← Chapters

မိသားစုနှင့်ဆွေမျိုးများ

Vol. 79 Ch. 1107

မိသားစုနှင့်ဆွေမျိုးများ

Vol. 79 Ch. 1107

“ဘောပျံမျိုးနွယ်စု ပိုင်နက်မှာတုန်းက ကိစ္စကို ပြောနေတာလား။”

စုရှောင်လန် မေးမြန်းလိုက်သည်။

အန်လင်း ခေါင်းညိတ်ပြလာသည်။

“အဲ့တုန်းက ကိုယ်အရမ်းဒေါသထွက်နေတာလေ။ အမှားကြီးတစ်ခု လုပ်မိတော့မလို့.....”

ရှောင်လန်၏အဖိုး သူ၏ အဖိုးယောက္ခထီးအား သတ်မိမလို ဖြစ်သွားခဲ့သည်။

သူသည် အော့မန်အား အားပါးတရ သမခဲ့ခြင်း ဖြစ်သည်။

ရှောင်လန်၏ သွေးမျိုးဆက်အား သိထားပါသော်လည်း ဆက်စပ်မိခဲ့ခြင်း မရှိပေ။

စုရှောင်လန် နှစ်သိမ့်ပေးလိုက်သည်။

“ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အော့မန်က အဖေ့ကို သားအဖြစ်က စွန့်လွှတ်ထားတာပဲဟာ။”

“ငါလည်း အရှေ့ပင်လယ် နဂါးမင်းပိုင်နက်နဲ့ ဘာအဆက်အဆံမှ မရှိဘူး။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

“အော့မန်က သားသမီးတွေကို ဆက်ဆံတာ တကယ်ကြောင်တောင်တောင်နိုင်တယ်။”

စုရှောင်လန် ဝိုင်တစ်ငုံ သောက်လိုက်သည်။

“စုကျိုးအင်မော်တယ်ဂိုဏ်းကို ရောက်နေတဲ့ နဂါးမင်းသမီး ပေလျန်ကရော ဖိအားတွေကြောင့် ထွက်လာရတာမလား။ အော့မန်က သားသမီးတွေကို ဖိအားပေးတဲ့နေရာမှာ ဆရာကြီးပဲ။”

၎င်းတို့နှစ်ဦးလုံး ရယ်မိလိုက်ကြသည်။

စုရှောင်လန်သည် အော့မန်အပေါ် သံယောဇဥ်ပင် မရှိပေ။

“ကလေးတွေ အများကြီး ရှိတော့လည်း တစ်ယောက်ချင်းစီကို ဘယ်ဂရုစိုက်ပါ့မလဲ။ သူ့စိတ်တိုင်းကျ လိုချင်သလို ပျိုးထောင်နေတာပေါ့။”

အန်လင်း ဝေဖန်လိုက်သည်။

စုရှောင်လန် သက်ပြင်းချလိုက်သည်။

“အရှေ့ပင်လယ် နဂါးမင်းပိုင်နက်နဲ့ အဆက်အသွယ် ဖြတ်ပြီးတော့ အဖေက အော့ကွမ်းယွင်ကနေ စုကွမ်းယွင်ဆိုပြီး နာမည်ပြောင်းလိုက်တယ်လေ။”

အန်လင်း ပြုံးကာပြောလာသည်။

“အဲ့ဒါကြောင့် မင်းမျိုးရိုးက အော့မဟုတ်တာကိုး။”

စုရှောင်လန် ရယ်မောလိုက်သည်။

“အဖေနဲ့အမေ လက်ထပ်ပြီးတော့ ဗာမီလီယမ်ငှက်ဂိုဏ်းမှာ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတာလေ။”

သာမန်အချစ်ဇာတ်လမ်းသာဆိုပါက ထိုသည်မှာ အဆုံးသတ် ဖြစ်ပေလိမ့်မည်။

သို့သော် ထိုသည်မှာ နိဒါန်းသာ ရှိသေးကြောင်း အန်လင်း သိရှိနေသည်။

စုရှောင်လန် လက်ဖြန့်လိုက်သည်။

“ပါးစပ်ဆာတယ်။ အသီးတစ်လုံးလောက်ပေး။”

အန်လင်းမှာ ပထမတန်းစား စိတ်ဝိဥာဥ်သစ်သီးကို ထုတ်ပေးလိုက်သည်။

“သခင်မလေး စားတော်မူပါဦး။”

“အန်လေးက လိမ္မာသားပဲ။”

စုရှောင်လန် ပြုံးကာလက်ခံလိုက်သည်။

“ဒါပေမယ့် လက်ထပ်တာ ကြာသွားတာတောင်မှ ကလေးတစ်ယောက်မှ မရခဲ့ကြဘူး။”

အန်လင်းမှာ စိတ်မသက်မသာ ဖြစ်လာမိသည်။

“ပြောရရင် မျိုးစိတ်မတူတော့ ဘယ်လိုမှ ပေါင်းစည်းမရဘူးလေ။”

စုရှောင်လန်၏ အမူအရာမှာ လေးနက်နေသည်။

“အဲ့ဒါဆို ဘယ်လိုလုပ် အဆင်ပြေသွားတာလဲ။”

ထိုပြဿနာအား သူနှင့်ရှောင်လန်လည်း ကြုံတွေ့ရနိုင်ခြေ ရှိသည်။

ရှောင်လန်သည်လည်း နဂါးသွေးတဝက် ပါနေသည် မဟုတ်ပါလော။

“အင်း.....”

စုရှောင်လန် ရှက်သွေးဖြာသွားသည်။

“ခရမ်းကြယ်စင် ပဋိသန္ဓေဆိုင်ရာဆေးခန်းကိုသွားပြီး အဆင်ပြေသွားကြတာလေ။”

အန်လင်း : “.....”

“ကိုယ်အစ်မကြီးပိုင်လင်ကို မေးထားမှပဲ။”

“မလိုပါဘူး။ ငါ့မှာ ဆေးညွှန်းရှိတယ်။ ပါဝင်ပစ္စည်းပဲ ရှာရခက်တာ။”

စုရှောင်လန် စကားဆိုလာသည်။

“အမေ ဆေးသောက်ပြီးတဲ့နောက် ပြဿနာလည်း ရှင်းသွားတယ်။”

အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

“ဓားအင်မော်တယ် ကိုကိုအန်လင်းက ဘာပဲဖြစ်ဖြစ် ရအောင်ရှာပေးမယ်။”

“နောက်တော့ ငါ့ရဲ့သွေးမျိုးဆက် မျှခြေဖြစ်ဖို့အတွက် အဖေနဲ့အမေ ကြိုးစားခဲ့ကြတယ်။”

စုရှောင်လန် မွေးဖွားလာရန် အမှန်တကယ် မလွယ်ကူခဲ့ပေ။

အန်လင်းမှာ စုရှောင်လန်အား ပုခုံးထက်တွင် မှီစေလိုက်သည်။

“သွေးမျိုးဆက် မျှခြေဖြစ်ဖို့လား။”

စုရှောင်လန် ညင်သာစွာ ပြောလာသည်။

“အဲ့ဒါအတွက်လည်း ဆေးညွှန်းရှိပါတယ်။”

အန်လင်း စိတ်အေးသွားရသည်။

စုရှောင်လန် တောက်ပစွာ ပြုံးလိုက်သည်။

“ငါက ကျန်းမာတဲ့ ကလေးလေး ဖြစ်ခဲ့တယ်လေ။ အဖေက နဂါးမျိုးနွယ်စု ကျင့်စဥ်တွေ သင်ပေးပြီး အမေက မီးတောက်အမျိုးအစား ကျင့်စဥ်တွေ သင်ပေးခဲ့တယ်။ ငါ့ရဲ့ သွေးမျိုးဆက်ကြောင့် ကျင့်ကြံရေး ပါရမီလည်း တော်တော်ကောင်းခဲ့တာ။”

သူမသည် နောက်ခံအင်အား တောင့်တင်းသော ဂိုဏ်းကြီးတစ်ခုမှ ဖြစ်သည့်အပြင် ပါရမီလည်း ကောင်းမွန်ပြီး မိဘများသည်လည်း ချစ်ခင်ကြင်နာကြကာ မင်းသမီးလေးတစ်ပါးနှင့်မခြား နေထိုင်ခဲ့ရသည်။

“ငါ့အမေက အရမ်းတင်းကြပ်တယ်။ ငါသတ္တိရှိလာဖို့လည်း သန္ဓေပြောင်းသားရဲတွေ ခဏခဏ လွှတ်ခဲ့တယ်။”

“အဖေကတော့ အမြဲတမ်း ပြုံးပြုံးကြီးနဲ့ ကြင်နာတတ်တယ်။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

“အံ့သြစရာ မရှိပါဘူး။”

ကျူးရီရွှမ်းသည် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်အား သမကာ စုကွမ်းယွင်အား ခိုးပြေးခဲ့သူ ဖြစ်သောကြောင့် ၎င်းတို့၏ စိတ်နေစိတ်ထားများအား မှန်းဆကြည့်နိုင်သည်ပင်။

စုရှောင်လန်သည် အတိတ်ကိစ္စများအား အန်လင်း နားလည်စေရန် တတ်နိုင်သမျှ ပြောပြနေသည်။

“ငါ့အသက် ဆယ့်နှစ်နှစ်မှာ မြင့်မြတ်သော ဗာမီလီယမ်မီးတောက်က မတည်ငြိမ်တဲ့ လက္ခဏာတွေ ပြလာခဲ့တယ်။ အဲ့ဒါကြောင့် စွမ်းအင်သလင်းကျောက် တစ်မျိုးကိုရှာဖို့ အဖေရယ်၊ အမေရယ်၊ ဦးလေးရယ်က လဟာပြင်စိတ်ဝိဥာဥ်ဒေသဆီ ထွက်ခဲ့ကြတယ်။ အဲ့မှာ သူတို့စိတ်ဝိဥာဥ်ကို ဝါးမြိုချင်တဲ့ တာအိုပေါင်းစည်းခြင်းအဆင့် လဟာပြင်စိတ်ဝိဉာဉ်မျိုးနွယ်စု နှစ်ယောက်နဲ့ တွေ့ခဲ့ရတာပဲ။”

စုရှောင်လန်မှာ လက်သီးများအား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

အန်လင်းသည် ရှောင်လန်အား ပွေ့ဖက်ကာ နှစ်သိမ့်ပေးမိသည်။

သူသည်လည်း ဇာတ်လမ်းအဆုံးသတ်ကို သိနေပြီပင်။

“ဗာမီလီယမ်ငှက်ရဲ့ မူလရတနာထဲမှာ သက်ကယ်ရတနာ ဗာမီလီယမ်ငှက်တောင်ပံဆိုတာ ရှိတယ်။ အသက်သွင်းလိုက်တာနဲ့ တာအိုပေါင်းစည်းခြင်း အဆင့်တွေတောင် လိုက်မမှီနိုင်တဲ့ နေရာကူးပြောင်းခြင်းကို လုပ်ပေးနိုင်တယ်။”

“ဒါပေမယ့် အဲ့ရတနာက လူတစ်ယောက်ပဲ သုံးလို့ရတယ်။ အမေ့ရတနာ ဆိုပေမယ့် အမေက ဦးလေးကိုပေးပြီး ငါ့ကိုစောင့်ရှောက်ပေးဖို့ပဲ မှာခဲ့တယ်။”

စုရှောင်လန် မျက်ရည်များ စီးကျလာသည်။

“သူတို့က နှုတ်တောင်မနှုတ်နိုင်ခဲ့ပဲ ငါ့ဘဝထဲကနေ ထာဝရ ထွက်ခွာသွားခဲ့ကြတာ။”

“ငါ့ကို နဂါးမျိုးနွယ်စု ကျင့်စဥ်တွေ သင်ပေးမယ့်သူ မရှိတော့ဘူး။ ဦးလေးကတော့ မီးတောက်အမျိုးအစား ကျင့်စဥ်တွေ ဆက်သင်ပေးခဲ့တယ်။ သူတို့က ငါ့ကို ဆူလည်းမဆူဘူး။ ရိုက်လည်းမရိုက်ဘူး။ သန္ဓေပြောင်းသားရဲတွေနဲ့လည်း မခြောက်ကြဘူး။”

“ဆွေမျိုးတွေ အပြစ်မမြင်အောင် ငါအရမ်း လိမ္မာခဲ့တယ်။ လူတကာက ငါ့ကိုချီးကျူးကြတယ်။ ဒါပေမယ့် ငါချီးကျူးစကားကြားချင်တာ သူတို့ဆီက မဟုတ်ဘူး။”

စုရှောင်လန် အားပါးတရ ငိုကြွေးလာသည်။

ဦးလေးဖြစ်သူသည် ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးပါသော်လည်း မိဘနေရာအား အစားမထိုးနိုင်ပေ။

အန်လင်း တိတ်တဆိတ်ပင် ရှောင်လန်၏ မျက်ရည်များအား သုတ်ပေးလိုက်သည်။

ထို့နောက် စုရှောင်လန်သည် မှတ်တမ်းတင် သလင်းကျောက်အားထုတ်ကာ သက်ရှိစွမ်းအင် ထည့်သွင်းလိုက်သည်။

အနီရောင်ဝတ်စုံများ ဆင်မြန်းထားသော မိသားစု ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

အမျိုးသမီးသည် ပြုံးရယ်နေပြီး လက်နှစ်ဖက်အား အမျိုးသားပေါ်တစ်ဖက် ကလေးမလေးပေါ်တစ်ဖက် တင်ထားသည်။

နဂါးချိုနှင့် အမျိုးသားသည် ညင်သာစွာပြုံးကာ ကလေးမလေးအား လက်ဆွဲထားသည်။

စုရှောင်လန်သည် ဆံပင်အား နှစ်ဖက်ခွဲထုံးထားကာ နေရောင်ခြည်လေးအလား တောက်ပစွာ ရယ်မောနေလေသည်။

All Chapters