လျှို့ဝှက် နည်းစနစ်၏ ကြောက်မက်ဖွယ် ကောင်းပုံ
Vol. 10 Ch. 129
“အန္တရာယ်”
လီဖူချန်းရဲ့ ဆဋ္ဌမ အာရုံက သူ့ကို သတိပေးနေပါပြီ။ ဒီဓားချက်ကို လေးလေးနက်နက် ထားပြီး ခုခံနိုင်မှသာ တော်ကာ ကျပါလိမ့်မယ်။ ဒီဓားချက်က သူ့ရဲ့ ကျင့်ကြံသူ လမ်းစဉ်ကိုတောင် ဖျက်ဆီး သွားနိုင်တယ်လေ။
လီဖူချန်းက ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အတွင်းအားကို အဆုံးစွန်ဆုံး အထိ ထုတ်သုံး ထားလိုက်ပါတယ်။ သူ့ရဲ့ အနက်ရောင် သံဓေားကလည်း အလျှံ တစ်ညီးညီးနဲ့ တောက်လောင်နေတဲ့ မီးဓားတစ်လက် အဖြစ်ကို ပြောင်းသွားပါပြီ။ သူ့ရဲ့ဓားက လုံးဝကို သွေးဆာ နေပါပြီလေ။
ရွှစ် … ရွှစ် …။
လခြမ်းကွေး ဆေဘာနဲ့ အနက်ရောင် သံသေဓား။ မည်သည့် ဘက်က ပိုအားသာမည်နည်း။ ဒါကိုတော့ မကြာခင်မှာဘဲ သိရတော့မှာပါ။
လီဖူချန်းကို အံကို တင်းတင်း စေ့ကာ လခြမ်းကွေး ဆေဘာကို ခံဆောင် လိုက်ပါတော့တယ်။
ထန် …။
လီဖူချန်းက ကြိုးပြတ်သွားတဲ့ စွန်တစ်ခု လိုပါဘဲ။ လခြမ်းကွေး ဆောဘာရဲ့ အရှိန်အဝါက လီဖူချန်းကို အနောက်ဘက်ကို လွင့်ထွက်သွားစေခဲ့ပြီလေ။ ဒါပေမဲ့ လီဖူချန်းရဲ့ ဘာမထီ စိတ်ဓာတ်က အရှုံးကို လက်မခံသေးပါဘူး။ သူက ဓားကို ထောက်လျက် အမှီပြုကာ တုန်တုန်ယင်ယင်နဲ့ ပြန်ထလာပါတယ်။
“အဟွတ် … ပြင်းလိုက်တဲ့ ဓားချက်ဘဲ ။ အဟွတ် အဟွတ်”
လီဖူချန်းက အဆတ်မပြတ် ချောင်းဆိုးလိုက်တဲ့ အခါမှာတော့ သွေးတွေက ပါးစပ်ကနေ စီးကျလာပါတယ်။
တစ်ဖက်လူရဲ့ ဆေဘာအရှိန်အဝါက သူ့ရဲ့ ဓားဆန္ဒကို ဖျက်ဆီးလိုက်တဲ့အပြင် လျှို့ဝှက် သွေးမျိုးဆက် ခန္ဓာကိုယ်ကိုပါ ထိခိုက်ဒဏ်ရာ ရစေခဲ့တယ်လေ။ လီဖူချန်းက သေတွင်း ထဲကနေ သီသီလေး လွတ်မြောက်လာခဲ့တာပါ။
“ရှင့်ရဲ့ ဓားဆန္ဒက တကယ်ပဲ ပြောင်မြောက် လှပါပေတယ်”
ရန်ချင်းဟူက သူမရဲ့ ဓားကို ပြန်သိမ်းလိုက်ပါတယ်။
သူမ အစောပိုင်းတုန်းက အသုံးပြုလိုက်တဲ့ လျှို့ဝှက်နည်းစနစ်က ကြယ်နှစ်ပွင့် အဆင့် ရှိပါတယ်။ အဲသည် နည်းစနစ်ကို နေမင်းရောင်ခြည် လက်လို့ ခေါ်ကြပါတယ်။ ဒီနည်းစနစ်က ပတ်ဝန်းကျင်က ချီအတွင်းအားတွေ အကုန်လုံးကို လက်ဝါးမှာ စုစည်း နိုင်ပြီး အခြား အရာဝတ္ထု ဆီသို့ လွှဲပြောင်း ပေးနိုင်စွမ်း ရှိတယ်လေ။
ဒီနည်းစနစ်ကို တတ်မြောက် ပြီးကတည်းက ရန်ချင်းဟူက ဒီတစ်ကြိမ်သာ ထုတ်ယူ သုံးစွဲ ဖူးပါသေးတယ်။ ဒါကြောင့် သူမက ဒီစွမ်းအားကို သေသေချာချာ အသုံး မပြုတတ်သေးပါဘူး။ မဟုတ်လို့ကတော့ ဒီဓားချက်နဲ့ဘဲ လီဖူချန်းက မရဏ ပြည်မှာ ရှင်သေမင်းကို မော်ဖူးနေရပါပြီ။
“ကောင်းကောင်း အသက်ရှင်နေပါ။ ဒါမှ နောက်တစ်ခါ တွေ့ရင် ရှင့်ကို သတ်လို့ရမှာ”
ပြောပြီးတာနဲ့ ရန်ချင်းဟူက လှည့်ထွက် သွားပါတော့တယ်။ သူမက လီဖူချန်းကို တစ်ချက်ကလေးတောင် ပြန်ပြီး လှည့်မကြည့်သွားခဲ့ပါဘူးလေ။ မကြာခင်မှာပဲ ကောင်းမွန်လှတဲ့ သူမရဲ့ ကိုယ်ဖော့ပညာက သူမကို လီဖူချန်းရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ် သွားစေပါတော့တယ်။
ဝေါ့ …။
လီဖူချန်းက သူ့ရဲ့ ရင်ဘတ် အတွင်းပိုင်းမှာ အရမ်း နာကျင်နေတာကို ခံစားနေရပါတယ်။ ဒါကြောင့် သူက သွေးခဲလေးတွေကို အန်ထုတ် ပစ်လိုက်ပါတယ်။ ပိတ်ဆို့သွားတဲ့ သွေးကြောလေးမျှင်လေးတွေက သွေးခဲလေးတွေ အဖြစ် ပြောင်းလဲသွားပြီး လီဖူချန်းကို အတွင်းဒဏ်ရာ ရသွားစေတာပါ။ ထိုသို့ အန်ပစ်လိုက်မှဘဲ လီဖူချန်းက နေလို့ ထိုင်လို့ ကောင်းလာပါတော့တယ်။
“ငါလည်း ဒီမီးနဂါး လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့် ပြီးသွားရင် အစွမ်း ထက်လာဦးမှာပါကွာ”
လီဖူချန်းက မိန်းမပျိုလေး ထွက်သွားတဲ့ ဘက်ကို ငေးကြည့်နေရင်းနဲ့ တီးတိုး ရေရွတ်လိုက်ပါတယ်။
စဉ်းစားရင်းနဲ့ လီဖူချန်းက ကျောက်စိမ်း ဗုဒ္ဓ ရုပ်ပွားတော်ကို လေ့လာချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတော့တယ်။
မိန်းမပျိူလေး ပြသသွားတဲ့ အစွမ်းတွေ အရဆိုရင် လျှို့ဝှက် နည်းစနစ်တွေက လူတစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေကို အဆပေါင်း အနည်းငယ် တိုးတက်လာစေနိုင်တယ် ဆိုတာကို လီဖူချန်း တစ်ယောက် မျက်ဝါးထင်ထင် ကြုံတွေ့ရဖူးပြီလေ။
သူသာ တကယ်လို့ လျှို့ဝှက် နည်းစနစ် တစ်ခုကို ဆရာတစ်ဆူ နီးပါး တတ်ကျွမ်းသွားပြီ ဆိုရင် ဒီအချက်က သူ့ရဲ့ ဝှက်ဖဲ နောက်တစ်ချပ် ဖြစ်လာ နိုင်ပါသေးတယ်။
ဒါပေမဲ့လည်း အခု လောလောဆယ်မှာတော့ ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်က အရေးအကြီးဆုံး မဟုတ်သေးပါဘူး။ ဒီအတွင်း ဒဏ်ရာတွေကို အရင်ဆုံး ကုသဖို့ လိုအပ်ပါသေးတယ်။
လီဖူချန်းက ဆေးတစ်လုံးကို ထုတ်သောက်လိုက်ပြီး ကြာပန်း ပုံသဏ္ဍာန် ထိုင်လိုက်ကာ သူ့ရဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အတွင်းအား ပညာရပ်ကို စတင် လေ့ကျင့်ပါတော့တယ်။
အစပိုင်းမှာတော့ သူ့ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ အတွင်းအားတွေက စီးဆင်းရတာ အနည်းငယ် အထစ်အငေါ့ ရှိနေပေမဲ့လည်း နောက်ပိုင်းမှာတော့ အဆင်ပြေ ချောမွေ့စွာ စီးဆင်း သွားနိုင်ပါတယ်လေ။
သူ့ရဲ့ အတွင်း ဒဏ်ရာကလည်း တစ်စထက် တစ်စ သက်သာ လာနေပါပြီ။
***
နှစ်နာရီမျှ အကြာမှာတော့ …
“ဟင်း …”
လီဖူချန်းက သက်ပြင်း တစ်ချက် ချလိုက်ပြီး ကျောက်စိမ်း ဗုဒ္ဓ ရုပ်ပွားတော်ကို ထုတ်ယူ လိုက်ပါတော့တယ်။
သူ့ရဲ့ အခြေအနေက ၈၀ ရာခိုင်နှုန်းလောက် ကောင်းမွန်လာပြီ ဖြစ်တဲ့အတွက် အတော်လေး အဆင်ပြေနေပြီလို့ ပြောရလောက်ပါတယ်လေ။
ဒီအတိုင်း သာမန် ကြည့်လိုက်ရင်တော့ ကျောက်စိမ်းဗုဒ္ဓက ရိုးရိုး သာမန် ရုပ်ပွားတော် တစ်ခု လိုပါဘဲ။ ဒါပေမဲ့ ချီတွေကို ထည့်သွင်း ပေးလိုက်တဲ့ အခါမှာတော့ ဗုဒ္ဓ ရုပ်ပွားတော်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှုပ်ထွေးတဲ့ အစက်အပြောက်လေးတွေ အများကြီး ပေါ်လာပါတော့တယ်။
“ဒါတွေက သွေးကြော ဆုံမှတ်နဲ့ အတွင်းအား စီးဆင်းဖို့ လမ်းကြောင်းကို ပြသနေတာလား”လီဖူချန်းက နည်းနည်း အာရုံစိုက်ပြီး ကြည့်လိုက်ပါတယ်။
အစက်အပြောက် လေးတွေက အချင်းချင်း ချိတ်ဆက် သွားကျပြီး အတွင်းအား လှည့်ပတ်စီးဆင်းရမယ့် နေရာတွေကို ဖော်ပြလာပါတယ်။ ပိုပြီး သိသာတဲ့ အစက်လေးတွေကတော့ သတိထားပြီး ဖြတ်သန်း စီးဆင့်ရမယ့် သွေးကြော ဆုံမှတ်လေးတွေပဲ ဖြစ်ဖို့များပါတယ်။
“ဒါက မီးနဂါး လျှို့ဝှက် နည်းစနစ်ရဲ့ လေ့ကျင့်နည်း ပထမအဆင့်ပဲ ဖြစ်ရမယ်”
လီဖူချန်းက ညွှန်ပြ ထားတဲ့အတိုင်း သူရဲ့ အတွင်းအားတွေကို စီးဆင်းစေလိုက်ပါတယ်။ သူက တဖြည်းဖြည်းနဲ့ သွေးကြော ဆုံမှတ်တွေကို ဖွင့်ဖို့ ကြိုးစားနေတာပါ။ နောက်ဆုံး သွေးကြောဆုံမှတ်ကို ဖွင့်ပြီးတဲ့ အခါမှာတော့ ထူးခြားတဲ့ အတွင်းအား လည်ပတ်မှု စနစ် ပုံစံတစ်ခုက လီဖူချန်းရဲ့ ခန္ဓာကိုယ် ပေါ်မှာ ပေါ်လာပါပြီ။
လီဖူချန်းက ထို လည်ပတ်မှုပုံစံထဲကို အတွင်းအားတွေ ထည့်သွင်းလိုက်တဲ့အခါမှာတော့ ထိုလမ်းကြောင်းက အလွန် သန့်စင်တဲ့ အတွင်းအားတွေကို ဖြစ်ပေါ်လာစေတယ်လေ။
ဘုန်း …။
လီဖူချန်းကို ထိုအတွင်းအားတွေကို စုစည်းပြီး မြေကြီး ပေါ်ကို ထိုးချလိုက်ပါတယ်။
မြေပြင်ပေါ်မှာရှိတဲ့ ကျောက်ခဲတွေ အမှိုက်သရိုက်တွေ အားလုံးက လွင့်ပျံလာပြီး မြေပြင်ပေါ်မှာတော့ ဆယ်ပေလောက် ရှည်ပြီး လက်မ အနည်းငယ်လောက် ကျယ်တဲ့ အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ် လာပါတော့တယ်။
“ငါ့ရဲ့ အတွင်း ပေါက်ကွဲနိုင်နှုန်းက ၂၀ရာခိုင်နှုန်းတောင် ပိုများလာတာဘဲ။ ကြောက်စရာ ကောင်းလိုက်တဲ့ နည်းစနစ်ပါလား”
ပထမ အဆင့်ကို လေ့ကျင့်ရုံပဲ ရှိသေးတယ်။ သူ့ရဲ့ အတွင်းအားပေါက်ကွဲနှုန်းကို ၂၀ရာခိုင်နှုန်းလောက် တိုးတက်လာစေတယ်။ တကယ်လို့ တတိယအဆင့်ကို ရောက်သွားမယ်ဆိုရင် မည်မျှလောက်တောင် အစွမ်းထက်လာမှာပါလိမ့်။ အနည်းဆုံးတော့ ၅၀ရာခိုင်နှုန်း ရှိလာမှာပါ။
အဲဒီထက် ပိုအံ့သြစရာကောင်းတာက မိန်းမငယ်လေး အသုံးပြုသွားတဲ့ လျှို့ဝှက်နည်းစနစ်က လက်ဖဝါးကနေဘဲ ချီတွေ ထွက်လာတာလေ။ ဒီမီးနဂါး ကျင့်စဉ်ကတော့ တစ်ကိုယ်လုံး အသုံးပြုလို့ ရနေတာပါ။
“ခေါင်းဆောင်ကျန်း ပြောတုန်းကတော့ ဒီနည်းစနစ်က ခက်ခဲ နက်နဲလွန်းလို့ ကျန်းကလန် တစ်ခုလုံးမှာတောင် သူတစ်ယောက်ဘဲ ပထမအဆင့်ကို လေ့ကျင့်နိုင်တယ်တဲ့။ အခု ငါလေ့ကျင့်တဲ့ အခါမှာတော့ ဘာလို့ အရမ်း လွယ်ကူ နေပါလိမ့်”
မီးနဂါး ကျင့်စဉ်ရဲ့ ပထမ အဆင့်ကို လေ့ကျင့် ပြီးချိန်မှာတော့ လီဖူချန်းက သူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်နေပါတယ်။
ဒီကိစ္စက လီဖူချန်း ကိုယ်တိုင်တောင် ဘယ်တော့မှ မသိနိုင်တဲ့ လျှို့ဝှက်ချက် တစ်ခုကြောင့်ပါဘဲ။ ဒီမီးနဂါး လျှို့ဝှက်နည်းစနစ်က အပူဓာတ် အတွင်းအားကို အခြေခံထားတာပါ။ ပြီးတော့ ဒီနည်းစနစ်မှာက အတွင်းအားကို နေရာတကျ စီးဆင်းနိုင်အောင် လုပ်နိုင်ဖို့ပါဘဲ။ ကျန်းကလန်မှာရှိတဲ့ လူတော်များများက အတွင်းအား လုံလောက်မှု မရှိဘဲ စမ်းတစ်ဝါးဝါးနဲ့ လေ့ကျင့်ကြတဲ့ အတွက် ဒီအဆင့်က အတော်လေး ခက်နေတာပါ။ လီဖူချန်းက မီးဓာတ်အခြေပြု အတွင်းအားကို လေ့ကျင့်ထားတဲ့ အပြင် သူ့စိတ် ဝိညာဉ်ကလည်း အတွင်းအား စီးဆင်းတဲ့ နေရာမှာ တစ်ဖက်တစ်လမ်းကနေ အကူအညီ ပေးနေသေးတယ်လေ။ ဒါကြောင့် သူက ဒီနည်းစနစ်ရဲ့ ပထမ အဆင့်ကို အလွယ်တကူနဲ့ လေ့ကျင့်နိုင် သွားတာပါ။
မီးနဂါး လျှို့ဝှက် နည်းစနစ်ရဲ့ ပထမအဆင့် အောင်မြင်ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းက ဒုတိယ အဆင့်ကို စတင်လေ့လာပါတယ်။
ဒုတိယ အဆင့်အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေက ပထမ အဆင့်ထက် တော်တော်လေးကို ခက်ခဲပါတယ်။
ဒီနည်းစနစ်တွေမှာ ဖြတ်သန်း စီးဆင်းရမယ့် သွေးကြော ဆုံမှတ်တွေက တစ်ရာကျော်တောင် ရှိနေတယ်လေ။ ဒုတိယ အဆင့်ရဲ့ သွေးကြော ဆုံမှတ်တွေကို ဆက်စပ်ပြီး ကြည့်လိုက်မယ် ဆိုရင်တော့ နဂါးတစ်ကောင် ရစ်ခွေနေသည့် ပုံသဏ္ဍာန်နဲ့တောင် အနည်းငယ် ဆင်တူနေသလိုပါဘဲ။
ဒီအဆင့်မှာတော့ အတွင်းအားကို လိုသလို ထိန်းချုပ်နိုင်စွမ်းရှိတာက အရေးမကြီးတော့ပါဘူး။ လေ့ကျင့်တဲ့သူက ဒီပညာရပ်ကို နက်နက်နဲနဲကို နားလည်နေရပါမယ်။ သွေးကြောဆုံမှတ်တွေ အများကြီးကို အလွတ် ကျက်မှတ်ထားရမယ့်အပြင် သတိမပြတ် ဆင်ခြင် သုံးသပ်နေဖို့လည်း လိုအပ်ပါသေးတယ်။ သွေးကြော ဆုံမှတ် နေရာ တစ်နေရာ လွဲမှား သွားတာနဲ့ သွေးလေ ဖောက်ပြား သွားစေနိုင်မယ့် အန္တရာယ်က ရှိနေသေးတယ်လေ။
လီဖူချန်းရဲ့ စိတ်ဝိညာဉ် အကူအညီနဲ့တောင်မှ သူက ကောင်းကောင်း လေ့လာနိုင်ဖို့ အချိန် အများကြီး ပေးနေရပါတယ်။
ဒီလိုနဲ့ဘဲ အချိန် တစ်ပတ်က ကုန်ဆုံး သွားခဲ့ပါပြီ။
နောက်ဆုံးမှာတော့ လီဖူချန်းက အဓိက အရေးအကြီးဆုံး အရာတွေကို ဆုပ်ကိုင်ထားနိုင်ခဲ့ပြီလေ။
“ဒီမီးနဂါး လျှို့ဝှက်နည်းစနစ်ရဲ့ ဒုတိယ အဆင့်မှာက အတွင်းအားတွေကို တစ်ပြိုင်နက်တည်းနဲ့ သွေးကြောဆုံမှတ် အကုန်လုံးကို ပို့ဆောင်ရမှာပဲ။ တစ်ခု တစ်နေရာမှ ကျန်နေခဲ့လို့ မရဘူး။ ပြီးတော့ ပို့ဆောင်လိုက်တဲ့ အတွင်းအားတွေကလည်း တစ်ခုနဲ့ တစ်ခု ချိတ်ဆတ်နေပြီး သဟဇာတ ရှိနေရမယ်။ ဒါမှ နဂါးရစ်ခွေနေတဲ့ ပုံသဏ္ဍာန် ဖြစ်ပေါ်လာမှာ။ အတွင်းအား ဆက်ကြောင်းတွေ ပေါ်လာတာနဲ့ ငါ့ရဲ့အတွင်းအားတွေက အထိန်းအချုပ် မလိုဘဲ လွတ်လပ်စွာ စီးဆင်းနိုင်လာလိမ့်မယ်”
တကယ့် အဓိက အချက်ကို သဘော ပေါက်ခဲ့ပြီး နောက်မှာတော့ လီဖူချန်းရဲ့ တိုးတက်မှုနှုန်း ပိုပြီး မြန်ဆန် လာခဲ့တယ်လေ။
နှစ်ပတ် အကြာမှာတော့ လီဖူချန်းက မီးနဂါး လျှို့ဝှက် နည်းစနစ်ရဲ့ ဒုတိယအဆင့်ကို ကောင်းကောင်းကြီး တတ်ကျွမ်း သွားခဲ့ပါပြီလေ။
အစောပိုင်းတုန်းက လီဖူချန်း ထင်ထားခဲ့တာက မီးနဂါး လျှို့ဝှက် နည်းစနစ်ရဲ့ တတိယအဆင့်ကို လေ့ကျင့် တတ်ကျွမ်းပြီးမှသာ သူရဲ့ အတွင်းအား ပေါက်ကွဲနှုန်းက ၅၀ ရာခိုင်နှုန်းလောက် တိုးမြှင့်လာမယ်လို့လေ။ အခုတော့ ဒုတိယ အဆင့်မှာတင်ကို သူ့ရဲ့ အတွင်းအား ၅၀ရာခိုင်နှုန်းအထိ တိုးမြှင့်လာနေပါပြီ။
လီဖူချန်း တစ်ယောက် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၆ ကနေ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ ကို ရောက်သွားခဲ့ရင်တောင်မှ သူ့ရဲ့ ချီအတွင်းအား ပေါက်ကွဲနှုန်းက ဒီလောက် ကောင်းနိုင်မှာ မဟုတ်သေးပါဘူး။
တခြား တစ်နည်း ပြောရမယ်ဆိုရင် မီးနဂါး လျှို့ဝှက် ကျင့်စဉ်ကို ထုတ်ဖော် အသုံးပြုလိုက်တာနဲ့ သူ့ရဲ့ တိုက်ခိုက်မှုတွေက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ က ပညာရှင်နဲ့ သွားပြီး ညီနေမယ် ဆိုတာပါပဲ။
“လျှို့ဝှက် နည်းစနစ်တွေက တကယ်ကို ကြောက်စရာ ကောင်းလွန်းတာပဲ။ ဒီလျှို့ဝှက် နည်းစနစ်တွေကို လေ့ကျင့်ထားတဲ့သူနဲ့ မလေ့ကျင့်ထားတဲ့သူ ကြားမှာ ဒီလောက် အကြီးကြီး ကွာဟနေမယ်လို့ ငါလုံးဝ မထင်ထားခဲ့မိဘူး"
လီဖူချန်းက စိတ်ခံစားမှုတွေ အရမ်း ပြင်းထန်နေပါတယ်။ တိုက်ချင်ခိုက်ချင်စိတ်တွေနဲ့ ပြည့်နှက်နေပြီး ရှင်းရှင်း ပြောရမယ်ဆိုရင် စစ်သွေး ကြံနေသလိုကို ခံစားနေရပါတယ်။ သူ့ရဲ့ ပညာရပ် အသစ်ကို ထုတ်သုံးကြည့်ချင် စိတ်တွေ အရမ်းကို ဖြစ်ပေါ်နေပြီလေ။
သူ့ရဲ့ လက်ရှိ စွမ်းရည်ကို တိုးတက်စေဖို့ ဆိုရင် လီဖူချန်းက တခြား အဆင့်မြင့် ဓားသိုင်း ဒါမှမဟုတ် အခု လေ့ကျင့်နေတဲ့ အတွင်းအား ကျင့်စဉ်ထက် သာတဲ့ အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီမီးနဂါး လျှို့ဝှက်နည်းစနစ် ဒုတိယ အဆင့်နဲ့တင် သူ့ရဲ့စွမ်းရည်က ၅၀ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ဘယ်လို တွေးထင် ထားခဲ့မိမှာလဲလေ။
“ငါ ဒီတာဝန်ကို ရွေးချယ် လိုက်မိတာက တကယ် ကံကောင်း သွားစေခဲ့တာပဲ။ မဟုတ်ရင်တော့ ငါဒီလျှို့ဝှက် နည်းစနစ်ကို ရလာမှာ မဟုတ်ဘူး"
လီဖူချန်းက သူ့ရဲ့ မဟာ ကံကောင်းမှုကြီးကို အလွန် ကျေနပ် ဝမ်းသာပီတိ ဖြာနေပါတယ်။
မိုးပြာရောင် ဂိုဏ်းမှာဆိုရင် အတွင်းစည်း တပည့်တွေထဲမှာမှ အလွန် ထူးခြားတဲ့ သူတွေကိုသာ လျှို့ဝှက် နည်းစနစ် ကျင့်ခွင့် ပေးတာပါ။ ဥပမာ - ယုဝူရှန်းလို လူပေါ့။ ပြီးတော့ အဲဒီ လျှို့ဝှက် နည်းစနစ်က ကြယ်တစ်ပွင့် အဆင့်ပဲ ရှိတာလေ။
ဒါပေမဲ့ လီဖူချန်းကတော့ အလွန် ကံကောင်း ထောက်မစွာနဲ့ ကြယ်သုံးပွင့် အဆင့်ရှိတဲ့ လျှို့ဝှက် နည်းစနစ်ကို လေ့ကျင့်ခွင့် ရခဲ့ပါပြီ။
***
“ဟိုကောင်မလေးကတော့ ရေကန် ဘက်ကနေ ထွက်သွားလောက်ပြီ ထင်တယ်”
လီဖူချန်းက အလျင်စလိုနဲ့ ဖေးရှု တောင်တန်းကနေ ထွက်သွားဖို့ အစီအစဉ် မရှိသေးပါဘူး။ သူက နှစ်တစ်ထောင် ကျောက်စက် နို့ရည်ကန်ထဲမှာ ဝင်စိမ်ချင်နေတုန်းပါဘဲ။
ရေကန်ကို ပြန်ရောက်တဲ့ အခါမှာတော့ လီဖူချန်းက အရင် တစ်ခါလို မစူးမစမ်းဘဲ ရေထဲကို ခုန်မချတော့ဘဲ ကျောက်တုံး တစ်တုံးကို ရေထဲ အရင် ပစ်ချကြည့်လိုက်ပါတယ်။
အချိန် အတော်ကြာ စောင့်ကြည့်ပြီးတဲ့ နောက်မှာတော့ ဘာတုံ့ပြန်မှုမှ ဖြစ်မလာဘူးလေ။ ဟိုမိန်းမပျိုလေး မရှိတာ သေချာသွားခဲ့ပါပြီ။
ထို့နောက် မှာတော့ လီဖူချန်းက အဝတ်အစားတွေကို ချွတ်ပြီး ရေကန်ထဲကို ဆင်းသွားပါတော့တယ်။
တစ်ရက်မျှ စိမ်ပြီးတဲ့ အခါမှာတော့ လီဖူချန်း တစ်ယောက် သူ့ရဲ့ တိုးတက်မှုနှုန်းက ပထမ အကြိမ်တုန်းကလို မမြန်တော့ဘူး ဆိုတာကို သတိ ပြုမိလိုက်ပါတယ်။
၃၁၀၀၀ ကီလိုဂရမ်ကနေ ၃၂၀၀၀ ကီလိုဂရမ် …
၃၃၀၀၀ ကီလိုဂရမ် … ၃၅၀၀၀ ကီလိုဂရမ် …
ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အားက ၃၅၀၀၀ ကီလိုဂရမ် အထိ ရောက်သွားခဲ့ပါပြီလေ။
“ငါက နောက်ဆုံး ကန့်သတ်ချက်ကို ရောက်နေပြီဘဲ။ ငါ့ရဲ့ သွေးတွေနဲ့ ချီတွေကလည်း အရှုပ်ရှုပ် အထွေးထွေး ဖြစ်နေခဲ့ပြီ။ ငါဒါတွေကို အရင်ဆုံး သန့်စင်ပြီးမှ ရေကန်ထဲကို ပြန်ဆင်းရမယ်"
လီဖူချန်းက သူ့ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ စွမ်းအင်တွေက အရမ်း ရှုပ်ထွေးနေပြီ ဆိုတာကို သတိ ပြုမိလိုက်ပါတယ်။ ကျောက်စက် နို့ရည်တွေရဲ့ အစွမ်းက သူ့ရဲ့ အသွေးအသားထဲကို စိမ့်ဝင်နေခဲ့တာလေ။ အဲဒါကို သူက ပြန်ပြီးတော့ မသန့်စင်ရသေးပါဘူး။
“ကျန်းကလန်ကလည်း ငါ့ကို စောင့်မျှော်နေတော့မယ်။ ငါအရင်ဆုံး ဒီကနေ ပြန်မှပဲ။ နောင်တစ်ချိန်ကျရင်တော့ ဒီမှာ လာပြီး လေ့ကျင့်သင့်ရင် လေ့ကျင့်တာပေါ့လေ”
ခန္ဓာကိုယ်ထဲမှာ စွမ်အင်တွေ ပြည့်ဝနေတဲ့ ခံစားချက်က အလွန်ကို နေရထိုင်ရခက်ပါတယ်။ လီဖူချန်းရဲ့ အခုလက်ရှိ အပြင်အား ၃၅၀၀၀ ကီလိုဂရမ်မှာ ၃၀၀၀လောက်က သူ့ရဲ့အပြင်အား အစစ်အမှန်မဟုတ်သေးပါဘူး။ ကျောက်စက်နို့ရည်ကြောင့် ဖြစ်လာတဲ့ အင်အားတွေပါ။ သာမန်လူတွေ လိုအပ်တာထက် ပိုစားလိုက်ရင် ပြည့်အင့်နေသလိုဘဲပေါ့လေ။ သူ့ခန္ဓာကိုယ်က ဒီစွမ်းအင်တွေကို ထပ်ပြီး လက်ခံနိုင်စွမ်း မရှိတော့ပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းက အေးစိမ့် လိုဏ်ဂူထဲနေ ထွက်ပြီး လင်းရှမြို့ကို ပြန်လာခဲ့ပါတော့တယ်။
***