သွေးမျိုးနွယ်စုလက်တွဲဖော်
Vol. 78 Ch. 1090
အပိုင်း (၁၀၉၀) : သွေးမျိုးနွယ်စုလက်တွဲဖော်
“ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ လေးယောက် မုန်းဖို့လိုနေတာ။ အခု ဒီမှာ လေးယောက်ရှိနေတယ်ဆိုတော့ နတ်မတာပဲ။”
အန်လင်း၏ မျက်ဝန်းများ တောက်ပနေသည်။
စုရှောင်လန် တိုးညင်းစွာ ပြောလိုက်သည်။
“ဟင်းလင်းပြင်သို့အပြန်အဆင့် လေးယောက်တောင်လေ။ အန္တရာယ်ရှိမှာ မကြောက်ဘူးလား။”
“ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်မှ မဟုတ်တာ။ ဘာဂရုစိုက်ရမှာလဲ။”
အန်လင်းမှာ ယုံကြည်ချက် ရှိနေသည်။
စုရှောင်လန်သည် မည်သည့်စကားမှ မဆိုတော့ပဲ အခြေအနေအား သုံးသပ်လိုက်သည်။
ခန်းမအတွင်း သွေးမျိုးနွယ်စု ကျင့်ကြံသူ ထောင်နှင့်ချီရှိကာ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် နှစ်ရာကျော်၊ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့် ဆယ့်ခြောက်ယောက်နှင့် ဟင်းလင်းပြင်သို့အပြန်အဆင့် လေးယောက် ပါဝင်သည်။
အရိုးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်သစ် စတားဘတ်မှာ မကြာသေးမီကပင် ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
နှင်းသွေးနီဂိုဏ်းချုပ် အလိုင်ဇာနှင့် ကောင်းကင်ဘုံ ကင်းမြှီးကောက်ဂိုဏ်းချုပ် ဆင်ပစွန်တို့မှာ ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်များ ဖြစ်သည်။
ထိုအနေအထားသည် ကိုးပြည်ထောင်တွင် ပထမတန်းစား ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်သောအဆင့် ရှိသည်။
“သွေးမြည်းစမ်းခြင်းပွဲတော်အတွက် ဒီလောက်တောင် လူများတာလား။”
စုရှောင်လန် ရေရွတ်လိုက်သည်။
“လေလံပွဲကလည်း တော်တော်အရေးကြီးပုံရတယ်။”
အန်လင်း၏ အံ့ဖွယ်အာရုံသည် စုရှောင်လန်ထက် အားကောင်းသောကြောင့် သတင်းအချက်အလက်များ ပိုမိုရရှိထားပြီး ဖြစ်သည်။
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
“အမှန်ပဲ။ လေလံတင်မယ့် ပစ္စည်းကို အားလုံးစိတ်ဝင်စားနေကြတာ။”
“အဲ့ဒါဆို နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့။”
စုရှောင်လန် စကားဆိုလာသည်။
သွေးမျိုးနွယ်စု ကျင့်ကြံသူများ စိတ်ဝင်စားနေကြသော ပစ္စည်းကို သူမ အမှန်တကယ် သိချင်မိသည်။
“ခိုးဝင်ကြရင်ရော....”
အန်လင်း အကြံပေးလိုက်သည်။
“လူတွေအများကြီးဆိုတော့ သတိမထားမိလောက်ဘူး။”
“အမ်... ဒါပေမယ့် ငါတို့ပုံစံက....”
စုရှောင်လန် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
သွေးမျိုးနွယ်စုဝင်များသည် ပုံမှန်အားဖြင့် ရွှေရောင်ဆံနွယ်၊ သွေးနီရောင် မျက်ဝန်းများရှိကာ လူသားများနှင့် အနည်းငယ် ကွဲပြားသည်။
“အဲ့ပြဿနာက အေးဆေးပါ။”
အန်လင်းမှာ အံ့ဖွယ်အရည်ဖန်တီးခြင်း အဆင့်တစ်အား အသက်သွင်းလိုက်သည်။
ရေဟူသည်မှာ မည်သည့်အသွင်ကိုမဆို ပြောင်းလဲနိုင်ပေသည်။
အန်လင်းသည် ၎င်းတို့၏ ဆံနွယ်နှင့် မျက်ဝန်းအရောင်များအပြင် မျက်နှာသွင်ပြင်အချို့အား ပြောင်းလဲလိုက်သည်။
မကြာမီပင် အန်လင်းနှင့် စုရှောင်လန်မှာ သွေးမျိုးနွယ်စုဝင်များအသွင် ဖြစ်သွားလေသည်။
“ရှောင်လန် မင်းရဲ့ အရှိန်အဝါက မြင့်မြတ်ထည်ဝါလွန်းနေတယ်။ သွေးမျိုးနွယ်စု မိန်းကလေးတွေက လိင်ဆွဲဆောင်မှု ပြင်းကြတာ။”
“ဒါက..... သွေးမျိုးနွယ်စုတွေထဲမှာလည်း ငါ့လိုမျိုး ရှိကြမှာပါ။”
“ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် အရမ်းရှားလွန်းတယ်လေ။ ဒီအတိုင်းသာဆို အာရုံစိုက်ခံရလိမ့်မယ်။ ကိုယ်တို့က ခိုးဝင်ကြမှာလေ။”
“အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ။”
“ဒီလိုဆိုရင်ရော..... မင်းစိတ်တွေ နိုးကြွလာတဲ့ထိ ကိုယ့်ကိုနမ်းလေ။ အဲ့ဒါဆိုရင် လိင်ဆွဲဆောင်မှုက အလိုလို အားကောင်းလာလိမ့်မယ်။”
“လူယုတ်မာကောင်....”
.........
ခေတ္တမျှ ကြာမြင့်သွားပြီးနောက်....
စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးမှာ လက်ချင်းချိတ်လျက် ဝင်ရောက်လာကြသည်။
အမျိုးသားသည် အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားကာ သွေးနီရောင် မျက်ဝန်းများမှာ အသက်ဝင်နေသည်။
ရွှေရောင်ဆံနွယ်နှင့် အမျိုးသမီးမှာလည်း လိင်ဆွဲဆောင်မှု အားကောင်းကာ အမျိုးသား လက်မောင်းအား တွဲခိုထားသည်။
၎င်းတို့နှစ်ဦးသည် အစားအသောက်များ အပြည့်ရှိနေသော စားပွဲတစ်ခုထံ ဦးတည်ခဲ့ကြသည်။
ထိုသည်မှာ အန်လင်းနှင့် စုရှောင်လန်ပင် ဖြစ်သည်။
စားပွဲတွင် ခင်းကျင်းထားသည်မှာ ကလီစာများ၊ မျက်လုံးများ အစရှိသဖြင့် သောက်ကျိုးနည်း အစိမ်းသက်သက်များပင်။
ထို့အပြင် ယင်းကိုယ်တွင်းအင်္ဂါများမှာ သာမန်တိရစ္ဆာန်များထံမှ မဟုတ်ပေ။
အလင်းတောင်ပံမျိုးနွယ်စု၏ အတောင်ပံများကိုလည်း အစပ်အရသာ တည်ခင်းထားသည်။
သွေးမျိုးနွယ်စုဝင် အမျိုးသားတစ်ဦးမှာ အားပါးတရ စားသုံးနေပါသော်လည်း အန်လင်းနှင့် စုရှောင်လန်မှာ တွေးပင်မတွေးနိုင်ပေ။
ကြည့်ရုံမျှနှင့်ပင် အန်ချင်နေလေပြီ။
“မိန်းမလှလေးနဲ့ သေရည်တစ်ခွက်လောက် အတူသောက်ခွင့် ရှိနိုင်မလား။”
ချောမောခန့်ညားသော အမျိုးသားတစ်ဦး စုရှောင်လန်ထံ ရောက်ရှိလာသည်။
စုရှောင်လန်သည် လှပလွန်းသောကြောင့် ထိုသို့သော အဖြစ်အပျက်များအား ရှောင်လွှဲမရနိုင်ပေ။
“သူမက ငါ့ရဲ့ တာအိုလက်တွဲဖော်ပါ။”
အန်လင်းမှာ စုရှောင်လန်၏ခါးအား ဆွဲဖက်လိုက်သည်။
ချောမောခန့်ညားသော အမျိုးသားမှာ အပြုံးပင် ပျက်မသွားပေ။
“ဟိုနားက ကညာပျိုလေးက ငါ့လက်တွဲဖော်လေ။ ဘယ်လိုလဲ။ လဲကြည့်ချင်လား။”
“စိတ်မဝင်စားဘူး။”
အန်လင်း အေးစက်စက် တုံ့ပြန်လိုက်သည်။
သူသည် ထိုကောင်စုတ်အား အချိန်မရွေး သတ်ပစ်ချင်နေပြီပင်။
ထိုအချိန်တွင် အနီးတွင် ရှိနေသော အမျိုးသားတစ်ဦး ရောက်ရှိလာသည်။
“ကနေတဲ့ ကောင်မလေးက ငါ့လက်တွဲဖော်ပဲ။”
သူရယ်မောကာ ပြောလိုက်သည်။
“လဲကြမလား ကိုယ့်လူ....”
ချောမောခန့်ညားသော အမျိုးသား စိတ်ဝင်စားသွားရသည်။
“ကောင်းပြီလေ။”
ထိုသို့ဖြင့် ရယ်ရယ်မောမော ထွက်ခွာသွားကြသည်။
အန်လင်းနှင့် စုရှောင်လန်မှာ အသက်ရှူသံများ ပြင်းနေကြသည်။
အဲ့လိုမေးခွန်းကို ဒီတိုင်းမေးနေကြတာလား.......
သွေးမျိုးနွယ်စုတွေက အဲ့လောက်တောင် ပွင့်လင်းတာပေါ့လေ......
အန်လင်းမှာ သူ၏အစေခံ ကတ်စီဒီအား ရိုးသားလွန်းသော ကြာပန်းဖြူလေးသဖွယ် ခံစားလိုက်မိသည်။
“ဒီနေရာက ရွံစရာကောင်းလိုက်တာ။”
စုရှောင်လန် စကားဆိုလိုက်သည်။
“တကယ်ရွံစရာကြီး...”
အန်လင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူသည် ဝိုင်ခွက်တစ်ခွက်အားယူကာ အနံ့ခံလိုက်သောအခါ သွေးနံ့ထောင်းထောင်း ရလိုက်သည်။
ထိုသွေးနံ့မှာ ရနံ့သင်းနေပါသော်လည်း မည်သို့ကျိုချက်ထားသည်ကို မသိနိုင်ပေ။
အန်လင်းနှင့် စုရှောင်လန်မှာ အခြားသူများ၏ စကားဝိုင်းကို နားစွင့်နေပြီး မြင့်မြတ်သောတမာန်တော် သုံးပါးသည် သီးသန့်ကျင့်ကြံခြင်းမှ ပြန်လာတော့မည်ဟူသော ကောလဟလများကိုပင် ကြားခဲ့ရသည်။
သွေးမျိုးနွယ်စုဝင် အမျိုးသမီးများသည် အန်လင်းအား မခို့တရို့ကြည့်ကာ စုရှောင်လန်ထံ လက်တွဲဖော်လဲရန် ရံဖန်ရံခါ လာမေးကြသည်။
စုရှောင်လန်မှာ သည်းမခံနိုင်တော့ပေ။
“နင့်ရည်ရွယ်ချက်ကဘာလဲ။”
သူမ တိုက်ရိုက်မေးလိုက်သည်။
“ငါ့လက်တွဲဖော်က နင့်လူလောက်မှ မချောတာ။”
အန်လင်း : “..... “
“အာ....”
သွေးမျိုးနွယ်စုဝင် အမျိုးသမီးမှာ ကြောင်တောင်တောင် ဖြစ်သွားသည်။
“လွန်ခဲ့သော တစ်နှစ်တုန်းက မြင့်မြတ်သောတမာန်တော် ကတ်စီဒီ ရှင်းပြထားတယ် မဟုတ်ဘူးလား။ မတူတဲ့ သွေးတွေက ငါတို့နှလုံးသားနဲ့ တာအိုတရားကို လှုပ်ခတ်စေပြီး ဉာဏ်အလင်းပွင့်စေနိုင်တယ်လေ။ သွေးမျိုးနွယ်စုဝင် တစ်ယောက်အတွက် လတ်ဆတ်တဲ့သွေးက အရေးကြီးတယ်။”
“ငါတို့သွေးတွေကို ညဘက်မှာ လဲလှယ်ရင် ယင်းယန်ပေါင်းစည်းပြီး မတူညီတဲ့ ဉာဏ်အလင်းပွင့်တာတွေ ဖြစ်လာနိုင်တယ်။ အဲ့ဒါတွေကို နင်တို့မသိဘူးလား။”
သွေးမျိုးနွယ်စုဝင် အမျိုးသမီးမှာ အန်လင်းတို့အား ကြည့်ရှုလာသည်။
အဲ့ဒါဆို ဟိုလိုလဲတာ မဟုတ်ဘူးပေါ့.....
အန်လင်းနှင့် စုရှောင်လန် အံ့အားသင့်သွားသည်။
ရိုးသားသော ကြာပန်းဖြူလေး ကတ်စီဒီမှာ ထိုကိစ္စ၏ တရားခံ ဖြစ်နေလေသည်။
ဒင်းက ငါ့သွေးကြောင့် ရူးများသွားတာလား......
သွေးမျိုးနွယ်စုဝင်တွေကရော ဒင်းစကားကို နားလည်မှု လွဲနေကြတာလား.....
“ဘာပဲဖြစ်ဖြစ် အခုသိသွားပြီပဲ။ ဘယ်လိုလဲ။ စမ်းကြည့်မလား။ ဒီမောင်လေးက သိပ်စွမ်းပုံ မရပေမယ့် တက်တက်ကြွကြွ ရှိတယ်လေ။ သူ့သွေးက အရသာ ရှိမှာပါ။”
သွေးမျိုးနွယ်စုဝင် အမျိုးသမီးမှာ အန်လင်းအား မျက်စိမှိတ်ပြလိုက်သည်။
“ကောင်လေး ဒီညငါနဲ့တွေ့ချင်လား။”
အန်လင်း ခေါင်းခါပြလာသည်။
“ကျေးဇူးပဲ။ ဒါပေမယ့် ကျွန်တော့်သွေးကို ခံနိုင်ရည် ရှိမှာမဟုတ်ဘူး။”
အန်လင်းမှာ အမှန်တရားအား ဆိုလိုက်ခြင်းပင်။
လက်ရှိအချိန်၌ သူ၏သွေးသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်များကိုပင် သေစေနိုင်လောက်သည်။
“အဟင့်ဟင့်.... ကြောက်လိုက်တာနော်။”
ထိုအမျိုးသမီးမှာ ရင်ဘတ်အားပုတ်ကာ ရယ်မောလိုက်သည်။
စုရှောင်လန် မျက်နှာပျက်ကာ ဓားအားထုတ်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် စကားသံတစ်ခု ထွက်ပေါ်လာသည်။
“ကြွရောက်လာတဲ့ ဧည့်သည်တော်များခင်ဗျား..... သွေးမြည်းစမ်းခြင်းပွဲတော်ရဲ့ လေလံပွဲကို စတင်တော့မှာပဲ ဖြစ်ပါတယ်။”
ခန်းမအလယ်ရှိ စင်မှာစတင်မြင့်တက်လာသည်။
အပြာရောင် အကာအရံမှာ စင်တစ်ခုလုံးအား လွှမ်းခြုံသွားလေသည်။
ထိုအကာအရံသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကိုပင် တားဆီးထားနိုင်သည်။
အရိုးမိစ္ဆာဂိုဏ်းချုပ် စတားဘတ်မှာ လေလံပွဲအား ကျင်းပမည့်သူပင်။
ထိုသို့ဖြင့် သွေးမျိုးနွယ်စုဝင် အမျိုးသမီးမှာ သေဘေးမှ လွတ်မြောက်သွားသည်။
အားလုံး၏ အာရုံမှာလည်း ခန်းမအလယ်သို့ ရောက်ရှိသွားသည်။
စောင့်မျှော်ခဲ့ရသော လေလံပွဲမှာ စတင်တော့မည်ပင် ဖြစ်လေသည်။