← Chapters

အန်လင်းမသိသေးတာတွေအများကြီးပဲ

Vol. 79 Ch. 1104

အန်လင်းမသိသေးတာတွေအများကြီးပဲ

Vol. 79 Ch. 1104

ကောင်းကင်အရှင်သခင် မျက်နှာပျက်သွားသည်။

“ဘယ်သူ့ကို ပြောတာလဲ။”

အန်လင်းမှာ စိတ်ထဲမှ စကားအား ထုတ်ပြောမိလိုက်သောကြောင့် ထိတ်လန့်သွားရသည်။

ထို့နောက် ကောင်းကင်အရှင်သခင် စကားဆက်လိုက်သည်။

“ကောင်းကင်ဘုံခုံရုံးက လူသားမျိုးနွယ် ကိုယ်စားပြုလေ။ ရန်သူတွေ ငါတို့ကို အထင်သေးခိုင်းလို့ မဖြစ်ဘူး။”

အန်လင်း ခေါင်းညိတ်ပြလာသည်။

“နားလည်ပါတယ်။”

ကောင်းကင်အရှင်သခင်မှာ လူသားမျိုးနွယ်အတွက် ဟန်ရေးပြနေရခြင်းဖြစ်ပြီး အန်လင်းသည်လည်း ထိုသည်ကို သင်ယူသင့်သည်ဟု ခံစားလိုက်ရသည်။

“ကောင်းကင်အရှင်သခင်ကိုယ်တိုင် လိုက်လာရတာ တောင်းပန်ပါတယ်။”

စုရှောင်လန် အားနာနေမိသည်။

“ဟားဟား.... အန်လင်းက ပြဿနာအိုးပဲလေ။ ပြဿနာ မဖြစ်ရင်တောင် ထူးဆန်းနေမှာ။ ဘာမှမဖြစ်ရင် ပြီးတာပါပဲ။”

ကောင်းကင်အရှင်သခင် ရယ်မောကာ ပြောလာသည်။

အန်လင်း အနည်းငယ် ရှက်ရွံ့သွားရသည်။

ကောင်းကင်အရှင်သခင် အန်လင်းတို့အား ကြည့်ရှုလိုက်သည်။

“ဧကရာဇ်ရိတန်း ဒေါသထွက်နေပုံအရ သွေးမျိုးနွယ်စုကို တော်တော်ဒုက္ခပေးခဲ့ပုံပဲ။ အဲ့ဒါ လူသားမျိုးနွယ်အတွက် ကောင်းတာပဲလေ။”

အန်လင်းမှာ ဖြစ်ပျက်ခဲ့သမျှ ပြောပြလိုက်သောကြောင့် ကောင်းကင်အရှင်သခင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

၎င်းတို့သည် အရိုးမိစ္ဆာဂိုဏ်းအား ဖျက်စီးခဲ့သည့်အပြင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ လေးဦးကိုပါ သတ်ပစ်ခဲ့သည်။

“အိမ်ပြန်ရအောင်။”

ကောင်းကင်အရှင်သခင် စကားဆိုလိုက်သည်။

အန်လင်းနှင့် စုရှောင်လန်မှာ လုံခြုံသွားသလို ခံစားလိုက်ရသည်။

၎င်းတို့သည် ကောင်းကင်အရှင်သခင်နှင့်အတူ လင်းကန်မြို့တော်သို့ ပြန်လာခဲ့ကြသည်။

ဓားအင်မော်တယ် လင်းရှောင်မှာ အန်လင်းအား ဆူပူရန် တွေးထားပါသော်လည်း ကောင်းကင်အရှင်သခင်အား မြင်လိုက်ရသောကြောင့် ကြောင်တောင်တောင် ဖြစ်သွားရသည်။

အခု အန်လင်းကို ဘယ်လိုဆူရတော့မှာလဲ....

သူကောင်းကင်အရှင်သခင်အား အရိုအသေ ပေးလိုက်သည်။

ကျောင်းသားများသည်လည်း ကောင်းကင်အရှင်သခင်အား တွေ့လိုက်ရသောကြောင့် မယုံကြည်နိုင် ဖြစ်ကုန်သည်။

ကောင်းကင်အရှင်သခင်သည် စကားအချို့ ပြောကြားကာ ပြန်သွားခဲ့သည်။ အားလုံးသည် ကောင်းကင်အရှင်သခင်အား နွေးထွေးမှုရှိသူတစ်ဦးဟု ခံစားလိုက်ရသည်။

အန်လင်းသည်လည်း ကောင်းကင်အရှင်သခင်ထံမှ သင်ခန်းစာများ ရရှိလိုက်သလို တွေးမိသည်။

၎င်းတို့သည် မြို့နံရံတွင် ပျင်းရိနေပါသော်လည်း အန်လင်းမှာ ကောင်းကင်အရှင်သခင်နှင့် ပျော်ပျော်ရွှင်ရွှင် ရှိနေသည်။

လင်းကန်မြို့တော်နှင့် သွေးမျိုးနွယ်စုသည် တစ်ဖက်နှင့်တစ်ဖက် မတိုက်ရဲပဲ ထိုအတိုင်းသာ ရှိနေလေသည်။

မော့ထျန်းတို့မှာ အန်လင်း၏ အောင်မြင်မှုအား ဂုဏ်ပြုရန် ရောက်လာကြသောကြောင့် အန်လင်းမှာ ရွေးချယ်စရာ မရှိပဲ ကြွားဝါပေးလိုက်ရသည်။

အရိုးမိစ္ဆာဂိုဏ်းပျက်ကာ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ လေးဦး သေဆုံးသွားသော သတင်းသည် အနက်ရောင်စိမ့်တောသာမက ကိုးပြည်ထောင်သို့ပါ ရောက်ရှိနေလေပြီ။

ဧကရာဇ်ရိတန်းသည်လည်း အန်လင်းသည် အဓိက တရားခံဖြစ်ကြောင်း ထုတ်ပြန်ခဲ့သောကြောင့် အန်လင်းမှာ ဇာတ်လိုက်ကျော်ကြီး ဖြစ်ရပြန်သည်။

ထိုက်ချူကုန်းမြေတွင် အန်လင်း၏ သတင်းများသာ ကြီးစိုးနေတော့သည်။

သူသည် ပါရမီကောင်းရုံသာမက အသက်ငယ်ငယ်နှင့် အင်အားကြီး ဂိုဏ်းတစ်ခု တည်ထောင်ထားကာ မိုးကြိုးကပ်ဘေး အရှင်သခင်လည်း ဖြစ်နေသေးသည်။

ယခုနှစ်များအတွင်း အန်လင်းမှာ လူငယ်များကြား စံပြပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

အနက်ရောင်စိမ့်တောမှ သတင်းမှာ အနောက်ပင်လယ်ထိတိုင် ရောက်သွားခဲ့သည်။

.........

ပင်လယ်နှလုံးသားနန်းတော်၌

“တကယ့်လူပဲ။”

လန်ရှင်းယန် ရယ်မောနေသည်။

“ကောင်းကင်မိုးကြိုးနတ်ဘုရားက အခုတော့ သွေးမျိုးနွယ်စုတွေကိုပါ အနိုင်ကျင့်နေပြီပဲ။”

လန်ရှောင်နီ စိတ်ပူနေမိသည်။

“တာအိုပေါင်းစည်းခြင်း အဆင့်တွေက ဘာမှမလုပ်ကြဘူးလား။”

လန်ရှင်းယန် ပြုံးကာပြောလိုက်သည်။

“မင်းရဲ့ဆရာကြီးကို ယုံကြည်မှု မရှိဘူးလား။ ငါပေးတဲ့ ဗုံးကိုတောင် သူမသုံးရသေးဘူး။”

သူသည် ထိုဗုံးအား အသက်သွင်းခြင်း ရှိမရှိ သိရှိနိုင်သည်။

“ဆရာကြီးအန်လင်းက အကောင်းဆုံးပဲ။”

လန်ရှောင်နီ စိတ်သက်သာရာ ရသွားသည်။

“အနောက်ပင်လယ်အနေနဲ့ သူ့ကိုထောက်ခံအားပေးသင့်တယ်။”

လန်ရှင်းယန် ခေါင်းညိတ်ပြလာသည်။

အန်လင်းကြောင့် သမီးတော်မှာ အတော်ပင် ရင့်ကျက်လာခဲ့သည်။

“ကောင်းကင်ဘုံကို အလုပ်အကျွေးပြုရတာ ထူးခြားသားပဲ။”

.........

ညဥ့်ကောင်းကင်ယံအောက်တွင် မျောလွင့်နေသော ကျွန်းတစ်ခု ရှိနေသည်။

ထိုသည်မှာ တောင်ပံနက်မျိုးနွယ်စု၏ ပိုင်နက်ပင်။

၎င်းတို့သည် မြွေနက်ဝိဥာဥ်နှင့် တောင်ပံနက်ဧကရာဇ်၏ တိုက်ပွဲနောက်ဆက်တွဲကြောင့် နေရာအတော်များများကို ပြန်လည်ပြင်ဆင်နေရသည်။

“ဘာ.... သာမန်ဆောက်လုပ်ရေးက ဆယ်သန်းတောင် ကျမှာလား။”

တောင်ပံနက်ဧကရာဇ် ဒေါသထွက်သွားသည်။

ပြင်ဆင်စရိတ်မှာ စျေးကြီးလွန်းနေသည်။

တောင်ပံနက်ဧကရာဇ် စိတ်ဓာတ်ကျသွားရသည်။

ထိုအချိန်တွင် လှပသော အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်။

တောင်ပံနက်ဧကရာဇ် ပြုံးလိုက်မိသည်။

“လစန္ဒာအကြီးအကဲ ဘာလို့ပြန်လာတာလဲ။”

လစန္ဒာအကြီးအကဲမှာ သူ၏အထူးချွန်ဆုံး အကြီးအကဲများထဲမှ တစ်ဦးဖြစ်သည်။

လစန္ဒာအကြီးအကဲ ခပ်တိုးတိုး ပြောလိုက်သည်။

“ကျွန်မ မိစ္ဆာရှင်းဓား မစ်ရှင်ကို လက်လျှော့ချင်လို့ပါ။”

တောင်ပံနက်ဧကရာဇ် : “.....”

သောက်ကျိုးနည်း......

All Chapters