သွေးမျိုးနွယ်စု၏ တုံ့ပြန်ချက်
Vol. 79 Ch. 1099
အန်လင်းမှာ စုရှောင်လန်၏ စကားကြောင့် ရင်ထဲထိသွားရသည်။
တိုက်ပွဲများ တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့မှာ ချမ်းသာကြွယ်ဝမှုအား ချက်ချင်းရရှိလိုက်ကြသည်။
အန်လင်းသည် ပြဿနာရှာရန် စိတ်အားထက်သန်နေပါသော်လည်း စုရှောင်လန်မှ လေးလေးနက်နက် တားဆီးလိုက်သည်။
သွေးမျိုးနွယ်စုအား ရန်စခဲ့ခြင်းကပင် လုံလောက်သည်ထက် ပိုနေလေပြီ။
ရပ်တန့်ခြင်း မရှိပဲ ဆက်လက်သောင်းကြမ်းနေပါက တာအိုပေါင်းစည်းခြင်းအဆင့်များနှင့်ပင် ရင်ဆိုင်ရလာနိုင်သည်။
အန်လင်း အနည်းငယ် တွေးတောပြီးနောက် စုရှောင်လန်၏ စကားမှာ အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။
အရိုးမိစ္ဆာဂိုဏ်း၏ သွေးမြည်းစမ်းခြင်းပွဲတော်တွင် သွေးမျိုးနွယ်စုဝင်များစွာ အရှင်းခံလိုက်ရသောကြောင့် ထိုသည်မှာ ပြဿနာကြီးတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် လင်းကန်မြို့တော်တွင်သာ ရှောင်နေသင့်သည်။
၎င်းတို့မှာ ရရှိလာသော ပစ္စည်းများအား ဆက်လက်ရေတွက်လိုက်ကြသည်။
စုရှောင်လန်၏ ပစ္စည်းများထဲတွင် အဆင့်မြင့် စိတ်ဝိဥာဥ်လက်နက်နှင့် စိတ်ဝိဥာဥ်ဆေးလုံး အနည်းငယ်သာ ပါဝင်ပါသော်လည်း အဆင့်နိမ့် ပစ္စည်းများမှာ များပြားလွန်းလှသည်။
အန်လင်း ရရှိထားသော ပစ္စည်းများမှာမူ အရေအတွက် မများလှပါသော်လည်း တန်ဖိုးကြီးလှပေသည်။ စိတ်ဝိဥာဥ်လက်နက် ဆယ့်ခြောက်ခု၊ စိတ်ဝိဥာဥ်ဆေးလုံး လေးဆယ့်ခြောက်လုံးအပြင် အင်မော်တယ်ဆေးလုံး လေးလုံးနှင့် အင်မော်တယ်လက်နက် တစ်ခုတို့ ပါဝင်သည်။
ဆင်ပစွန်၏ သိုလှောင်လက်စွပ်ထဲမှ အလယ်အလတ်အဆင့် အင်မော်တယ် ရတနာသည် သွေးဝိဥာဥ်ကားတိုင်ဟုခေါ်ပြီး သွေး၊ အံ့ဖွယ်အာရုံတို့နှင့် အသက်သွင်းကာ ရန်သူ၏ အသက်စွမ်းအင်(သွေးသားစွမ်းအင်)အား ဖိနှိပ်ထားနိုင်သည်။
ထိုရတနာသည် အသုံးဝင်လှပြီး ဆင်ပစွန်မှာ ကံဆိုးလွန်း၍သာ အသက်စွမ်းအင်(သွေးသားစွမ်းအင်) မရှိသော ယောင်ကျီးနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
အင်မော်တယ်ဆေးလုံး လေးလုံးသည် သတ္တမအဆင့်ဖြစ်ကာ သွေးသစ်လောင်းဆေးများ ဖြစ်ကြသည်။ ဒဏ်ရာကျက်မြန်စေခြင်း၊ သက်ရှိစွမ်းအင် အားပြည့်စေခြင်းတို့ကြောင့် သွေးမျိုးနွယ်စု ကျင့်ကြံသူများ နှစ်သက်တတ်ကြသည်။
သွေးမျိုးနွယ်စု၏ သုတေသနမှာ ကောင်းမွန်သောကြောင့် ဆေးလုံးများ၏ အရည်အသွေးမှာလည်း ပြောစရာ မလိုလောက်အောင်ပင်။
အန်လင်း ခပ်ဖွဖွပြုံးကာ ပစ္စည်းများ သိမ်းဆည်းလိုက်သည်။
“လူသတ်ဓားပြတိုက်တာက ငွေရဖို့ အမြန်ဆုံးပဲ။”
သူသက်ပြင်းချကာ ရေရွတ်မိသည်။
စုရှောင်လန် မျက်စောင်းထိုးလိုက်သည်။
“မီးနဲ့ကစားရင် ပူမှာပဲ။ နင့်အကြံကို မေ့လိုက်စမ်းပါ။”
အန်လင်း၏ ပိုင်ဆိုင်မှုမှာ စိတ်ဝိဥာဥ်ကျောက်တုံး ကိုးဆယ့်လေးသန်း ရှိနေလေပြီ။
“ထားလိုက်ပါတော့။”
အန်လင်း စိတ်ထိန်းထားလိုက်သည်။
“ကိုးပြည်ထောင်ပြန်မှ မိစ္ဆာဂိုဏ်းတွေ လိုက်ဖျက်တော့မယ်။”
“ကိုးပြည်ထောင်မှာက ကောင်းကင်ဘုံခုံရုံးအပြင် ဂိုဏ်းကြီးလေးဂိုဏ်း၊ အင်ပါယာမိသားစုကိုးခုရှိတော့ မိစ္ဆာဂိုဏ်းတွေ သိပ်မထောင်ရဲလောက်ဘူး။ အဆင်ပြေမှာပါ။”
အန်လင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
မိစ္ဆာဂိုဏ်းကြီးများ ဖျက်စီးခံရပြီးနောက် ကျန်ရှိနေသော ဂိုဏ်းများမှာ အလွန်သိုသိပ်စွာသာ နေထိုင်ကြသောကြောင့် အန်လင်းအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများအား အကြမ်းဖျဥ်းပင် မတွက်နိုင်ပေ။
........
အနက်ရောင်စိမ့်တော၏ ဗဟိုဒေသ၌...
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ စာလွှာအား ဖတ်ရှုနေသည်။
“ဟမ့်... ငါ့မြင့်မြတ်ခေါင်းဆောင်ရဲ့ အစီအစဥ်ကို ဖျက်ရဲတဲ့သူ ရှိတယ်ပေါ့။ ငါ့ကိုအထင်သေးနေတာပဲ။ သေချင်နေတော့လည်း ငါ့ကိုအပြစ်မဆိုနဲ့တော့။”
ကတ်စီဒီ၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်နေသည်။
“ကောင်းကင်ဘုံသွေးစက်ရဲ့ နတ်စစ်သည်အဖွဲ့ကို သေသေချာချာ စုံစမ်းခိုင်းလိုက်။ မဟာနက္ခတ်ပညာရှင် ဖုန်းဝူယန့်ကိုပါ အကူအညီတောင်းလိုက်။ ဧကရာဇ်ရိတန်းကိုလည်း တင်ပြဖို့ မမေ့နဲ့ဦး။”
ထို့နောက် အသံဆက်သွယ်သော ကျောက်စိမ်းပြားအား အသက်သွင်းလိုက်သည်။
“တိုဘိယရေ ငါတို့အစီအစဥ် ပြဿနာတက်ပြီ။”
“ဟမ်.... အဲ့ဒါ မင်းကိုယ်တိုင် သွားမလို့လား။ မင်းကအခုမှ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ရောက်တာလေ။ ရန်သူက ဆရာကြီး ဖြစ်လောက်တယ်နော်။”
“အဲ့ဒါပါ ယူသွားမလို့လား။”
“အေးပါ။ မြင့်မြတ်ခေါင်းဆောင်ကို စွန်းထင်းခံလို့ မဖြစ်ဘူး။”
ထို့နောက် ကတ်စီဒီ အေးစက်စက် ပြုံးလိုက်သည်။
“ဘယ်သူပဲဖြစ်ဖြစ် သေကိုသေရမယ်။”
ကတ်စီဒီသည် ထောင်ချောက်ဆင်ဖမ်းမည် ဖြစ်သောကြောင့် သူမကိုယ်သူမ ယုံကြည်ချက် အပြည့်ရှိသည်။
သူမသည် အန်လင်းအား လက်ဆောင်ပေးရန် စီစဥ်ထားပါသော်လည်း ရန်သူတစ်ဦးမှ ဖျက်စီးသွားသောကြောင့် သူမ မည်သို့မှ မကျေနပ်နိုင်ပေ။
........
“ဟက်ချိုး....”
အန်လင်း နှာချေလိုက်သည်။
“စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ရောက်တာတောင် နှာချေနေတုန်းလား။”
စုရှောင်လန် အံ့သြသွားသည်။
အန်လင်း နှာခေါင်းပွတ်ကာ ရယ်မောလိုက်သည်။
“တစ်ယောက်ယောက်က ကိုယ့်ကိုတွေးနေတယ်ထင်တယ်။”
“ဟမ်....”
စုရှောင်လန် အန်လင်းအား စူးစိုက်ကြည့်ရှုလာသည်။
“ခွေးပါ။ တပိုင်လေ ကိုယ့်ကိုလွမ်းနေလောက်ပြီ။”
“အော်...”
လင်းကန်မြို့တော်သို့ရောက်ရန် အချိန်ယူကာ ပျံသန်းရပါသော်လည်း ၎င်းတို့ ထွက်ခွာလာပုံမှာ သေသပ်လွန်းသောကြောင့် အဖမ်းခံရနိုင်စရာ မရှိပေ။
........
အနက်ရောင်စိမ့်တော၌
ဧကရာဇ်ရိတန်းမှာ သွေးမြည်းစမ်းခြင်းပွဲတော် ပျက်စီးသွားကြောင်း စာလွှာအား ဖတ်ရှုနေသည်။
ယခုအခြေအနေအား ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်နှင့် နောက်ဆုံးအဆင့်တို့မှ လုပ်ဆောင်သွားပုံရသည်။
တာအိုပေါင်းစည်းခြင်းအဆင့် တည်ရှိမှုအား ဧကရာဇ်ရိတန်း အာရုံမခံမိပေ။
ဂိုဏ်းဖျက်ခံရခြင်းမှာ မထူးဆန်းလှပါသော်လည်း ဟင်းလင်းပြင်သို့အပြန် အဆင့်များပါ သတ်ခံရခြင်းကြောင့် ကိစ္စကြီးသွားခြင်း ဖြစ်သည်။
မနှစ်ကလည်း ယခုကဲ့သို့ပင် ဖြစ်ခဲ့သေးသည်။
ရုတ်ချည်းဆိုသလို ဧကရာဇ်ရိတန်း မျက်နှာပျက်သွားသည်။
ဒီအချိန်က ကောင်းကင်ဘုံခုံရုံးရဲ့ နှစ်ကုန်စာမေးပွဲကာလမလား.....
သတင်းအချက်အလက် အချို့အား စစ်ဆေးပြီးနောက် ဧကရာဇ်ရိတန်းမှာ နန်းတော်ထဲမှ ထွက်ခွာသွားတော့သည်။