လစန္ဒာအကြီးအကဲအားတိုက်ခိုက်ခြင်း
Vol. 79 Ch. 1110
“ရှဲ့လေးက ကျုပ်အပိုင်ပဲ။”
ထိုစကားမှာ ပဲ့တင်ထပ်သွားသည်။
လစန္ဒာအကြီးအကဲ မျက်မှောင်ကျုံ့လိုက်မိသည်။
စုရှောင်လန်သည်လည်း ကိစ္စများသည် ထင်သလောက် မရိုးရှင်းဟု ခံစားလိုက်မိသည်။
တီနာသည်လည်း ထူးဆန်းနေသလို ဖြစ်မိသွားသည်။
တပိုင်မှာမူ စိတ်ဝင်စားစရာကောင်းသည်ဟု တွေးနေမိသည်။
မိစ္ဆာရှင်းဓားမှာ ရင်ထဲထိသွားရသည်။
“သူမက ငါ့ကိုယူသွားဖို့ လုပ်နေတာ။ အဲ့ဒါကြောင့် မြန်မြန်သိမ်းလိုက်တော့။”
အန်လင်း အသိစိတ်ဝင်လာကာ ဓားအားသိုလှောင်လက်စွပ်ထဲ သိမ်းလိုက်သည်။
မိစ္ဆာရှင်းဓားသည် တောင်ပံနက်မျိုးနွယ်စုအပိုင် ဖြစ်ခဲ့သောကြောင့် ၎င်းတို့ထံတွင် ဆင့်ခေါ်မန္တာန်များ ရှိနေနိုင်သည်။
ထို့ကြောင့် သိမ်းဆည်းလိုက်ခြင်းမှာ အလုံခြုံဆုံးပင်။
“ကောင်းပြီလေ။ နင့်ကို အရင်ဒုက္ခိတဖြစ်အောင် လုပ်ရမှာပေါ့။”
လစန္ဒာအကြီးအကဲ မျက်မှောင်ကျုံ့လိုက်သည်။
လစန္ဒာအကြီးအကဲ၏ လက်ထဲတွင် အဖြူရောင် တံစဥ်းတစ်ခု ဖြစ်ပေါ်လာသည်။
“မင်းတို့ပြေးဖို့လမ်းရှာထားကြ...”
အန်လင်း လှမ်းပြောလိုက်သည်။
ယောင်ကျီးနှင့် တီနာသာ ပူးပေါင်းပါက လေဟာနယ်ချိပ်စည်းအား ချိုးဖျက်နိုင်လောက်သည်။
ကျောင်းသားများအနေဖြင့်တော့ ဘာမှတတ်နိုင်မည် မဟုတ်ပေ။
“ဂရုစိုက်နော် အန်လင်း....”
စုရှောင်လန် စိတ်ပူနေသည်။
“အတန်းဖော်အန်လင်းကို ယုံကြည်နေမယ်။”
စုချန်းရန် စကားဆိုလာသည်။
“အစ်ကိုကြီးအန်လင်းကို စောင့်နေမယ်။”
မော့ထျန်း ကြောက်နေပါသော်လည်း အော်ဟစ်အားပေးလိုက်သည်။
အန်လင်းမှာ လက်မထောင်ပြလိုက်သည်။
သူ၏အသားအရေမှာ ရွှေနီရောင်အဖြစ် စတင်ပြောင်းလဲလာသည်။
သူသည် မီးနတ်ဘုရားအသွင်အား အသက်သွင်းကာ မီးတောက်ခုနစ်သွယ်၏ စွမ်းအင်များအား ပေါင်းစည်းလိုက်သည်။
ဝုန်း......
မီးတောက်များ ပေါက်ကွဲကာ အန်လင်းမှာ အစစ်အမှန် မီးနတ်ဘုရားတစ်ပါးအသွင် ဖြစ်နေသည်။
လစန္ဒာအကြီးအကဲ၏ ပစ်မှတ်သည် မိစ္ဆာရှင်းဓားသာ ဖြစ်သောကြောင့် ဆုတ်ခွာနေသော ကျောင်းသားများအား ဂရုမစိုက်ပေ။
“နင်ငါ့ကို မယှဥ်နိုင်သေးပါဘူး။”
ထိုစကားနှင့်အတူ လစန္ဒာအကြီးအကဲ ပျောက်ကွယ်သွားသည်။
လေဟာနယ်ခုန်ကူးခြင်း......
အန်လင်းမှာ အန္တရာယ် အငွေ့အသက်အား ရရှိလိုက်သည်။
ထို့နောက် လစန္ဒာအကြီးအကဲသည် အန်လင်းရှေ့တွင် ပေါ်ထွက်လာကာ တံစဥ်းဖြင့် ခုတ်ချလိုက်သည်။
အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းထားသောကြောင့် လက်တစ်ဖက်ဖြင့် ကာလိုက်နိုင်ပြီး ကျန်တစ်ဖက်ဖြင့် လစန္ဒာအကြီးအကဲအား ထိုးချလိုက်သည်။
ပူပြင်းနေသော လက်သီးကြောင့် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများပင် အရည်ပျော်ကုန်သည်။
လစန္ဒာအကြီးအကဲ မျက်နှာပျက်သွားကာ အလျင်အမြန် ရှောင်လိုက်ရသည်။
အဖြူရောင် တံစဥ်းကြောင့် အန်လင်း လက်မောင်းခြစ်မိသွားကာ လက်သီးမှာလည်း လစန္ဒာအကြီးအကဲပေါ် ကျရောက်လာသည်။
ဝုန်း.....
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စွမ်းအင်လှိုင်းဂယက်များ ပြန့်ကားထွက်ကုန်သည်။
လစန္ဒာအကြီးအကဲမှာ အဝေးသို့ လွင့်ထွက်သွားရသည်။
မည်သို့ပင်ဆိုစေကာမူ တိတိကျကျ အသာစီးရသည့်သူ ရှိမနေပေ။
အန်လင်း၏ လက်မောင်းမှ သွေးများစီးကျလာသည်။
လစန္ဒာအကြီးအကဲသည် လွင့်ထွက်သွားပါသော်လည်း မည်သည့်ဒဏ်ရာမှ မရခဲ့ပေ။
သောက်ကျိုးနည်း..... ငါ့လက်ပြတ်တော့မလို့......
အန်လင်းသည် လစန္ဒာအကြီးအကဲအားကြည့်ကာ ခေါင်းစားလာရသည်။
လစန္ဒာအကြီးအကဲမှာ အချိန်မဆွဲပဲ ထိုနေရာမှ ပျောက်ကွယ်သွားပြန်သည်။
လေဟာနယ်ခုန်ကူးခြင်းသည် အန်လင်းအတွက် စိတ်အရှုပ်ရဆုံးပင်။
အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်နှင့် အံ့ဖွယ်အာရုံအား အဆုံးတိုင် အသုံးပြုနေရသည်။
သို့သော် တထေရာတည်း တူညီနေသော လစန္ဒာအကြီးအကဲ လေးဦး ပေါ်ထွက်လာသောကြောင့် အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
ထိုတိုက်ခိုက်မှုသည် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့်ရှိကာ အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသောကြောင့် အန်လင်း သေပင်သေသွားနိုင်သည်။
“ဟူး....”
အန်လင်း သက်ပြင်းချလိုက်သည်။
ရုတ်ချည်းဆိုသလို ပတ်ဝန်းကျင် တခွင်လုံး လင်းထိန်လာသောကြောင့် လစန္ဒာအကြီးအကဲ အမူအရာ ပြောင်းလဲသွားသည်။
ကျောင်းသားများသည်ပင် အံ့အားသင့်ကုန်လေသည်။
စုရှောင်လန် ရေရွတ်လိုက်သည်။
“အန်လင်းက စိမ်းလွန်းနေတယ်။”
အန်လင်းထံမှ အစိမ်းရောင် အလင်းများ ဖြာထွက်နေသည်။
ထိုအလင်းများသည် လိပ်ခွံတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
အန်လင်းမှာ လိပ်တစ်ကောင်အဖြစ် ဖြည်းညင်းစွာ ပြောင်းလဲသွားလေသည်။
“ရှောင်ရှားခြင်းလိပ်....”
ထို့နောက် သူ၏ခြေလက်များကို လိပ်ခွံထဲ ထည့်လိုက်သည်။
ကြည့်ရှုနေသူများ : “......”
ထိုသည်မှာ ထျန်းချန်ကျီထံမှ ရရှိလာသော အမွေအနှစ် ဖြစ်သည်။
အန်လင်းသည် ပုံစံအား သဘောမတွေ့သောကြောင့် အသုံးမပြုလိုပါသော်လည်း ရွေးချယ်စရာ မရှိခဲ့ပေ။
လစန္ဒာအကြီးအကဲ၏ တံစဥ်းမှာ လိပ်ခွံပေါ် ကျဆင်းလာသည်။
ရက်စက်သော တိုက်ခိုက်မှုများကြောင့် အဆုံးတွင် အက်ရာထင်လာပါသော်လည်း လစန္ဒာအကြီးအကဲမှာ အတော်ပင် အားကုန်နေလေပြီ။
လိပ်ခွံထဲမှ အန်လင်းမှာမူ ခြစ်ရာကလေးမျှပင် မရှိသေးပေ။