ပါးကိုက် နားကိုက်
Vol. 69 Ch. 948
ဝမ်ပေါင်လဲ့၏ နှုတ်မှ ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် သူ၏ ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် လျှပ်စီးတန်းများမှာလည်း သူ၏ စကားများကို နားလည်သွားသည့်ပုံပင်။ ၎င်းတို့မှာ သူ၏ စိတ်ဆန္ဒကို အာရုံခံမိလိုက်သည့်အလား ကျယ်လောင်စွာ မြည်ဟီးကာ ရှေ့သို့ ထိုးထွက်သွားကြ၏။ ထို လျှပ်စီးတန်းများမှာ အဝေးကြီးအထိ ရောက်သွားခြင်းမရှိဘဲ ရှေ့သို့ ပေတစ်ထောင်ခန့်သာ တိုးသွားပါသော်လည်း ဧရာမ လျှပ်စီးဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီဖြစ်သည်။
ထို ဝဲကြီးမှာ နက်မှောင်နေသဖြင့် မဟူရာချောက်နက်ကြီးတစ်ခုနှင့်ပင် တူနေ၏။ ထို့အပြင် ၎င်းထဲမှ ထူးဆန်းသော စုပ်ယူအားများလည်း ထွက်ပေါ်နေသေးသည်။ ထို စုပ်ယူအားများမှာ ကျင့်ကြံသူများအပေါ် အကျိုးသက်ရောက်မှု မရှိပါသော်လည်း ဓမ္မရတနာများအား ဆွဲငင်နိုင်စွမ်းအပြည့် ရှိနေ၏။
ထို ဝဲကြီး ပေါ်ပေါက်လာသည်နှင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေး မတုံ့ပြန်နိုင်ခင်မှာပင် သူမ၏ရှေ့တွင် ရုပ်လုံးပေါ်လာခဲ့သည့် လက်ရိုက်တံမှာ ရုတ်တရက်ဆိုသလို အပြင်းအထန် တုန်ရီသွားသည်။ ထို့နောက် ၎င်းမှာ မှုန်ဝါးဝါး ဖြစ်လာပြီး ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။
ပို၍ တိတိကျကျ ဆိုရမည်ဆိုလျှင် ၎င်း၏ ပတ်ပတ်လည်တွင် မျက်လုံးဖြင့် မမြင်နိုင်သည့် အာကာသတွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာပြီး ၎င်းအား ဝါးမျိုလိုက်သကဲ့သို့ပင်။ တစ်ချိန်ထဲမှာပင် ၎င်းနှင့် တစ်ပုံစံတည်း ဖြစ်နေသည့် လက်ရိုက်တံတစ်ချောင်းမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာသည်။ ၎င်းမှာ ဝင်းလက်စွာ တောက်ပနေ၏။
ထို အဖြစ်အပျက်များ အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ ဝမ်ပေါင်လဲ့ပင်လျှင် သူ့ကိုယ်သူ အဆင်သင့်ပြင်ထားသည့်တိုင်အောင် ထိုကဲ့သို့ မှော်ဆန်လွန်းလှသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားရဆဲပင်။ သို့ဖြစ်ရာ အခြားသူများမှာဆိုလျှင် ပို၍ပင် ဆိုးပေသည်။ ယခုတွင် ရုပ်လုံးပေါ်လာပြီဖြစ်သည့် လက်ရိုက်တံ အရေအတွက်မှာ ဝမ်ပေါင်လဲ့ လုယူခဲ့သည့် လက်ရိုက်တံ အပါအဝင် သုံးချောင်းတိတိ ရှိနေပြီ ဖြစ်သည်။
ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ လက်ရိုက်တံ သူ၏ရှေ့၌ ပေါ်ပေါက်လာသည်နှင့် မဟာလက်ဝဲတာအိုနယ်မြေ၏ အဆင့်တစ်ဂိုဏ်းမှ ပါရမီရှင်ဖြစ်သည့် ပညာရှိပုံစံလူငယ်လေး ထိုင်နေသော တောင်ပေါ်တွင်လည်း လက်ရိုက်တံတစ်ချောင်း ပေါ်ပေါက်လာသည်။ ၎င်းမှာ တလက်လက် တောက်ပနေ၏။ တစ်ချိန်ထဲမှာပင် မျက်နှာဖုံး တပ်ထားသည့် အမျိုးသမီး ရှိနေသည့် တောင်ပေါ်တွင်လည်း အလားတူပင်။ သူမ၏ လက်ရိုက်တံမှာလည်း မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသည်။
ထို လက်ရိုက်တံသုံးချောင်းမှာ တစ်ပြိုင်နက်တည်းဆိုသလို ပေါ်ပေါက်လာကြသည်ဖြစ်ရာ လူတိုင်းမှာ သတိထားမိသွားကြ၏။ ပုံမှန်အတိုင်းသာဆိုပါက မည်သူမှ အုတ်အော်သောင်းနင်း ဖြစ်သွားကြမည်တော့ မဟုတ်ပေ။ သူတို့မှာ ပို၍ပင် ကြိုးစားအားထုတ်လိုက်ကြမည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ သူတို့အားလုံးမှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ဆူညံပွက်လောရိုက်သွားကြတော့သည်။
" ဘာတွေဖြစ်နေတာလဲဟ "
" အဲဒီ လက်ရိုက်တံက ခိုးခံလိုက်ရတာလား "
" ရှဲ့တလုက ရှုယင်လင်းရဲ့ လက်ရိုက်တံကို လုယူသွားခဲ့တာပဲ "
ထို အသံများ ပဲ့တင်ထပ်သွားသည်နှင့် လူတိုင်းမှာ ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာအား ချက်ချင်းလှမ်းကြည့်လိုက်ကြ၏။ နောက်ကျောတွင် ဓားရှည်ကြီးတစ်လက် လွယ်ထားပြီး အေးစက်စက်မျက်နှာအမူအရာ တစ်ခုအား ပိုင်ဆိုင်ထားသည့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးမှလွဲ၍ အခြားသူများအားလုံးမှာ ထိုကဲ့သို့ လှမ်းကြည့်မိလိုက်ကြသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ လူအများ၏ စိုက်ကြည့်ခြင်းကို ခံနေရသည့်တိုင်အောင် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် ထိုသို့ အာရုံစိုက်ခံရသည်ကို ကျင့်သားရနေပြီဖြစ်သည်။ သူသည် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ အမည်အား ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကြားသိလိုက်ရသည်ဖြစ်ပြီး သူမ၏ အမည်မှာ အနည်းငယ်ခန့် နားကလောနေသည်ဟု ခံစားလိုက်ရ၏။
" ရှုယင်လင်းတဲ့လား။ နာမည်နဲ့ လူနဲ့ လိုက်လည်းလိုက်ပါတယ်။ အကျင့်ကလည်းပုတ်၊ နာမည်ကလည်း ခေါ်လို့မကောင်း " ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကျေနပ်နေသည့် အမူအရာဖြင့် ရေရွတ်လိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ရှေ့သို့ လှမ်း၍ ဖမ်းဆုတ်လိုက်သည်။ ထိုအခါ သူ၏ရှေ့တွင် ရှိနေသည့် လက်ရိုက်တံမှာ သူ၏ လက်ထဲသို့ ရောက်ရှိလာတော့သည်။
ဝမ်ပေါင်လဲ့ ထို လက်ရိုက်တံအား လှမ်းယူလိုက်စဉ်မှာပင် ခပ်လှမ်းလှမ်းရှိ တောင်ပေါ်မှ ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ဆွံ့အမှင်တက်နေခဲ့ရာမှ သတိပြန်ကပ်သွား၏။ ထိုအခါ သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလိုပင် စူပုပ်သွားပြီး မျက်ဝန်းများထဲ၌ ဒေါသမီးလျှံများ တောက်လောင်လာတော့သည်။ ထို့နောက် သူမသည် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီလာပြီး အော်ဟစ်ကြိမ်းဝါးလိုက်၏။
" ရှဲ့တလု။ နင် သေချင်နေတာပဲ " သူမ၏ စကားသံမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။ သူမသည် ထိုသို့ အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ရှေ့သို့ ပြေးထွက်လာပြီး လေထုကြီးအား ထိုးခွင်းသွားသဖြင့် တရွှီးရွှီးမြည်သံများ ထွက်ပေါ်လာတော့သည်။ တစ်ချိန်ထဲမှာပင် သူမ၏ ကျင့်ကြံခြင်းစွမ်းအားများလည်း ပေါက်ကွဲထွက်ပေါ်လာ၏။
သူမသည် လမ်းတစ်လျှောက်တွင် သူမ၏ လက်နှစ်ဖက်အား ဝှေ့ယမ်းနေခဲ့သဖြင့် ခေါင်းလောင်းသံများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ အသံလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ပတ်ပတ်လည်၌ အရှိန်အဟုတ်ဖြင့် လည်ပတ်နေတော့သည်။ ထိုအချိန်တွင် သူမသည် မန္တန်လက်ကွက်များ ဖော်လိုက်သဖြင့် သူမ၏နောက်တွင် ဧရာမ ငါးကြီးတစ်ကောင် ပေါ်ပေါက်လာ၏။ ၎င်းမှာ အမြီးတယမ်းယမ်းနှင့် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည့်ပုံ ပေါက်နေသည်။ ထို ငါးကြီးမှာ ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ နောက်မှ လိုက်လာပြီး ဝမ်ပေါင်လဲ့ရှိနေသည့် လျှပ်စီးအိုင်ကြီးဆီသို့ ဦးတည်သွားနေပြီဖြစ်သည်။
ထိုအချိန်တွင် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ အသိစိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။ ၎င်းမှာ... အလွန်အင်မတန်မှ စက်ဆုပ်ရွံရှာဖွယ်ရာကောင်းသည့် ရှဲ့တလုအား သတ်ဖြတ်ကာ လက်ရိုက်တံအား ပြန်ယူရန်ဖြစ်သည်။
သူမသည် ဘဝတစ်လျှောက်လုံးတွင် ထိုမျှလောက် ကြီးမားသည့် ဆုံးရှုံးမှုမျိုးနှင့် တစ်ခါမှ မကြုံခဲ့ရဖူးပေ။ သူမကိုယ်တိုင် ပင်ပန်းဆင်းရဲခံ၍ ဖန်တီးခဲ့ရသည့် ပစ္စည်းတစ်ခု နောက်ဆုံးအချိန်တွင်မှ ခိုးယူခံလိုက်ရသည့် ခံစားချက်ကြီးကြောင့် သူမသည် ရူးသွပ်လုမတတ် ခံစားနေရပြီဖြစ်သည်။ သူမ၏ မာနနှင့် ရာထူးအဆင့်အတန်းများကြောင့် သူမသည် ထိုကဲ့သို့ အရှက်ခွဲခံရသည့် ဖြစ်ရပ်မျိုးအား လက်ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူမ၏ မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာ၏။ သူမသည် အလျင်အမြန် လှုပ်ရှားလိုက်သဖြင့် ပြန်လည်ပေါ်ပေါက်လာသည့် အချိန်တွင် ဝမ်ပေါင်လဲ့ရှိနေသည့် လျှပ်စီးအိုင်ကြီး၏ အပြင်ဘက်သို့ ရောက်နေပြီဖြစ်သည်။
ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ဒေါသငယ်ထိပ် ရောက်နေသဖြင့် ရပ်တန့်နေခြင်းမရှိဘဲ ထို လျှပ်စီးအိုင်ကြီးထဲသို့ ခေါင်းတိုးဝင်သွားလိုက်၏။ သူမသည် ၎င်းအား ကျော်ဖြတ်ကာ ဝမ်ပေါင်လဲ့အား သတ်ဖြတ်တော့မည်ဖြစ်သည်။
သူမ တိတ်တဆိတ် ပြုစုပျိုးထောင်ထားခဲ့သည့် ထိုနေရာတစ်ဝိုက်ရှိ တိုက်ပွဲသုံးကျေးကျွန်များပင်လျှင် အံကြိတ်ကာ ဝမ်ပေါင်လဲ့ဆီသို့ ချက်ချင်းဦးတည်လာကြ၏။ သူတို့မှာ သူမနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် ပြင််နေကြခြင်းဖြစ်သည်။ သို့သော် သူတို့အားလုံး အနားမကပ်နိုင်ခင်မှာပင် အုန်းခနဲ မြည်သံကြီးတစ်သံမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ ထို့ကြောင့် လျှပ်စီးအိုင်ကြီးထဲသို့ ပြေးဝင်သွားသည့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ချက်ချင်းဆိုသလိုပင် ပြန်လည်ဆုတ်ခွာလာရတော့သည်။
သူမ၏ ပုံပန်းသွင်ပြင်မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီဖြစ်သည်။ သူမ၏ ဆံပင်များပင်လျှင် အနည်းငယ်ခန့် မီးကျွမ်းသွားရ၏။ သူမသည် နောက်သို့ ပြန်လည်ဆုတ်ခွာလာပြီ ဖြစ်သည့်တိုင်အောင် လျှပ်စီးတန်းများမှာ သူမ၏ နောက်သို့ လိုက်လာကြဆဲပင်။ သူမ လျှပ်စီးအိုင်ကြီးထဲမှ ထွက်ခွာလာချိန်တွင် ထို လျှပ်စီးတန်းများမှာ ပျောက်ကွယ်သွားပါသော်လည်း ၎င်းတို့၏ အန္တရာယ်ပြုနိုင်စွမ်းများကြောင့် အမျက်ချောင်းချောင်းထွက်နေသည့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ အခြားရွေးချယ်စရာ မရှိတော့ဘဲ စိတ်ကို တည်ငြိမ်အောင်ထားလိုက်ရတော့သည်။
ဝမ်ပေါင်လဲ့မှာမူ ခေါင်းလောင်းနှင့် မိန်းမပျိုလေး အထဲသို့ ဝင်လာနိုင်းစွမ်းမရှိကြောင်း သိလိုက်ရသောအခါ လျှပ်စီးအိုင်ကြီး၏ အလယ်၌ တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ သူသည် သူ၏ လက်ထဲမှ လက်ရိုက်တံအား ကိုင်မြှောက်ကစားပြရင်း ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား မော့ကြည့်ကာ လှမ်းခေါ်လိုက်သည်။
" ဘာလို့ အထဲထိ ဝင်မလာတာလဲ။ ဒီဘက်ကို လာခဲ့ပါဟ "
" ရှဲ့တလု " ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ မျက်ဝန်းများထဲမှ ဒေါသမီးလျှံများမှာ တဟုန်းဟုန်း တောက်လောင်နေပြီ ဖြစ်သလို သူမ၏ နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်များမှာလည်း အဆမတန် အားကောင်းလာနေပြီဖြစ်သည်။ သူမသည် စိတ်ကိုတည်ငြိမ်အောင် ထားနိုင်ရန် ကြိုးစားနေပါသော်လည်း ဝမ်ပေါင်လဲ့၏ စကားများကြောင့် နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားရဆဲပင်။ သို့သော် သူမသည် ကြံရာမရ ဖြစ်နေရပြီ ဖြစ်သည်။ သူမသည် အစွမ်းကုန်ထုတ်လျှင်တောင် ရှဲ့တလုရှိနေသည့် လျှပ်စီးအိုင်ကြီး၏ အတွင်းပိုင်းထဲအထိ ဝင်နိုင်မည်မဟုတ်ကြောင်း သိထား၏။
ထို လျှပ်စီးအိုင်ကြီးမှာ အလွန်အင်မတန်မှ ထူးဆန်နေ၏။ ၎င်းမှာ ဘေးပတ်ပတ်လည်ရှိ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့နှင့်အတူ တစ်သားတည်း ပေါင်းစည်းနေသကဲ့သို့ပင်။ သို့ဖြစ်ရာ ၎င်းအား ဖီဆန်ခြင်းမှာ ကမ္ဘာကြီးတစ်ခုလုံးအား ဖီဆန်သကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။ ထို့ကြောင့် သူမသည် အံကြိတ်ကာ သူမ၏ နှလုံးသားထဲမှ မကျေနပ်ချက်များကို ချုပ်တည်းလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လူသေတစ်ယောက်ကဲ့သို့ သဘောထား၍ လှမ်းကြည့်လိုက်၏။ ထို့နောက် သူမသည် နောက်သို့ ချာခနဲ လှည့်သွားပြီး ခုနစ်ဆယ်ရာခိုင်နှုန်းတိတိ ရုပ်လုံးပေါ်လာနေပြီဖြစ်သည့် လက်ရိုက်တံတစ်ချောင်းရှိရာ တောင်ကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။
ထို တောင်ပေါ်ရှိ ကျင့်ကြံသူသုံးယောက်မှာ ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ အမူအရာများ ပြောင်းလဲသွားကြ၏။ သူတို့ထဲမှ တစ်ယောက်မှာဆိုလျှင် စကားပြောရန် ပြင်လိုက်ပါသော်လည်း ပါးစပ်မဟနိုင်ခင်မှာပင် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ဒေါသတကြီး တိုက်ခိုက်လိုက်၏။
ထို့ကြောင့် အုန်းခနဲမြည်သံကြီးနှင့်အတူ အသံလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ထို ကျင့်ကြံသူသုံးယောက်မှာလည်း နောက်သို့ ထွက်ပြေးဆုတ်ခွာသွားရတော့သည်။
" နင်တို့တွေ အပြစ်တင်ချင်ရင် ရှဲ့တလုကို အပြစ်တင်ကြ " ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ထို ကျင့်ကြံသူ သုံးယောက်အား လျစ်လျူရှုကာ သူမ လုယူခဲ့သည့်တောင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်ချလိုက်တော့သည်။ သူမသည် လက်ရိုက်တံအား သန့်စင်နေရင်း ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။
တစ်ချိန်ထဲမှာပင် ထိုကဲ့သို့ လုယက်ခံလိုက်ရသည့် ကျင့်ကြံသူသုံးယောက်မှာ အမျက်ချောင်းချောင်း ထွက်နေပြီဖြစ်သည်။ သို့သော် သူတို့သည် လောလောဆယ်တွင် ယမ်းပုံမီးကျ ပေါက်ကွဲနေရန် အချိန်မရှိကြောင်း နားလည်ထားကြ၏။ ထို့ကြောင့် သူတို့မှာ မျက်ဝန်းများ အရောင်တောက်ပသွားကာ အလျင်အမြန် လူစုခွဲသွားလိုက်ကြပြီးနောက် အခြားတောင်များဆီသို့ ဦးတည်သွားလိုက်ကြတော့သည်။ သူတို့မှာလည်း ထိုတောင်များကို လုယူနိုင်ရန် ကြိုးစားကြတော့မည် ဖြစ်သည်။
ထို့ကြောင့် လက်ရိုက်တံ ရရှိပိုင်ဆိုင်ထားပြီးသားဖြစ်သည့် ပညာရှိပုံစံ လူငယ်လေးနှင့် မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးတို့မှလွဲ၍ အခြားလူများအားလုံးမှာ နစ်နာသွားရ၏။ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် အမှောင်ပညာရပ်အား ထုတ်သုံးခဲ့သည့် မိန်းမငယ်လေးတို့မှာမူ အထူးတလည် နစ်နာသွားခြင်းမရှိပေ။ အများဆုံးအနေနှင့် အခြားသူများမှာ သူတို့အား လောဘတက်နေသည့် မျက်ဝန်းများဖြင့်သာ စိုက်ကြည့်ရဲကြပေသည်။
ဝမ်ပေါင်လဲ့မှာမူ ထို အခြင်းအရာများအားလုံးကို စိုက်ကြည့်နေရင်း မျက်လုံးများ မှေးသွား၏။ သူသည် သေးဖွဲ့သိမ်နုတ်သော မကျေနပ်ချက်များ အတွက်လောက်နှင့် လက်တုံ့ပြန်တတ်သူ မဟုတ်ပါသော်လည်း ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ သူ့အား အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် လက်ရိုက်တံတစ်ချောင်း လုယူနိုင်ရုံလောက်နှင့် သူ၏ ဒေါသများကို ဖြေဖျောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်ပြီးနောက် အသံတိတ်အစားထိုးပညာရပ်အား ထပ်၍ အသုံးပြုလိုက်ပြန်သည်။ ယခုအကြိမ်တွင်လည်း သူ၏ ပစ်မှတ်မှာ... ခေါင်းလောင်းနှင့် မိန်းမပျိုလေး ဖြစ်နေဆဲပင်။
ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ဝမ်ပေါင်လဲ့၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသောအခါ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားရ၏။ သူမသည် ရှဲ့တလု သူမဆီမှ ထပ်၍ လုယူနိုင်သည့် ဖြစ်နိုင်ခြေအား ကြိုမတွေးထားသည်တော့ မဟုတ်ပေ။ သို့သော် သူမသည် ပထမဆုံးအကြိမ်တုန်းက အငိုက်မိသွားခဲ့ခြင်းသာ ဖြစ်သည်ဟု သူမကိုယ်သူမ မှတ်ယူထား၏။ ယခုတွင် ရှဲ့တလုမှာ ထိုနည်းလမ်းကိုသာ နောက်ထပ်တစ်ကြိမ်ထပ်၍ အသုံးပြုလိုက်သည်ဖြစ်ရာ အောင်မြင်နိုင်လိမ့်မည်မဟုတ်ဟု သူမက ယုံကြည်နေသည်။
သို့သော်ငြားလည်း သူမသည် ထိုကဲ့သို့ စိုက်ကြည့်ခံနေရသဖြင့် စိတ်ထဲ၌ မရိုးမရွ ဖြစ်လာရဆဲပင်။ ထို့ကြောင့် သူမသည်လည်း သူ့အား ပြန်၍ စိုက်ကြည့်လိုက်၏။ ထို့နောက် သူမဘက်မှ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပြူးသွားပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
" အို နတ်မိစ္ဆာလျှပ်စီးတန်းများ။ ဒီ လက်ရိုက်တံအား ငါ့အတွက် သွားယူပေးစေသား "
ထို အော်သံကြီး ထွက်ပေါ်လာသည်နှင့် လူအုပ်ကြီးတစ်ခုလုံးမှာ သတိထားမိသွား၏။ ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာလည်း ထိုနည်းတူပင်။ ထို့ကြောင့် သူမသည် ရင်ခုန်နှုန်းများ တစ်ခဏမျှ ရပ်တန့်သွားရပြီး မန္တန်လက်ကွက်များ အလျင်အမြန်ဖော်လိုက်၏။ ထို့နောက် သူမသည် မတ်တတ်ထလာပြီး သူမ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်တော့သည်။ သို့သော် အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးပြီးသွားသည့်တိုင်အောင် သူမသည် သူမ၏ရှေ့တွင် ရှိနေသည့် လက်ရိုက်တံမှာ ပြောင်းလဲသွားခြင်း မရှိသေးကြောင်း သိလိုက်ရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ စကားသံကြီး ထွက်ပေါ်လာသည်။
" အခုတစ်ခေါက်က အပေါ်ယံဟန်ပြပဲ။ နောက်တစ်ခေါက်မှ တကယ်လာမယ် "
" ရှဲ့တလု " ထိုကဲ့သို့ ကျီစယ်ခံလိုက်ရသဖြင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ယမ်းပုံမီးကျပေါက်ကွဲလုမတတ် ခံစားလိုက်ရ၏။ သူမသည် ဝမ်ပေါင်လဲ့ဘက်သို့ ချက်ချင်းလှည့်ကြည့်ကာ အသံကုန်အော်ဟစ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ ခေါင်းလောင်းနှင့် မိန်းမပျိုလေး သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ နှာမှုတ်လိုက်၏။ သူသည် ချက်ချင်း စကားပြန်ပြောခဲ့ခြင်း မရှိဘဲ အသက်ရှူကြိမ်အနည်းငယ်ခန့် စောင့်ဆိုင်းနေလိုက်သည်။ ထို့နောက် သူသည် သူမ၏ လက်ရိုက်တံ ရုပ်လုံးပေါ်လာသည်ကို မြင်လိုက်ရသောအခါမှသာ တည်ကြည်စွာ ဆိုလိုက်တော့သည်။
" နင့်ကို ညည အိပ်မက်ဆိုးတွေ မက်တဲ့အထိ စိတ်ဒုက္ခ မပေးနိုင်ဘူးဆိုရင် ငါ့ကိုယ်ငါ ရှဲ့တလုလို့ မခေါ်တော့ဘူးကွ "