နဂါး အငွေ့အသက်
Vol. 10 Ch. 133
စွပ်။
လီဖူချန်းရဲ့ ဓားက သူ့ခန္ဓာကိုယ်ကို ထိုးစိုက် သွားတာကို မားတိုင်ချောင်းက ဘယ်လိုမှ မတုံ့ပြန်နိုင်ဘဲ ကြောင်ပြီး ကြည့်နေပါတယ်။
ဒီဓားချက်ကိုတော့ သူ့ရဲ့ ချီအကာအကွယ်ပဲ ဖြစ်ဖြစ် မိစ္ဆာ သားရဲ သားရေ ကိုယ်ကျပ် အင်္ကျီဘဲဖြစ်ဖြစ် နှစ်ခု စလုံးက မတားဆီး နိုင်ခဲ့ပါဘူး။
ဓားချက် တစ်ချက် အောက်မှာပဲ အရာ အားလုံးက ပျက်စီး ခဲ့ရပြီလေ။
အနက်ရောင် ဓားချက်နဲ့ အတူ ပါလာတဲ့ ချီအငွေ့အသက် တစ်ခုက မားတိုင်ချောင်းရဲ့ လက်မောင်းကိုပါ ပြတ်ထွက် သွားစေပါသေးတယ်။
လီဖူချန်းကတော့ အေးစက်စက် လေသံဖြင့် …
“အခုချိန်ကစပြီး မားကလန်က လူတွေက ကျန်းဂေဟာရဲ့ အရိပ်တောင် နင်းခွင့် မရှိဘူး။ အေး … သတ္တိ အရမ်း ရှိနေတဲ့ လူကိုတော့ ငါကိုယ်တိုင် လာသတ်ပစ်မယ်"
လီဖူချန်းက မားတိုင်ချောင်းကို မသတ်ပစ်ခဲ့ပါဘူး။ ဒါပေမဲ့ သူက မားတိုင်ချောင်းရဲ့ သိုင်းအား တစ်ဝက်လောက်ကို ဖျက်ဆီး ပစ်လိုက်ပါပြီ။ ပြီးတော့ လက်မောင်း တစ်ဖက်လည်း ပြတ်ထွက် သွားတဲ့အတွက် ဒုက္ခိတ တစ်ပိုင်းပါဘဲ။
ထို့အတူ လီဖူချန်းက မားကျင်းယန်ကိုလည်း မသတ်ဘဲ လက်တစ်ဖက်သာ ဖြတ်လွှတ်လိုက်ပါတယ်။ သတိပေးတဲ့ အနေနဲ့ပေါ့။
“သွားစို့ … မြန်မြန်သွားကြစို့”
မားကလန်က လူတွေကတေ့ာ အလာတုန်းကလို မြောက်ကြွ မြောက်ကြွ မနိုင်တော့ဘဲ ခွေးတွေလို အမြီးကုပ်ကာ ထွက်သွားကျ ပါတော့တယ်။
ကျန်းကလန်က လူတွေကတော့ သူတို့ကိုယ် သူတို့ အိပ်မက် မက်နေတယ် လို့တောင် ထင်နေပါတယ်။ မားကလန်က ကျန်းကလန်ကို နှစ်ကြိမ် လာခဲ့တယ်။ ဒါပေမဲ့ အဲဒီ နှစ်ကြိမ်စလုံးမှာ ခွေးပြေး ဝက်ပြေး ပြေးရတာပါဘဲ။
အဲဒီလို ဖြစ်ရခြင်းရဲ့ တရားခံကတော့ သူတို့ရှေ့မှာ ရပ်နေတဲ့ လူငယ်လေးပါပဲ။
ဓားတစ်ချက် အောက်မှာတင် မားကလန်သားတွေက ဝပ်ဆင်း သွားကြရပြီး ကျန်းဂေဟာရဲ့ အရိပ်ကိုတောင် နင်းရဲတော့မှာ မဟုတ်ပါဘူး။
ဒီလို သြဇာ အာဏာမျိုး …
ဒီလို ပါရမီရှင်မျိုး …
လီဖူချန်းရဲ့ အသက် ဘယ်လောက်ပင် ငယ်နေပါစေဦး။ ကျန်းကလန်က လူတွေကတော့ သူ့ကို ရိုသေ လေးစားမှုအပြည့်နဲ့ ကြည့်နေကြပါပြီ။
“သူရဲကောင်း လေးလီ … ဦးတို့ရဲ့ ကျေးဇူးတင်မှုကို စကားလုံးနဲ့တောင် ဖော်ပြလို့ မရတော့ပါဘူး။ ဦးတို့ရဲ့ ကျန်းကလန်ဟာ ကလန်ငယ်လေးပါ။ သူရဲကောင်း လေးလီကို အများကြီးတော့ ကူညီနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ သူရဲကောင်းလေး လိုအပ်လာရင် ဦးတို့ကို သတိရလိုက်ပါ။ ကျန်းကလန်က လူတွေက သူရဲကောင်းလေး အတွက် လိုအပ်တယ်ဆိုရင် အသက်ကို စွန့်ပြီး ကူညီပါ့မယ်။
ကျန်းကလန် ခေါင်းဆောင်နဲ့ ကလန်သားတွေက လီဖူချန်းကို ရိုသေ ကျိုးနွံစွာနဲ့ အရိုအသေ ပေးလိုက်ကြပါတယ်။ သူတို့ရဲ့ ခါးတွေကို ဘယ်လောက်ထိ ကိုင်းထားသလဲ ဆိုရင် မြေပြင်နဲ့တောင် ထိလုမတတ်ပါဘဲ။
ကျန်းကလန်က လီဖူချန်း အပေါ်မှာ အကြွေး အများကြီး တင်ခဲ့ပြီလေ။
ကျောက်စိမ်း ဗုဒ္ဓ ရုပ်ပွားတော်ကို ပြန်ယူလာပေးတာက တစ်ခါ။
မားကလန်နဲ့ ပြဿနာကို ဖြေရှင်းပေးတာက တစ်ခါပေါ့။
လီဖူချန်းက မရှိခဲ့လို့ကတော့ ကျန်းကလန်က အမြစ်ပြတ် သုတ်သင်ခြင်းတောင် ခံရင် ခံလိုက်ရမှာပါ။
လီဖူချန်းက လက်ကာပြလိုက်ပြီး …
“ဦးလေးတို့က ကျွန်တော့် အပေါ်မှာ ကျေးဇူးကြွေး မတင်ပါဘူးဗျာ။ ဒါက ကျွန်တော့်ကို လိုလေသေး မရှိအောင် ဂရုတစ်စိုက် တည်းခိုခွင့် ပေးခဲ့တဲ့အတွက် ကျေးဇူး ပြန်ဆပ်တယ် လို့ပဲ သဘောထားလိုက်ပါ။ ကျွန်တော့်ကို ကျေးဇူး အရမ်း တင်မနေပါနဲ့တော့”
ကြယ်သုံးပွင့် အဆင့်ရှိတဲ့ လျှို့ဝှက် နည်းစနစ်က သူ့အတွက်တော့ အရမ်းကို တန်ဖိုး ကြီးမားလွန်းလှတယ်လေ။ သူ့ရဲ စိတ်ထဲမှာတော့ ဒါက မျှတတဲ့ အကူအညီပေးမှု လို့ပဲ မှတ်ယူထားတာပါ။ လီဖူချန်းက ကျန်းကလန် အပေါ်မှာ အခွင့်ကောင်း မယူချင်ပါဘူး။
လီဖူချန်းရဲ့ တုံံ့ပြန်မှုကို ကြားလိုက်ရတဲ့ ကျန်းကလန်သားတွေက လီဖူချန်း အပေါ်မှာ ပိုလို့တောင် လေးစား သွားကြပါသေးတယ်။
ဒါကမှ သူရဲကောင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြနေတာလေ။
ရိုးသားတယ်။
လူသားဆန်တယ်။
ကြင်နာတတ်တဲ့ နှလုံးသား ရှိတယ်။
***
လီဖူချန်းက မီးနဂါး လျှို့ဝှက် နည်းစနစ် တတိယ အဆင့်ကို နားလည် သဘောပေါက်ပြီးသွားတဲ့ နောက်မှာတော့ ကျန်းကလန်ကနေ ထွက်ခွာ လာခဲ့ပါတော့တယ်။
ဒါပေမဲ့ သူက မိုးပြာရောင် ဂိုဏ်းကို မပြန်သေးပါဘူး။ အဲဒီ အစား ဖေးရှုတောင်တန်း ဘက်ကို ပြန်သွားလိုက်ပါတယ်။
သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ကျောက်စက် နို့ရည်ရဲ့ ဘေးထွက် ဆိုးကျိုးတွေကို သူက သန့်စင် ပြီးသွားပြီလေ။ ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက လျှို့ဝှက် သွေးမျိုးဆက် ခန္ဓာကိုယ် ပညာရပ်ကို ပြီးဆုံးအောင် လေ့ကျင့်ဖို့ ရည်ရွယ်ထားတယ်လေ။
ဖေးရှုတောင်တန်းကြီးရဲ့ တောင်ထွတ် တစ်နေရာမှာတော့ …
အေးစိမ့်လှိုဏ်ဂူကြီးတစ်ခုရဲ့ အရှေ့ကို လူတစ်ယောက် ရောက်လာပါတယ်။ ထိုလူက ဒီနေရာကို ရောက်ဖူးနေကျပုံပါဘဲ။ လျင်မြန်သွက်လက်စွာနဲ့ ဂူထဲကို ဝင်သွားတယ်လေ။
လီဖူချန်းက ကျောက်စက်နို့ရေကန်ကို အရောက်မှာတော့ အရင်ဆုံး ကျောက်တုံးတစ်တုံးကို ရေထဲ ပစ်ချလိုက်ပါတယ်။
အချိန်အတော်လေး ကြာတဲ့အထိ တုံ့ပြန်မှု မရှိတာကြောင့် လီဖူချန်းက အဝတ်အစားတွေ ချွတ်လိုက်ပြီး ခုန်ဆင်းသွားပါတော့တယ်။
***
ဒီလိုနဲ့ လီဖူချန်း တစ်ယောက် အတွင်းစည်း တပည့် ဖြစ်တာ ၃နှစ်ပြည့်ဖို့ ၁၄ ရက်ပဲ လိုပါတော့တယ်။ ဒီနေ့မှာတော့ သူက လျှို့ဝှက် သွေးမျိုးဆက် ခန္ဓာကိုယ်ကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားက ၄၀၀၀ ကီလိုဂရမ် အထိလည်း ရှိလာခဲ့တယ်လေ။
“ငါဂိုဏ်းတော်ကို ပြန်ဖို့ အချိန်တန်ပြီဘဲ”
သူက တာဝန် ပြီးဆုံးကြောင်းကို တစ်နှစ်အတွင်း အကြောင်း မပြန်နိုင်ရင် ဂိုဏ်းတော်က သူ့ကို အပြစ် ပေးတော့မှာပါ။ အဲဒါက သူ့ရဲ့ ပုံမှန် ရနေကျ ထောက်ပံ့ရေး ရမှတ်တွေကို လျော့လိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သူ့ကို ကြိုက်တဲ့ အပြစ် ပေးလို့ ရပါတယ်။ ဒါပေမဲ့ ထောက်ပံ့ရေး ရမှတ်ကို လျော့လို့တော့ မဖြစ်ပါဘူး။
ကျောက်စက် နို့ရေကန်ကနေ လီဖူချန်း ထွက်သွားပြီး ရက်အနည်းငယ် အကြာမှာတော့ ရန်ချင်းဟူက ထိုနေရာကို ပြန်ရောက်လာခဲ့ပါတယ်။
“ဒီလူယုတ်မာကောင်က ဒီကို ပြန်လာရဲသေးတာလား”ရန်ချင်းဟူက လူသတ်ချင်စိတ်တွေ ပြည့်နှက်နေတဲ့ အသံနဲ့ ရေရွတ် လိုက်ပါတယ်။
ဒီကျောက်စက် နို့ရည်ကန်က ကန့်သတ်ချက် ရှိပါတယ်။ အရင်တုန်းကနဲ့ ယှဉ်ရင် စွမ်းအင် ထောက်ပံ့မှုက ၃၀ ရာခိုင်နှုန်းလောက် ယုတ်မလျော့နေတဲ့ အတွက် ရန်ချင်းဟူက လီဖူချန်း လာသွားတာကို ရိပ်မိလိုက်တာပါ။
“နောက်တစ်ခါ တွေ့ရင်တော့ သေဖို့သာ ဆုတောင်းထား”
ထို့နောက်မှာတော့ သူမက အဝတ်အစားတွေကို ချွတ်လိုက်ကာ ရေကန်ထဲ ဆင်းသွားပါတော့တယ်။
“ဒီမီးနဂါး လျှို့ဝှက်နည်းစနစ်က လုံးဝကို လျှို့ဝှက်ဆန်းကြယ်လွန်းတာဘဲ။ ပထမအဆင့်နဲ့ ဒုတိယအဆင့်က သွေးကြောလည်ပတ်ပုံကို အထူးပြုထားတာ။ ဒါပေမဲ့ တတိယ အဆင့်ကတော့ အဲဒီ ချီအတွင်းအားတွေကို ဘယ်လို ထုတ်ယူသုံးစွဲ ရမလဲ ဆိုတာကို သင်ပြထားပေးတာပဲ။ ငါသာ မားတိုင်ချောင်းနဲ့ မတိုက်ခိုက်ခဲ့ရင် ဒီလျှို့ဝှက်ချက်ကြီးကို သိရဖို့ အချိန် ဘယ်လောက်တောင် ယူရမလဲ မသိဘူး”
အပြန်လမ်း တစ်လျှောက်မှာတော့ လီဖူချန်းက သူကြုံတွေ့ ခဲ့ရတာတွေကို ပြန်ပြီး စားမြုံ့ ပြန်နေပါတယ်။
ဒီမီးနဂါး လျှို့ဝှက် နည်းစနစ်ကို ရခဲ့တာက သူ့ရဲ့ကံကြမ္မာကို အတော်လေး ပြောင်းလဲ စေခဲ့တယ်လေ။
ဒါက ကြယ်သုံးပွင့် အဆင့် လျှို့ဝှက် နည်းစနစ်လေ။ ဒီအကြောင်းကိုသာ တခြား တပည့်တွေက သိသွားရင်တော့ လုံးဝကို မနာလို နေကြမှာပါ။
မီးနဂါး လျှို့ဝှက် နည်းစနစ်ရဲ့ ဒုတိယ အဆင့်မှာတုန်းက သူ့ရဲ့အတွင်းအားတွေက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ နဲ့ ညီမျှနေပြီး တတိယ အဆင့်ကို အသုံး ပြုလိုက်ရင်တော့ သူ့ရဲ့ အတွင်းအားက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၈ နဲ့ ညီသွားပါတယ်။
လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း အဆင့် ၆ နဲ့တောင် အတော်လေး အစွမ်းထက် နေတယ်လို့ ပြောလို့ရတဲ့သူပါ။ အခုလို အဆင့် ၂ ဆင့် ခုန်တက် သွားရင်တော့ လီဖူချန်းကို ဘယ်သူမှ ထိန်းလို့ရတော့မှာ မဟုတ်ပါဘူး။
သေချာ ပြန်စဉ်းစားနေရင်းနဲ့ လီဖူချန်းက တစ်စုံတစ်ခုကို သတိပြုမိလိုက်ပါတယ်။ အဲဒါက မီးနဂါး လျှို့ဝှက်နည်းစနစ်ရဲ့ တတိယအဆင့်ကို အသုံးပြုလိုက်တိုင်းမှာ သူ့ခန္ဓာကိုယ် တစ်ခုလုံးက ပူလောင်လာပြီး အားတွေအဆမတန် တိုးလာတာလေ။ အဲဒီအပူချိန်က ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အတွင်းအားကြောင့် ထွက်လာတဲ့ အပူချိန် မဟုတ်ပါဘူး။
လီဖူချန်းက အဲဒီ အရာကို ခေါင်းရှုပ်ခံ စဉ်းစားမနေတော့ဘဲ 'မီးနဂါးချီ' လို့သာ အမည် ပေးလိုက်ပါတော့တယ်။
“ဒီ မီးနဂါး လျှို့ဝှက် နည်းစနစ်နဲ့ ဆိုရင်တော့ အတွင်းစည်း တပည့်တွေ အကုန်လုံးကို ငါယှဉ်တိုက်လို့ရပြီ”
“ဟား … ဟား … ဟား"
လီဖူချန်း မရှိလို့ တည်ငြိမ် အေးချမ်း နေတဲ့ မိုးပြာရောင် အတွင်းစည်း ဂိုဏ်းကတော့ ပြန်ပြီး တစ်ဖန် ဆူညံ လာတော့မှာပါပဲ။
လီဖူချန်းက စဉ်းစား နေရင်းနဲ့ တိုက်ချင် ခိုက်ချင်စိတ်တွေ တစ်ဖွားဖွား ဖြစ်ပေါ် လာပါတော့တယ်။ ထို့ကြောင့် သူက မားရှန်မြင်းကို ဖနောင့်ဖြင့် ပေါက်ပြီး အရှိန် မြှင့်ကာ မိုးပြာရောင် ဂိုဏ်းဆီကို ပြန်လာ နေပါတော့တယ်။
***
အတွင်းစည်း ဂိုဏ်းသား ဖြစ်တာ သုံးနှစ် ပြည့်ဖို့ တစ်နှစ် အလိုမှာတော့ လီဖူချန်းက မိုးပြာရောင် ဂိုဏ်းကို ပြန်ရောက်လာခဲ့ပါပြီ။
တာဝန် ခွဲဝေရေး ဌာနကို သတင်း ပို့ပြီးတဲ့ အချိန်မှာမှပဲ သူက သက်ပြင်း ချနိုင်ပါတော့တယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ ထောက်ပံ့ရေး ရမှတ်တွေကို ဘယ်သူမှ မလျော့ချ နိုင်တော့ပါဘူးလေ။
တာဝန်ဌာနကနေ အပြင် ပြန်ထွက်လာပြီး တစ်နေရာ အရောက်မှာတော့ လီဖူချန်းက ကောင်းရီလုံ၊ ယန်အိုနဲ့ လီရှန်းရှီတို့ ရန်ဖြစ်နေကျတာကို တွေ့လိုက်ရပါတယ်။
လီရှန်းရှီက ကောင်းရီလုံနဲ့ ယန်အိုတို့ကို ဒေါသ ထွက်စွာဖြင့် မေးနေတာပါ။
“ကောင်းရီလုံ … ယန်အို … လီဖူချန်းက အခု ချိန်အထိ ပြန်မလာသေးဘူး။ မင်းတို့ နှစ်ယောက်ရဲ့ စနက်ပါနေတယ် မဟုတ်လား"
ယန်အိုနဲ့ ကောင်းရီလုံကတော့ သူ့ကို စောက်ဖတ် မလုပ်ဘဲ ပြန်ပြီးတောင် လှောင်ပြောင် ခဲ့ပါသေးတယ်။
"လီရှန်းရှီ … မင်းရူးနေတာလား။ မင်းဦးနှောက်ကို ခွေးစား သွားလို့လား။ မင်းက ငါတို့ကို ဒီလိုလေသံနဲ့ ပြောရအောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ။ ပြီးတော့ မင်းသိအောင် ပြောရဦးမယ်။ အဲဒီ သာမန် အရိုး တည်ဆောက်ပုံနဲ့ ခွေးမသား မျိုးမစစ်ကို ငါတို့က မျက်လုံးထဲတောင် ထည့်ထားတာ မဟုတ်ဘူး။ သူ့ဟာနဲ့သူ အပြင်လောကမှာ သေသွားရင် မင်းတို့လီကလန်အတွက် ပိုတောင်ကောင်းသွားဦးမှာ မဟုတ်ဘူးလား။ အနည်းဆုံးတော့ မင်းတို့ လီကလန်ရဲ့ သွေးမျိုးဆက် သန့်သွားတာပေါ့ကွာ”
သူတို့ နှစ်ယောက်က လီဖူချန်း သေပြီလို့ လုံးဝ တွက်ထားလိုက်ပါပြီ။ ဒါကြောင့် လီရှန်းရှီကို ဝိုင်းဟားနေကျတာပါ။
သူတို့ကလန်တွေရဲ့ အတွင်းစည်း ပညာသင် တပည့်တွေက ပြန်မလာသလို လီဖူချန်းကလည်း ပြန်မလာတဲ့အတွက် သူတို့က အကုန်လုံး သူသေ ကိုယ်သေ တိုက်ရင်းနဲ့ သေကုန်ပြီလို့ တွက်လိုက်တာလေ။
ပြီးတော့ လျိုကလန်ကလည်း လီဖူချန်းကို သတ်ဖို့ လူတစ်ယောက် လွှတ်လိုက်တယ်လို့ သတင်းတွေ ထွက်နေပါသေးတယ်။ လီဖူချန်းကတော့ လုံးဝ အသက်ရှင်စရာ လမ်း မရှိတော့ပါဘူး။
လီဖူချန်းက လျိုတိုင်ရှန်းကို အနိုင် ယူလိုက်တာကို ကြုံရပြီး ကတည်းက သူတို့ခမျာ ကောင်းကောင်းလည်းမစားနိုင် ၊ ကောင်းကောင်းလည်း မအိပ်နိုင် ဖြစ်နေတာပါ။ အိပ်နေရင်တောင်မှ အိပ်မက်ထဲမှာ လီဖူချန်းပါလာလို့ လန့်လန့်နိုးရတဲ့ အထိပါဘဲ။
“မင်းတို့က တကယ့်ကို ရွံစရာ ကောင်းတဲ့ ကောင်တွေပဲ”
လီရှန်းရှီက ကြေကွဲ ဝမ်းနည်းစွာဖြင့် ပြောလိုက်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့လို လီကလန် မျိုးဆက် တစ်ယောက်အနေနဲ့ကတော့ လီကလန် ပြန်ပြီး ဦးမော့လာတာကို မြင်ချင် ပါသေးတယ်လေ။ လီဖူချန်းက မိုးပြာရောင် ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် ဖြစ်လာဖို့ အလားအလာတွေ ရှိနေပါတယ်။ ဒါက သူတို့ လီကလန်ရဲ့ ဂုဏ်ယူ စရာ ကိစ္စ တစ်ရပ် ဖြစ်လာမယ့် အရာပါ။
ကောင်းရီလုံက နှာခေါင်း ရှုံ့လိုက်ပြီး
”လီရှန်းရှီ … မင်းကိုယ်မင်းပဲ အရင် စိတ်ပူတာ ကောင်းမယ် ထင်တယ်။ ပြောလို့တော့ မရဘူးနော်။ မင်းလည်း ခနနေ ခေါက်ခနဲ လဲကျပြီး သေသွားနိုင်တာပဲ။ လူ့ဘဝဆိုတာ ဘာကိုမှ ကြိုမြင်နိုင်တာမှ မဟုတ်တာ”
“ကောင်းရီလုံ ပြောတာ မှန်တယ်။ မင်းသွားတာလာတာ သတိထားဦး။ ဘယ်နေ့ သေမလဲ ဆိုတာ မင်းကိုယ်တိုင်တောင် သိနိုင်တာ မဟုတ်ဘူးလေ”ယန်အိုကလည်း အတိုင်အဖောက် ညီညီဖြင့် လှောင်ပြောင်နေပါတယ်။
“မင်းတို့ နှစ်ယောက်က ရှေ့ဖြစ်ဟော ဆရာတွေများလား”
ကြားဖူးနေကျ အသံတစ်ခုက သူ့တို့ စကားဝိုင်းထဲကို ဝင်လာပါတယ်။
ကောင်းရီလုံနဲ့ ယန်အိုက အနောက်ကို ထိတ်လန့်တကြားနဲ့ လှည့်ကြည့် လိုက်ပါတယ်။
သူတို့ဘဝမှာ မမြင်ချင်ဆုံး တစ်ကောင်က သူတို့ကို ပြုံးပြီး ရပ်ကြည့် နေတယ်လေ။
“ဖူချန်း … မင်းပြန်ရောက်လာပြီလား”လီရှန်းရှီက ဝမ်းသာအားရနဲ့ နှုတ်ဆက်လိုက်ပါတယ်။
လီဖူချန်းက လီရှန်းရှီကို ခေါင်းညိတ် ပြလိုက်ပါတယ်။ ထို့နောက်မှာတော့ သူ့ရဲ့ အကြည့်တွေကို ယန်အိုနဲ့ ကောင်းရီလုံဆီကို လွှဲလိုက်ပါတယ်။
“မင်းတို့က ငါမသေလို့ စိတ်အရမ်း ပျက်သွားတာလား”
“လီဖူချန်း … မင်းအဓိပ္ပာယ် မရှိတဲ့ စကားတွေ လျှောက်ပြောမနေနဲ့။ ငါတို့က ဘာကို စိတ်ဓာတ် ကျနေရမှာလဲ”
ကောင်းရီလုံက မြေပြင်ကို စိုက်ကြည့်ရင်းနဲ့ ပြန်ပြောလိုက်ပါတယ်။
“ငါပြောတာက ရှင်းရှင်းလေး … ငါမသေတဲ့အတွက် မင်းတို့ စိတ်အရမ်း ပျက်သွားတာလားလို့”လီဖူချန်းက အသံကို မြင့်ပြီး ထပ်ပြောလိုက်ပါတယ်။ သူ့ရဲ့ စူးရှတဲ့ အသံက ကောင်းရီလုံနဲ့ ယန်အိုတို့ကို ပိုလို့တောင် ကြောက်လန့်သွားစေပါတယ်။
“လီဖူချန်း … ဒါက ဂိုဏ်းတော်ကွ။ မင်းလုပ်ချင်တာ လုပ်လို့ရတဲ့ နေရာ ထင်နေတာလား”
ယန်အိုက အနောက်ကို တဖြည်းဖြည်း ဆုတ်နေပါတယ်။
“ဒူးထောက်စမ်း”
လီဖူချန်းက သူ့ရဲ့ အရှိန်အဝါတွေကို ထုတ်လွှတ် လိုက်ပါတယ်။ သူ့ရဲ့ ညာဘက်လက် ကတော့ ယန်အိုတို့ နှစ်ယောက်ကို ဒူးထောက်ဖို့ အမူအရာ လုပ်ပြလိုက်ပါတယ်။
ယန်အိုတို့နှစ်ယောက်စလုံးက လီဖူချန်းရဲ့ အမိန့်ပေးတာကို နာမခံဘဲ မနေနိုင်ပါဘူး။ နှစ်ယောက်စလုံးက ဒူးထောက် လိုက်ကြပါတယ်။
***