ကောင်းကင်ဖွင့်ကျမ်းစာ
Vol. 67 Ch. 936
အခန်း (၉၃၆) ကောင်းကင်ဖွင့်ကျမ်းစာ
စကြဝဠာတစ်ခုလုံးတွင် ပြည့်နက်နေသည့် အကန့်အသတ်မဲ့မီးပင်လယ်ကြီးက ချက်ချင်းပင် ကွယ်ပျောက်သွားသည်။
မီးလျှံများပေါင်းစည်းသွားပြီး အဆုံးမရှိထက်ရှသည့် သွေးနီရောင်လှံရှည်အဖြစ်ပြောင်းလဲကာ ပိုးသားဧကရာဇ်ကို ခုတ်ပိုင်းချလိုက်သည်။
အလင်းရောင်က လင်းထိန်တောက်ပသွားပြီး ဗလာနယ်က မှေးမှိန်သွားကာ ပိုးသားဧကရာဇ်၏ခန္ဓာကိုယ် လုံးဝအက်ကွဲသွားသည်။
သို့သော် ထိုက်ရှီခုန်မင်မရှိမှုခန္ဓာက ထိတွေ့မရသည့်သဏ္ဌာန်မဲ့အဖြစ် တိတ်ဆိတ်စွာ ပြောင်းလဲသွားသည်။ ထို့နောက် ထိုက်ရှီစွမ်းအားက မြင်သာထင်သာရှိပြီး ထိတွေ့ကိုင်တွယ်နိုင်သော ထိုက်စုစွမ်းအားအဖြစ်သို့ ထပ်မံပြောင်းလဲသွားသည်။
ထို့နောက် ထိုက်စုစွမ်းအားက မူလအခြေခံဖြစ်သော ထိုက်ကျိအဖြစ်ပြောင်းလဲသွားပြီး ယင်နှင့်ယန်အဖြစ် ကွဲပြားသွားသည်။
၎င်းနောက်မှာတော့ ထိုက်ကျိက လှည့်ပတ်သွားကာ ယင်နှင့်ယန်က ပါးကွာကားချပ် ဖြစ်တည်လာသည်။
မိုးနှင့်မြေ - ကမ္ဘာလောကအသစ်တစ်ခု သူတို့မျက်စိရှေ့တွင် ဖွင့်လှစ်တော့မည် ဖြစ်သည်။
ဤသည်က ပိုးသားဧကရာဇ်၏ ထိပ်တန်းသိုင်းပညာ ‘ရှန်းထျန်းဝူထိုက်’ ဖြစ်လေသည်။ သူက ထိုတန်ခိုးစွမ်းအားဖြင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်၏။
လှမ်းကြည့်လိုက်တော့ ပိုးသားဧကရာဇ်ထံဝင်ရောက်သွားသည့် သွေးနီရောင်တောက်ပနေသော လှံရှည်တစ်လက်ကို ရိပ်ခနဲ တွေ့မြင်လိုက်ရသည်။
ထိုလှံရှည်က သိမ်မွေ့သော ချီစွမ်းအားစီးကြောင်းများရောယှက်ကာ ပုံရိပ်တစ်ခုအဖြစ် သိပ်သည်းသွားသည်။
ထိုပုံရိပ်လွှမ်းခြုံသွားသည်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အလံရှည်လည်းမဟုတ် ၊ ပုဆိန်လည်းမဟုတ်သည့် အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
“ကောင်းကင်ဖွင့်အလံရှည်...”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“မူလကောင်းကင်ကျမ်းစာရဲ့ ကနဦးကျမ်းစာ (၃)ခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ဖွင့်ကျမ်းစာပဲ”
အဝါရောင် မြေပြင်ကမ္ဘာမှာတော့ မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်က အတော်လေး နားလည်ရန်ခက်ခဲသည့် မျက်နှာအမူအရာဖြင့် တိုက်ပွဲမြင်ကွင်းကိုကြည့်နေသည်။
ယွိချင်အဆက်အနွယ်၏ မူလကောင်းကင်ကျမ်းစာ (၁၀) စောင်။
ကျင့်ကြံခြင်းပညာရပ်များအားလုံး၏ အထွတ်ထိပ်ဖြစ်သော “ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ” ပြီးလျှင် ကျန်ရှိသည့် ကောင်းကင်ကျမ်းစာ (၉)စောင်ကို ကနဦးကောင်းကင်ကျမ်းစာ (၃) စောင်နှင့် နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်ဟု (၂)ပိုင်းခွဲထားသည်။
နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆) စောင်သည် ဖန်ဆင်းခြင်းဆိုင်ရာနိယာမများကို ရှင်းလင်းပြသထားသော ကျမ်းစာများဖြစ်သည်။ ကနဦး ကောင်ကင်ကျမ်းစာ (၃)စောင်ကတော့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အမီမလိုက်နိုင်သည့်တိုင် ပုံသေသတ်မှတ်ထားသည့် ကျမ်းစာများ ဖြစ်ကြ၏။
မူလကောင်းကင်ကျမ်းစာ (၁၀) စောင်မှ ဒုတိယမြောက် ကောင်းကင်ကျမ်းစာဖြစ်သော “မူလကောင်းကင်ကျမ်းစာ” သည် မရှိမှုမှ အရာအားလုံးမွေးဖွားဖြစ်တည်လာသည်ကိုကိုယ်စားပြုပြီး အရာအားလုံး၏ မူလအစသည် “တစ်ခုတည်း” ဖြစ်သည်။
မူလကောင်းကင်ကျမ်းစာ၏ တတိယမြောက်ကျမ်းစာဖြစ်သော ‘ကောင်းကင်အဖွင့်ကျမ်းစာ’ ကတော့ မဟာတာအို၏ဆင်းသက်လာမှုနှင့် ဖန်ဆင်းခြင်း အဖွင့်သဘောတရားများ ပါဝင်သည်။ “တစ်ခု” မှာ “အများ” သို့ ဖြစ်တည်လာခြင်းသဘောကို ပြဆို၏။
မူလကောင်းကင်ကျမ်းစာ စတုတ္ထမြောက်ကျမ်းစာက “စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ” ဖြစ်ပြီး အပြောင်းအလဲများနှင့် ဖန်ဆင်းခြင်းတရားအကြောင်း အမှန်တရားကို အုတ်မြစ်ချထားသည်။
စန်းချင်း (၃)ပါး အဆက်အနွယ်ကို တည်ထောင်သူများတွင် ယွမ်စီထျန်းကျွင်းက ဖန်ဆင်းခြင်းနှင့် မရှိမှုတရားကို ကိုယ်စားပြုသည်။
မိုးမြေတစ်ခွင်က မြေကြီး ၊ ရေ ၊ လေနှင့် မီးများမြင့်တက်လာပြီး အက်ကွဲသွားကာ ကမ္ဘာကိုဖန်ဆင်းသည့် ကြီးမားသောစွမ်းအားကို ‘ကောင်းကင်အဖွင့်ကျမ်းစာ’ တွင် ပြီးပြည့်စုံစွာ ဖော်ပြထားသည်။
မူလကောင်းကင်ကျမ်းစာမှ ကနဦး ကျမ်းစာ (၃)စောင်ကို ကျင့်ကြံသူသည် ထို ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ကို ကျင့်ကြံထားပါက တိုက်ခိုက်ရေးစွမ်းရည် အမြင့်ဆုံးများ ဖြစ်သွားပေမည်။
မူလကောင်းကင်ကျမ်းစာက ကောင်းကင်ဖွင့်ကျမ်းစာ၏အထက်တွင်ရှိပြီး အဆုံးမရှိသောနက်နဲမှုများကို ပိုင်ဆိုင်သော်လည်း ထိပ်တိုက်ရင်ဆိုင်ရသော တိုက်ပွဲများတွင် ကောင်းကင်ဖွင့်ကျမ်းစာ၏ စွမ်းအားကို အနိုင်ယူရန် ခက်ခဲသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ တိုက်ခိုက်မှုက တုန်လှုပ်စရာကောင်းစွာပင် ‘ကောင်းကင်အဖွင့်ကျမ်းစာ’ ၏ စွမ်းအားအယူအဆများ ပေါင်းစပ်ပါဝင်နေသည်။
ယွိချင်အဆက်အနွယ်၏ ကနဦး မူလကောင်းကင်ကျမ်းစာ (၃)စောင်တွင် ပါရှိသောလျှို့ဝှက်ချက်များက ထိုက်ချင်အဆက်အနွယ်၏ ကနဦးမိုးကောင်းကင် အနုပညာဖြစ်သော ရှန်းထျန်းဝူထိုက်နှင့် တူညီသောအရာများ ရှိနေသည်။
ပြောကြသည်ကတော့ ‘ကောင်းကင်ဖွင့်ကျမ်းစာ’ က ထိုက်ချင်အဆက်အနွယ်၏ ရှန်းထျန်းဝူထိုက်ကို တန်ပြန်တိုက်ခိုက် နိုင်သည်ဟု ဆိုကြသည်။
ဤသည်မှာ ရန်ကျောက်ကဲက ထာဝရအလင်း ကောင်းကင်ကျမ်းစာကို တန်ပြန်တိုက်ခိုက်ရန်အတွက် နတ်ဘုရားထောင်ချောက်ဓားသိုင်း အသုံးပြုခဲ့ခြင်းနှင့် ဆင်တူ၏။
ရှန်းထျန်းဝူထိုက်၏ ပထမဆုံးဖြစ်သော ထိုက်ယိလက်သီးသိုင်းသည်ပင် ကောင်းကင်ဖွင့်ကျမ်းစာနှင့် ရင်ဆိုင်ရပါက ရှုံးနိမ့်နိုင်ပေသည်။ ကျန်ရှိသော ရှန်းထျန်းဝူထိုက် သိုင်းပညာ (၄)မျိုးသာဆိုလျှင် ‘ကောင်းကင်ဖွင့်ကျမ်းစာ’ နှင့် ရင်ဆိုင်ရပါက သိုင်းစွမ်းအနှစ်သာရကိုပင် ဆုံးရှုံးသွားနိုင်သည်။
သို့သော် ရှန်းထျန်းဝူထိုက် သိုင်းစွမ်း (၅)မျိုးလုံး ပေါင်းစပ်လိုက်လျှင်တော့ ကောင်းကင်ဖွင့်ကျမ်းစာစွမ်းအားကို ခံနိုင်ရည် ရှိမည် ဖြစ်သည်။
ထို့ကြောင့် အင်္ဂါဂြိုဟ်ပုဆိန်သွား လှံရှည်က အားကုန်သုံးတိုက်ခိုက်နေသည်။ ပိုးသားဧကရာဇ်က ထိုက်ချူးလက်ချောင်းသိုင်းကိုအသုံးပြုကာ တိုက်ခိုက်မှုကိုပိတ်ဆို့ရန် ကြိုးစားနေသည်။
အရင်က မတုန်လှုပ်ဘဲ ဘေးအန္တရယ်အားလုံးကို ကာကွယ်ထားသော ထိုက်ရှီခုန်မင်မရှိမှုခန္ဓာနှင့် အတိုင်းအဆမဲ့ထိုက်စုခန္ဓာတို့က ယခုတော့ ပျက်ဆီးပြိုလဲတော့မည့်အလား လှုပ်ခါလာသည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်သည်ပင် သူ့ရှေ့မှ တိုက်ပွဲကိုကြည့်ရင်း စိတ်လှုပ်ရှားသွားမိသည်။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် တာအိုဝါဒပျက်ဆီးသွားပြီး အလွန်တရာဆုတ်ယုတ်သွားခဲ့သည်။
ခွန်လွန်အထင်ကရ (၉)ပါးက ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ကိုအတူတကွလေ့လာခဲ့ကြပြီး အသီးသီးအကျိုးအမြတ်များရရှိခဲ့ကြကာ ကိုယ်ပိုင်သိုင်းပညာဖြင့် ပေါင်းစပ်ခဲ့ကြသည်။
ဥပမာအားဖြင့် ဓားသိုင်းကျင့်ကြံသူဖြစ်သော ရွှေစင်ထက်ယံအရှင်သခင်က ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ကိုအသုံးပြုကာ ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ ကို တီထွင်ခဲ့သည်။
နေဝန်းထက်ယံအရှင်သခင်ကတော့ ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ကိုအသုံးပြုကာ ‘နေမင်းကျမ်းဂန်’ ကို ပြန်လည်သန့်စင်ခဲ့ပြီး ‘ထူးကဲယန်ဖန်ဆင်းခြင်းကျမ်းစာ’ ကို နားလည်သဘောပေါက်ခဲ့သည်။
ဝမ်ကျန်းချန်၏ဆရာဖြစ်သူက ဟွမ်တိမြေကမ္ဘာဧကရာဇ်က ယခင်တစ်ချိန်က မြေကမ္ဘာထက်ယံအရှင်သခင် ဖြစ်ပြီး ‘မြေကမ္ဘာကောင်းကင်ဖွင့်လှစ်သိုင်းပညာ’ အား ပိုင်ဆိုင်သူ ဖြစ်သည်။
ခွန်လွန်အထင်ကရ (၉)ပါးက သူတို့၏စုပေါင်းအင်အားဖြင့် အထက်ဘုံကမ္ဘာကိုဖန်တီးကာ တာအိုဝါဒပြန်လည်ရှင်သန်ခြင်း လက္ခဏာကို ပြသခဲ့သည်။
ထို့ကြောင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ သိုင်းပညာများတွင် မီးလျှံထက်ယံအရှင်သခင်၏ သိုင်းပညာများ ပါဝင်နေသည်မှာ မဆန်းလှပေ။
လှံချက်ရိုက်ခတ်မိသည်နှင့် ရှေးဟောင်းကနဦးကမ္ဘာတစ်ခု၏ အစောပိုင်းဖြစ်စဉ်များကို ဖြတ်ကျော်ပြီး မြေကြီး ၊ ရေ ၊ မီး ၊ နှင့် ၊ လေ တို့ဖြစ်တည်လာကာ မိုးနှင့်မြေ နောက်တစ်ကြိမ် အက်ကွဲသွားတော့မည့်အလား ထင်မှတ်ရသည်။
မှုန်ဝါးသောအမှောင်ထု အက်ကွဲသွားပြီး ပူလောင်သည့်အလင်းတန်းထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး မီးတောက်မီးလျှံများဖြင့် ပြည့်နက်သွားသည်။
ဤမီးတောက်မီးလျှံများက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်မှဖြစ်ပြီး အစောပိုင်း ကောင်းကင်ပြောင်းလဲခြင်းနိတ်ပုံများက ပိုးသားဧကရာဇ်၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို လောင်ကျွမ်းသွားစေမည့်ပမာ တိုက်စစ်ဆင်လိုက်ခြင်း ဖြစ်၏။
မိုးနှင့်မြေ အက်ကွဲသွားသည့်အခါ လောကဖန်ဆင်းခြင်း ကနဦးမီးလျှံသည် အနန္တအသက်ဓာတ်စွမ်းအားကို ပျိုးထောင်ပေးသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှရှည် ထိုးဖောက်ဝင်ရောက်လာသည်နှင့် အကန့်အသတ်မရှိ ရက်စက်ကြမ်းတမ်းသော သတ်ဖြတ်လိုသည့်စွမ်းအားက ကြီးထွားလာကာ အဆုံးမရှိသော အဖျက်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
ထိုခဏတွင် ပြင်းထန်သောမီးတောက်ပင်လယ်ကြီးက အနီးပတ်ဝန်းကျင်တစ်ခုလံဒးအား လွှမ်းခြုံသွားသည်။
တိုက်ပွဲကြည့်ရှုနေကြသော ပရိသတ်များအားလုံး နောက်သို့ဆုတ်ခွာသွားကြသည်။ အနည်းငယ် တုံ့ဆိုင်းမိသည်ဆိုလျှင်တောင်မှ ဤတောက်လောင်နေသော မီးတောက်များကြားတွင် သူတို့အားလုံး သေကြေပျက်စီးကြပေလိမ့်မည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က စူးစိုက်ကြည့်နေသော်လည်း ပိုးသားဧကရာဇ်က ထိတ်လန့်ခြင်းမရှိဘဲ သက်ပြင်းရှည်တစ်ချက်သာ ချလိုက်သည်။
သူက ထိုက်ချူးနတ်လက်ချောင်းသိုင်းကို အဆက်မပြတ်ထုတ်ဖော်လိုက်ရာ သူ့အပေါ် ဖိအားပေးသောမီးတောက်များ အနည်းငယ် ရပ်တန့်သွား၏။
ပိုးသားဧကရာဇ်က အတိုင်းအဆမဲ့ထိုက်စုခန္ဓာအသုံးပြုခြင်းကို ရပ်တန့်လိုက်ပြီး ထိုက်ရှီခုန်မင်မရှိမှုခန္ဓာကိုသာ ထုတ်ဖော်အသုံးပြုလိုက်သည်။
ထိုက်ရှီခုန်မင်မရှိမှုခန္ဓာက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏လက်ချက်ဖြင့်ပျက်ပြယ်မသွားခင် ပိုးသားဧကရာဇ်က လျှင်မြန်စွာ နောက်သို့ ဆုတ်လိုက်သည်။
ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ၏ သက်ရောက်မှုအောက်တွင် သူတို့နှစ်ယောက်ကြားမှအကွာအဝေးက ပိုမိုခြားနားလာသည်။ ပိုးသားဧကရာဇ်မှာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် ပိုပြီးဝေးကွာသွားသလို ခံစားရသည်။
သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က လက်ခနဲတောက်ပသွားပြီး ထိုက်ချူးနတ်လက်ချောင်းသိုင်းကို ဖယ်ထုတ်လိုက်ကာ ပိုးသားဧကရာဇ်အနားသို့ နောက်တစ်ကြိမ်ရောက်ရှိလာသည်။ ထို့ကြောင့် ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ၏နက်နဲမှုများ ထုတ်ဖော်နိုင်ခြင်း မရှိတော့ပြန်ပေ။
“တကယ့်ကို လွှမ်းမိုးနိုင်စွမ်းမြင့်မားတာပဲ”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
ရန်ကျောက်ကဲအနားမှာရပ်နေသည့် မုကျွင်းကတော့ သက်ပြင်းချလိုက်၏။
ရန်ကျောက်ကဲက နှုတ်ခမ်းကိုပွတ်သပ်ရင်း...
“တောက်တယ်ထျန်းကျွင်းက မရှိမှုနဲ့ဖန်ဆင်းခြင်းကြားမှာ တည်ရှိနေတယ် ၊ မဟာတာအိုက အလုံးစုံကိုလွှမ်းခြုံနိုင်စွမ်းရှိပြီး ဖန်ဆင်းခြင်းအားလုံးရဲ့ ဖြစ်နိုင်ချေတွေကို ဖော်ပြတယ် ၊ တောက်တယ်ကျင်းမှာဆိုရင် အမြင့်ဆုံးအဆင့်သိုင်းပညာရပ်ရဲ့ ကနဦးကောင်းကင်သိုင်းပညာနဲ့ နှောင်းပိုင်းကောင်းကင်သိုင်းပညာ နှစ်ရပ်လုံးကို မှတ်တမ်းတင်ထားတယ်”
“တကယ်လို့ ပိုးသားဧကရာဇ်က ရှန်းထျန်းဝူထိုက်ရဲ့ ပထမဆုံးဖြစ်တဲ့ ထိုက်ယိလက်သီးသိုင်းကို မကျွမ်းကျင်ဘူးဆိုရင် ထိုက်ချင်အဆက်အနွယ်ရဲ့ နှောင်းပိုင်းကောင်းကင်သိုင်းပညာတစ်ခုခု အသုံးပြုမယ်ဆိုရင်တောင် ကနဦးကောင်းကင်သိုင်းပညာနဲ့ပေါင်းစပ်အသုံးပြုမှ အဆင်ပြေမှာ ၊ မဟုတ်ရင် ကောင်းကင်ဖွင့်ကျမ်းစာကို တိုက်ခိုက်နိုင်မယ် မထင်ဘူး”
မုကျွင်းခေါင်းညိတ်လိုက်သည်။
သူတို့ ကျင်းထင်တောင်အဆက်အနွယ်များကလည်း ကျီဝေးဧကရာဇ်၏သိုင်းပညာကို ဆက်ခံခဲ့ကြသူများ ဖြစ်ကြလေရာ တောက်တယ်ကျင်းတွင်မှတ်တမ်းတင်ထားသည့် နှောင်းပိုင်းကောင်းကင်သိုင်းပညာမှ မူလမြစ်ဖျားခံ ဆင်းသက်လာခြင်းဖြစ်သည်။
ယွိချင်အဆက်အနွယ်၏ မူလကောင်းကင်ကျမ်းစာကတော့ ကနဦးကျမ်းစာ (၃)စောင်က နှောင်းပိုင်းကျမ်းစာ (၆)စောင်ထက် သာလွန်ကောင်းမွန်သည်။
သို့သော် ထိုက်ချင်အဆက်အနွယ်၏ တောက်တယ်ကျင်း(တာအိုတေချင်)ကတော့ များပြားလှသော အဖြစ်အပျက်များကို ကိုယ်စားပြုထားပြီး နှောင်းပိုင်းကောင်းကင်သိုင်းပညာနှင့် ကဦးကောင်းကင်သိုင်းပညာက တူညီစွာပင် အစွမ်းထက်သည်။
ကျင်းထင်တောင်နှင့် မြောက်ဖေးတောင်ထွတ်တို့က ဆက်ဆံရေး ကောင်းမွန်ကြသည်။ ထို့အတူ ပိုးသားဧကရာဇ်နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင်တို့ကလည်း ခင်မင်သူများဖြစ်ကြ၏။ သို့ရာတွင် သူတို့ (၂)ယောက်ကတော့ မတူညီသည့် အဆက်အနွယ်များ ဖြစ်နေသေး၏။
ရန်ကျောက်ကဲစကားကို ခေါင်းညိတ်သဘောတူလိုက်သည့်တိုင် မုကျွင်းအတော်လေး အံ့အားသင့်သွားသည်။
“မင်းက ငါထင်ထားတာထက်တော်တာပဲ ၊ ထိုက်ချင်အဆက်အနွယ်နဲ့ ပတ်သက်ပြီး အရမ်းဗဟုသုတရှိပါလား ကျောက်ကဲ”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ကံကောင်းသွားလို့ပါ ၊ ငါက ထိုက်ကျိယင်ယန် လက်ဝါးသိုင်းရဲ့ မပြည့်စုံတဲ့ ကျမ်းစာတစ်ခု ရရှိခဲ့တယ်လေ ၊ အဲဒီပညာက မြောက်ဖေးတောင်ထွတ်ကပညာမဟုတ်ပေမယ့် ထိုက်ချင်အဆက်အနွယ် သိုင်းပညာ ဖြစ်နေတုန်းပဲ”
မုကျွင်းက...
“အင်း... ညီမလေး’ဖုထင်’ လည်း အရင်က ဒီအကြောင်းပြောပြဖူးတယ် ၊ ဒါပေမဲ့ မင်းက ထိုက်ကျိယင်ယန် လက်ဝါးသိုင်းကို ကျွမ်းကျင်ရုံသာမက တောက်တယ်ကျင်းအကြောင်းကို နက်နက်နဲနဲ နားလည်မယ်လို့ ငါထင်မထားမိဘူး
သူက ထိုကိစ္စကို ဆက်မစဉ်းစားတော့ပေ။
သူ့မျက်ဝန်းများက အစစ်အမှန်နတ်ဘုရားများ တိုက်ခိုက်နေရာဆီသို့ပြန်ရောက်သွားသည်။ ဧကရာဇ် (၂)ပါး တိုက်ခိုက်ရင်း နက်မှောင်သည့်ဗလာနယ်အာကာသထဲရှိ ပိုမိုဝေးကွာသောနေရာသို့ တဖြည်းဖြည်း ရောက်ရှိသွားသည်။
“ဒါပေမဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် အသာစီးနိုင်ဘူး ၊ ငါ့အထင် ပိုးသားဧကရာဇ်နိုင်မယ်ထင်တယ်”
မုကျွင်းမျက်နှာအမူအရာက ထူးဆန်းသွားပြီး...
“ပိုးသားဧကရာဇ်မှာလည်း အမတမှော်ဝင်လက်နက်တစ်ခု ပိုင်ဆိုင်ထားတယ်လေ”