တစ်ကောင်တည်း ဒါပေမဲ့ ခြင်္သေ့
Vol. 10 Ch. 131
“ဘုန်း … ဘုန်း … ဘုန်း …”
အသံတွေ တစ်ဆက်တည်း ကြားလိုက်ရပြီး နောက်မှာတော့ လီဖူချန်းဆီကို ပြေးဝင် သွားတဲ့ မားကလန်သားတွေ အကုန် လွင့်ထွက် သွားပါတယ်။ လက်ကျိုးတဲ့ လူက ကျိူး၊ ခေါင်းပေါက်တဲ့လူက ပေါက်နဲ့ အကုန်လုံး အလွဲလွဲအကွဲကွဲပါပဲ။
“မင်းကတော့ သေပြီပဲ။ ကောင်းကင်ဘုံကတောင် မင်းကို အပြစ် ပေးလိမ့်မယ်။ မင်းမှာ အခွင့်အရေးရှိတုန်း အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်လိုက်စမ်း။ ငါဝင်ပါလာရင် မင်းငရဲ ကျတာထက် အဖြစ် ဆိုးသွားမယ်”
မားကျင်းယန်က လီဖူချန်းကို အမိန့် ပေးလိုက်ပါတယ်။
“ဂိုဏ်းတော်ကတောင် ဒီလို စကားမျိုး အသုံး မပြုရဲဘူး။ မင်းလို မားကလန် သေးသေးလေးကကောင် ကောင်းကင်ဘုံ ဆိုတဲ့ အမည် နာမကို အသုံးပြုရဲတယ်လား"
လီဖူချန်းက မားကလန် တစ်ခုလုံး လာရင်တောင် စောက်ဂရု မစိုက်ပါဘူး။ သူ့ရဲ့ လက်ရှိ အဆင့်အတန်းရယ် စွမ်းအားတွေနဲ့ ဆိုရင် ဒီလို လင်းရှမြို့လေးက ကလန်တွေ လောက်ကိုတော့ မျက်လုံးထဲမှာတောင် မရှိဘူးလေ။ မြေကမ္ဘာ အဆင့်က လူတွေ ပါလာခဲ့ရင်တောင် လီဖူချန်းကို ဖိအားပေးနိုင်မှာ မဟုတ်ပါဘူး။
“မင်းက ဒီလောက် သေချင်နေမှတော့ ဒီက အကြီးအကဲက မင်းကို ကောင်းကောင်းကြီး ဆုံးမရတာပေါ့"
စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ မှာ ရှိနေတဲ့ မားကလန် အကြီးအကဲ တစ်ယောက်က မြင်းပေါ်ကနေ ဆင်းပြီး လီဖူချန်းကို တိုက်ခိုက် လိုက်ပါတယ်။
ဖုန်း …
တစ်ချက် ပါပဲ။ တကယ်ကို တစ်ချက်တည်းပါပဲ။ ထိုအကြီးအကဲက လီဖူချန်းရဲ့ လက်ဝါး တစ်ချက်ကိုတောင် မခံနိုင်ဘဲ ရှေ့ကလူတွေလို လွင့်ထွက်သွားပါတော့တယ်။
“မင်းတို့ သုံးယောက်သွားလိုက်။ ဒီကောင့်ကို လုံးဝ မညှာမိစေနဲ့နော်"
မားကျင်းယန်က သူ့နောက်က လူ၃ယောက်ကို အမိန့် ပေးလိုက်ပြန်ပါတယ်။
သူ့လူတွေရဲ့ ရှေ့မှာတော့ မားကျင်းယန်က သိက္ခာ အကျ မခံနိုင်ဘူးလေ။
“သတ်ဟေ့”
စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉မှာ ရှိနေတဲ့ သိုင်းပညာရှင်၃ဦးက လီဖူချန်းကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ပါတယ်။
စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉က သိုင်းပညာရှင်တွေဟာ မားကလန် တစ်ခုလုံးမှာတောင်မှ အနည်းငယ်ပဲ ရှိတာပါ။ မားကျင်းယန်က ထင်မှတ် မထားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့မှာ စိုးတဲ့အတွက်ကြောင့် အဲဒီ အနည်းငယ်ထဲက ၄ ယောက်ကို ခေါ်လာခဲ့တာပါ။
ပထမဆုံး လီဖူချန်းကို တိုက်ခိုက်တဲ့သူက ထို ၄ ယောက်ထဲက အားအနည်းဆုံး တစ်ယောက်ပါပဲ။
“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ ကောင်တွေပဲ”
လီဖူချန်းက တစ်ချက်မှတောင် မလှုပ်ရှားလိုက်ပါဘူး။ သူက ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အတွင်းအားကို အသုံးပြုပြီး ခန္ဓာကိုယ်ကို အကာအကွယ် ပြုလိုက်ပါတယ်။ အနီရောင် မီးတောက်ချီတွေက လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားပါပြီ။
မားကလန်သား ၃ ယောက်က ဘယ်လိုပင် ထိုးခုတ်ပေမဲ့လည်း လီဖူချန်းရဲ့ ချီအကာအကွယ်ကို မထိုးဖောက်နိုင်ပါဘူး။
“ဒါက လုံးဝ မဖြစ်နိုင်ဘူး”သူတို့ထဲက တစ်ယောက်က သူ့မျက်လုံးကိုတောင် သူမယုံနိုင် ဖြစ်နေပါတယ်။
“မင်းက မိုးပြာရောင် အတွင်းစည်း ဂိုဏ်းသားလား”သူတို့ထဲက နောက်တစ်ယောက်က တစ်ခုခုကို သတိထားမိသည့် ပုံဖြင့် ကြောက်လန့်စွာ ပြောလိုက်ပါတယ်။
မိုးပြာရောင် ဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေမှ သာလျင် ဒီလို ကြောက်မက်ဖွယ်ရာ အစွမ်းတွေကို ပိုင်ဆိုင်နိုင်တာလေ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ က လူသုံးယောက် တိုက်ခိုက်တာကို ချီအကာအကွယ် ဖန်တီးပြီး တောင့်ခံနိုင်တဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၆ ပညာရှင် ဆိုတာမျိုးက မိုးပြာရောင် ဂိုဏ်းရဲ့ အတွင်စည်းဂိုဏ်သားက လွဲပြီး တစ်ခြား မဖြစ်နိုင်တော့ပါဘူး။
“သွားစမ်း”
လီဖူချန်းက စကား တစ်ခွန်းတည်း ပြောပြီး သူ့ရဲ့ ချီအရှိန်အဝါတွေကို ထုတ်လွှတ် လိုက်ပါတယ်။
ကြောက်စရာ ကောင်းလောက်အောင် ပူပြင်းတဲ့ အပူလှိုင်းတွေက ထိုမားကလန်သား ၃ယောက်ကို တွန်းထုတ် လိုက်တယ်လေ။
အတွင်းအားလှိုင်းတွေက ဘယ်လောက်တောင် ပြင်းထန်သလဲ ဆိုရင် သူတို့ သုံးယောက်စလုံး သွေးပွက်ပွက် အန်လိုက်ရတဲ့ အထိပါဘဲ။
“ကောင်းလိုက်တဲ့ အတွင်းအား”
ကျန်းကလန်သားတွေကတော့ လီဖူချန်းကို လက်ခုပ် လက်ဝါးတီးပြီး သြဘာ ပေးလိုက်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ အားလုံးရဲ့ ရင်ထဲမှာ လီဖူချန်းကို စံပြုစရာ ပုဂ္ဂိုလ် တစ်ယောက် အဖြစ် သတ်မှတ် လိုက်ကြပါတယ်။
သူတို့သာ လီဖူချန်းလို အစွမ်း ထက်ခဲ့ရင် မားကလန်က အခုလိုလာပြီး စော်ကားရဲမှာ မဟုတ်ဘူးလေ။
“မင်း … မင်း …”
မားကျင်းယန်ကတော့ လီဖူချန်းကို လက်ညှိုး တထိုးထိုးနဲ့ ဖြစ်နေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ ပါးစပ်ကနေတော့ နောက်ထပ် စကားတစ်လုံးမှ ထပ်ထွက်မလာတော့ပါဘူး။
“မင်းပါးစပ်ကို ပိတ်ပြီး မြင်းပေါ်က ဆင်းခဲ့စမ်း”
လီဖူချန်း တစ်ယောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ မားကျင်းယန်က မြင်းပေါ်ကနေ ဇောက်ထိုး မိုးမျှော် ပြုတ်ကျလာခဲ့ပါတယ်။
လီဖူချန်းက မားကျင်းယန်လို အခြောက်တိုက် ဘဝင် မြင့်ပြီး မောက်မာတဲ့ ကောင်တွေကို လုံးဝ ကြည့်မရတာပါ။ ယုံဝူးမြို့မှာတုန်းက ဆိုရင်လည်း ရှန်းတုကလန်၊ ကောင်းကလန်နဲ့ ယန်ကလန်က ကောင်တွေကလည်း ဒီမား ကျင်းယန်နဲ့ တစ်ပုံစံတည်းပါပဲ။ ဒါပေမဲ့ မားကျင်းယန်က သူတို့ထက် ပိုဆိုးပါတယ်။
“မင်းက ငါ့ကို ရိုက်ရဲတယ်လား”
ငါ့အဘိုးက မားကလန်ကို တည်ထောင်သူ ဆိုတာကို မင်းသိရဲ့လား။ ပြီးတော့ ငါ့အဘိုးက မြေကမ္ဘာနယ်ပယ် အဆင့် ၂ ကွ။ င့ါရဲ့ ဝမ်းကွဲ အစ်ကိုကလည်း မိုးပြာရောင် ဂိုဏ်းရဲ့ အတွင်းစည်း ပညာသင် တပည့်ကွ။ ငါ့ဦးလေးကလည်း အတွင်းစည်း ကြီးကြပ်ရေးမှူးဘဲ။ မင်းကတော့ လုံးဝသေပြီပဲ”
မာကျင်းယန်က ဒီလင်းရှ မြို့တစ်ဝိုက်မှာတော့ ဘုရင်ငယ်တစ်ပါးလို နေထိုင်နေတာပါ။ သူက တစ်ခါမှ ဒီလိုအပြုအမူမျိုးကို မခံခဲ့ရဘူးလေ။ သူက လီဖူးချန်းကြောင့် ရူးချင် သလိုလိုတောင် ဖြစ်နေပါပြီ။
ဖုန်း …။
“မင်းအဖေကို သွား တည်ထောင်နေလိုက်”
ဖုန်း …။
“မင်းအဘွားကို သွားပြီး အတွင်းစည်း ပညာသင် တပည့်နေလိုက်”
ဖုန်း …။
“မင်း အဘိုးရဲ့ အဘိုးကို ခေါ်ပြီး အတွင်းစည်း ကြီးကြပ်နေလိုက်"
လီဖူချန်းက နဂိုကတည်းကမှ ဒီလို ဆွေမျိုး အားကိုးနဲ့ ဟောင်ဖွာ ဟောင်ဖွာ လုပ်တဲ့သူတွေကို ကြည့်မရပါဘူး ဆိုနေမှ။ ဒီမားကျင်းယန်က သူ့ကို ခြိမ်းခြောက် ရဲနေသေးတယ်။
လီဖူချန်းက မားကျင်းယန်ကို မြေကြီးပေါ်မှာ လူးလိမ့်နေအောင် တစ်ချက်ပြီး တစ်ချက် ဆင့်ကန် ပစ်လိုက်ပါတယ်။
သူက ဒီလိုကန်တဲ့ နေရာမှာ မားကျင်းယန် ခံနိုင်လောက်တဲ့ အားနဲ့ဘဲ ပစ်ကန်နေတာပါ။ ဒါပေမဲ့ လီဖူချန်းရဲ့ ကန်ချက်က မားကျင်းယန်ရဲ့ ယောကျာ်း ဘဝကို ဆုံးသွားစေတဲ့ သွေးကြောတွေကိုပါ ရည်ရွယ်ပြီး ကန်ထည့်လိုက်တာလေ။
ကောင်းကင်ဘုံက နတ်ဘုရားတွေ ဆင်းပြီး လာမကုသ ပေးသရွေ့ ကတော့ မားကျင်းယန် တစ်ယောက် မိန်းမပျိုတွေကို အရင်လို သယမ်းနိုင်တော့မှာ မဟုတ်ပါဘူး။
“ငါ တစ်ကနေ သုံးအထိ ရေမယ်။ အဲဒီ အချိန် အထိ မင်းတို့ ရှိနေသေးရင် မင်းတို့ အားလုံးရဲ့ ယောကျာ်းသားကြောတွေ ဖြတ်ပြီး ကလန်ကို ပြန်ပို့ပစ်မယ်”
လီဖူချန်းရဲ့ အေးစက်စက် လေသံက မားကလန်သားတွေကို ဖိန့်ဖိန့်တုန် သွားစေပါတယ်။
“သခင်လေးကျင်းယန် … ကျွန်တော်တို့ သွား … သွားကြရအောင်”
ပထမဆုံး လီဖူချန်းဆော် ထည့်လိုက်တဲ့ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉ပညာရှင်က တုန်တုန်ယင်ယင်နဲ့ မားကျင်းယန်ကို ဖေးမပြီး ပြန်ကျဖို့ ဆော်သြောလိုက်ပါတယ်။
သူတို့ရဲ့ လက်ရှိအစွမ်းက လီဖူချန်းရဲ့ တစ်ချက်စာတောင် မရှိဘူး ဆိုတာကို သိပြီးတဲ့ နောက်မှာတော့ မားကလန်သားတွေဟာ အရင်လို မောက်မာ ဝံ့ကြွားခြင်း မရှိတော့ပါဘူး။
ဒီအလိုက်ကန်းဆိုး မသိတဲ့ မားကျင်းယန်သာ လီဖူချန်းကို စိတ်တိုအောင် တစ်ခုခု လုပ်လိုက်မိရင်တော့ သူတို့ရဲ့ ယောကျာ်းဘဝ ဆုံးပါပြီလေ။ ဒီလီဖူချန်းက သူတို့ကို တကယ် လုပ်မဲ့ပုံပါပဲ။
ဒီကျန်းဂေဟာကနေ အမြန် ထွက်မှကို ဖြစ်မှာပါ။
“မင်း သတ္တိ ရှိရင် ဒီမှာစောင့်နေ”
ဒါကိုတောင် ဟိုစောက်ရူး မာကျင်းယန်က လီဖူချန်းကို သွားစိန်ခေါ် နေသေးပါတယ်။
မာကျင်းယန်က သူ့ပစ္စည်း တစ်ဝိုက်မှာ နာနေတယ် ဆိုတာကို သိပေမဲ့ သွေးကြောတွေ ပြတ်ထွက်သွားပြီ ဆိုတာကိုတော့ မသိပါဘူး။ မကြာခင်မှာပဲ သူ့လူတွေက သူ့ပါးစပ်ကို အတင်းဆွဲပိတ်ကာ မြင်းပေါ် တင်ပြီး ထွက်သွား ကြ ပါတော့တယ်။
“အခုလို ကူညီပေးတဲ့ သူရဲကောင်းလေးလီကို ကျေးဇူး အများကြီးတင်ပါတယ်"
ကျန်းကလန်ရဲ့ ခေါင်းဆောင်နဲ့ အကြီးအကဲတွေက လီဖူချန်းကို ဦးညွှတ်အရိုအသေ ပေးလိုက်ကြပါတယ်။ ကျန်းကလန်ရဲ့ သမီးပျိုလေး ကျန်းဝေကတော့ လီဖူချန်းကို ရွှန်းလဲ့တဲ့ မျက်ဝန်းအစုံဖြင့် ငေးကြည့် နေပါတော့တယ်။
သိတဲ့ အတိုင်းပဲ အလှပဂေးလေးတွေ ဆိုတာ သူရဲကောင်းကို ချစ်မြတ်နိုးကျတာဘဲ မဟုတ်လား။ ဒါက ဟိုးကမ္ဘာဦး စကတည်းက ဖြစ်တည်လာတဲ့ နိယာမ တစ်ခုပါပဲလေ။
ဒီလောကမှာက အားကြီးတဲ့ သူကပဲ အောင်နိုင်သူ အရှင်သခင် ဖြစ်လာတာဘဲလေ။ ဘယ်မိန်းမပျိုက သူတို့ရဲ့ ချစ်သူကို သူရဲကောင်းတစ်ယောက် မဖြစ်စေချင်ရမှာလဲ။ သူမတို့ရဲ့ ဘဝကို ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ပေးမဲ့သူကို မိန်းမပျိုတိုင်းက လိုချင်မိမှာဘဲလေ။
လီဖူချန်းက လက်ကာပြလိုက်ပြီး …
“ကျေးဇူးတင်ဖို့ မလိုပါဘူးဗျာ။ ပြီးတော့ ကျွန်တော်က ဒီမှာ ဆက်နေဦးမှာပါ။ ကျွန်တော့်အတွက် အရက်ကောင်းကောင်းနဲ့ အစားအသောက် ကောင်းကောင်းသာ ပို့ပေးလိုက်ပါ”
ပြောပြီးတာနဲ့ လီဖူချန်းက လှည့်ထွက်သွားပါတော့တယ်။
***
“မီးနဂါးလျှို့ဝှက်နည်းစနစ်ရဲ့ တတိယအဆင့် သွေးကြော ဆုံမှတ်တွေကလည်း နဂါးတစ်ကောင်ရဲ့ ပုံပါဘဲ။ ဒါပေမဲ့ ဒီအဆင့်က အတွင်းအား စီးဆင်းပုံက ပိုပြီး အသေးစိတ် ကျနေတယ်။ ကြည့်ရတာ ဒီနဂါးပုံထဲမှာ လျှို့ဝှက်ချက်တွေ ထည့်ဖွက်ထားတာများလား”
လီဖူချန်းက ကျေက်စိမ်း ဗုဒ္ဓရုပ်ပွားတော်မှာ ပေါ်နေသည့် အစက်အပြောက်တွေကို ကြည့်ကာ စဉ်းစားခန်း ဝင်နေပါတယ်။
“နဂါး”
နဂါးဆိုတာက ကောင်းကင် တစ်မိုးအောက်မှာ ရှိတဲ့ မိစ္ဆာနတ်ဆိုး သားရဲတွေထဲမှာ စွမ်းအား အကြီးဆုံး သားရဲ တစ်ကောင်ပါပဲ။ နဂါးတွေက လေတွေ မိုးတွေကို ဆင့်ခေါ်နိုင်စွမ်း ရှိတယ်လေ။ ပြီးတော့ သူတို့က ကြိုက်နှစ်သက်ရာ ပုံစံကို ပြောင်းလဲနိုင်စွမ်း ရှိသလို ကြိုက်တဲ့နေရာကိုလည်း မိုးပေါ်ပျံပြီး သွားနိုင်ပါတယ်။ သူတို့တွေက ကျယ်ဝန်းတဲ့ ဧရိယာကို အုပ်စိုး ထားသလို ငရဲပြည်ကိုလည်း သွားရောက်နိုင်ပါသေးတယ်။ နောက်ဆုံး နတ်ဘုရားတွေ မိစ္ဆာ နတ်ဆိုးတွေနဲ့တောင် အဆက်အသွယ် ရှိပါသေးတယ်။ ကမ္ဘာလောက တစ်ခုလုံးကို အုပ်စိုးနိုင်လု နီးပါး အထိ ဘုန်းတန်ခိုးနဲ့ ပြည့်စုံပါတယ်။
နဂါးအစစ် တစ်ကောင်ကို မိစ္ဆာသားရဲလို့ သတ်မှတ်လို့ မရပါဘူး။ အခု ဒီကမ္ဘာမှာ ရှိနေတဲ့ နဂါးတွေက အဆင့်နိမ့်ပြီး နဂါးသွေး အနည်းငယ်လောက်သာ ပါဝင်တော့တာပါ။ ရှေးခေတ်တုန်းက နဂါးအစစ်ကြီး တွေကိုတော့ နတ်ဘုရား သားရဲလို့ ခေါ်ဝေါ်ကျပါတယ်။
ဒါပေမဲ့ အဲဒီလို နတ်ဘုရား သားရဲကြီးတွေက အမှောင်ကမ္ဘာ ခေတ်ဦးကတည်းက ပျောက်ကွယ် ကုန်ကျပါပြီ။ ဘယ်လူသား တစ်ဦး တစ်ယောက်ကမှ နဂါးတွေကို မမြင်ဖူး တော့ပါဘူး။ ဒါကြောင့် နဂါးတွေဟာဒဏ္ဍာရီလိုလို ပုံပြင်လိုလိုနဲ့ဘဲ ကျန်ရှိနေပါတော့တယ်။
လီဖူချန်းက ဒီတတိယ အဆင့်က နဂါး ပုံသဏ္ဍာန်နဲ့ ချိတ်ဆက်မိအောင် ကြိုးစားနေပေမဲ့လည်း အကြိမ်ကြိမ် ကျရှုံး နေပါတော့တယ်။သူက သူ့ကိုယ်သူ နဂါးတစ်ကောင်လို့ ထင်မှတ်လာအောင် ပြုလုပ်ဖို့ကို ခက်ခဲနေတာပါ။
***
နောက်ထပ် ၃ ရက်လောက် ကြာသွားပြီးတဲ့ နောက်မှာလည်း လီဖူချန်းက ဒီတတိယ အဆင့်ကို နားမလည် နိုင်သေးပါဘူး။ ပြောရမယ် ဆိုရင် ဒီတတိယအဆင့်က နဂါးတွေရဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ အသက်ရှူ နည်းစနစ် တစ်ခု လိုပါဘဲ။
အဲဒီ အချိန်မှာတော့ မားကျင်းယန်နဲ့ သူ့လူတွေက မားကလန်ကို ပြန်ရောက် သွားကြပါပြီ။
“ဘိုးဘိုးရေ … ကျွန်တော့်ကို ကယ်ပါဦး"
မားကျင်းယန်က မားဂေဟာထဲကို ငိုယို အော်ဟစ်ကာ ဝင်ရောက် လာခဲ့ပါတယ်။ သူ့ရဲ့ အသံကြောင့် ပိုးထည် ဝတ်စုံကို ဝတ်ဆင် ထားတဲ့ အဘိုးအို တစ်ယောက်က ကပျာကယာဖြင့် အဆောက်အဦ တစ်ခုထဲကနေ ထွက်လာခဲ့ပါတယ်။
ထိုအဘိုးအိုက မားကျင်းယန်ကို ပွေ့ဖက် လိုက်ပြီး ဖြစ်ကြောင်း ကုန်စင်ကို မေးလိုက်ပါတယ်။
အကြောင်းစုံကို သိပြီးတဲ့နောက်မှာတော့
“ဒီကောင်က ဘာမို့လို့လဲ။ သူက မိုးပြာရောင် ဂိုဏ်းရဲ့ အတွင်းစည်း တပည့် ဖြစ်တာနဲ့ လုပ်ချင်ရာ လုပ်လို့ရတယ် ထင်နေတာလား။ ငါတို့ မားကလန်ကလည်း မိုးပြာရောင် ဂိုဏ်းနဲ့ ပက်သက်မှု ရှိပါတယ်ကွ”
ထိုအဘိုးအိုက မားကလန်ရဲ့ တည်ထောင်သူ ဖြစ်တဲ့ မားတိုင်ချောင်း ပါပဲ။ သူက မြေကမ္ဘာနယ်ပယ် အဆင့် ၂ ပညာရှင်ပါ။
"ဘိုးဘိုး … အဲဒီကောင်က ကျွန်တော့်ရဲ့ အောက်ပိုင်းကိုလည်း ကန်သွားသေးတယ်။ ကျွန်တော့်ရဲ့ ပစ္စည်းက အခုဆို ဘာတုံ့ပြန်မှုမှ မရှိတော့ဘူးဗျ”
မားကျင်းယန်က မားတိုင်ချောင်းကို လီဖူချန်းကန်ခဲ့တဲ့နေရာအကြောင်း ရှင်းပြ လိုက်ပါသေးတယ်။
“ဘိုးဘိုး စမ်းသပ်ကြည့်မယ်”မားတိုင်ချောင်းက မားကျင်းယန်ရဲ့ အောက်ပိုင်းကို ဖိပြီး စမ်းသပ်လိုက်ပါတယ်။
အချိန် အနည်းငယ် အကြာမှာတော့ မားတိုင်ချောင်းက လူသတ်ချင်သည့် လေသံဖြင့် …
”အောက်တန်း ကျလိုက်တဲ့ ကောင်ကွာ …။ ဒီကောင်က ငါ့မြေးရဲ့ အဓိက ရတနာကို ဖျက်ဆီးပြီး ငါ့မျိုးဆက် ပြတ်အောင် လုပ်လိုက်တာပဲ။ ဒီကိစ္စကို လက်တုံ့ မပြန်နိုင်ရင် ငါ့ကိုယ်ငါ လူလို့ မသတ်မှတ်တော့ဘူး"
သူ့ရဲ့ အတွင်းအားနဲ့ စမ်းသပ်လိုက်တဲ့ အချိန်မှာတော့ မားကျင်းယန်ရဲ့ မျိုးပွားနိုင်တဲ့ သွေးကြောတွေကို လီဖူလျန်းက ဖျက်ဆီး လိုက်တာကို မားတိုင်ချောင်းက သိလိုက် ရပါတယ်။ ဒီကိစ္စက အတော်လေးကို ကုသရ ခက်ခဲမည့် ပုံပါပဲ။
"ဘိုးဘိုး … ကျွန်တော်က ယောကျာ်း တာဝန် မထမ်းနိုင်တော့ဘူးလားဟင်”
မားကျင်းယန်က သူ့အဘိုး ဖြစ်သူ ဒေါသ ထွက်နေပုံကို ကြည့်ပြီး အခြေအနေကို သဘောပေါက် လိုက်ပါတယ်။
“အဲဒီလောက် စိတ်ဓာတ် မကျစမ်းနဲ့။ မင်းကို ကုသဖို့ နည်းလမ်း ရှာလို့ ရပါသေးတယ်။ အခု လောလောဆယ်တော့ ကျန်းကလန်ကို အရင် သွားကြမယ်။ ဒီ ခွေးမသားကို ငါ့လက်နဲ့ကို သတ်ပစ်မယ်”
မားတိုင်ချောင်းက သွားကို တကျစ်ကျစ် မြည်အောင် ကိုက်လိုက်ပြီး ကြုံးဝါး လိုက်ပါတယ်။
ကလန်တစ်ခုမှာ အရေးအကြီးဆုံးက တိုက်ရိုက် သွေးမျိုးဆက်ကို ဆက်ခံမည့် သူပါပဲ။ ဒီမျိုးဆက် တစ်ခုမှာ ဖြစ်ထွန်းမယ့် သူ မပေါ်လာခဲ့ရင်တောင် နောက်မျိုးဆက် တစ်ခုမှာ ဖြစ်ထွန်းလာဖို့ မျှော်လင့်ချက် ရှိပါသေးတယ်။ ဒါပေမဲ့ မျိုးဆက်သွေး ဖြန့်ပွားမဲ့သူ မရှိဘူးဆိုရင်တော့ အဲဒီ ကလန်က ပျက်ပါပြီ။ ဒီလုပ်ရပ်က အတော်ကို လူမဆန်ဘဲ ရက်စက်တာပါ။
***
နောက်ထပ် သုံးရက် အကြာမှာတော့ …။
ဝုန်း …။
ကျန်းဂေဟာရဲ့ တံခါးမကြီးကို မားတိုင်ချောင်းက ကန်ချိုး လိုက်ပြီး သူ့လူတွေနဲ့ ဝင်ရောက်လာပါတော့တယ်။
“ဟိုခွေးမျိူး စောက်သူတောင်းစားလေး … ဘယ်မှာလဲ … ထွက်ခဲ့စမ်း”
မိုးခြိမ်းသံလို ကျယ်လောင်တဲ့ အသံတစ်ခုက ကျန်းကလန် တစ်ခုလုံးကို ဖုံးလွှမ်းသွားပါတယ်။ လီဖူချန်းကလည်း အိမ်ထဲမှာ လေ့ကျင့်နေရင်းနဲ့ အဲဒီအသံကို ကြားလိုက် ရတယ်လေ။
“ဘာဖြစ်လို့ ကမ္ဘာပေါ်မှာ ဦးနှောက် မရှိတဲ့လူတွေ ဒီလောက် များနေရတာလဲကွာ။ ဒီတတိယအ ဆင့်ကို လေ့ကျင့်လို့ မရလို့ စိတ်တို နေပါတယ်ဆိုမှ”
လီဖူချန်းက မီးနဂါး လျှို့ဝှက်နည်းစနစ် တတိယ အဆင့်ကို နားမလည်သေးတဲ့ အတွက် နဂိုကမှ ဒေါသထွက်နေတာပါ။ အခုတော့ သူက ဒေါသတွေကို ပုံချစရာ ပစ်မှတ် ရှိသွားပါပြီ။
***