← Chapters

တိုက်မယ်

Vol. 10 Ch. 136

တိုက်မယ်

Vol. 10 Ch. 136

 “ငါက ဒီဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေထဲကို ဝင်ခွင့်ရမှကို ဖြစ်မယ်”

လီဖူချန်းက ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ပါတယ်။

ကျင့်ကြံခြင်း ဆိုတာက ပါရမီရယ် အထောက်အပံ့ရယ် နှစ်ခုလုံး ရှိနေမှ အဆင်ပြေတာလေ။

ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေထဲမှာ မရေမတွက်နိုင်တဲ့ ဆန်းကြယ် အဆင့် ဆေးပင်တွေ ရှိနေတယ် ဆိုတာကြီးက လုံးဝ မက်လောက်စရာ ပါပဲ။ ဆန်းကြယ်အဆင့် ဆေးပင် တစ်ပင် ရလိုက်တာနဲ့ သူက မြေကမ္ဘာ အဆင့်ကိုတောင် ရောက်သွားနိုင်တယ်လေ။

ဒီဘက် အပြင် လောကမှာ ဆိုရင် ဆန်းကြယ် အဆင့်နိမ့် ဆေးပင် တစ်ပင်ကိုတောင် ရွှေပြား ၁၀၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးရပါတယ်။ ဆန်းကြယ် အလယ်အလတ် အဆင့် ဆေးပင် တစ်ပင် ဆိုရင်တော့ ရွှေပြား ၁၀၀၀၀၀ လောက် ရှိပါတယ်။ ဆန်းကြယ် အဆင့်မြင့် ဆေးပင်တစ်ပင် ဆိုရင်တော့ ရွှေပြား ၅၀၀၀၀၀ မက တန်ဖိုးရှိပြီး ဆန်းကြယ် အထွတ်အထိပ် ဆေးပင် တစ်ပင် ဆိုရင်တော့ ရွှေပြား တစ်သန်းကနေ ၃ သန်း အထိ ပေးရပါတယ်လေ။

တကယ်လို့ ဆေးပင်တွေကို ဆေးအဖြစ် ဖော်စပ်လိုက်ပြီးပြီ ဆိုရင်တော့ သူ့ရဲ့တန်ဖိုးက ၃ဆကနေ ၁၀ဆအထိကို တက်သွားဦးမှာပါ။

စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်က ပညာရှင်တွေကို မဆိုထားပါနှင့်ဦး။ မြေကမ္ဘာအဆင့်က ပညာရှင်တွေတောင်မှ ဆန်းကြယ် အဆင့် ဆေးပင်တွေကို လိုအပ်ပါတယ်။ ပဉ္စငါးပါး ပါဝင်တဲ့ ဆန်းကြယ် အထွတ်အထိပ် အဆင့် ဆေးပင် တစ်ပင် အတွက်ဆိုရင် ကောင်းကင် နယ်ပယ်က ပညာရှင် နှစ်ယောက်တောင်မှ အချင်းချင်း ရန်ဆောင်နိုင်ပါတယ်။

“တကယ်လို့ တစ်ယောက်ယောက်က ငါဒီ ဆေးမျိုး ၁၀၀ လျှို့ဝှက် နယ်မြေထဲ ဝင်တာကို နှောင့်ယှက်မယ် ဆိုရင် ငါက အဲဒီလူနဲ့ ခင်မင်ခဲ့တဲ့ သံယောဇဉ်တွေကို ဖြတ်ပစ်လိုက်မယ်”

ယုဝူရှန်းကလည်း မျှော်လင့်ချက်တွေ အပြည့်နဲ့ ရှိလို့နေပါတယ်။

သူက ကြယ် ၅ ပွင့် အရိုး တည်ဆောက်ပုံ ရှိတဲ့ အတွက် ကျင့်ကြံရာမှာ အလွန်ကို မြန်ဆန်ပါတယ်။ အခုဆိုရင် သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈ကိုတောင် ရောက်နေပါပြီ။

ဒါပေမဲ့သူက ဒီကျင့်ကြံမှုနှုန်းကို မကျေနပ် နိုင်သေးပါဘူး။ အဝါရောင် အဆင့် ဆေးဝါးတွေက သူ့ကျင့်စဉ် အပေါ် သက်ရောက်မှု မရှိတော့တဲ့ အတွက် ဆန်းကြယ် အဆင့် ဆေးပင်တွေကို ရမှ ဖြစ်ပါတော့မယ်။

“ဆေးမျိုး ၁၀၀ လျှို့ဝှက် နယ်မြေတဲ့လား။ အရမ်း ရင်ခုန်စရာဘဲ။

ချန်ဖန်းဟွာက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ ကို ရောက်နေတာ ကြာသင့် သလောက်တော့ ကြာနေပါပြီလေ။ ဒါကြောင့် သူမက ဆေးမျိုး၁၀၀ လျှို့ဝှက် နယ်မြေထဲကို ဝင်ပြီး ကံစမ်းကြည့်ချင်နေပါတယ်။

အတွင်းစည်း အတော်ဆုံး ၁၀ ယောက် နေရာကို ရဖို့ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်မှန်း ကိုလည်း သူမက သဘော ပေါက်ပါတယ်။

ဆေးမျိုး ၁၀၀ လျှို့ဝှက် နယ်မြေထဲကို ဝင်ဖို့အတွက် မြေကမ္ဘာ အဆင့် မတက်သေးတဲ့ အတွင်းစည်း ဂိုဏ်းသားတွေ အများကြီး ရှိတယ် ဆိုတာကိုလည်း သူမက သိထားပါတယ်။ သူမက ကြယ် ၃ ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေကိုတော့ မကြောက်ပါဘူး။ ဒါပေမဲ့ ကြယ်၄ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် အတော်များများက ကြောက်လက်သည်း ဖွက်သလို အစွမ်းအစ မထုတ်ပြဘဲ နေနေကြတာပါ။ အဲဒီလို လူတွေကိုတော့ သူမက ကြောက်ပါတယ်။ ပြီးတော့ သူမ ထိပ်တိုက် မတွေ့ချင်ဆုံး လူတစ်ယောက် ရှိပါသေးတယ်။ အဲဒီလူကတော့ လီဖူချန်းပါပဲ။ အဲဒီကောင်လေးရဲ့ အရည်အချင်းတွေကို သူမက ကောင်းကောင်းကြီး နားလည် ထားတယ်လေ။ ဒါကြောင့် ချန်ဖန်းဟွာက လီဖူချန်း တစ်ယောက် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ ကို ရောက်မနေပါစေနဲ့ လို့ ဆုတောင်းနေခဲ့ပါတယ်။

“အရင် အကြိမ်တွေတုန်းကလိုဘဲ အဆင့် သတ်မှတ်ချက်ကို သတ်မှတ်မယ်။ နောက်ထပ် ၃ ရက်နေရင် ဒီပြိုင်ပွဲကို စမယ်။ ရှုံးနိမ့်သွားတဲ့ လူတွေကတော့ ကိုယ့်ကိုယ်ကိုယ်ဘဲ အပြစ်တင်ကျ။ သူများကို လိုက်ပြီး မနာလို မဖြစ်ကြစေနဲ့”ဇောင်ဝူကျင်းက သတိပေးလိုက်ပါတယ်။

“အကြီးအကဲ ခင်ဗျား … ဘာဖြစ်လို့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ နဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၈ က အတွင်းစည်း ဂိုဏ်းသားတွေက ဒီပြိုင်ပွဲကို ဝင်ပြိုင်ခွင့် ရနေတာလဲ။ ဒါက အချိန်ဖြုန်းတာ သက်သက်လို ဖြစ်နေပါတယ်”

စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရောက်နေတဲ့ အတွင်းစည်း တပည့်တစ်ယောက်က မေးခွန်းတစ်ခု မေးလိုက်ပါတယ်။

ဇောင်ဝူကျင်းက ရယ်လိုက်ပြီး

”တကယ်လို့ မင်းမှာ ယုံကြည်မှု အပြည့် ရှိနေရင် ဒီကိစ္စ သေးသေးလေးကို စိတ်ဝင်စားနေစရာ မလိုဘူး မဟုတ်လား။ ဟုတ်ပြီ … ပြိုင်ပွဲ မစခင်မှာ လက်တွေ့ စမ်းသပ်မှု တစ်ခု လုပ်ပေးမယ်။ အဲဒီ စမ်းသပ်မှုတွေကို အောင်မြင်တဲ့ သူတွေမှ ပြိုင်ပွဲကို ဝင်ခွင့်ရမယ်။ ကဲ … ကျေနပ်ကြရဲ့လား”

ဇောင်ဝူကျင်းရဲ့ ဖြေရှင်းချက်ကို ကြားအပြီးမှာတော့ အတွင်းစည်း ဂိုဏ်းသားတွေက ကျေနပ်သွားကြပါတယ်။

“ကဲ ဟုတ်ပြီ။ အားလုံး ကိုယ့်နေရာကို ပြန်လို့ရပြီ။ ဒီရက်ပိုင်းမှာ ကောင်းကောင်း ကြိုးစားကြ”

ထို့နောက်မှာတော့ ဇောင်ဝူကျင်းနဲ့ အကြီးအကဲတွေက ထွက်ခွာ သွားပါတော့တယ်။  အတွင်းစည်း ဂိုဏ်းသားတွေကတော့ စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကျန်နေခဲ့ပါတော့တယ်။

“မင်းတို့ကောင်တွေ ဘယ်လိုထင်ကြလဲ။ ဘယ်သူတွေက ထိပ်ဆုံး ၁၀ ယောက်ထဲ ဝင်နိုင်ကျမှာလဲ"

“ငါက တခြား လူတွေကိုတော့ မသိဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ အစ်ကိုကြီး အာဏာရှင်ဓားကတော့ ဒီ ၁၀ ယောက်ထဲမှာ ပါမှာဘဲ”

"အဲဒါကတော့ လူတိုင်း သိတယ်ကွ။ အာဏာရှင်ဓားက အနည်းဆုံး ထိပ်ဆုံး ၅ ယောက်ထဲကိုတောင် ဝင်နိုင်တယ်။ ထိပ်ဆုံး ၃ ယောက် ဒါမှမဟုတ် နံပတ် ၁ ပါ ဖြစ်သွား နိုင်သေးတယ်။ မြေကမ္ဘာ အဆင့်ကို မဝင်သေးဘဲ စောင့်နေတဲ့ အစ်ကိုကြီးတွေမှသာ အာဏာရှင်ဓားကို ယှဉ်နိုင်မှာကွ။

“မင်းပြောတာမှန်တယ်။ ငါကြားထားတာကလည်း အစ်ကိုကြီးရှောင်က မြေကမ္ဘာ အဆင့်ကို လွန်ခဲ့တဲ့ တစ်နှစ်တည်း တက်လှမ်းလို့ ရနေပြီတဲ့။ ဒါပေမဲ့ ဒီဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေထဲကို ဝင်ဖို့ စောင့်နေတာ”

“အစ်ကိုပိုင်ကလည်း အဲဒါကို စောင့်နေတာဘဲ”

“အစ်ကိုယုဝူမှာလည်း အခွင့်အရေးတော့ ရှိနေတာဘဲ။ သူက ကြယ် ၅ ပွင့် အရိုးတည်ဆောက်ပုံ ရှိတယ်လေ”

“မင်းတို့ကောင်တွေ လီဖူချန်းကိုကော ဘယ်လိုမြင်လည်း။ ငါက အစောပိုင်းတုန်းက ကြည့်လိုက်တာ ဒီကောင်လေးလည်း စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ ကို ရောက်နေပြီကွ။ ဒီကောင်ကလည်း ပြိုင်ပွဲမှာ ပါလာနိုင်တာပဲ”

“ထွီ … မင်းရဲ့ လီဖူချန်းကို မေ့လိုက်စမ်းပါကွ။ အခု ဒီပြိုင်ပွဲမှာ ဝင်ပြိုင်မယ့် အစ်ကိုတွေက လျိုတိုင်ရှန်း မဟုတ်ဘူးကွ။ မင်းရဲ့ လီဖူချန်းကို အစ်ကိုကြီးတွေက လက်တစ်ဖက်နဲ့ တောင် ဆုံးမ ပစ်လို့ရတယ်”

“လီဖူချန်းက ဘာအဆင့် ရှိလို့လဲ။ ဒီကောင့် အကြောင်း လာမပြောစမ်းနဲ့ကွာ”

ပင်မခန်းဆောင်ရှေ့ရဲ့ မြေကွက်လပ်ထဲမှာတော့ အတွင်းစည်း ဂိုဏ်းသားတွေက သူတို့ ကြိုက်နှစ်သက်တဲ့ ဂိုဏ်းတူ အစ်ကိုကြီးတွေကို အမွှန်း တင်နေလေပါရဲ့။ ဒါပေမဲ့ ဘယ်အတွင်းစည်း ဂိုဏ်းသားကမှ လီဖူချန်းကို ထည့်မပြောကြပါဘူး”

လီဖူချန်းကလည်း ဘယ်ကောင့်ကိုမှ သောက်ဂရုမစိုက် ပါဘူးလေ။ သူ့အတွက်တော့ ဒီကျင့်ကြံခြင်း လောကဆိုတာ တစ်ယောက်တည်း လျှောက်နေကြပင် မဟုတ်ပါလား။ သူ့ရဲ့ လီကလန်ကတောင်မှ သူ့ကို အထင်ကြီးခဲ့ကျတာ မဟုတ်ဘူးလေ။ သူ့ရဲ့ ပါရမီတွေ ပျောက်သွားတုန်းက ဆိုရင် လူတိုင်းက သူ့ကို နှိမ်ချ ဆက်ဆံတာကို ကြုံဖူးသေးတာပါဘဲ။ သူ့အတွက် ဒါတွေက အဆန်း မဟုတ်တော့ပါဘူး။

“ငါက ထိုက်တန်လား မထိုက်တန်ဘူးလား ဆိုတာကို နောက် ၃ ရက်ကြာရင် ပြရသေးတာပေါ့ကွာ”လီဖူချန်းက ကိုယ့်ကိုကိုယ် အားပေးရင်း ကွင်းပြင်ထဲက ထွက်လာခဲ့လိုက်ပါတော့တယ်။ တစ်ခါတစ်ရံမှာ ငြင်းခုံ ပြောဆိုနေတာထက် လက်တွေ့ လုပ်ဆောင်ပြလိုက်သည်ကသာ အကောင်းဆုံး နည်းလမ်း မဟုတ်ပါလော။

အဲဒီ အချိန်မှာပဲ လူရိပ် တစ်ရိပ်က သူ့ရဲ့ လမ်းကို လာပိတ် ရပ်လိုက်ပါတယ်။

အာဏာရှင်ဓား … လျူဝူဟောင်က လီဖူချန်းရဲ့ လမ်းကို ပိတ်ရပ်နေပါတယ်။

“ကြည့်ရတာ မင်းကလည်း ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေထဲကို ဝင်ချင်နေတဲ့ပုံဘဲ။ မင်းက ဆိုးတော့ မဆိုးဘူးဘဲ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၆ ကနေ အဆင့် ၇ ကို အချိန်တိုလေး အတွင်းမှာ ရောက်လာခဲ့တယ်”လျူဝူဟောင်က အေးစက်စက် နဲ့ ပြောလိုက်ပါတယ်။

လီဖူချန်းက ဘာမှ ပြန်မပြောဘဲ အေးအေးဆေးဆေးနဲ့ ရပ်နားထောင် နေပါတယ်။

“ငါမင်းကို လက်လျော့ဖို့ အကြံ ပေးလိုက်မယ်။ တကယ်လို့ မင်းကို စင်ပေါ်မှာ တွေ့ခဲ့မယ်ဆိုရင် ငါကမင်းကို ညှာနေမှာ မဟုတ်ဘူး”

လျူဝူဟောင်ရဲ့ အာဏာရှင်ဓား ဆိုတဲ့ နာမည်က လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ပါဘူး။ လျူဝူဟောင်ဆီမှာ တကယ်လည်း ပြောတဲ့အတိုင်း လုပ်နိုင်တဲ့ အစွမ်းရှိပါတယ်။

လီဖူချန်းက သူ့ဝသီအတိုင်း ခပ်ပေါ့ပေါ့ ရယ်သွမ်းလိုက်ပြီး …

“မင်းစကားပုံ တစ်ခုကို ကြားဖူးရဲ့လား။ မြွေပွေးကို အကောင်ငယ်တယ် ဆိုပြီး သွားမစမ်းနဲ့။ အကောင် ငယ်ပေမဲ့ အဆိပ် ပြင်းတယ်တဲ့”

“နဂါးဆိုတာ ဘယ်လောက်ပဲ ငယ်ငယ် မိုးပေါ်တော့ ပျံနိုင်သေးတာပဲ။ မင်းကိုယ်မင်း ငါ့ကို နိုင်မယ်လို့ လုံးဝ ထင်နေတာလား။ ငါတို့မှာ ဘာရန်ငြိုး ရန်စမှလည်း ရှိတာ မဟုတ်ဘူး။ ပြီးတော့ ငါတို့ ဘယ်အချိန်မှ ပြန်တွေ့မယ် လို့လည်း သေချာ သိနိုင်တာ မဟုတ်ဘူး။ ဘာဖြစ်လို့ မင်းကငါနဲ့ ရန်ဖြစ်ချင်နေရတာလဲ”

“ငါက မင်းကို ရန်ရှာနေတယ်လို့ ပြောချင်တာလား။ အေး … ဟုတ်တယ်။ ငါမင်းကို ရန်ရှာနေတာ။ အဲဒီတော့ မင်းဘာတတ်နိုင်လဲ”

လျူဝူဟောင်က မာကျော ရေကျောဖြင့် ပြန်ပြောပါတယ်။

“ဒါဆိုလည်း ငါက စကားတစ်ခွန်းပဲ ပြန်ပြောလိုက်မယ်။ မင်းစင်ပေါ်မှာ ငါနဲ့ မတွေ့စေနဲ့။ တွေ့လို့ကတော့ မင်းကို စင်ပေါ်ကနေ ကန်ချပစ်မယ်”

လီဖူချန်းကလည်း လုံးဝ အလျော့မပေးပါဘူး။

“ဒါက ငါကြားဖူးတဲ့ ဟာသတွေထဲမှာ ရယ်စရာ အကောင်းဆုံး ဟာသတစ်ခုဘဲ။ နောက်ထပ် ၃ ရက် ကြာရင် မင်းနဲ့ငါ တွေ့ကြသေးတာပေါ့”

၃ရက်ဆိုတာ သိပ်မကြာတဲ့ အချိန်လေး တစ်ခုပါပဲ။ အဲဒီလောက် အချိန်ကိုတော့ လျူဝူဟောင်က စောင့်နိုင်ပါသေးတယ်။

“မောင်လေးလီ … နင်က လျူဝူဟောင်နဲ့ပါ မတည့်ပြန်ဘူးလား"

ချန်ဖန်းဟွာက လီဖူချန်းရဲ့ ပြဿနာ ရှာနိုင်စွမ်းကို အံ့သြစွာ မေးလိုက်ပါတယ်။ ဒီကောင်လေးက ဂိုဏ်းတော်မှာ နာမည် ကြီးနေတဲ့ ပြဿနာကောင် ဆိုတဲ့ အတိုင်းပါဘဲ။ ဘယ်နေရာ သွားသွားကို မိတ်ဆွေ မဖွဲ့ဘဲ ရန်သူတွေသာ ဖွဲ့နေတဲ့ ပုံပါ။

လီဖူချန်းက မချိတင်ကဲ ပြုံးပြလိုက်ပြီး …

”ကြည့်ရတာ ငါက အရမ်း ထူးချွန်နေလို့များလား”

ခစ် …

ချန်ဖန်းဟွာက မရယ်ဖို့ ကြိုးစားသော်လည်း ထိန်းမရတော့ပါဘူး။

“အစ်မတော်ချန် … လီဖူချန်း ပြောတာကို ညီမ ထောက်ခံတယ်နော်။ သူက တကယ်ကို အရမ်း ထူးချွန်နေတာ။ ဒါတောင် သူက သာမန် အရိုး တည်ဆောက်ပုံပဲ ရှိသေးတယ်။ သူသာ ကြယ်တစ်ပွင့် ဒါမှမဟုတ် ကြယ်နှစ်ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် ဆိုရင် အတွင်းစည်းဂိုဏ်း တစ်ခုလုံးမှာ သူ့ကို နိုင်မဲ့သူ ရှိတော့မှာ မဟုတ်ဘူး”ဇောင်မင်းယွီက သူတို့ ရှိနေရာကို လျှောက်လမ်းလာပါတယ်။

“နင်ပြောတော့လည်း ဟုတ်သလိုလိုပါဘဲ”ချန်ဖန်းဟွာကလည်း ခေါင်းညိတ် လက်ခံလိုက်ပါတယ်။

ဇောင်မင်းယွီက လီဖူချန်းကို အကြံဉာဏ် ပေးလိုက်ပါသေးတယ်။

“နင်လည်း သတိထားဦး။ လျူဝူဟောင်က နင်ကြုံဖူးတဲ့ လူတွေလို မဟုတ်ဘူးနော်။ သူ့ရဲ့ အရည်အချင်းက အဘက်ဘက်မှာ ပြည့်စုံနေတာ။ ငါ့ရဲ့ အဘိုးကတောင် သူ့ကို ချီးကျူး နေသေးတယ်”

“စိတ်မပူစမ်းပါနဲ့။ ငါက ဘယ်သူ့ကိုမှ အထင်မကြီးသလို  အထင်လည်း မသေးတတ်ပါဘူးဟ”

လီဖူချန်းက သူ့ရဲ့ အခြေအနေကိုတော့ သူသဘောပေါက် ပါတယ်။ ဒါပေမဲ့ သူ့ကို ရန်လာစတဲ့ လျူဝူဟောင်ကိုတော့ မှတ်လောက်သားလောက် ဖြစ်အောင် ဆော်ပစ်လိုက်ချင် သေးတယ်လေ။

***

လီဖူချန်းက သူ့ရဲ ခြံဝင်းထဲမှာ ဓားသိုင်းတွေကို ပြန်လေ့ကျင့် နေပါတယ်။

သူက ကြယ်ကြွေ ဓားကွက်ကို တစ်ခါ လေ့ကျင့် လိုက်တိုင်းမှာ အဆုံးမရှိတဲ့ ဓားလမ်းစဉ်ကို ခပ်ရေးရေးမျှ ပိုမြင်လာသလိုပါဘဲ။

နည်းလမ်းကျကျ ပြောရမယ် ဆိုရင် ကြယ်ပျံ ဓားသိုင်းကို တစ်ဖက်ကမ်းခတ်တဲ့အထိ လေ့ကျင့် ပြီးသွားကတည်းက သူ့ရဲ့ ဓားဆန္ဒက ပိုပိုပြီး ဖွဲ့ဖြိုးလာတာပါ။

ဒီဓားဆန္ဒက လီဖူချန်းအတွက်တော့ ဓားနဲ့ ပတ်သက်တဲ့ လမ်းစဉ်အတွက် နောက်ထပ် တံခါးတစ်ချပ် ဖွင့်လိုက်သလိုပါဘဲ။

ဒီတံခါးကို ကျော်ဖြတ် လိုက်နိုင်တာနဲ့ လုံးဝ ကျယ်ပြောနက်နဲတဲ့ ဓားတာအို လမ်းဝကို ရောက်သွားတော့မှာပါ။

ဒီကြယ်ကြွေ ဓားဆန္ဒက ကြယ်ပျံ ဓားသိုင်းရဲ့ ကန့်သတ်ချက်ကို လွန်မြောက်သွားနိုင်စွမ်း ရှိတယ်လို့ သူက ယူဆထားပါသေးတယ်။

ကောင်းကင်ပေါ်မှာ ရှိနေတဲ့ ကြယ်တွေ ဒီလောက် များနေတာကို ဒီကြယ်ကြွေ တစ်ကွက်တည်းဘဲ အသုံးချစရာ ရှိနေတာလား။

ဒီလိုနဲ့ အချိန် ၃ ရက်က လျင်မြန်စွာပဲ ကုန်ဆုံးသွားပါတော့တယ်။

လက်တွေ့ စမ်းသပ်ချက်တောင်မှ စပါတော့မယ်လေ။

ဒီစမ်းသပ်ချက်ကတော့ အလွန်ပဲ ရိုးရှင်းပါတယ်။

အဝါရောင် အထွတ်အထိပ် အဆင့် ရှိတဲ့ သတ္တုရိုင်းတုံးကြီး ပေါ်မှာ တစ်လက်မ နက်တဲ့ ဓားရာ ပေးနိုင်ရင် အောင်မြင်ပါပြီ။

ဒီအတိုင်း ပြောလိုက်ရင်တော့ ဒါက ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ လက်တွေ့မှာတော့ ထင်ထားတာထက်ကို ခက်ပါသေးတယ်။

သွေးနီရောင် သတ္တု ရိုင်းတုံးက အဝါရောင် အထွတ်အထိပ် အဆင့်ပါဘဲ။ သာမန် စိတ်တန်ခိုးနယ်ပယ် အဆင့် ၉ က ပညာရှင်တွေတောင်မှ ဒီသတ္တုရိုင်း ပေါ်မှာ တစ်လက်မ နက်တဲ့ ဓားရာ မပေးနိုင်ပါဘူးလေ။

***

All Chapters