← Chapters

ရန်ချင်းဟူ

Vol. 10 Ch. 128

ရန်ချင်းဟူ

Vol. 10 Ch. 128

ဒီမိန်းမက မညံ့ဘူးဟ။ အတော်လေးကို အစွမ်း ထက်လွန်းနေတယ်။ ဒီပုံစံအတိုင်း ဆိုရင် ဒီမိန်းကလေးက ဆေဘာဆန္ဒကို ထုတ်သုံးနေနိုင်ပြီ ဆိုတာ ယုံမှား သံသယ ဖြစ်စရာ မလိုတော့ဘူး။ ငါအစွမ်းကုန် သုံးပြီး သူမကို ပြန်တိုက်မယ် ဆိုရင်တောင် ငါ့ရဲ့ အနိုင် ရနိုင်ချေက ၅၀ ရာခိုင်နှုန်းထက် ပိုမှာ မဟုတ်ဘူး။

ဒီမိန်းမငယ်လေးရဲ့ အစောပိုင်းက ချီ အရှိန်အဝါတွေ အရ ဆိုရင်တော့ သူမက ဆန်းကြယ် အလယ်အလတ် အတွင်းအား ကျင့်စဉ် တစ်ခုကို ကျင့်ထားတာ သေချာနေပါပြီ။ အတွင်းအား ကျင့်စဉ် အဆင့်က အဆင့် ၁၃ လောက်လို့ မှန်းဆလို့ကို ရပါတယ်။ သူမရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း သူ့ထက် နှစ်ဆင့်ကို သာနေပြန်ပါသေးတယ်။ အဲဒီထက် ဆိုးတာ တစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ အစောပိုင်းတုန်းက သူမရဲ့ အတွင်းအားကြောင့် လီဖူချန်း တစ်ယောက် အတွင်း ဒဏ်ရာ အနည်းငယ် ရခဲ့ သေးတာပါဘဲ။

လီဖူချန်းက ဒီကောင်မလေးရဲ့ ပါရမီကိုတော့ တော်တော်လေး ဖြုံသွားပါတယ်။ ဒီကောင်မလေးသာ ဒီနှုန်းအတိုင်း ဆက်လက် လေ့ကျင့်သွားမယ် ဆိုရင် ဘယ်လောက် အထိတောင် အစွမ်းထက်လာမှာပါလိမ့်။

ဒါပေမဲ့လည်း လီဖူချန်းက သူ့ရဲ့ အနာဂတ်ကို သူ ယုံကြည်မှု ရှိပါသေးတယ်။ သူ့ရဲ့ ကျင့်ကြံမှုနှုန်းကလည်း အနာဂတ်မှာ ဆိုရင် ပိုလို့တောင် မြန်လာနေဦးမှာပါဘဲ။ ဒီတစ်နှစ်အတွင်းမှာ ဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ်က အပြာရောင်ဖျော့ချော့ဘက်ကို ၈၀ရာခိုင်နှုန်းအထိ ပြောင်းလဲနေပြီလေ။ သူ့ရဲ့ စိတ်ဝိညာဉ်ကသာ အပြာနုဘက်ကို တစ်ရာ ရာခိုင်နှုန်း ပြောင်းသွားပြီ ဆိုရင်တော့ သူ့ရဲ့ ထိုးထွင်းသိမြင်နိုင်မှုနဲ့ ကျင့်ကြံမှုနှုန်းက နောက်ထပ် တစ်ဆင့်ကို ကူးပြောင်း သွားမှာပါဘဲ။ အဲဒီအခါ ကျရင်တော့ သူက ဒီမိန်းမပျိူလေးကို အမှီ လိုက်နိုင်လောက်ပါတယ်လေ။

လီဖူချန်းက အတွေးတွေကို ခေါင်းထဲက ထုတ်လိုက်ပြီး အဝတ်အစားတွေကို အမြန် စဝတ်ပါတော့တယ်။ ဟိုကောင်မလေး အဝတ်အစား မဝတ်ပြီး ခင်မှာ သူက ဒီကနေ အမြန် လစ်ထွက်နိုင်မှာ တော်ကာ ကျမှာပါ။ ထို့နောက်မှာတော့ လီဖူချန်းက ကျောက်စိမ်း ဗုဒ္ဓ ရုပ်ပွားတော်ရယ်၊ ကျမ်းစာအုပ်တွေရယ်ကို သယ်ပြီး လာရာလမ်းကို ဦးတည်ပါတော့တယ်။

“ထွက်ပြေးချင်တယ် ဟုတ်လား။ ဆုတောင်းလေ”

ရန်ချင်းဟူရဲ့ အဝတ်အစား ဝတ်တဲ့ နှုန်းက လီဖူချန်း ထင်ထားတာထက်ကို မြန်နေပါသေးတယ်။ လီဖူချန်းက သူလာခဲ့တဲ့ လှိုဏ်ခေါင်းရဲ့ အပေါက်ဝကို ရောက်တယ် ဆိုရုံလေးမှာဘဲ ရန်ချင်းဟူက သူမရဲ့ ဆေဘာဓားကို ကိုင်ဆွဲကာ လီဖူလျန်းဆီကို ပြေးလာပါတော့တယ်။

လီဖူချန်းကလည်း ရန်ချင်းဟူ ပြေးလိုက်လာတာကို မြင်တာနဲ့ နောက်ကို လှည့်ပင် မကြည့်တော့ဘဲ ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျသည်အထိ ပြေးပါပြီ။ ဒီလို လိုက်ရင်းပြေးရင်းနဲ့ တစ်နာရီလောက် အကြာမှာတော့ သူတို့ဟာ ဝမ်ညီအစ်ကိုတွေ ပုန်းခိုတဲ့ ဂူရှိရာကို ရောက်လာပါတော့တယ်။

“နင်ထွက်ပြေးလို့ မလွတ်နိုင်ဘူး”

ရန်ချင်းဟူရဲ့ ကိုယ်ဖော့ပညာက လီဖူချန်းလောက်တော့ မကောင်းပါဘူး။ ဒါပေမဲ့ သူမက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၈ လေ။ သူမရဲ့ အားနည်းချက်ကို သာလွန်နေတဲ့ ကျင့်ကြံခြင်း အဆင့်က ဖြည့်ထားပေးပါတယ်။ လီဖူချန်းကို ရန်ချင်းဟူက လိုက်မမီသလို လီဖူချန်းကလည်း ရန်ချင်းဟူ မျက်ခြေပြတ်အောင် မပြေးနိုင်ပါဘူးလေ။

“မင်းက ဒီလောက် တိုက်ခိုက်ချင်နေမှတော့ ငါကလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

လီဖူချန်းက ထွက်ပြေးလွတ်မြောက်ချင်တယ်ဆိုရင် နည်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ လေအရိပိခြေလှမ်းနဲ့ အရိပ်မဲ့ခြေထောက် ပညာရပ် နှစ်ခုကို ပေါင်းစပ်လိုက်ရမှာပါ။ အဲဒါဆိုရင်တော့ သူက ထွက်ပြေးလွတ်မြောက်နိုင်ဖို့ အခွင့်အရေး ပိုများလာမှာပါ။

ဒါပေမဲ့ သူက သူ့ထက်အသက်ငယ်တဲ့ မိန်းမငယ်လေးကို ကြောက်ပြီး ပြေးနေရတဲ့ အဖြစ်မျိုးကို မလိုချင်တော့ဘူးလေ။ အခုအချိန်ထိ ပြေးနေရတာကိုက အတော်လေး ယောကျာ်းသိက္ခာ ကျနေပါပြီ။

လီဖူချန်းက ပြေးလွှားနေတာကို တုံ့ခနဲ ရပ်လိုက်ပြီး သူ့နောက်က ဓားကိုင်ပြီး လိုက်လာနေတဲ့ ရန်ချင်းဟူကို လက်နှစ်ဖက် နောက်ပစ်ကာ အေးအေးလူလူ ရပ်စောင့် နေလိုက်ပါတော့တယ်။ သူ့တစ်ကိုယ်လုံးကိုတော့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အတွင်းအားတွေ ဖြန့်ကျက်ထားရင်းနဲ့ပေါ့။ လီဖူချန်းရဲ့ မျက်လုံး အစုံကတော့ ကြယ်ပျံ တစ်စင်းလို စူးရှ တောက်ပလျက် ရှိနေပါပြီ။

ရန်ချင်းဟူရဲ့ မျက်လုံးတွေက လုံးဝကို အလေးအနက် ထားလာသည့်ပုံ ပြောင်းသွားပါတယ်။ သူမက လီဖူချန်းဆီကနေ အလွန်တရာမှ လွှမ်းမိုးနိုင်စွမ်း ရှိပုံရသည့် အငွေ့အသက်တွေကို ခံစားမိနေတယ်လေ။

“အနက်ရောင် လပြည့်ည”

ရန်ချင်းဟူက သူမကိုင်ထားတဲ့ လခြမ်းကွေးဓား ကို ဝှေ့ယမ်း လိုက်ပါတယ်။ ( သူမကိုင်ထားတဲ့ လခြမ်းကွေးဓားက တစ်ဖက်သွားဓား ဖြစ်တဲ့အတွက် ဆေဘာ အမျိုးအစားပါဘဲ။)

အနက်ရောင် မိုးကြိုးသွားတွေက လေထုထဲကို ဖြတ်သန်းသွားပြီး လီဖူချန်းကို ချောင်ပိတ် တိုက်ခိုက် လိုက်ပါတော့တယ်။ အနက်ရောင် ဓားစက်ဝိုင်းတွေကလည်း ကောင်းကင်ကနေ ကျလာတဲ့ လရောင်လို ပါဘဲ။ လီဖူချန်းရဲ့ အပေါ်ကနေ မိုးပြီး ဦးတည် လာတယ်လေ။

ချွမ် …။

လီဖူချန်းက ဓားထုတ်လိုက်ပါပြီ။ ဓားက ထွက်ပေါ်လာတဲ့ အလင်းတန်းတွေက ကြယ်တစ်စင်း ကြွေကျလာသလိုပါဘဲ။ အချိန် တစ်ခဏလေး အတွင်းမှာဘဲ လီဖူချန်းရဲ့ ဓားရိပ်တွေက ရန်ချင်းဟူရဲ့ ဓားကွက်ကို ဖျက်ဆီး ပစ်လိုက်ပါတယ်။

နှစ်ယောက်စလုံးရဲ့ ဓားတွေ ထိပ်တိုက်ရင်ဆိုင် အတွေ့မှာတော့ မီးပွင့်လေးတွေက ထွက်ပေါ်လာတယ်လေ။ လီဖူချန်းကော ရန်ချင်းဟူကော နှစ်ယောက်စလုံးက အနောက်ကို ခြေသုံးလှမ်းစီ ဆုတ်လိုက်ရပါတယ်။

“ဓားဆန္ဒလား”

ရန်ချင်းဟူ အနည်းငယ် အံ့အားသင့်မိသွားပါတယ်။

သိုင်းပညာရပ်ရဲ့ တာအို သဘောတရားအရ ဆိုရင် ပညာရပ်ဆန္ဒတွေကို ထုတ်ဖော် အသုံးပြုနိုင်တယ် ဆိုတဲ့ သူတွေက တကယ့် ရှားမှရှား ပါရမီရှင်တွေလို့ ပြောလို့ ရပါတယ်။ ရန်ချင်းဟူက သိုင်းပညာ အပေါ်မှာ ထိုးထွင်း သိမြင်နိုင်မှု နည်းတဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူမက အခြေခံ ဆေဘာ ပညာရပ်တွေကိုတော့ အခြေခိုင်အောင် မလေ့ကျင့်ခဲ့မိပါဘူးလေ။ရန်ချင်းဟူတစ်ယောက် အခုလို ဆေဘာဆန္ဒကို ထုတ်ဖော်အသုံးပြုနိုင်တယ်ဆိုတာက သူမရဲ့ ဆရာဖြစ်သူက သင်ကြားပေးခဲ့လို့ပါဘဲ။ သူမက အစတုန်းကတေ့ာ အဆင့်နိမ့်ဆေဘာဓားသိုင်း ၁၀၀လောက်ကို လေ့ကျင့်ပြီး အခြေခိုင်အောင် လုပ်ဦးမလို့ပါဘဲ။ ဒါပေမဲ့ သူမရဲ့ ဆရာဖြစ်သူက အချိန်မကုန်အောင် ဖြတ်လမ်းနည်းနဲ့ သင်ပေးလိုက်တဲ့အတွက်ကြောင့်သာ ရန်ချင်းဟူက အနက်ရောင်လ ဆေဘာဆန္ဒကို ထုတ်သုံးနေနိုင်တာပါ။

အနက်ရောင်လ ဆေဘာဆန္ဒကို အသုံး ပြုသွားနိုင်ကတည်းက သူမရဲ့ အစွမ်းက ၂ဆလောက်ကို တိုးတက်သွားခဲ့တာလေ။ မြေကမ္ဘာ အဆင့်ကို မရောက်သေးတဲ့ သူမှန်သမျှကတော့ ရန်ချင်းဟူရဲ့ ဓားချက်ကို ခုခံနိုင်ဖို့ရာ မရှိပါဘူး။ အဆုံးစွန်အထိ ပြောရမယ် ဆိုရင် မြေကမ္ဘာ နယ်ပယ် အဆင့်၁က သိုင်းပညာရှင် ကိုတောင်မှ ရန်ချင်းဟူက ဓားတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်စွမ်း ရှိပါတယ်။

“မင်းက ဘယ်လို ထင်နေလို့လဲ”လီဖူချန်းက မခိုးမခန့် ပြုံးရင်း ပြန်ပြောလိုက်ပါတယ်။

ဒီမိန်းမငယ်လေးရဲ့ ဓားစွမ်းရည်က လုံးဝကို ထူးချွန် နေတယ်လေ။ အစောပိုင်း ရေကန်ထဲမှာတော့ သူက ဒီမိန်းမငယ်လေးကို ဒဏ်ရာရအောင် တိုက်ခိုက် နိုင်မယ်လို့ ယုံကြည်ချက် မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ သူ့လက်ထဲမှာ ဓား ရှိနေပြီလေ။ ဒီဓားနဲ့ ဆိုရင်တော့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက သုံးဆလောက်ကို ပိုတက်လာမှာပါ။

ရှေးလူကြီးတွေ ပြောနေကျ စကား တစ်ခွန်း ရှိပါတယ်။

“ဒီကမ္ဘာကြီးကို လွှမ်းမိုးနိုင်ဖို့ဆိုရင် ပညာရပ် တစ်မျိုးကို သူများထက် ပိုထူးချွန်နေဖို့ဘဲ လိုပါတယ်တဲ့"

လီဖူချန်းကတော့ သူ့ရဲ့တစ်ကွက်တည်းသော ကြယ်ပျံဓားသိုင်းကို ယုံကြည်မှု ရှိပါတယ်။ သူထုတ်သုံးလိုက်တဲ့ ဓားဆန္ဒက အရှိန်အဟုန် ပြင်းထန်စွာနဲ့ လျင်မြန်စွာ ကြွေကျလာတဲ့ ကြယ်ပျံ တစ်စင်းပင် မဟုတ်ပါလား။ တစ်ဖက်လူရဲ့ လျင်မြန်လှတဲ့ ဆေဘာဓားသိုင်းက သူ့ရဲ့ ကြယ်ပျံဓားသိုင်းကို မယှဉ်နိုင်ခဲ့ဘူးလေ။

“ရှင်က မိုးပြာရောင် ဂိုဏ်းသားလား”ရန်ချင်းဟူက ခါးထောက်ပြီးတော့ လီဖူချန်းကို မေးလိုက်ပါတယ်။ သူမရဲ့ နှုတ်ခမ်းလေးစူကာ အလိုမကျဟန်ဖြင့် မေးလိုက်သည့်ပုံက လီဖူချန်းကို တိုက်ခိုက်ချင်စိတ်တွေတောင် လျော့ကျသွားစေသလိုလိုပါဘဲ။

လီဖူချန်းက ခပ်ထေ့ထေ့ ရယ်လိုက်ပြီး

“မင်းလေးကကော … ထျန်းရှဂိုဏ်းက မဟုတ်ဘူးလား”

ဒီမိုင်တစ်သိန်း ပတ်လည်မှာတော့ ထျန်းရှဂိုဏ်းက အင်အားအကြီးဆုံး ဂိုဏ်းပါဘဲ။ ထျန်းရှဂိုဏ်းက မိုးပြာရောင် ဂိုဏ်းထက်ကို အဖက်ဖက်မှာ အနည်းငယ် သာလွန်ပါတယ်။ အဲဒီဂိုဏ်းက လမ်းမှန်လို့ပြောလို့မရသလို လမ်းလွဲဂိုဏ်းလို့လည်း ပြောလို့မရတဲ့ ဂိုဏ်းတစ်ခုလေ။ ဂိုဏ်းအကြီးအကဲတွေ သာမက ဂိုဏ်းသားတွေကပါ စိတ်ထင်ရာ လျှောက်လုပ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းပါ။ ဂိုဏ်းသား တစ်ယောက်ချင်းစီကလည်း သူတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်မှာတော့ ပြိုင်ဘက်ကင်းတဲ့ ထိပ်သီးတွေပါ။

အခုတော့ လီဖူချန်းက အဲဒီဂိုဏ်းက ပါရမီရှင် တစ်ယောက် ဖြစ်တဲ့ ရန်ချင်းဟူရဲ့ အဝတ်အစား တစ်စိုးတစ်စိမျှ မပါတဲ့ ခန္ဓာကိုယ်အလှကို မြင်တွေ့ပြီးသွားပါပြီ။ ဒီကောင်မလေးက သူ့ကို ဘာဆက်လုပ်မလဲ ဆိုတာကို တွေးကြည့်လို့တောင် မဝံ့ရဲ စရာပါဘဲ။

“ရှင့်ရဲ့ မျက်လုံးတွေကို ထိုးဖောက်လိုက်။ ကျွန်မ ရှင့်ရဲ့ အသက်ကိုတော့ ချမ်းသာပေးလိုက်မယ်”

ရန်ချင်းဟူက အေးစက်နေတဲ့ လေသံဖြင့် လီဖူချန်းကို အမိန့် ပေးလိုက်ပါတယ်။

လီဖူချန်းက သူမရဲ့ အမိန့်ပေးမှုကို မကြားလိုက်သည့် အလားပါဘဲ။

“ငါက ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း လေ့ကျင့်နေတာ။ မင်းလေးကသာ ငါရှိနေတဲ့ နေရာအထိ လာခဲ့ပြီးမှ မင်းရဲ့ အလှရတနာတွေကို ထုတ်ပြပြီး မြူဆွယ်ဖို့ ကြိုးစားတာလေ။ အဲဒါ ငါ့အမှားလား။ မင်းဟာမင်း မနေနိုင် မထိုင်နိုင် ဖြစ်နေတာ။ ဒါနဲ့ ပြောရဦးမယ် … မင်းအသက် ချမ်းသာခွင့်ပေးမှ ငါက အသက် ရှင်နေရမှာလား”

“ရှင် … ရှင် …

ခွေးသူတောင်းစားကောင်  …  ကျွန်မက ရှင့်ကို မသတ်နိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား။ သေစမ်း ဟယ်”

လီဖူချန်းရဲ့ ရင့်သီးတဲ့ အပြောအဆိုတွေကို ဘယ်မိန်းမပျိုက သည်းခံနိုင်မည်နည်း။

ရန်ချင်းဟူက သူမရဲ့ အနက်ရောင် လခြမ်းကွေးဆေဘာကို ဝှေ့ယမ်းကာ နောက်ထပ်တစ်ဖန် လီဖူချန်းကို တိုက်လိုက်ပြန်ပါတယ်။

ဒီတစ်ခါတော့ သူမရဲ့ ဓားချက်တွေက ပိုပြီး လျင်မြန်လာပြီး လီဖူချန်းရဲ့ သေကွင်း သေကွက်တွေကိုဘဲ တိကျစွာ ထိုးနှက် တိုက်ခိုက် နေပါတယ်။ သူမရဲ့ ဓားချက်တိုင်းမှာလည်း အတွင်းအား အပြည့် ပါရှိနေတယ်လေ။ အနက်ရောင် ဓားသက်တန့်ကြီးဟာ လီဖူချန်းရဲ့ တစ်ကိုယ်လုံးကိုတောင် ဖုံးလွှမ်း သွားပါလေရဲ့။ လီဖူချန်းကလည်း သူ့ရဲ့ ကြယ်ကြွေ ဓားကွက် တစ်ကွက်တည်းကိုဘဲ ပုံစံအမျိုးမျိုးနဲ့ ထုတ်ဖောက်လိုက်ပါတယ်။ ဓားကွက်ကတော့ တစ်ကွက်တည်းပေမဲ့ ဦးတည်ချက် လားရာကတော့ ဘက်ပေါင်းစုံကို ပါပဲလေ။

ထန် … ထန် … ထန် …

နှစ်ယောက်စလုံးက လျင်မြန်စွာ ရွေ့လျားနေကြတဲ့ အတွက် သူတို့ရဲ့ ရုပ်လုံးကိုတောင် သဲကွဲစွာ မမြင်နိုင်တော့ပါဘူး။ သူတို့ သုံးနေတာက ဆေဘာပဲ ဖြစ်ဖြစ် ၊ ဓားပဲဖြစ်ဖြစ်ပါလေ … သေချာတာ တစ်ခုကတော့ ဘယ်စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ထိပ်သီး ပညာရှင်မှ ဒီနှစ်ယောက်ရဲ့ ဓားကွက် အတွင်းက ရုန်းထွက်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။

သူတို့ရဲ့ ဓားချက်တွေက မာယာ များလှတဲ့ အပြင် အနုပညာလည်း ဆန်လွန်း လှပါတယ်။ ဓားကွက်တစ်ကွက်ရဲ့ အလှည့်အပြောင်းမှာတင် ကြိုတင် ခန့်မှန်းလို့ မရတဲ့ အစွယ်အပွား ဓားကွက်တွေက ရာနဲ့ကို ချီနေတာလေ။

လီဖူချန်းကော ရန်ချင်းဟူကော နှစ်ယောက်စလုံးက သူတို့ရဲ့ သိသမျှ ၊တတ်သမျှ ဓားပညာတွေ အကုန်လုံးကို အိတ်သွန်ဖာမှောက် အသုံးပြုနေကြပါပြီ။ သူတို့နှစ်ယောက် တိုက်ခိုက် ခဲ့တာက အခုဆိုရင် နှစိနာရီနီးပါး ကြာမြင့်နေပေမဲ့လည်း ဘယ်ဘက်ကမှ အသာစီးမရသေးပါဘူး။

ရန်ချင်းဟူက အတွင်းအား သိပ်သည်းမှုနဲ့ အပြင်အား ခန္ဓာကိုယ်ပိုင်းမှာ အသာ ရနေပေမဲ့လည်း လီဖူချန်းရဲ့ ဓားကွက်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်မှုနဲ့ ဓားဆန္ဒကို အသုံးပြုနိုင်စွမ်းက ရန်ချင်းကို အသာစီး ပြန်ရနေတယ်လေ။ အချက်အလက်တွေ အရဆိုရင်တော့ ဘယ်သူကမှ ဘယ်သူ့ကို အနိုင်ယူနိုင်စွမ်း မရှိသေးပါဘူး။

“ရှင် ဒီနေ့ သေလိုက်ပါတော့”

ရုတ်တရက် ရန်ချင်းဟူက တိုက်ပွဲ စက်ကွင်းထဲက အနောက်ကို ခုန်ဆုတ် သွားလိုက်ပါတယ်။ သူမက ထူးဆန်းတဲ့ ကိုယ်နေ ဟန်ထားနဲ့ အတက်ရောင် လခြမ်းဓားကို ကိုင်ထား လိုက်ပါသေးတယ်။ သူမကို ကြည့်ရတာကတော့ အတွင်းအားတွေကို စုနေပုံပါဘဲ။

“ဟူး …”

လေပြင်းတွေက တိုက်ခတ်လာပြီး သူမရဲ့ဓားကနေ အနက်ရောင် မိုးကြိုးလျှပ်စီးတွေ တစ်လက်လက် ထွက်ပေါ်လာပါတယ်။

ဒါက ဆေဘာချီ … အနက်ရောင် ဆေဘာချီတွေဘဲ ။

ဆန်းကြယ် အလယ်အလတ် အဆင့်ဖြစ်တဲ့ မြေနတ်ဆိုး အတွင်းအား အဆင့်၁၃ရယ် ၊ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၈ ရဲ့ အစွမ်းတွေကြောင့် ရန်ချင်းဟူက ချီတွေကို ထုတ်လွှတ်ပြီး တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ သူမက အစောပိုင်းမှာ တုန်းကတော့ ဒါကို ထုတ်သုံးချင်စိတ် မရှိဘူးလေ။ သူမက ဓားသိုင်းသက်သက်နဲ့ဘဲ လီဖူချန်းကို အနိုင်ယူချင်တာပါ။ အခုတော့ သူမရဲ့ ဓားသိုင်းက လီဖူချန်းကို အနိုင်ယူဖို့ မလုံလောက်ဘူး ဆိုတာကို ရန်ချင်းဟူက သိလိုက် ရပါပြီ။

“မြန်လိုက်တဲ့ ဆေဘာချီ တွေပါလား”

လျိုတိုင်ရှန်းနဲ့ တိုက်တုန်းက လျိုတိုင်ရှန်း ပစ်လွှတ်လိုက်တဲ့ ဓားချီတွေက ဒီမိန်းမပျိူလေးရဲ့ ဆေဘာချီနဲ့ ယှဉ်လိုက်ရင်တာ့ အဆပေါင်းများစွာ နှေးကွေး နေပါသေးတယ်။

“အရိပ်မဲ့ ခြေထောက်”

ရုတ်တရက် လီဖူချန်းက သူ့ရဲ့ ထူးဆန်းတဲ့ ခြေကွက်ကို အသုံးပြုလိုက်ပါတယ်။ သူရဲ့ ခန္ဓာကိုယ်က မီးခိုးငွေ့တစ်ခုလို လေထဲမှာ လွင့်မျော သွားပါတယ်။ ဆေဘာချီတွေကတော့ လီဖူချန်းကို ထိခိုက်အောင် မလုပ်နိုင်ဘဲ ဘေးကနေဘဲ ဖြတ်သန်း သွားပါတော့တယ်။

“ကောင်းလိုက်တဲ့ ခြေကွက်ပါလား”

ရန်ချင်းဟူက လီဖူချန်းကို သတ်ပစ် ချင်လောက်အောင် မုန်းတီး နေပေမဲ့လည်း လီဖူချန်းရဲ့ ခြေကွက်တွေကိုတော့ မချီးကျူးဘဲကို မနေနိုင်တော့ပါဘူး။ ဒီမိုးပြာရောင် ဂိုဏ်းသားက သူမတွေ့ခဲ့ဖူးတဲ့ အမျိုးသား သိုင်းပညာရှင်တွေထက် ပညာရပ်ပိုင်းမှာ စုံလင်နေတာကိုတော့ လက်ခံရမှာပါဘဲ။

သူမက ကိုယ်ဖော့ ပညာရပ် တစ်ခု ဖြစ်တဲ့ 'တိမ်လွှာနက်' ကို အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်အထိ လေ့ကျင့် ပြီးသွားပါပြီ။ ဒါပေမဲ့သူမက ခြေသိုင်း ဒါမှမဟုတ် အရှောင်အတိမ်း ခြေကွက်တွေကိုတော့ မလေ့ကျင့်ခဲ့ ဖူးပါဘူး။ဒါပေမဲ့ တစ်ဖက်လူကတော့ ကိုယ်ဖော့ပညာမှာသာမက ခြေသိုင်းမှာပါ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်နေခဲ့ပြီလေ။

ရန်ချင်းဟူရဲ့ ဆေဘာချီနဲ့ အတွေ့မှာတော့ လီဖူချန်းက အရင်လို သူတစ်ပြန် ကိုယ်တစ်ပြန် မတိုက်ခိုက်နိုင်တော့ဘဲ အရှောင်အတိမ်းကိုသာ ဦးစားပေး နေရပါတယ်။ တစ်ချက် တစ်ချက်မှာတော့ ရန်ချင်းဟူကို ပြန်ပြီးတော့ ဒုက္ခပေးနေနိုင်တာကတောင် အတော်လေးကို ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စလို့ကို ပြောရမလို ဖြစ်နေပါပြီ။

ဒါပေမဲ့လည်း ဓားချီတွေကို ထုတ်လွှတ်ပြီး တိုက်ခိုက်နိုင်တယ်ဆိုတာက တိုက်ပွဲရဲ့ အဖြေ မဟုတ်သေးပါဘူးလေ။ သူ့ရဲ့ ကြယ်ပျံဓား ဆန္ဒကလည်း အနားကပ်နိုင်တာနဲ့ တစ်ချက်တည်း ပွဲသိမ်း ပစ်နိုင်တဲ့ အခွင့်အလမ်း ရှိပါသေးတယ်။

တစ်ခဏလေးပါဘဲ။ တစ်ဖက်လူ ဆီကို ကပ်သွားနိုင်ဖို့ အချိန် အနည်းငယ်ဘဲ လိုပါတယ်။

“တောက် … ဒီလူယုတ်မာကောင်က ငါထင်ထားတာထက်ကို စွမ်းနေပါလား။ ငါ့ရဲ့ အနက်ရောင် လပြည့် ဓားသိုင်းကနေ ထွက်လာတဲ့ ဆေဘာချီ အစုအဝေးကိုတောင် မမှုတဲ့ပုံဘဲ”

ရန်ချင်းဟူက အံ့အားသင့်သထက် သင့်လာပါတယ်။

သူအခုသုံးထားတဲ့ ဓားချီတွေက ရာပိုင်းလောက်ကို ရှိနေတာလေ။ ဒီဓားချီ တစ်ချက် ထိသွားတာနဲ့ တစ်ဖက်လူကို အနိုင်ယူနိုင်မယ့် အခွင့်အရးကြီး ရှိနေသော်လည်း လီဖူချန်းရဲ့ ထူးဆန်းတဲ့ ခြေကွက်တွေက အတော်လေး အစွမ်း ပြနေဆဲပါဘဲ။

ဒီလိုနဲ့ဘဲ လေးနာရီ …။

နောက်ထပ် တစ်ခါ ခြောက်နာရီ …။

နှစ်ယောက်စလုံးရဲ့ ကိုယ်မှာလည်း ချွေးသီးချွေးပေါက်တွေက ရွှဲရွှဲစိုလျက် ရှိနေပါပြီ။

ဒါပေမဲ့ နှစ်ယောက်စလုံးရဲ့ အတွင်းအားတွေကတော့ အတော်လေး ကျန်နေပါသေးတယ်။

ဒီတိုက်ပွဲက ဓားသိုင်း ယှဉ်တဲ့ ပွဲ မဟုတ်တော့ပါဘူး။ ဘယ်သူက ပိုပြီး အမောခံနိုင်သလည်း။

ဘယ်သူက သက်လုံ ပိုကောင်းသလဲ။

ဘယ်သူ့ရဲ့ စိတ်ပိုင်းဖြတ်မှုတွေက ပိုမှန်ကန်သလဲ ဆိုတာကို ယှဉ်ပြိုင်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာပါပြီ။

ထိပ်သီးပညာရှင် နှစ်ယောက်ရဲ့ အတွင်းအားတွေက အလွန်ပင် ပြည့်ဝကြတဲ့အတွက် တိုက်ပွဲတစ်ပွဲဟာ အလွန်ပင် ကြာရှည်လေ့ ရှိတတ်ကျပါတယ်။ တချို့ဆိုရင် ရက်နဲ့ ချီပြီးတော့ကို တိုက်ခိုက် ကြတာလေ။

“ရှင်သာ ဒီဓားချက်ကို ခုခံနိုင်မယ်ဆိုရင်တော့ ကျွန်မ ရှင့်ကို ဒီနေ့ အတွက် အသက်ချမ်းသာ ပေးလိုက်မယ်"

ရန်ချင်းဟူက သူမရဲ့ နဖူးပေါ်ကနေ မျက်လုံးဆီကို စီးကျနေတဲ့ ချွေးတွေကို သုတ်ရင်းနဲ့ ပြောလိုက်ပါတယ်။ သူမရဲ့ မျက်နှာလေးကတော့ ချွေးသံ တစ်ရွှဲရွှဲနဲ့တောင် လှပနေဆဲ လှပနေမြဲပါဘဲ။ သူမရဲ့ အသက်က အနည်းငယ် ငယ်နေသေးလို့ တာပေါ့။ သူမသာ အရွယ် ရောက်ပြီး ဖွံ့ဖွံ့ထွားထွားနဲ့ ဖူးပွင့်နေတဲ့ ပန်းလေး တစ်ပွင့်လိုသာ လှသွေးကြွယ် လာရင်တော့ သူမရဲ့ အပြုံးအောက်မှာ ဒူးထောက်ဝပ်သွား ခယကြမယ့် ယောကျာ်းသားတွေ မည်မျှအထိ ရှိနေမလဲ ဆိုတာကို တွေးကြည့်လို့တောင် မရပါဘူး။

“လုပ်လိုက်လေ …”

လီဖူချန်းက ခန္ဓာကိုယ်ကို အနည်းငယ် ကွေးညွှတ်လိုက်ကာ ရန်ချင်းဟူရဲ့ နောက်ဆုံး ဓားကွက်ကို စောင့်ကြို နေလိုက်ပါတယ်။

ဝုန်း …။

ရန်ချင်းဟူရဲ့ ချီအရှိန်အဝါတွေက ပေါက်ကွဲပြီး ပြောင်းလဲ သွားပါတယ်။ သူမရဲ့ လက်ကနေ ဖြစ်ပေါ်လာတဲ့ အတွင်းအားတွေက အနက်ရောင် လခြမ်းကွေး ဆေဘာဆီကို ဒလဟော စီးဆင်းနေပါပြီ။ ဒါက မူမှန်တဲ့ လက္ခဏာတော့ မဟုတ်ပါဘူးလေ။

“ဒါက လျှို့ဝှက် နည်းစနစ် တစ်ခုလား”လီဖူချန်းက မျက်လုံး ပြူးသွားပါတယ်။

လူတစ်ယောက်ရဲ့ အတွင်းအားတွေကို တစ်ဟုန်ထိုး ရုတ်ချည်း တိုးတက်သွားစေနိုင်တဲ့ နည်းလမ်းက နှစ်မျိုးပဲ ရှိပါတယ်။ အဲဒါကတော့ ဆေးဝါးနဲ့ လျှို့ဝှက် နည်းစနစ်ပါ။ ဒီမိန်းမပျိုလေးက ဆေးဝါးတွေကို သောက်သုံးပြီး အနိုင်ယူမယ့် သူမျိုးတော့ ဟုတ်မယ့်ပုံ မပေါ်ပါဘူး။ သေချာပါတယ်။ ဒီမိန်းမပျိုက လျှို့ဝှက် နည်းစနစ်ကို အသုံး ပြုလိုက်တာပါ။ တစ်ခုပဲ စိုးရိမ်စရာ ရှိပါတယ်။ သူမ သုံးလိုက်တဲ့ နည်းစနစ်က ကြယ်ဘယ်နှပွင့်များပါလိမ့်။

“အနက်ရောင် လပြည့်ဝန်း ဖြာကျလိုက်စမ်း”

ဒီဓားကွက်က ရန်ချင်းဟူ အစောပိုင်းတုန်းက သုံးခဲ့ပြီးသားပါဘဲ။ ဒါပေမဲ့ ဓားသွားရဲ့ ဦးတည်ချက်တွေနဲ့ ဓားကွက် ပြင်းထန်မှုကတော့ အရင်ထက် အဆပေါင်း များစွာ ပိုရှုပ်ထွေး ပြင်းထန်လာခဲ့ပါပြီ။ ဓားကွက်ရဲ့ ၁၀ မီတာ အတွင်းမှာတော့ မည်သည့် အရာဝတ္ထုကမျှ ရှိမနေတော့ပါဘူး။ လခြမ်းကွေး ဆေဘာက အရာအားလုံးကို ဖြတ်ပိုင်း ပစ်လိုက်ပါပြီလေ။

***

All Chapters