲ၌ ရှိနေပါက ရှောင်တိမ်းနိုင်မည့်နေရာ ပိုများနေမည် မဟုတ်ပါလော။
သူသည် ထို ပညာရပ်အား အသုံးပြုကာ ခေါင်းလောင်းနှင့် မိန်းမပျိုလေးဆီသို့ ချဉ်းကပ်သွားရန်လည်း တွေးမိခဲ့သေးသည်။ ထိုသို့သာဆိုပါက ထို လျှပ်စီးအပြစ်ဒဏ်များမှာ ထို မိန်းမပျိုလေးပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိသွားနိုင်ပေသည်။ သို့သော် သူသည် သူမဆီသို့ ချဉ်းကပ်သွားလိုက်မည်ဆိုပါက အခြားသူများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရမည်သာဖြစ်ကြောင်း တွေးမိသွားသဖြင့် ဒုတိယမြောက် အကောင်းဆုံးနေရာဖြစ်သည့် လက်ရှိနေရာအား ရွေးချယ်လိုက်ရခြင်းသာ ဖြစ်သည်။
သူသည် ထိုနေရာ၌ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ မျက်လုံးများမှိတ်လိုက်၏။ သို့သော် သူသည် သူ၏ နတ်ဘုရားအာရုံအား ထုတ်လွှတ်ကာ အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်၍ ဘေးပတ်ဝန်းကျင်အား စောင့်ကြည့်နေဆဲပင်။ တစ်ချိန်ထဲမှာပင် သူသည် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်ပြီးနောက် လူပုံစံစက္ကူရုပ်ကြီး သူ့အား သင်ကြားပေးခဲ့သည့် နည်းလမ်းများအတိုင်း အသံတိတ်အစားထိုးပညာရပ်အား စတင် အသုံးပြုကြည့်လိုက်တော့သည်။
ထို ပညာရပ်၏ အဓိကသော့ချက်မှာ ၎င်း၏ အယူအဆအား နားလည်ထားရန်ဖြစ်သည်။ ထို ပညာရပ်အား အသုံးပြုနိုင်ရန်မှာ အတ်ေအသင့် ခက်ခဲပါသော်လည်း ရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ အဆောင်သန့်စင်ခြင်း အတတ်ပညာ၌ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရာ သူ့အတွက် အထူးတလည် ခဲယဉ်းနေခြင်းမရှိပေ။ သူသည် အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရပ်နှင့် ပတ်သတ်သည့် သူ၏ အယူအဆများကိုသာ လိုသလို ပြောင်းလဲလိုက်ရုံပင်။
အမှန်တွင် အသံတိတ်အစားထိုးပညာရပ်မှာ လျှပ်စီးအပြစ်ဒဏ်အား အသုံးချကာ ဘေးပတ်ပတ်လည်၌ သန့်စင်နေသည့် အဆောင်ပစ္စည်းများ၏ အငွေ့အသက်များဆီမှ ထွက်ပေါ်နေသော ကြိမ်နှုန်းများနှင့် တစ်ထေရာတည်း တူညီသည့် ကြိမ်နှုန်းများကို ဖန်တီးခြင်းပင် ဖြစ်သည်။ ၎င်းမှာ ကြေးမုံတစ်ချပ်နှင့်သာ တူပါသော်လည်း နောက်ဆုံးတွင်မူ ထို ကြေးမုံထဲမှ ပုံရိပ်မှာ ပြင်ပလောက၌ အမှန်တကယ် ပေါ်ပေါက်လာမည်ဖြစ်သည်။
" လက်ဗလာအနေအထားကနေ ပစ္စည်းတစ်ခုခုကို ဖန်တီးတာမျိုးနဲ့တောင် ဆင်တူသလိုရှိတယ်... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိသွား၏။ သို့သော် သူသည် ထို အကြောင်းအား အကျယ်တဝင့် စဉ်းစားနေရန် အချိန်မရှိကြောင်း သိထားသည်။ ယခုတွင် သူသည် မန္တန်အတိုင်း တစ်ဆင့်ချင်းစီ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်ရန်သာ လိုအပ်ပေသည်။
ထိုသို့ ဆောင်ရွက်နိုင်ရန်မှာ အခြားသူများအတွက် မလွယ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ အကြိမ်အနည်းငယ်ခန့် ကြိုးစားခဲ့ပြီးနောက် အောင်မြင်သွားခဲ့၏။ သူသည် ထပ်ခါတလဲလဲ ကြိုးစားနေခဲ့သဖြင့် နှစ်ရက်တိတိ ကုန်ဆုံးပြီးသွားချိန်တွင် သူ၏ ပတ်ပတ်လည်၌ မိုးခြိမ်းသံများ စတင်ပေါ်ပေါက်လာတော့သည်။
ထိုအသံများမှာ အစတွင် သိပ်၍ မသိသာပါသော်လည်း တဖြည်းဖြည်းနှင့် ပို၍ ကျယ်လောင်လာ၏။ ဝမ်ပေါင်လဲ့၏ အထက်ရှိ ကောင်းကင်ယံထဲတွင်ဆိုလျှင် မိုးကြိုးတိမ်တိုက်များပင် ပေါ်ပေါက်လာပြီ ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် တောင်ဆယ်လုံးပေါ်ရှိ ပါရမီရှင်များမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ သူတို့မှာ ထို အနက်ရောင် တိမ်တိုက်များ၏ အောက်တည့်တည့်ရှိ ဝမ်ပေါင်လဲ့ ထိုင်နေသည့် လွင်ပြင်ကြီးအား ငုံ့ကြည့်မိလိုက်ကြသည်။
" အဲကောင် ဘာလုပ်နေတာတုံးဟ "
" သူက ငါတို့ကို နှောင့်ယှက်ဖို့ ကြိုးစားနေတာများလား "
" ဒီကောင် သေချင်နေပြီ ထင်တယ် " ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ မျက်ဝန်းများထဲ၌ အထင်မြင်သေးသည့် အရိပ်အယောင်များ ပြည့်နှက်နေ၏။ သူမသည် သူ မိုက်မဲသည့် လုပ်ရပ်တစ်ခုအား ကျူးလွန်မည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ အကယ်၍ သူ ထိုသို့သာ ကျူးလွန်မိသွားမည်ဆိုပါက သူသည် အခြားသူများ၏ အခွင့်အရေးများကို နှောင့်ယှက်နေသကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလော။ ထိုသို့သာဆိုလျှင် သူသည် သူ၏ အခွင့်အရေးများကို လက်လွှတ်ဆုံးရှုံးလိုက်ရရုံသာမက အခြားသူများ၏ ဒေါသစိတ်များကြောင့် အသက်အန္တရာယ်နှင့်ပင် ကြုံသွားရနိုင်ပေသည်။
ထိုအချိန်တွင် သူသည် သူမဆီ၌ အညံ့ခံရုံမှတစ်ပါး အခြားရွေးချယ်စရာရှိတော့မည် မဟုတ်ပေ။
" အဲဒီအချိန် ရောက်လို့မှ ဒီကောင် ဆက်ပြီးတော့ မောက်မာနေဦးမယ်ဆိုရင်တော့ ငါလည်း ဘာမှတတ်နိုင်မှာ မဟုတ်တော့ဘူး " ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ထိုသို့တွေးကာ အေးစက်စက် နှာမှုတ်လိုက်၏။ သူမသည် ဘဝတစ်လျှောက်လုံးတွင် သူမ သဘောကျခဲ့သမျှ လူတိုင်းအား တိုက်ပွဲသုံးကျေးကျွန်များအဖြစ် သိမ်းပိုက်နိုင်ခဲ့သည်သာ ဖြစ်သည်။ ထိုသို့ သိမ်းပိုက်နိုင်ခဲ့ရခြင်းမှာ သူမ၏ ကျင့်ကြံခြင်းပညာရပ်ကြောင့်လည်း ဖြစ်ပေသည်။ သူမ၏ တိုက်ပွဲသုံးကျေးကျွန် ပို၍ အစွမ်းထက်လေလေ သူမသည်လည်း အကျိုးကျေးဇူးများ ပို၍ ရရှိနိုင်လေလေ ဖြစ်နေမည်ဖြစ်သလို အလားတူပင် သူမ၏ ဖောက်ထွက်မှုနှုန်းမှာလည်း ပို၍ မြန်ဆန်လာလေလေ ဖြစ်နေမည် မဟုတ်ပါလော။
ထို ကျင့်ကြံခြင်းပညာရပ်မှာ အမည်မရှိသလို ဖီးနစ်ငှက်ကိုးကောင်ဂိုဏ်းမှ ပညာရပ်တစ်ခုလည်း မဟုတ်ပေ။ ၎င်းမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က သူမ အမှုမဲ့အမှတ်မဲ့နှင့် ဒုတိယမြောက် ဆရာအဖြစ် သတ်မှတ်မိခဲ့သည့် လျှို့ဝှက်ဆန်းကြယ် အမျိုးသမီး ကျင့်ကြံသူတစ်ယောက် သူမအား သင်ပေးခဲ့သည့် ပညာရပ်ဖြစ်ပေသည်။
သူမသည် ထို ပညာရပ်အား စတင်လေ့ကျင့်ခဲ့သည့် အချိန်ကတည်းက ၎င်းမှာ တမူထူးခြားကြောင်း ချက်ချင်းသတိထားမိခဲ့၏။ တစ်ချိန်ထဲမှာပင် သူမသည် ထို လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးကျင့်ကြံသူဆီ၌ သူမ တစ်ယောက်တည်းသာ မဟုတ်ဘဲ အခြား တပည့်ပေါင်းမြောက်မြားစွာပါ ရှိနေလောက်သေးသည်ဟု ခန့်မှန်းမိခဲ့သည်။ သူတို့မှာလည်း သူမနည်းတူ ထို ကျင့်ကြံခြင်းပညာရပ်အား လေ့ကျင့်ခဲ့လောက်ပေသည်။
ထိုစဉ်တုန်းက သူမသည် ထို အမျိုးသမီး ကျင့်ကြံသူမှာ အဆိပ်ပြင်း လက်အောက်ငယ်သားများအား မွေးမြူနေခြင်း ဖြစ်သည်လော သို့မဟုတ် သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်၏ လိုအပ်ချက်များကြောင့် ထိုကဲ့သို့ အခြားသူများအား လေ့ကျင့်ပေးနေသည်လော အစရှိသဖြင့် အမျိုးမျိုးတွေးကာ သံသယများ ဝင်မိခဲ့၏။ သို့သော် ထို ကျင့်ကြံခြင်းပညာရပ်မှာ သူမအား အကျိုးကျေးဇူးအမြောက်အမြား ပေးစွမ်းနိုင်ခဲ့သလို ဖီးနစ်ငှက်ကိုးကောင်းဂိုဏ်း၏ တာအိုဂိုဏ်းသားအဖြစ်သို့ ရောက်ရှိလာနိုင်အောင်လည်း ကူညီပေးနိုင်ခဲ့သည်။
သို့ဖြစ်ရာ သူမသည် ထို ပညာရပ်အား စွန့်လွှတ်နိုင်မည်မဟုတ်ပေ။ ယခုတွင် သူမသည် လက်ရိုက်တံအား သန့်စင်နေရင်း မျက်လုံးများမှေးကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။
ခေါင်းလောင်းနှင့် မိန်းမပျိုလေး ထိုကဲ့သို့ အတွေးထဲ၌ နစ်မျောနေစဉ် ဝမ်ပေါင်လဲ့မှာ အသံတိတ်အစားထိုးပညာရပ်အား တဖြည်းဖြည်းနှင့် ကျွမ်းကျင်တတ်မြောက်လာနေပြီ ဖြစ်သည်။ သူသည် တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးခဲ့ပြီးနောက် နောက်ဆုံးတွင် အယူအဆအချို့ကို နားလည်စပြုလာတော့သည်။ ထိုအချိန်တွင် သူ၏ ဘေး၌ မိုးခြိမ်းသံကြီးတစ်သံ ပေါက်ကွဲထွက်ပေါ်လာ၏။
ထိုအသံကြီး ထွက်ပေါ်လာသည်နှင့် သူ၏ ဦးခေါင်းအထက်တွင် ရှိနေသည့် အနက်ရောင် တိမ်တိုက်များမှာလည်း ပို၍ပင် မည်းမှောင်လာသည်။ ထို တိမ်တိုက်များထဲတွင် လျှပ်စီးတန်းများ တဖျတ်ဖျတ် လက်နေသည်ကိုပင် မြင်နေရပြီဖြစ်သည်။ ထို လျှပ်စီးတန်းများမှာ ဝမ်ပေါင်လဲ့၏ ဆုတောင်းပြည့်ပုလင်းလေး၏ ဘေးထွက်ဆိုးကျိုးများကြောင့် ပေါ်ပေါက်လာသည့် လျှပ်စီးတန်းများနှင့် မတူပေ။ ဆုတောင်းပြည့်ပုလင်း၏ လျှပ်စီးတန်းများမှာ အသိစိတ်များ ပိုင်ဆိုင်ထားသလို ဖြစ်နေပြီး ဤ အနက်ရောင် တိမ်တိုက်များထဲမှ လျှပ်စီးတန်းများမှာမူ သက်မဲ့ပစ္စည်းများကဲ့သို့ ဖြစ်နေ၏။ သို့သော် ၎င်းတို့၏ စွမ်းအားများမှာ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းနေဆဲပင်။
ထို လျှပ်စီးတန်းများမှာ ဝမ်ပေါင်လဲ့နှင့် ပေရာဂဏန်း အနည်းငယ်အကွာသို့ ဆင်းသက်လာကြသဖြင့် မြေပြင်ကြီးမှာ တုန်ရီသွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ထို လျှပ်စီးတန်းများထဲရှိ အဖျက်စွမ်းအားများကို အာရုံခံမိလိုက်သဖြင့် ရင်ခုန်နှုန်းများ တစ်ခဏမျှ ရပ်တန့်သွားရသည်။ သို့သော် သူသည် ဤလမ်းစဉ်အား စလျှောက်ပြီးပြီဖြစ်ရာ နောက်ပြန်လှည့်၍ မဖြစ်တော့ပေ။ ထို့ကြောင့် သူသည် အံကြိတ်ကာ မန္တန်လက်ကွက်များ ဆက်ဖော်လိုက်သဖြင့် လျှပ်စီးတန်းများမှာလည်း သူ၏ ပတ်ပတ်လည်သို့ အဆက်အပြတ် ဆင်းသက်လာကြတော့သည်။
မိုးခြိမ်းသံများမှာလည်း အရပ်မျက်နှာအနှံတွင် ပဲ့တင်ထပ်နေသောကြောင့် တောင်ဆယ်လုံးပေါ်မှ ပါရမီရှင်များမှာလည်း တုန်လှုပ်ချောက်ချားနေကြရပြီဖြစ်သည်။ သို့သော် သူတို့မှာ အခြေအနေများကို အကဲခတ်နေရင်း ထို လျှပ်စီးတန်းများမှာ ဝမ်ပေါင်လဲ့၏ ပေတစ်ထောင် ပတ်ပတ်လည်တွင်သာ ရှိနေသည်ဖြစ်ကြောင်း ရိပ်မိလာကြသည်။ ၎င်းတို့မှာ အပြင်ဘက်သို့ ပျံ့နှံ့လာမည့်ပုံ မပေါ်သောကြောင့် သူတို့မှာလည်း မိုးကြိုးပစ်ခံရနိုင်ခြေ မရှိပေ။ ထို့ကြောင့် သူတို့မှာ သတိဝီရိယအပြည့် ရှိနေဆဲ ဖြစ်သည့်တိုင်အောင် စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်ကြ၏။
လက်ရှိတွင် သူတို့အတွက် အရေးအကြီးဆုံးမှာ လက်ရိုက်တံများ ရရှိနိုင်ရန်သာ မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ မည်သူမှ ဝင်ရောက်နှောင့်ယှက်ခြင်း မရှိသရွေ့ သူတို့ဘက်မှ စတင်တိုက်ခိုက်ကြမည် မဟုတ်ပေ။ အာရုံစိုက်ရသည့်အရာ နည်းလေ သူတို့အတွက် ပိုကောင်းလေ ဖြစ်ပေသည်။
မည်သူကမှ သူ့အား လာရောက်တိုက်ခိုက်ခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ သူ၏ ဘေးပတ်ပတ်လည်သို့ ဆင်းသက်လာကြသည့် လျှပ်စီးတန်းများ၏ အရေအတွက်များမှာ တဖြည်းဖြည်းနှင့် ပိုများလာ၏။ ထို့အပြင် ၎င်းတို့၏ ထစ်ချုန်းသံများမှာလည်း ပို၍ ကျယ်လောင်လာသလို စွမ်းအားများမှာလည်း ပို၍ အားကောင်းလာပြီ ဖြစ်သည်။ ထို လျှပ်စီးတန်းများမှာ သူ၏ ပတ်ပတ်လည်၌ လျှပ်စီးရေအိုင်ကြီးတစ်အိုင်ကဲ့သို့ ဖြစ်နေကြ၏။ ထို့ကြောင့် လျှပ်စီးတန်းများမှာ မြေပြင်ပေါ်တွင်သာမက သူ၏ ခန္ဓာကိုယ်ပေါ်တွင်ပါ လျှပ်ပြေးနေကြပြီ ဖြစ်သည်။
လူပုံစံစက္ကူရုပ်ကြီးမှာ သူ့အား တိတ်တဆိတ် ကာကွယ်ပေးထားသဖြင့် လျှပ်စီးတန်းအများစုမှာ ပျောက်ကွယ်သွားသည့်တိုင်အောင် ကျန်ရှိနေသေးသည့် လျှပ်စီးတန်းများကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရဆဲပင်။ သူ၏ ဝိညာဉ်ပင်လျှင် ရိုးတိုးရွတဖြစ်လာရ၏။ သို့သော် သူသည် ရက်စက်ကြမ်းကြုတ်သူတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏ ပတ်ပတ်လည်ရှိ လျှပ်စီးတန်းများအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ခေါင်းလောင်းနှင့် မိန်းမပျိုလေး ရှိနေသည့် တောင်အားလှမ်းကြည့်ကာ မျက်လုံးများ မှေးသွား၏။ ထို့နောက် သူ၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပသွားတော့သည်။
" ခေါင်းလောင်းနဲ့ ကောင်မလေးရဲ့ အငွေ့အသက်တွေက မူမမှန်ဘူး... "
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် အံကြိတ်ကာ ဆက်လက်သန့်စင်နေလိုက်၏။ ထို့အပြင် သူသည် မန္တန်လက်ကွက်များ အလျင်အမြန် ထပ်ဖော်လိုက်သဖြင့် သူ၏ ဘေးပတ်ပတ်လည်ရှိ လျှပ်စီးတန်းများမှာလည်း ပို၍ပင် အားကောင်းလာတော့သည်။ သူသည် တဖြည်းဖြည်းနှင့် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိလောက်အောင် ဖြစ်နေရ၏။ ထိုသို့ဖြင့် နှစ်နာရီတိတိ ကုန်ဆုံးသွားပြီး နောက်ဆုံးတွင် သူ၏ အသိစိတ်ထဲ၌ တဝီဝီမြည်သံများ ထွက်ပေါ်လာတော့သည်။
ထိုအသံများ ထွက်ပေါ်လာသည်နှင့် သူ၏ နတ်ဘုရားအာရုံမှာ မိုးကောင်းကင်ကြီး၏ အလွန်တွင် ရှိနေသည့် စွမ်းအားတစ်မျိုး၏ အားဖြည့်ပေးခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ ထိုအခါ ၎င်းမှာ ရုတ်တရက်ဆိုသလို အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် သူသည် တောင်ဆယ်လုံးပေါ်၌ သန့်စင်ခံနေရသည့် လက်ရိုက်တံများအား အာရုံခံမိသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား အာရုံခံမိလိုက်သည်နှင့် အထူးတဆန်း ဖြစ်သွားရ၏။ သူသည် ထို လက်ရိုက်တံများထဲမှ တစ်ချောင်းအား အချိန်အကြာကြီး စိုက်ကြည့်နေလိုက်မည်ဆိုပါက တစ်ချက်တွေးလိုက်ရုံနှင့် ၎င်း၏ တည်နေရာအား ပြောင်းလဲကာ ၎င်းအား သူ၏လက်ထဲ၌ ချက်ချင်းပေါ်ပေါက်လာအောင် လုပ်နိုင်လိမ့်မည်ဟု ခံစားနေရခြင်းဖြစ်သည်...
ထိုခံစားချက်ကြီးမှာ အလွန်အင်မတန်မှ အားကောင်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်သွားရ၏။ ထို့နောက် သူသည် ခေါင်းလောင်းနှင့် မိန်းမပျိုလေး ရှိနေသည့် တောင်ကြီးအား ရုတ်တရက်ဆိုသလို လှမ်းကြည့်လိုက်တော့သည်။
ထို တောင်ပေါ်တွင် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ သူမ၏ ကျင့်ကြံခြင်းစွမ်းအားများဖြင့် နှစ်ရက်တိတိ အဆက်မပြတ် သန့်စင်ပေးနေခဲ့သဖြင့် လက်ရိုက်တံကြီးမှာ ကိုးဆယ်ရာခိုင်နှုန်းတိတိ ရုပ်လုံးပေါ်လာနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ သိပ်မကြာခင်တွင် ၎င်းမှာ အပြည့်အဝ ပေါ်ပေါက်လာတော့မည် ဖြစ်သည်။
ပညာရှိပုံစံလူငယ်လေးနှင့် မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးမှာလည်း သူမနည်းတူပင်။ အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူနှင့် အမှောင်ပညာရပ်အား အသုံးပြုခဲ့သည့် မိန်းမငယ်လေးမှာမူ သူမထက် အနည်းငယ်ခန့်ပို၍ နှေးကွေးနေ၏။ သူတို့၏ လက်ရိုက်တံများမှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့်သာ ရုပ်လုံးပေါ်လာကြသေးသည်။ အခြား ပါရမီရှင်များမှာမူ သူတို့ထက်ပို၍ နှေးကွေးနေ၏။ အများစုမှာဆိုလျှင် ခြောက်ဆယ်ရာခိုင်နှုန်းမှ ခုနစ်ဆယ်ရာခိုင်နှုန်းအထိသာ သန့်စင်ရသေးသည်။
" အချိန်ကိုက်ပဲ " ဝမ်ပေါင်လဲ့မှာမူ တစ်ချက်ပြုံးကာ မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွား၏။ သူ ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား လှမ်းကြည့်လိုက်သည်နှင့် သူမသည်လည်း သူ့အား ချက်ချင်း လှည့်ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များနှင့် အထင်မြင်သေးသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ သူမသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း ထိုအချိန်တွင် သူမ၏ လက်ရိုက်တံမှာ ဝင်းလက်စွာ တောက်ပလာပြီး စတင်ရုပ်လုံးပေါ်လာတော့သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ညာဘက်လက်ကို မြှောက်ကာ လက်ညှိုးထိုးလိုက်ပြီးနောက် တည်ကြည်စွာ ရေရွတ်လိုက်၏။
" အို နတ်မိစ္ဆာလျှပ်စီးတန်းများ။ ဒီ လက်ရိုက်တံအား ငါ့အတွက် သွားယူပေးစေသား "