ညှိနှိုင်းခြင်း
Vol. 79 Ch. 1103
ဧကရာဇ်ရိတန်းသည် ထိုမျှတုံးအလိမ့်မည်ဟု ၎င်းတို့ အမှန်တကယ် မထင်ထားခဲ့ကြပေ။
၎င်းအား အထင်ကြီးမိခြင်းမှာ မှားသွားသလိုပင် ခံစားရသည်။
ဧကရာဇ်ရိတန်းသည် လိလိမ္မာမ္မာပင် ရပ်စောင့်နေခဲ့လေသည်။
ကောင်းကင်ဘုံခုံရုံး၏ ဖေဖေကြီးမှာလည်း ၎င်းတို့အား မျက်စိတောင်းမှောက် ရှာစရာ မလိုခဲ့ပေ။
အန်လင်းတို့မှာ ဧကရာဇ်ရိတန်း၏ အပြုအမူအတွက် ရင်ထဲပင် ထိသွားကြရသည်။
ဧကရာဇ်ရိတန်းမှာ အန်လင်းတို့ အကြည့်ကြောင့် ဒေါသထွက်သွားသည်။
“ဘာလာကြည့်နေတာလဲ။ ငါ့အတွေးကို မင်းတို့ လိုက်မှီမယ် ထင်နေလား။ မြင့်မြတ်သောတမာန်တော်တွေကို လွှတ်ပေးလိုက်စမ်း။”
ကောင်းကင်အရှင်သခင် ရှိနေသောကြောင့် ကတ်စီဒီတို့အား ဓားစာခံလုပ်ရန် မလိုတော့ပေ။
ကောင်းကင်အရှင်သခင်မှာ ကတ်စီဒီတို့အား သေသေချာချာ ကြည့်လိုက်ပြီးနောက် နားလည်သွားရသည်။
ဒါအန်လင်း အစေခံတွေပဲ.....
ကံကြမ္မာက တကယ်ဆန်းကြယ်ပါလား....
ကောင်းကင်အရှင်သခင်လည်း အန်လင်းတို့နှင့်အတူ ပြဇာတ်ကသင့်သည်ဟု ခံစားလိုက်ရသည်။
“ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားငယ်ကတော့ နာမည်အတိုင်းပါလားဟေ့။”
ဧကရာဇ်ရိတန်း ကောင်းကင်အရှင်သခင်အား စူးစိုက်ကြည့်ရှုလိုက်သည်။
“သူတို့က မြင့်မြတ်သောတမာန်တော်တွေပဲ။ စစ်မဖြစ်ချင်ရင် လွှတ်ပေးလိုက်။”
မြင့်မြတ်သောတမာန်တော်များအား သွေးမျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ရွေးချယ်ထားသောကြောင့် အရေးပါလွန်းလှသည်။
ဧကရာဇ်ရိတန်းရှေ့တွင်သာ မြင့်မြတ်သောတမာန်တော်များ တစ်စုံတစ်ခု ဖြစ်သွားပါက သူ၏ဂုဏ်သိက္ခာပါ ကျဆင်းသွားပေလိမ့်မည်။
“ဒီကောင်တွေက ကျုပ်ကိုသတ်မလို့ လုပ်နေခဲ့တာလေ။ ခင်ဗျားပြောတာနဲ့ လွှတ်ပေးရမှာလား။”
အန်လင်း မိစ္ဆာရှင်းဓားအားထုတ်ကာ ကတ်စီဒီပေါ် တင်လိုက်သည်။
ဧကရာဇ်ရိတန်း အံကြိတ်လိုက်သည်။
“ကောင်းပြီလေ။ မင်းဘာလိုချင်တာလဲ။”
အန်လင်းမှာ ကောင်းကင်အရှင်သခင်အား အသံဖြင့် ဆက်သွယ်လိုက်သည်။
“ကျွန်တော် ပိုက်ဆံလိုနေတယ်။”
အရေးအကြီးဆုံး ပုဂ္ဂိုလ်သည်သာ ဆွေးနွေးညှိနှိုင်းသင့်သည် မဟုတ်လော။
ကောင်းကင်အရှင်သခင် ချက်ချင်းနားလည်ကာ ပြုံးလိုက်သည်။
“မြင့်မြတ်သောတမာန်တော် တစ်ပါးကို စိတ်ဝိဥာဥ်ကျောက်တုံး ဆယ်သန်း...”
“မင်း....”
ဧကရာဇ်ရိတန်း မျက်လုံးပြူးသွားသည်။
“မင်းက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ။”
“မြင့်မြတ်သောတမာန်တော် တစ်ပါးအသက်က ဆယ်သန်းတောင် မတန်ဘူးလား။”
ကောင်းကင်အရှင်သခင် နှာခေါင်းရှုံ့လိုက်သည်။
“ကောင်းပြီ။ ငါပေးမယ်။”
ဧကရာဇ်ရိတန်း စိတ်ထိန်းနေရသည်။
သူသည် မြင့်မြတ်သောတမာန်တော်များ၏ သိုလှောင်လက်စွပ်များအား ယူသွားရန်သာ ပြောလိုပါသော်လည်း ဧကရာဇ်တစ်ပါး၏ သိက္ခာအား ထိခိုက်မခံနိုင်သောကြောင့် သဘောတူလိုက်ရသည်။
ဧကရာဇ်ရိတန်းမှာ ကောင်းကင်အရှင်သခင်အား ရင်နာနာနှင့်ပင် ငွေပေးလိုက်သည်။
ကောင်းကင်အရှင်သခင်မှာ တစ်ချက်ပင် မကြည့်ပဲ အန်လင်းထံ ပေးလိုက်သည်။
“ရော့.... မင်းဖမ်းလာတာပဲ။”
ဧကရာဇ်ရိတန်းမှာ အကြည့်များ စူးရှသွားရသည်။
အန်လင်းမှာ ကောင်းကင်အရှင်သခင်၏ ကျက်သရေရှိသော ကြွားဝါဟန်အတွက် လေးစားသွားမိသည်။
သူလိုအပ်နေသော ငွေကြေးပမာဏမှာ ပြည့်သွားလေပြီ။
ကတ်စီဒီနှင့် တိုဘိယသည် သူ့အားသစ္စာရှိကာ ဧကရာဇ်ရိတန်းကိုပင် ငွေကူညှစ်ပေးခဲ့သည်။
ထိုအတွေးကြောင့် အန်လင်း ပြုံးမိသွားသည်။
ဧကရာဇ်ရိတန်းမှာ အန်လင်းအား မျက်စိစပါးမွှေး စူးနေပြီပင်။
“ငါ့လူတွေကို လွှတ်လိုက်တော့။”
အန်လင်းမှာ ကောင်းကင်အရှင်သခင်အား ဆက်သွယ်လိုက်ပြန်သည်။
“ကျွန်တော် မလုံခြုံသလို ခံစားရတယ်။”
ကောင်းကင်အရှင်သခင် ပြုံးကာပြောလာသည်။
“ငါ့လူတွေ လုံခြုံရေးအတွက် မင်းတာအိုနှလုံးသားနဲ့ အရင်ကျိန်ရမယ်။”
“မဖြစ်နိုင်ဘူး။ ငါ့သားအတွက် လက်စားချေရဦးမယ်။”
ဧကရာဇ်ရိတန်းမှာ ထိုအချက်အား လက်မခံနိုင်ပေ။
အန်လင်း ကောင်းကင်အရှင်သခင်အား ဆက်သွယ်လိုက်သည်။
“ကျွန်တော် ဟင်းလင်းပြင်သို့အပြန် အဆင့်ရောက်တာနဲ့ ကြိုက်သလိုလုပ်လို့ပြောလိုက်။”
ကောင်းကင်အရှင်သခင် တည်ငြိမ်စွာ စကားဆိုလိုက်သည်။
“ကောင်းပြီလေ။ အန်လင်း ဟင်းလင်းပြင်သို့အပြန် အဆင့်ရောက်တာနဲ့ ကြိုက်သလိုလုပ်။ ဘယ်လိုလဲ။”
ဧကရာဇ်ရိတန်း ဒေါသထွက်နေသည်။
ဒင်းက ဟန်ရေးပြလွန်းတယ်....
“ကောင်းပြီလေ။”
ဧကရာဇ်ရိတန်းသည် အန်လင်းအား ဟင်းလင်းပြင်သို့အပြန် အဆင့်ရောက်မှသာ တိုက်ခိုက်ပါမည်ဟု ကျိန်ဆိုလိုက်သည်။
ကောင်းကင်အရှင်သခင် စိတ်ပူနေသည်။
“အဆင်ပြေပါ့မလား။ သူက တာအိုပေါင်းစည်းခြင်း အဆင့်နော်။”
“ဘာမှမဖြစ်ပါဘူး။ ကျွန်တော်သာ အဲ့အဆင့်ရောက်ရင် သူ့ကိုတောင် သတ်နိုင်လောက်ပြီ။”
အန်လင်း ယုံကြည်ချက်ရှိစွာ တုံ့ပြန်လာသည်။
ကောင်းကင်အရှင်သခင် အံ့သြသွားရသည်။
ဒင်းလည်း သောက်ကြွားပဲဟ.....
အန်လင်းသည် ကတ်စီဒီတို့အား ဧကရာဇ်ရိတန်းထံ လွှတ်ပေးလိုက်သည်။
“အန်လင်း ငါတို့တွေ့ကြဦးမှာပါ။”
တိုဘိယ စူးစူးရဲရဲ ပြောလိုက်သည်။
ကတ်စီဒီလည်း ခါးထောက်ကာ ကတ်ကတ်လန်နေသည်။
“နောက်တစ်ခါဆို နင့်ကိုနှိပ်စက်ပြီး သွေးစုပ်ပစ်မယ်။”
အန်လင်း မျက်နှာပျက်သွားသည်။
ငိုးမက တကယ်ကြီး ပြောနေတာပဲ.....
“သွားရအောင်။”
ဧကရာဇ်ရိတန်း အေးစက်စက် ပြောလိုက်သည်။
ကတ်စီဒီတို့လည်း သူ၏နောက်မှ အမြှီးကုပ်ကာ လိုက်ပါသွားလေသည်။
ဧကရာဇ်ရိတန်းသည် လက်စားမချေနိုင်သည့်အပြင် ငွေကြေးများပါ ဆုံးရှုံးလိုက်ရသောကြောင့် ပေါက်ကွဲကာ မြေပြင်အား ရိုက်ချလိုက်သည်။
“ရား.....”
ဝုန်း.....
မရဏအငွေ့အသက်မှာ ကီလိုမီတာ ငါးဆယ်တိုင် ပျံ့နှံ့သွားသည်။
.......
အနက်ရောင်စိမ့်တော နယ်စပ်၌
အန်လင်းမှာ ကယ်တင်ရှင် ကောင်းကင်အရှင်သခင် ဖေဖေကြီးအားကြည့်ကာ စကားတစ်ခွန်းသာ ပြောဖြစ်လိုက်သည်။
“အကြွားဘုရင်....”