ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရား
Vol. 67 Ch. 933
အခန်း (၉၃၃) ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရား
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူ၏တန်ခိုးစွမ်းအားကို တမင်တကာ ထုတ်ဖော်ပြသရန် မလိုအပ်ပေ။ သူထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး၏ အာရုံစိုက်မှုကိုခံရပြီ ဖြစ်သည်။
လူတိုင်းက စူးစမ်းချင်စိတ် ၊ ကြောက်ရွံ့စိတ်ဖြင့် သူ့ကိုလျှို့ဝှက်စွာ ခိုးကြည့်ကြသည်။
သို့သော် သူတို့လှမ်းကြည့်လိုက်တိုင်း တစ်ဖက်လူကလည်း သူတို့ကိုကြည့်နေသည့်အလား ခံစားကြရသည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင် သို့မဟုတ် ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေ၏အကာအကွယ်အောက်တွင် ရှိနေကြသူများပင် ထိုခဏတွင် ပူလောင်မှုကို ခံစားလိုက်ကြရသည်။ သူတို့၏ခန္ဓာကိုယ်ထဲတွင် ငရဲမီးတောက်လောင်နေသည့်အလားပင် ဖြစ်၏။
သို့ဖြစ်ရာ လူအများစုမှာ အံ့အားသင့်သွားကြရသည်။
လက်ရှိ အထက်ဘုံကမ္ဘာတွင် အကြီးမြတ်ဆုံးတန်ခိုးစွမ်းအားရှင်များဖြစ်ကြသည့် တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်ဧကရာဇ်တို့က ခွန်လွန်အထင်ကရ (၉)ပါးထဲမှ မြေကမ္ဘာထက်ယံအရှင်သခင်နှင့် ယင်ဟွမ်ထက်ယံအရှင်သခင်တို့ ဖြစ်ကြသည်။
သို့သော် ခွန်လွန်အထင်ကရ (၉)ပါးဆိုသည့်အမည်ကတော့ လူအများ၏မှတ်ဉာဏ်များထဲတွင် ဝေဝါးနေခဲ့ပြီး ရင်းနှီးခြင်း မရှိကြတော့ပေ။
လူသားတိုင်းက အုပ်စိုးရှင် (၃)ပါးနှင့် ဧကရာဇ် (၅)ပါးကို အရာအားလုံး၏အထက်မှပုဂ္ဂိုလ်များအဖြစ် ရှုမြင်ကြသည်။
ထို့ကြောင့် ယခု ဧကရာဇ်အဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ရုတ်တရက် ပေါ်ပေါက်လာသည့်အခါ အားလုံးက အံ့အားသင့်သွားကြသည်။
ပိုပြီးမျှော်လင့်မထားသည်မှာ နတ်ဘုရားတံခါးကိုဖွင့်ခဲ့သော ထိုတန်ခိုးစွမ်းအားရှင်မှာ လူသားမဟုတ်ဘဲ အမတမှော်ဝင်လက်နက်တစ်ခု ဖြစ်နေခြင်းပင်။
ကိုယ်ပိုင်အတွေးအခေါ်ဖြင့် လွတ်လပ်စွာတွေးခေါ်နိုင်သော သိစိတ်ရှိသည့် လက်နက်တစ်ခု။
ပြီးတော့ ထိုလက်နက်က ခွန်လွန်အထင်ကရ (၉)ပါးမှ မီးလျှံထက်ယံအရှင်သခင်၏လက်နက်လည်း ဖြစ်သည်။
ဤသည်က လူတိုင်းမျှော်လင့်မထားသောအချက်ဖြစ်သလို ဒဏ္ဍာရီဆန်သည့်ခံစားချက်မျိုးကိုလည်း ခံစားရစေသည်။
အချိန်မြစ်ရေပြင်တွင် တဖြည်းဖြည်း တိတ်ဆိတ်သွားသည့်အရာများသည် မကြာသေးမီက မီးပွားများပမာ အသစ်တစ်ဖန် ပြန်လည်ထွက်ပေါ်လာသည်ကို တွေ့မြင်ကြရသည်။
ထို့ပြင် ရုတ်တရက်ထွက်ပေါ်လာသော ဧကရာဇ်က ပိုးသားဧကရာဇ်ကို စိန်ခေါ်ခဲ့ပြီး နှစ်ပေါင်းများစွာ မဖြစ်ပွားခဲ့သော ဧကရာဇ်အဆင့် တန်ခိုးစွမ်းအားရှင်များကြား တိုက်ပွဲဖြစ်ပွားရန် ဦးတည်သွားခဲ့သည်။
ဤသည်က သာမန်တိုက်ပွဲတစ်ခု မဟုတ်ပေ။
တကယ့်လက်နက်အစစ်တစ်ခုနှင့် လူသားတစ်ယောက်၏ အဓိကတိုက်ပွဲတစ်ခု ဖြစ်၏။
အထက်ဘုံကမ္ဘာတစ်ခုလုံးက ဤတိုက်ပွဲကို အာရုံစိုက်နေခဲ့ကြသည်။
ယခု အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ရောက်ရှိလာပြီဖြစ်ရာ ပိုးသားဧကရာဇ်ရောက်ရှိလာမည်ကို အားလုံးက စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။
ရန်ကျောက်ကဲက ပြုံးရင်း တောက်ယွိကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။
“ဒီ’ရန်’ က ဒီပွဲကိုလာရောက် ကြည့်ရှုခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ ခံစားရပါတယ် ၊ ယွမ်ကျွင်းရဲ့ အဆက်အနွယ်တွေက အရမ်းကြီးကျယ်ခမ်းနားတဲ့အတွက် အခုလိုသိမြင်ခွင့်ရတာ ကျေးဇူးတင်မိပါတယ်”
သူက ဆက်ပြောသည်။
“အရင်က အမုန်းတရားမဲ့တာအိုနန်းတော်မှာ ပိုးသားဧကရာဇ်နဲ့ မတွေ့ဆုံနိုင်ခဲ့တဲ့အတွက် အတော်လေး ဝမ်းနည်းမိပါတယ် ၊ ဒီတိုက်ပွဲပြီးလို့ အချိန်ရရင်တော့ ကျွန်တော်ကိုယ်တိုင် နှုတ်ဆက်စကားဆိုနိုင်မယ်လို့ မျှော်လင့်မိပါတယ် ၊ ဒီအတွက်လည်း ယွမ်ကျွင်းက ကူညီပေးစေချင်ပါတယ်”
ထို့နောက် ရန်ကျောက်ကဲက သူမကိုနှုတ်ဆက်စကားဆိုပြီး ကြာပန်းနီကောင်းကင်ရွက်လှေထက်မှ ထွက်ခွာလာခဲ့သည်။
ထွက်ခွာသွားသော ရန်ကျောက်ကဲ၏ပုံရိပ်နှင့် အဝေးတစ်နေရာမှ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို လှမ်းကြည့်ရင်း တောက်ယွိ မည်သို့မှမတတ်နိုင်စွာ သက်ပြင်းချလိုက်မိသည်။
ရွက်လှေထက်မှဆင်းလိုက်သည်နှင့် ဤနေရာသို့ အလျှင်အမြန်ချဉ်းကပ်လာနေသည့် လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ဖုထင်ပင် ဖြစ်၏။
မြေကမ္ဘာထိပ်တန်း အရှင်သခင်ကို နှုတ်ဆက်ဂါရဝပြုပြီးနောက် ပိုးသားဧကရာဇ်ကိုကူညီစောင့်ကြည့်ပေးရန် မြောက်ဖေးတောင်ထွတ်မှ ထွက်ခွာလာသူမှာ တောက်ယွိဖြစ်ကြောင်း သိလိုက်သည်နှင့် ဖုထင် အတော်လေး စိတ်ပူပန်သွားသည်။
ရန်ကျောက်ကဲက သူမနှင့်နှုတ်ဆက်လမ်းခွဲပြီးနောက် ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေဆီသို့ ထွက်ခွာသွားသည် မဟုတ်ပါလား။
အချိန်ကိုတွက်ချက်ကြည့်မည်ဆိုလျှင် ရန်ကျောက်ကဲ ရွက်လှေထက်သို့ တက်ရောက်သွားသင့်ပြီ ဖြစ်၏။ ဖုထင်က သူ့ကိုတားဆီးနိုင်ရန် မျှော်လင့်မိသော်လည်း နောက်ကျသွားပေပြီ။
ကြာပန်းနီရွက်လှေအနီးသို့ရောက်သည့်အခါ သူမက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
ရန်ကျောက်ကဲ ရွက်လှေထက်မှဆင်းလာသည်ကိုမြင်မှ သူမက ခြေလှမ်းများကို ပြန်လည်စတင်ခဲ့သည်။
ဤသည်က သူမက ရန်ကျောက်ကဲအား တောက်ယွိကို တစ်ယောက်တည်းသွားတွေ့ စေချင်သောကြောင့် မဟုတ်ပေ။
ရန်ကျောက်ကဲအနေဖြင့် တောက်ယွိနှင့် တစ်ယောက်တည်းတွေ့မည်ဆိုလျှင် အတော်လေးအဆင်ပြေနိုင်ပြီး တောက်ယွိကလည်း သိပ်ပြီးပြဿနာရှာမည် မဟုတ်ပေ။
ဖုထင်က သူမ၏ဆရာဒေါလေးနှင့်ပတ်သက်ပြီး ရှုပ်ထွေးသောခံစားချက်များရှိခဲ့သလို တောက်ယွိအကြောင်းကိုလည်း ကောင်းကေငာ်းနားလည်သည်။
ဖုထင်သာ ရန်ကျောက်ကဲနှင့်အတူ ရှိနေပါက တောက်ယွိက အဆုံးထိ တင်းတင်းမာမာ ရပ်တည်နေပေလိမ့်မည်။
ဖုထင်၏လုပ်ရပ်ကိုမြင်တော့ ရန်ကျောက်ကဲ ချက်ချင်းသဘောပေါက်သွားသည်။
“အကြံကောင်းတာပဲ...”
ဟုလည်း တွေးလိုက်မိ၏။
“စောစောကအခြေအနေတွေကိုမသိခဲ့လို့ပါ ၊ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မကိုခွင့်လွှတ်စေချင်ပါတယ် ‘ရန်’ သခင်လေး”
ဖုထင်က ရန်ကျောက်ကဲကိုတွေ့သည်နှင့် တောင်းပန်စကားဆိုလိုက်သည်။
လူငယ်ကို ခြေဆုံးခေါင်းဆုံးအကဲခတ်လိုက်ပြီး တစ်ခုခုမဖြစ်သည်မှာသေချာတော့မှ ဖုထင်လည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“ကျွန်တော်နဲ့တော့အဆင်ပြေပါတယ် ၊ ထိုက်စုယွမ်ကျွင်းက အခြေအနေနဲ့အချိန်အခါကို နားလည်တဲ့သူတစ်ယောက်ပါ”
ဖုထင်က...
“အခုပဲ ကျင်းထင်တောင်က အစ်ကို’မုကျွင်း’ နဲ့တွေ့ခဲ့တယ် ၊ ရှင်ရော သူနဲ့သွားမတွေ့ဘူးလား ‘ရန်’ သခင်လေး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အခုပဲ သွားတွေ့တော့မလို့”
ထို့နောက် ဖုထင်က ရန်ကျောက်ကဲကို လက်နှစ်ဖက်ဆုပ်ဂါရဝပြု နှုတ်ဆက်လိုက်ပြီး ကြာပန်းနီရွက်လှေထက်သို့ တက်သွားလေသည်။
သူမက တောက်ယွိနှင့် အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ မကြာခင်စတင်တော့မည့်တိုက်ပွဲက မြောက်ဖေးတောင်ထွတ်မှ အဆက်အနွယ်တိုင်းအတွက် အရေးကြီးဆုံး ကိစ္စတ်စခု ဖြစ်၏။
ရန်ကျောက်ကဲ ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေထက်မှ ဆင်းသက်လာတော့ မုကျွင်းက သူ့ကိုပြုံးပြရင်း လက်မထောင်ပြသည်။
“တကယ့်ကို ထူးထူးခြားခြားပါလား ကျောက်ကဲ ၊ မြောက်ဖေးတောင်ထွတ်က ညီမလေးဖုထင်က အထက်ဘုံကမ္ဘာက မျိုးဆက်သစ်တွေကြားထဲမှာအတော်ဆုံပဲ ၊ သူက မိုးကောင်းကင်ရဲ့သမီးတော် ပါရမီရှင်တွေကြားကပါရမီရှင်လို့ လူတိုင်းက ပြောကြတာ”
“ဒါပေမဲ့ ဒီနေ့ အဖြစ်အပျက်ကိုကြည့်ရတာ... မင်းက ညီမလေးဖုထင်ထက်တောင် ပိုပြီးသာနေပါလား”
ရန်ကျောက်ကဲက ပြုံးရင်း...
“တာအိုပင်လယ်က ကျယ်ပြန့်လွန်းပါတယ် ၊ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ် ဖြည်းဖြည်းချင်း တိုးတက်အောင်ပဲ ကြိုးစားနိုင်ပါတယ်”
စကားခဏနားပြီးမှ ရန်ကျောက်ကဲက မေးလိုက်သည်။
“အစ်ကို’မု’ ၊ အရင်တုန်းက အနောက်ပိုင်းထိပ်တန်းအရှင်သခင်က တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်လား ၊ ဒါပေမဲ့ အခု သူက တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ ၊ သူက တောင်ပိုင်းထိပ်တန်း အရှင်သခင်နဲ့ ပူးပေါင်းမယ်ဆိုရင် အရှေ့တောင်ထိပ်တန်းအရှင်သခင်မှာ ဒီပြဿနာကိုဖြေရှင်းမယ့် နည်းလမ်းများရှိသလား”
ပိုးသားဧကရာဇ်က အနောက်ပိုင်းထိပ်တန်း အရှင်သခင်ကိုလည်း အရှေ့တောင်ထိပ်တန်း အရှင်သခင်အား ခင်မင်သကဲ့သို့ပင် တူညီစွာခင်မင်သည်။
သို့ဖြစ်ရာ အရှေ့တောင်ထိပ်တန်း အရှင်သခင် ချောင်ကျယ်ကို တိုက်ခိုက်ရန်အတွက် အနောက်ပိုင်းထိပ်တန်း အရှင်သခင်က တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်နှင့်ပူးပေါင်းမည်ဆိုပါက ပိုးသားဧကရာဇ်အနေဖြင့် သူ့ကို အတင်းအကျပ် ဖိနှိပ်နိုင်မည် မဟုတ်ပေ။
“အခုတော့ ပြောဖို့ခက်နေတုန်းပဲ ၊ နောက်မှပဲ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိနိုင်မှာ”
မုကျွင်းကဆိုသည်။
သူ ဤသို့ပြောရသည်မှာ ရန်ကျောက်ကဲကို မယုံကြည်သောကြောင့် မဟုတ်ပေ။
လက်ရှိအခြေအနေများအလယ်တွင် ကျင်းထင်တောင်တစ်ခုလုံးသည်လည်း အရှင်းလင်းသည့်အကြောင်းအရာများ ရှိနေသောကြောင့် ဖြစ်၏။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့်တိုက်ခိုက်ရန် ပိုးသားဧကရာဇ် ပြန်လာစဉ်တွင် ချင်းယွမ်ဧကရာဇ်က အထက်ဘုံကမ္ဘာတွင် ရှိမနေသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။
ချင်းယွမ်ဧကရာဇ်မရှိသဖြင့် တောင်ပိုင်းထိပ်တန်းအရှင်ကျွမ်းရှန်က ရူးရူးမိုက်မိုက် မလှုပ်ရှားရဲတော့ပေ။
အနောက်ပိုင်းထိပ်တန်းအရှင်သခင်တစ်ယောက်တည်း ချောင်ကျယ်နှင့်ရင်ဆိုင်ရမည်ဆိုပါက အခွင့်အရေးအများကြီး ရရှိနိုင်မည် မဟုတ်ပေ။
ကြုံတွေ့ရမည့်တိုက်ပွဲကြီးကိုစောင့်မျှော်ရင်း သူတို့နှစ်ယောက် စကားစမြည် ပြောဆိုနေကြသည်။
သို့သော် အချိန်ကြာလာသည့်တိုင် ပိုးသားဧကရာဇ် ရောက်မလာလေရာ ပတ်ဝန်းကျင်လေထုက သိသိသာသာ လေးနက်သွားသည်။
“ပိုးသားဧကရာဇ်ပေါ်မလာတာ တစ်ခုခုများဖြစ်လို့လား”
ရန်ကျောက်ကဲ သိချင်သွားမိသည်။
ကြာပန်းနီရွက်လှေကြီးထက်တွင် ဖုထင် ၊ တောက်ယွိနှင့် မြောက်ဖေးတောင်ထွတ်မှ အခြားသောကျင့်ကြံသူများမှာလည်း စိတ်ရှုပ်ထွေးလျှက် ရှိကြသည်။
ခဏအကြာမှာတော့ အဝေးတစ်နေရာတွင် တိတ်ဆိတ်စွာစောင့်ဆိုင်းနေသည့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...
“အချိန်ကျပြီ...”
ဟု ရုတ်တရက် ပြောလိုက်၏။
ထိုစကားကြားတော့ ဖုထင်နှင့်တောက်ယွိတို့နှစ်ယောက်လုံး မျက်နှာပျက်သွားကြသည်။
ထိုအချိန် ခပ်လှမ်းလှမ်းတစ်နေရာတွင် အဝါရောင်အလင်းစက်ဝန်း တစ်ခု တောက်ပလာပြီး အဘိုးအိုတစ်ယောက်ပုံ ပေါ်လာသည်။
အဘိုးအိုက အလွန်ရှေးကျသောအသွင်အပြင်ရှိပြီး မျက်နှာထက်တွင် မှဲ့ခြောက်များ ၊ အမဲစက်များရှိနေကာ ဆံပင်ကလည်း တစ်ခေါင်းလုံးဖြူဖွေးလျှက် ရှိ၏။
သို့သော် သူ ထွက်ပေါ်လာသည်နှင့် မြေနဂါးများစွာ ာထွက်ပေါ်လာခြင်းနှင့် ဆင်တူသည် ရောင်ဝါတစ်ခုက ဗလာနယ်အာကာသတစ်ခုလုံးသို့ လွှမ်းခြုံပျံ့နှံ့သွားသည်။
ထိုသူမှာ အထက်ဘုံကမ္ဘာ၏ အရှင်သခင် (၁၀)ပါးတွင်တစ်ပါးအပါအဝင်ဖြစ်ပြီး အလယ်ပိုင်းကျွင်းထျန်း ကောင်းကင်ပြည်နယ်၏ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရသည့် မြေကမ္ဘာထိပ်တန်းအရှင်သခင်ပင် ဖြစ်သည်။
သူ့ပုံစံက မှေးမှိန်ပြီး သာမန်ဆန်လွန်းသော်လည်း သူ၏တန်ခိုးစွမ်းအားကတော့ ချောင်ကျယ် ၊ ကျွမ်းရှန်တို့ထက် များစွာသာလွန်သည်။
သူက တိဟွမ်မြေကမ္ဘာဧကရာဇ်၏တပည့်ဖြစ်ပြီး ဝါစဉ်အရရော အသက်အရွယ်အရပါ အထက်ဘုံကမ္ဘာတွင် အလွန်မြင့်မားသူ ဖြစ်သည်။
သို့ပေသိ ယခု အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ရှေ့မှောက်တွင်တော့ သူ၏ပုံစံက တန်ခိုးစွမ်းအားကြီးမားဟန် မရှိတော့ပေ။
အဝေးမှလှမ်းကြည့်ရင်း မုကျွင်း သက်ပြင်းချလိုက်သည်။
"ဧကရာဇ်တွေက တကယ်ကို ထူးထူးခြားခြားပါပဲ"
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ဒါက သဘာဝပဲလေ ၊ မဟုတ်ရင် သူတို့ကိုယ်သူတို့ ‘ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရား’ လို့ ဘယ်ခေါ်မှာလဲ”
ကျင့်ကြံသူများအနေဖြင့် နတ်ဘုရားတံခါးကိုတွန်းဖွင့်ပြီး နတ်ဘုရားအဆင့်သို့တက်ရောက်သောအခါ အသက် သေဆုံးတတ်သောသတ္တဝါများကဲ့သို့ မဟုတ်တော့ပေ။
နတ်ဘုရားတစ်ပါးဖြစ်လာရန်အတွက် ကပ်ဘေးကိုဖြတ်ကျော်ပြီးပါက ရုပ်ခန္ဓာတစ်ခုလုံးက ယိုပေါက်မရှိအောင် ပြီးပြည့်စုံသွားမည် ဖြစ်သည်။ ထို့ကြောင့် သူတို့ကို ‘ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရား’ ဟု ခေါ်ဆိုခြင်းပင်။
တကယ်တော့ ‘ယိုစိမ့်ခြင်းမရှိ’ ဟု တင်စားခေါ်ဝေါ်ရသည့်အဓိပ္ပါယ်မှာ ထိုအဆင့်သို့ရောက်လျှင် မည်သည့်အရာကမှ သူတို့ကို အလွယ်တကူ မထိခိုက်နိုင်တော့သည့်အတွက် ဖြစ်၏။
လူသား အထွတ်ထိပ်အဆင့် သိုင်းကျင့်ကြံသူများသည် သိုင်းသူတော်စင် အထွတ်ထိပ်တွင် ရပ်တည်နေသော်လည်း လူသားနှင့် နတ်ဘုရားကြား နယ်နိမိတ်ကိုတော့ ကျော်ဖြတ်နိုင်ခြင်း မရှိသေးပေ။
‘လုန်ရွှယ်ကျီး’ ကတော့ အလွန်ရှားပါးသော ခြွင်းချက်တစ်ခု ဖြစ်သည်။
အကယ်၍ လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင်များစွာ ပူးပေါင်းတိုက်ခိုက်သည့်တိုင် ဧကရာဇ်တစ်ပါးက တစ်ချက်တည်းဖြင့် သူတို့အားလုံးကို ဖြတ်ကျော်နိုင်စွမ်း ရှိပေသည်။