ပျော်ရွှင်ဖွယ်ကျောင်းတော်၏ ကျင့်ကြံရေးဘဝ
Vol. 78 Ch. 1086
“ဘာ..... ဘာအံ့သြစရာလဲ။”
စုရှောင်လန် ရှက်သွေးဖြာသွားရသည်။
အနောက်ပင်လယ်တွင် ပုလဲလည်ဆွဲများ၊ သန္တာလက်စွပ်များ စသဖြင့် လှပသော အရာများစွာ ရှိသည်။
စုရှောင်လန် အတွေးများနေစဥ်မှာပင် အန်လင်းမှာ မဟူရာ လိပ်ခွံတစ်ခု ထုတ်ပေးလာသည်။
“ဒါမင်းအတွက်....”
စုရှောင်လန် : “.....”
“နင်ပြောတဲ့ အံ့သြစရာက လိပ်ခွံလား။”
စုရှောင်လန်မှာ စိတ်ကူးအိပ်မက်များ ပျက်စီးသွားရသည်။
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“ဒါက သာမန်လိပ်ခွံ မဟုတ်ဘူး။ ကုယွီကိုယ်တိုင် ပေးလိုက်တဲ့ ကောင်းကင်မဟူရာကြယ်စင်အခွံပဲ။ သုံးခါအသက်သွင်းနိုင်တယ်။ တာအိုပေါင်းစည်းခြင်း အဆင့်တွေရဲ့ တိုက်ခိုက်မှုကနေ ဆယ်မိနစ်တိတိ ကာကွယ်ပေးနိုင်လိမ့်မယ်။”
အန်လင်းသည် သက်ကယ်ရတနာအား ရှောင်လန်ထံ ပေးလိုက်သည်။
စုရှောင်လန် ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
အန်လင်းသည် ထိုကဲ့သို့ ကိစ္စမျိုးအား စနောက်တတ်သူ မဟုတ်ပေ။
“မဖြစ်ဘူး။ ဒီလိုရတနာက နင်လည်းလိုမှာပဲ။”
သူမ အန်လင်းလက်အား တွန်းလိုက်သည်။
အန်လင်း တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည်။
“မင်းနာမှာကို မြင်ရမှာထက်စာရင် ကိုယ်ပဲအသေခံချင်တာပါ။”
စုရှောင်လန် နှလုံးသားများ လှုပ်ခတ်သွားသည်။
“ငါလည်းတူတူပဲ။ အဲ့ဒါကြောင့် ရိုးရိုးသာမန် လက်ဆောင်လောက်ဆိုရပြီ။”
“မင်းရဲ့ခုခံကာကွယ်ရေးက ကိုယ့်ထက်သာလာတဲ့တစ်နေ့ အဲ့စကားကို လက်ခံပေးမယ်။”
အန်လင်းမှာ ရှားရှားပါးပါးပင် စုရှောင်လန်အား ဆန့်ကျင်နေသည်။
စုရှောင်လန်မှာ အန်လင်းနှင့် ပြိုင်မငြင်းနိုင်သောကြောင့် နောက်ဆုံးလက်ခံလိုက်ရသည်။
သူမ၏ ပါးပြင်လေးများမှာ ရဲတွတ်လို့နေသည်။
မဟူရာလိပ်ခွံနှင့် ဖြူဝင်းသော အသားအရေမှာ ပနံသင့်နေ၏။
အန်လင်း လက်ခုပ်တီးလိုက်သည်။
“အရမ်းလှတယ်။”
စုရှောင်လန် ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။
“ကောင်မလေးရှေ့မှာ လိပ်ခွံကို လှတယ်ပြောတာ နင်ပဲရှိတယ်။”
“မင်းအလှက နှိုင်းစံမမှီဘူးလေ။ လှတဲ့လိပ်ခွံဆိုလည်း မင်းနားမှာ အဆောင်အယောင်သာသာပဲရှိမှာ။ ရုပ်ဆိုးတဲ့ လိပ်ခွံဆိုရင်တော့ သိသိသာသာကြီး ပိုဆိုးသွားမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက်တော့ မင်းကအလှဆုံးပါ။”
အန်လင်း ညင်သာစွာ ပြောလာသည်။
စုရှောင်လန် အန်လင်းအား ကြည့်ရှုလိုက်သည်။
နှုတ်ခမ်းနှစ်စုံမှာ နူးညံ့စွာ ထိတွေ့သွားလေသည်။
တစ်မိနစ်ခန့် ကြာပြီးနောက်.....
အန်လင်းမှာ ပျော်ပျော်ရွှင်ရွှင် ပြန်လာပြီးနောက် အပျော်တိုးစေရန် ရွှယ်ကျန်ထျန်းအား သမပေးလိုက်သည်။
“ဝါး.... သခင်က ကျိုးကြောင်းဆီလျော်မှု မရှိဘူး။”
ရွှယ်ကျန်ထျန်း အော်ဟစ်လာသည်။
အန်လင်း ခေါင်းညိတ်ထောက်ခံကာ ဆော်ပလော်တီးလိုက်ပြန်သည်။
“ဝါး..... သခင်က အရမ်းအရမ်းကို ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။”
ရွှယ်ကျန်ထျန်း မျက်ရည်လည်ရွှဲဖြင့် ပြောလိုက်သည်။
“စကားပြောတတ်သားပဲ။”
အန်လင်း ဝမ်းသာအားရ ချီးကျူးလိုက်သည်။
ရွှယ်ကျန်ထျန်း : “......”
အန်လင်းသည် ထိုညတွင် ရွှယ်ကျန်ထျန်းအား သူနှင့်အတူအိပ်ရန် ဖိအားပေးခဲ့သည်။
၎င်းအား ခေါင်းအုံးအဖြစ် အားပါးတရ အုံးပစ်ခဲ့လေသည်။
နောက်တစ်နေ့၌.....
အန်လင်းမှာ ကျောင်းဝင်းအတွင်း ရောက်နေလေပြီ။
အတန်းငယ်မှ ကျောင်းသားကျောင်းသူများမှာလည်း ထူးခြားလှသော အစ်ကိုကြီးအား လာရောက်ကြည့်ရှုကြသည်။
ကျောင်းတော်၏ ထူးခြားဖြစ်စဥ်တိုင်းတွင် အန်လင်း ရှိနေခဲ့သည်။
နေ့စဥ်နေ့တိုင်း လူသားဝိုင်းရံနေသည်မှာ စိတ်ရှုပ်စရာ ကောင်းလှသည်။
အဆောင်ခန်း၏ စာထည့်ရန် သေတ္တာသည်လည်း ပန်းရောင်စာအိတ်များကြောင့် နေ့တိုင်းပြည့်နှက်နေသည်။
ညဘက်တိုင်းတွင်လည်း သူ့ထံသတ္တိစုကာ ရောက်ရှိလာသော ကျောင်းသားများ ရှိသေးသည်။
ဓားအင်မော်တယ်အန်လင်းမှာ ကျောင်းတော်၏ နံပါတ်တစ် အကျော်အမော်ပင်။
ထိုရက်များမှာ ကုန်ဆုံးသွား၍သာ တော်တော့သည်။
အန်လင်းသည် ကျောင်းပျက်လွန်းသောကြောင့် အင်မော်တယ်စိတ်ဝိဥာဥ်မျှော်စင် စမ်းသပ်မှုအား လွတ်ခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ သူ့အတွက် အရေးမပါလှပေ။
အရေးကြီးသည်မှာ ထျန်းရှီမန်သည် အင်မော်တယ်စိတ်ဝိဥာဥ်မျှော်စင်၏ ရှစ်ဆယ့်သုံးထပ်သို့ ရောက်ရှိခဲ့သဖြင့် ကျောင်းတော်၏ အောင်မြင်ကျော်ကြားသူများစာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။
အားလုံးမှာ ထျန်းရှီမန်အတွက် ဝမ်းသာပေးခဲ့ကြသည်။
ရွှမ်းယွမ်ချန်နှင့် စုချန်းရန်သည်လည်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ပြီးနောက် ကိုးဆယ့်ခုနစ်ထပ်နှင့် ကိုးဆယ့်ခြောက်ထပ်အထိ အသီးသီး ရောက်ရှိခဲ့ကြသည်။
စုရှောင်လန်သည် တာအိုအခြေခံအား ပြန်လည်တည်ဆောက်ပါ ဗာမီလီယမ်ငှက်၏ အစစ်အမှန် သွေးအဆီအနှစ်အား ရရှိထားသောကြောင့် စမ်းသပ်မှုတွင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ပင် ရောက်နေပြီဖြစ်ကာ ကိုးဆယ့်ကိုးထပ်မြောက်ရှိ စစ်နတ်ဘုရား ရှင်းထျန်ကို အနိုင်ရခဲ့သည်။
စစ်နတ်ဘုရား ရှင်းထျန်သည် အန်လင်းနှင့် စုရှောင်လန်အား နှစ်နှစ်ဆက်တိုက် ရှုံးနိမ့်ခဲ့ရသည်။
အန်လင်းမှာ စစ်နတ်ဘုရား ရှင်းထျန် မည်သို့တွေးနေမည်ကို သိချင်မိသွားသည်။
ကံမကောင်းစွာဖြင့် စစ်နတ်ဘုရား ရှင်းထျန်အား အနိုင်ရကာ အမွေအနှစ် ရယူပြီးနောက် စုရှောင်လန်မှာ သတိလစ်သွားသဖြင့် အထပ်တစ်ရာမြောက်သို့ မတက်နိုင်ခဲ့ပေ။
နှမြောစရာ ကောင်းလှသည်။
စုရှောင်လန်သည် နောက်နှစ်တွင် ဧကရာဇ် ဇီဝေးအား သေချာပေါက် သမပစ်မည်ဟုဆိုသည်။
အန်လင်း လက်မထောင်ပြလိုက်သည်။
“ကြိုးစားထား ရှောင်လန် ကိုယ့်အတွက် လက်စားချေခဲ့။ လက်သီးတစ်ချက်တိုင်း အနမ်းတစ်ပွင့်နဲ့ ဆုချမယ်။”
“အရှက်ကိုမရှိဘူး။”
စုရှောင်လန် ရှက်ရွံ့သွားသည်။
“သူ့ကိုအနိုင်ရလာရင်ရော။”
အန်လင်း စိတ်လှုပ်ရှားစွာ ပြောလာသည်။
“အသားချောင်းနဲ့ ဆုချမှာပေါ့။”
ဖြောင်း.....
အန်လင်း လွင့်ထွက်သွားလေသည်။
“နှာဘူးကောင်....”
ထိုအချိန်မှသာ အန်လင်းမှာ ဧကရာဇ် ဇီဝေးအား ရုတ်တရတ် တွေးမိသွားသည်။
ဒင်းငါ့ကို အမွေမပေးရသေးဘူးပဲ.....
သူသည် စနစ်အား ဖွင့်စစ်လိုက်သောအခါ ဧကရာဇ် ဇီဝေးမှာ သူ့အားမုန်းတီးနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။
အန်လင်း : “......”
အဲ့လောက်ထိတောင် အမှတ်ကြီးတာလား......
ဧကရာဇ်တစ်ပါး ဖြစ်နေပြီးတော့......
အန်လင်းမှာ ဇီဝေးနန်းတော်သို့သွားရန် ဆုံးဖြတ်ထားလိုက်သည်။
အချိန်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်။
ရှောင်ချိုးနှင့် ပိုင်ယောင်၏ မင်္ဂလာပွဲလည်း နီးကပ်လာလေပြီ။
စုကျိုးအင်မော်တယ်ဂိုဏ်း၏ ရှင်သန်ရပ်တည်ရေးအတွက် အားလုံးမှာ ဆရာ့ဆရာကြီးများအား တတ်နိုင်သမျှ လိုက်ဖိတ်နေကြသည်။
ကောင်းကင်ဘုံခုံရုံး၏ ကြေညာပေးမှုကြောင့် မင်္ဂလာပွဲအကြောင်း ဝက်ဝက်ကွဲ သိနေကြပြီပင်။
အားလုံးမှာ လောကကြီး၏ စံချိန်စံနှုန်းများအား ဆန့်ကျင်သော မင်္ဂလာမောင်နှံအကြောင်းကို အထူးတလည် စိတ်ဝင်စားနေကြသည်။
ဤသို့ဖြင့် မင်္ဂလာပွဲမှာ ထိုက်ချူကုန်းမြေတခွင် အကြီးကျယ်ဆုံး အခမ်းအနားတစ်ခု ဖြစ်လာသည်။
အန်လင်းသည်လည်း မင်္ဂလာပွဲကို မျှော်လင့်နေပါသော်လည်း စတုတ္ထနှစ်အတွက် နှစ်ကုန်စာမေးပွဲကြီး ရှိနေသောကြောင့် ၎င်းတို့မှာ အနက်ရောင်စိမ့်တောသို့သာ ထွက်ခွာလာခဲ့ရသည်။