ငွေရှာနည်းအသစ်
Vol. 78 Ch. 1092
အန်လင်းမှာ ကိုယ့်သွေးကိုယ် အာရုံခံမိနေသည်။
စုရှောင်လန်သည်လည်း သွေးစက်ထံမှ ရင်းနှီးသော အရှိန်အဝါအား ရရှိနေသည်။
ထို့ကြောင့် ၎င်းတို့နှစ်ဦးလုံး အံ့သြမိနေကြခြင်း ဖြစ်သည်။
“သွေးမျိုးနွယ်စုရဲ့ နတ်ရတနာက ငါ့သွေးတဲ့လား။”
အန်လင်း မျက်လုံးပြူးနေမိသည်။
စုရှောင်လန် ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။
“သူတို့အတွက်တော့ နတ်ရတနာ ဖြစ်ချင်ဖြစ်မှာပေါ့။”
ကတ်စီဒီ၊ မာလင်နှင့် တိုဘိယတို့သည် အန်လင်းအပေါ် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ရိုကျိုးကြသည်ကို သူမ သိရှိထားသောကြောင့် အထူးအဆန်းတော့ မဟုတ်ပါချေ။
အန်လင်း စိတ်ပျက်သွားရသည်။ သူသည် လေလံပွဲမှ တန်ဖိုးအရှိဆုံး ရတနာအား ခိုးယူရန် ကြံစည်ထားပါသော်လည်း ထိုသည်မှာ သူ၏သွေးတစ်စက်သာ ဖြစ်နေလေသည်။
ဘယ်လိုဟာသလဲ......
သို့သော် အနည်းငယ်မျှ တွေးတောပြီးနောက် ကျိုးကြောင်းဆီလျော်မှုရှိကြောင်း သိရှိလိုက်ရသည်။
ကတ်စီဒီ၊ မာလင်နှင့် တိုဘိယတို့သည် အန်လင်း၏သွေးကြောင့် မြင့်မြတ်သောတမာန်တော် ဖြစ်လာခဲ့ကြသည် မဟုတ်လော။
ကတ်စီဒီက ဘာလုပ်ချင်နေတာလဲ.....
သူမ၏ အသက်ထက်ပင် အန်လင်း၏သွေးအား တန်ဖိုးထားသူသည် အကြောင်းပြချက် မရှိပဲ ယခုကဲ့သို့ လုပ်မည်မဟုတ်ပေ။
အန်လင်း တစ်စုံတစ်ခုအား တွေးမိသွားသည်။
“သူမက ငါ့အတွက် လက်အောက်ငယ်သားတွေ စုပေးနေတာများလား။”
“ငါ့သွေးအရင်ပေးထားပြီးတော့မှ ငါနဲ့တွေ့ပေးမလို့လား။”
ထိုသည်မှာ အခြေအမြစ် မရှိသော အတွေးမဟုတ်ပေ။
အန်လင်း၏သွေးအား ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်မှသာ စုပ်ယူနိုင်မည်ဖြစ်ပြီး အလိုင်ဇာရော၊ ဆင်ပစွန်ပါ တိုက်တိုက်ဆိုင်ဆိုင် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် ဖြစ်နေသည်။
ကတ်စီဒီသည် သူ့အား လက်ညှိုးထိုးကာ 'ဒါမြင့်မြတ်ခေါင်းဆောင်ပဲ'ဟူ၍ မိတ်ဆက်ပေးမည့် ပုံစံကိုပင် မြင်ယောင်လာမိသည်။
......
အန်လင်းနှင့် စုရှောင်လန်မှာ ထိုသွေးစက်အား အထင်မကြီးကြပါသော်လည်း သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ အကြည့်ပင် မခွာနိုင်ကြပေ။
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများဖြစ်သော အလိုင်ဇာနှင့် ဆင်ပစွန်သည်ပင် ထိုသွေးစက်အား တောင့်တနေကြောင်း သိသာလွန်းနေသည်။
သွေးမျိုးနွယ်စုဝင်များသည် သွေးများနှင့် ပက်သတ်၍ ခံစားမှု ဖြစ်သောကြောင့် ထိုသွေးစက်သည် ပုံမှန်ထက် ထူးကဲကြောင်း အာရုံခံမိကြသည်။
“လေလံစလိုက်တော့။”
အလိုင်ဇာမှာ စိတ်လှုပ်ရှားမှုကြောင့် ပါးပြင်များပင် နီရဲနေသည်။
စတားဘတ် ပြုံးကာပြောလာသည်။
“ဧည့်သည်တော်များခင်ဗျား..... ဒီသွေးစက်က အဆင့်မြင့် အင်မော်တယ်ဆေးလုံးထက်တောင် အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒီသွေးစက်ကို သောက်လိုက်တာနဲ့ အိပ်မက်ဆန်တဲ့ ခံစားချက်နဲ့အတူ ပြီးပြည့်စုံတဲ့ ခံစားချက်ကို ရလိမ့်မယ်လို့ မြင့်မြတ်သောတမာန်တော် ကတ်စီဒီကိုယ်တိုင် အာမခံပေးထားပါတယ်။”
“ကြမ်းခင်းစျေးကတော့ စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းပါ။”
ခန်းမတစ်ခုလုံး ဆူညံသွားရသည်။
သွေးတစ်စက်သည် ဖမ်းရခက်လွန်းသော တောင်ပံနက်မျိုးနွယ်စုထက်ပင် စျေးပိုကြီးနေသေးသည်။
မြင့်မြတ်ခေါင်းဆောင်သွေးက တကယ်တန်ဖိုးကြီးတာပဲ.....
သွေးမျိုးနွယ်စုဝင်များမှာ အံ့အားသင့်နေပါသော်လည်း ကြမ်းခင်းစျေးအား မေးခွန်းမထုတ်ကြပေ။
စုရှောင်လန်မှာ အန်လင်းလက်အား ညှစ်လိုက်သည်။
“နင့်သွေးက စျေးတော်တော်ကြီးတာပဲ။”
အန်လင်းမှာ မည်သည့်စကားမှ မပြောပေ။ သို့သော် သူ၏မျက်ဝန်းများ တောက်ပနေလေသည်။
“ကိုယ်တော့ ငွေရှာနည်းအသစ် တွေ့ပြီထင်တယ်။”
စုရှောင်လန် : “.....”
“နင်က သွေးရောင်းမလို့လား။”
စုရှောင်လန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“ဟုတ်တယ်။”
အန်လင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ငွေရရုံတင် မကဘူး။ သူလျှိုတွေပါ ရဦးမှာ။ ဟမ့်.... ကတ်စီဒီက တော်သားပဲ။ သူမ လိုချင်သလောက် မြင့်မြတ်ခေါင်းဆောင်သွေးတွေ ပေးပစ်ဦးမယ်။”
“ဒါပေမယ့် ရှားပါးတာကမှ တန်ဖိုးကြီးတာမို့လို့ အနေအထားတစ်ခုလည်း ကန့်သတ်ရမယ်။”
“သလင်းကျောက်တောင် ရတနာ ဖြစ်နိုင်သေးတာပဲ။ ကိုယ့်သွေးက သွေးမျိုးနွယ်စုအတွက် တကယ်အကျိုးသက်ရောက်မှု ရှိတယ်လေ။”
စုရှောင်လန် မျက်စောင်းထိုးလာသည်။
“နင့်ကိုယ်နင် မြင့်မြတ်ခေါင်းဆောင်လို့ သတ်မှတ်နေပြီပေါ့လေ။”
“ဘာပဲဖြစ်ဖြစ် သွေးမျိုးနွယ်စုခေါင်းဆောင်ရဲ့ မြင့်မြတ်နယ်မြေကို ကတ်စီဒီတို့ပဲ ဝင်ခွင့်ရှိတာလေ။”
အန်လင်း ရယ်မောလိုက်သည်
“ဘယ်သူက ဘာပြောနိုင်မှာလဲ။”
စုရှောင်လန် အနည်းငယ် စိုးရိမ်နေသည်။
“အန္တရာယ် မများဘူးလား။”
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
“သတိထားတာကောင်းမယ်။ ပြန်ရောက်မှ သေသေချာချာ စီစဥ်မယ်။”
.........
သွေးစက်လေလံပွဲမှာ စတင်ခဲ့လေပြီ။
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်များလည်း လေလံတွင် ပါဝင်ကြသည်။
သို့သော် လုံလောက်သော ငွေကြေးမရှိသဖြင့် မကြာမီပင် ရပ်တန့်သွားရသည်။
အချို့ဆိုလျှင် ငွေချေးများပင် ပြုလုပ်ကြသေးသည်။ ၎င်းတို့သည် မည်သည့်တန်ကြေးနှင့်မဆို ထိုသွေးစက်အား ရယူလိုကြသည်။
အလိုင်ဇာနှင့် ဆင်ပစွန်သည် လေလံအောင်နိုင်ခြေ အမြင့်ဆုံးသူများ ဖြစ်သည်။
၎င်းတို့နှစ်ဦးမှာ အသည်းအသန် လေလံဆွဲနေကြသည်။
ငွေအပြင် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် အစေခံတစ်ဦးပါ ထပ်ရနိုင်ခြေ ရှိနေသောကြောင့် အန်လင်းမှာ ကတ်စီဒီ၏ အကြံအား မချီးကျူးပဲ မနေနိုင်ပေ။
အဆုံးတွင်မူ စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းရှစ်သိန်းဖြင့် ဆင်ပစွန်မှ အနိုင်ရသွားသည်။
ထိုသည်မှာ ကြမ်းခင်းစျေး နှစ်ဆနီးပါးပင်။
“ရှောင်လန် အသင့်ပြင်ထားတော့။”
အန်လင်း ပြုံးကာပြောလာသည်။
စုရှောင်လန် ခေါင်းညိတ်ပြကာ အာရုံစိုက်ထားလေသည်။
“မြင့်မြတ်သွေးစက်ကို လက်ခံရန် ဂိုဏ်းချုပ် ဆင်ပစွန် စင်မြင့်ပေါ်ကြွပါ။”
စတားဘတ် ကြေညာပေးလိုက်သည်။
ထိုအချိန်တွင် ဆင်ပစွန် မဟုတ်သော အရိပ်တစ်ခု လှုပ်ရှားလာလေသည်။
လျင်မြန်လွန်းလှသော ထိုအရိပ်ကြောင့် စတားဘတ် အမူအရာ ပြောင်းသွားစဥ်မှာပင် ရှောင်ချိန်မရလိုက်ပဲ လက်သီးတစ်လုံး စားလိုက်ရသည်။
ဝုန်း......
ကြောက်မက်ဖွယ် ပေါက်ကွဲသံနှင့်အတူ စတားဘတ်လည်း လွင့်ထွက်သွားရသည်။
တိုက်ခိုက်သူမှာ အန်လင်းဖြစ်ပြီး စင်မြင့်ထက်သို့ပင် ရောက်နေလေပြီ။
“မြင့်မြတ်သွေးစက်တောင် ခိုးရဲတယ်ပေါ့လေ။”
ခက်ခက်ခဲခဲ လေလံအောင်ထားသော ဆင်ပစွန်မှာ ဒေါသထွက်သွားရသည်။
“ကျင့်ကြံသူ ဆင်ပစွန် စိတ်မပူပါနဲ့။ အကာအရံက ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်တွေတောင် ထိုးဖောက်နိုင်မှာ မဟုတ်ဘူး။”
ဘလက်ခ်မှ တည်ငြိမ်စွာ ပြောလိုက်သည်။
ဝုန်း.....
ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြန်သာည်။
အကာအရံမှာ ပျက်စီးသွားလေပြီ။
အန်လင်းမှာ သွေးစက်အား မြိုချကာ အရသာခံလိုက်သည်။
“မြင့်မြတ်သွေးစက်က တကယ်ကောင်းတာပဲ။”
ဟမ့်..... ငါ့သွေးပဲဟာ....
ဆင်ပစွန် : “.....”
ဘလက်ခ် : “.....”
ဆင်ပစွန်မှာ ဘလက်ခ်အား ကြည့်ရှုလိုက်သည်။
“ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်တောင် မဖျက်နိုင်ဘူးဆို...”
ဘလက်ခ်မှာလည်း အရူးလုပ်ခံရသလို ခံစားလိုက်ရသည်။
“အစောင့်တွေ.... ဒင်းကို မလွတ်စေနဲ့။”
ဂိုဏ်းကာကွယ်ရေး ဝင်္ကပါမှာ ချက်ချင်းအသက်ဝင်လာသည်။
ခန်းမအတွင်း သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပြည့်လျှံသွားလေသည်။
ဒင်....
ဒင်.....
ဒင်.....
အန်လင်း၏စိတ်ထဲ အချက်ပေးသံများ ပေါ်ထွက်လာသည်။
(ဆင်ပစွန် +၁၊ ဘလက်ခ် +၁၊ စတားဘတ် +၁)
“အဟ.... သုံးယောက်ကို တစ်ခါတည်း ရလိုက်တာပဲ။”
အန်လင်း ပြုံးလိုက်ပြီးနောက် မိစ္ဆာရှင်းဓားအား ထုတ်လိုက်လေသည်။
“မင်းတို့ကို မရဏပင်လယ်ထဲ ပို့ပေးရသေးတာပေါ့။”