နှစ်ယောက်နှင့်တစ်ထောင်
Vol. 78 Ch. 1093
ဝုန်း.......
ဟင်းလင်းပြင်သို့အပြန် အဆင့်များ၏ ကြောက်မက်ဖွယ် အရှိန်အဝါသုံးခု ပေါက်ကွဲထွက်ပေါ်လာသည်။
ဘလက်ခ်၊ ဆင်ပစွန်နှင့် စတားဘတ်မှာ တစ်ချိန်တည်း တိုက်ခိုက်လာကြသည်။
အန်လင်းမှာ ပြန်လည်ပြင်ဆင်ပြီးဖြစ်သော ဂမ်ဒမ်သုံးနှင့် ယောင်ကျီးအား ထုတ်ဖော်လိုက်သည်။
“ဂမ်ဒမ်သုံး ဘလက်ခ်ကိုတားထား၊ ယောင်ကျီး ဆင်ပစွန်ကိုထိန်းထား....”
အန်လင်းသည် သူ့အား မုန်းတီးမလာသေးသော အလိုင်ဇာအား ကြည့်ရှုလိုက်သည်။
သူမသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ဖြစ်သောကြောင့် သူ၏ပစ်မှတ်ထဲ ပါဝင်ပေသည်။
ဂမ်ဒမ်သုံးမှာ ဘလက်ခ်ထံ ပြေးဝင်သွားသည်။
“လစ်စမ်းပါ။”
ဘလက်ခ်ထံမှ ရွှေနဂါးတစ်ကောင် ပေါ်ထွက်လာကာ ဂမ်ဒမ်သုံး၏ လက်သီးအား လွှမ်းခြုံသွားသည်။
ဝုန်း.......
ရွှေရောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာကာ ဂမ်ဒမ်သုံးရော၊ ဘလက်ခ်ပါ လွင့်ထွက်သွားရသည်။
ထိုအချိန်တွင် ယောင်ကျီးမှာလည်း ဆင်ပစွန်နှင့် တိုက်ခိုက်နေလေပြီ။
“ယီးတဲ့မှ.... ဂမ်ဒမ်တစ်ကောင်က အဲ့လောက်တောင်ကြမ်းလား။”
ယောင်ကျီး၏ ဓားချက်များအား ကာကွယ်ရင်း ဆင်ပစွန်လက်တွင် သွေးများထွက်နေပြီ ဖြစ်သည်။
အန်လင်းမှာ အလိုင်ဇာထံ ခုန်ဝင်သွားသည်။
အရိုးမိစ္ဆာဂိုဏ်း၏ အကြီးအကဲများမှာလည်း အလိုင်ဇာ အခွင့်အရေး ရစေရန်အတွက် အန်လင်းအား တိုက်ခိုက်လာကြသည်။
အနီရောင်ဝတ်စုံနှင့် အကြီးအကဲများမှာ အန်လင်းထံ တစ်ဦးပြီးတစ်ဦး ချည်းကပ်လာသည်။
ထိုအချိန်တွင် အပြာရောင် လျှပ်စီးနှင့် အဖြူရောင် မီးတောက်များ ရုတ်ချည်းပေါ်ထွက်လာကာ ကြောက်မက်ဖွယ် ပေါက်ကွဲသွားသည်။
ထိုလျှပ်စီးမီးတောက်နှင့် ထိတွေ့မိသော စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းနှင့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်များအားလုံး မီးသွေးတုံး အလောင်းများ ဖြစ်ကုန်သည်။
“ဘယ်သူလဲ။”
သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ အမူအရာ ပြောင်းလဲသွားကြသည်။
လျှပ်စီးနှင့် မီးတောက်များ ဝန်းရံထားသော နဂါးစာကလေးဓားမှာ ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
မြေပြင်ပေါ် စိုက်ထားသောဓားမှာ ချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။
ရွှေရောင်ဆံနွယ်၊ သွေးနီရောင် မျက်ဝန်းများနှင့် မြင့်မြတ်လွန်းသော မိန်းမငယ်တစ်ဦးမှာ တင့်တယ်စွာ သက်ဆင်းလာသည်။
“ဒီစည်းကို ကျော်တဲ့သူ မှန်သမျှ သေရမယ်။”
စုရှောင်လန် အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ သွေးဆာသူများ ဖြစ်ပါသော်လည်း ထိုအမျိုးသမီး၏ အရှိန်အဝါအား ထိတ်လန့်မိကြသည်။
“ဟမ့်... စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်လေးကများ ခြိမ်းခြောက်ရဲတယ်ပေါ့။”
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူမှာ ဒေါသတကြီးဖြင့် စုရှောင်လန်ထံ ရောက်ရှိလာသည်။
“မဟူရာအရိပ် အဆိပ်ကင်းမြှီးကောက်နယ်ပယ်....”
သူသည် သွေးဆာလောင်စွာဖြင့် အဆိပ်နယ်ပယ်အား ဖြန့်ကျက်ပစ်လိုက်သည်။
ဝုန်း......
ထက်ရှလှသော နဂါးစာကလေးဓားမှာ ထိုနယ်ပယ်အား ပိုင်းဖြတ်ပစ်လိုက်သည်။
မြင့်မြတ်မီးတောက်များ၏ ကြီးစိုးမှုနှင့်အတူ မိစ္ဆာကင်းမြှီးကောက်များလည်း ပြာကျသွားလေသည်။
သွေးမျိုးနွယ်စု ကျင့်ကြံသူများ ထိတ်လန့်ကုန်ရသည်။
မောက်မာနေခဲ့သော စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူမှာလည်း ဘာမှမပြောနိုင်သေးခင် ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားရသည်။
၎င်းထံမှ အနီရောင် အလင်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းအား စုရှောင်လန်မှ စုပ်ယူပစ်လိုက်သည်။
“နတ်ဘုရားသတ်ဖြတ်ခြင်းကျင့်စဥ်က ဒီလိုမျိုးလား။”
စုရှောင်လန် ခပ်ဖွဖွ ရယ်မောလိုက်သည်။
စစ်နတ်ဘုရား ရှင်းထျန်ဆီမှ အမွေရလာသော ကျင့်စဥ်မှာ အသုံးဝင်ပုံ ရသည်။
သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ ကြောက်ရွံ့သွားကြပါသော်လည်း အချို့မှာ စုရှောင်လန်ထံ ချီတက်လာဆဲပင်။
တစ်ဦးချင်း မတိုက်နိုင်ပါက အုပ်စုဖွဲ့ တိုက်ခိုက်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ စုရှောင်လန်သည် ဟင်းလင်းပြင်သို့အပြန်အဆင့် မရောက်သေးသော စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့် သက်သက်သာ ဖြစ်သည်။
သူမ၏ စွမ်းအင်များ ကုန်ခမ်းသွားပါက အလွယ်တကူ အနိုင်ရနိုင်လိမ့်မည်။
ထိုသို့ဖြင့် စုရှောင်လန်အား စုပေါင်းတိုက်ခိုက်ကြတော့သည်။
စုရှောင်လန်သည် နဂါးစာကလေးဓားအားကိုင်ကာ ပတ်ဝန်းကျင် တခွင်လုံးကို မီးပင်လယ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
သူမသည် သွေးမျိုးနွယ်စု ကျင့်ကြံသူများအား တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပစ်လေသည်။
“သူမကို ထိန်းထားကြ။ ဒီအတိုင်းဆို မလွယ်တော့ဘူး။”
သွေးမျိုးနွယ်စု ကျင့်ကြံသူတစ်ဦး အော်ဟစ်လိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးထံတွင် သွေးမျိုးနွယ်စုများ ပြုတ်ပြုတ်ပြုန်းနေရသည်။
အလောင်းများ ပုံလာသည်နှင့်အတူ စုရှောင်လန်၏ အရှိန်အဝါမှာလည်း ပိုမိုအားကောင်းလာသည်။
အယောက်နှစ်ရာခန့် သေဆုံးသွားပြီးနောက် သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ စတင်ထိတ်လန့်လာမိကြသည်။
သူမသည် ပင်ပန်းနွမ်းနယ်ခြင်း အလျဥ်းမရှိသော သတ်ဖြတ်ခြင်း မရဏနတ်ဘုရားမ တစ်ပါးလိုပင်။
ထိုသည်မှာ တစ်ဦးနှင့် တစ်ထောင် တိုက်ပွဲ ဖြစ်နေလေပြီ။
သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ ချောက်နက်အား မဖြတ်ရဲကြတော့ပေ။
၎င်းတို့သည် အဝေးမှနေ၍သာ လှမ်းတိုက်ကြတော့သည်။
ဝုန်း......
ခန်းမအတွင်း စွမ်းအင်ပေါက်ကွဲမှုများ ဆူညံနေသည်။
စုရှောင်လန်သည် နဂါးစာကလေးဓားဖြင့် မြင့်မြတ်မီးတောက်များ ဖော်ထုတ်ကာ အဝေးမှ သွေးမျိုးနွယ်စု ကျင့်ကြံသူများကိုပါ ပြာကျသွားစေသည်။
ဗာမီလီယမ်ငှက်တစ်ကောင် ဆင်းသက်လာသည်နှယ် မြေပြင်တွင် မီးတောက်များ လွှမ်းခြုံနေ၏။
“ငါတို့စည်းမကျော်ဘူးလေ။ ဘာလို့ဒီထိ တိုက်နေတာလဲ။”
သွေးမျိုးနွယ်စု ကျင့်ကြံသူတစ်ဦး အော်ဟစ်လာသည်။
စုရှောင်လန် ခပ်ဖွဖွ ပြုံးလိုက်သည်။
စည်းမကျော်တဲ့သူတွေကို မသတ်ဖူးမှ မပြောခဲ့တာ......
အချိန်တိုအတွင်းမှာပင် ခန်းမထဲရှိ သွေးမျိုးနွယ်စု ကျင့်ကြံသူ တဝက်ခန့် သေဆုံးသွားလေပြီ။
စုရှောင်လန်မှာ ရုတ်တရတ် အန္တရာယ် အငွေ့အသက်အား ရရှိလိုက်သည်။
သွေးနီရောင် ဓားပုံရိပ်တစ်ခုမှာ သူမ၏ ရင်ဘတ်ထံ ဦးတည်ပျံဝဲလာသည်။
အရိုးမိစ္ဆာဂိုဏ်းချုပ် စတားဘတ်ကိုယ်တိုင် လှုပ်ရှားလာလေပြီ။
အန်လင်း၏ လက်သီးရာအား ၎င်း၏မျက်နှာထက်တွင် တွေ့နိုင်ပါသော်လည်း အရှိန်အဝါမှာ လျော့နည်းမနေပေ။
စတားဘတ်သည် အစောပိုင်းတွင် အေးအေးဆေးဆေး ထိုင်ကြည့်ရန်သာ ဆုံးဖြတ်ခဲ့သည်။ သူမသည် သူခိုး၏ လက်တွဲဖော်သာ ဖြစ်သောကြောင့် အားနည်းမည်ဟု ယူဆမိခဲ့ခြင်းလည်း ဖြစ်သည်။
သူသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ဖြစ်သည့်အတွက် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် အမျိုးသမီးတစ်ဦးမှာ သူ့အား ယှဥ်နိုင်မည် မဟုတ်ပေ။
ထိုအမျိုးသမီးသည် သူ၏ဓားကိုပင် ရှောင်ရှားခြင်း မပြုပေ။
“သေချင်နေတာပဲ။”
စတားဘတ် လှောင်ပြောင်လိုက်သည်။
သွေးနီရောင် ဓားပုံရိပ်မှာ လျှပ်စီးအလား လျင်မြန်လွန်းလှသည်။
ဘန်း.....
နားကွဲမတက် ပေါက်ကွဲသံနှင့်အတူ စုရှောင်လန်ရှေ့တွင် ရပ်တန့်သွားလေသည်။
မိုးပြာရောင် နဂါးတစ်ကောင်မှာ စုရှောင်လန်အား ရစ်ပတ်ကာ ဓားအားတားဆီးထားသည်။
“ဘာ....”
စတားဘတ် မျက်လုံးပြူးသွားရသည်။
စုရှောင်လန်မှာ လျင်မြန်လှသော အရှိန်ဖြင့် စတားဘတ်အား တိုက်ခိုက်လိုက်သည်။
ဝှစ်......
လေထုထဲတွင် သွေးနံ့ထောင်းထောင်းထသွားသည်။
“ဒီစည်းကျော်တဲ့သူ မှန်သမျှ သေရမယ်လို့ ပြောပြီးသား။”