← Chapters

ထိပ်တန်းအရှင်သခင်များစုဝေးခြင်း

Vol. 67 Ch. 937

ထိပ်တန်းအရှင်သခင်များစုဝေးခြင်း

Vol. 67 Ch. 937

အခန်း (၉၃၇) ထိပ်တန်းအရှင်သခင်များစုဝေးခြင်း

ပိုးသားဧကရာဇ်တွင် အမတမှော်ဝင်ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားကြောင်း ရန်ကျောက်ကဲ ကျင်းထင်တောင်မှ သတင်းရရှိထားသည်မှာ ကြာပြီ ဖြစ်သည်။

အသက်ငယ်ငယ်ဖြင့် ဆုံးပါးခဲ့ရသော ယိုးမင်ဧကရာဇ်ယင်ထျန်းရှနှင့် မတူညီဘဲ ပိုးသားဧကရာဇ် ဖုယွင်ချီ နတ်ဘုရားအဆင့်သို့တက်ရောက်သည်မှာ နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။

ရန်ကျောက်ကဲနှင့်မုကျွင်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး (၂)ယောက်လုံး၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာများ ရှိနေကြသည်။

‘အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်’ က အလွန်တရာ ထူးခြားလွန်းလှသည်။

ဤအမတမှော်ဝင်ပစ္စည်းက သူ့ကိုယ်သူ လက်နက်တစ်ခုအဖြစ် ပြောဆိုလေ့ရှိသော်လည်း ရန်ကျောက်ကဲ ၊ မုကျွင်းအပါအဝင် အခြားသူများကတော့ သူ့ကို ဧကရာဇ်တစ်ပါးအဖြစ် ရှုမြင်ကြသည်။

လူတိုင်းက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို လက်နက်အဖြစ် နားလည်လက်ခံသည့် အချိန်တစ်ခုလည်း ရှိကောင်းရှိခဲ့နိုင်သည်။

အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် တိုက်ပွဲတွင်အသုံးပြုရန် အမတမှော်ဝင်ပစ္စည်းတစ်ခုကို ပြုလုပ်ရန် မဖြစ်နိုင်သလို အခြားသူတစ်ယောက်၏ အမတမှော်ဝင်ပစ်စည်းကိုလည်း ရယူရန် နည်းလမ်းမရှိပေ။

တစ်စုံတစ်ယောက်က သူ့ကို အမတမှော်ဝင်ပစ္စည်း ပေးအပ်လာမည်ဆိုလျှင်တောင်မှ သူက ထိုအရာကို စိုက်ကြည့်နေရုံသာ တတ်နိုင်ပေလိမ့်မည်။

သို့ပေသိ သူ၏ပြိုင်ဘက်ဖြစ်သော ပိုးသားဧကရာဇ်ကတော့ လက်ဗလာဖြင့် တိုက်ခိုက်မည် မဟုတ်ပေ။

ပိုးသားဧရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို လက်ဗလာဖြင့် ထိပ်တိုက်ရင်ဆိုင်မည်ဟု မည်သူမှမပြောခဲ့ကြပေ။ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်လည်း ထိုမျှ တုံးအလိမ့်မည် မဟုတ်ပေ။

တိုက်ခိုက်နေသူ (၂)ယောက်မှာ အဆုံးမရှိသောဗလာနယ်ထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကြီးမားသော စွမ်းအားရောင်ဝါများသာလျှင် ထွက်ပေါ်နေတော့သည်။

ရန်ကျောက်ကဲနှင့် အခြားသူများ၏အမြင်စွမ်းအားဖြင့် တန်ခိုးစွမ်းအားရှင် (၂)ယောက် ထိပ်တိုက်ရင်ဆိုင်နေသည့် တိုက်ပွဲအခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြတော့ပေ။

သို့ပေသိ တိုက်ပွဲကတော့ မကြုံစဖူးပြင်းထန်စွာ ထိပ်တိုက်တွေ့လျှက် ရှိ၏။

ထိုတိုက်ပွဲ၏ ပြင်းထန်သော နောက်ဆက်တွဲ စွမ်းအားငလျင်များသည် သမုဒ္ဒရာရေစီးကြောင်းများပမာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ရန်ကျောက်ကဲတို့ အုပ်စုစီးနင်းလိုက်ပါလာကြသော ကြာပန်းနီလေဟုန်စီး ကောင်းကင်ရွက်လှေက ပြင်းထန်စွာတုန်ခါသွားကာ နောက်သို့လွင့်ထွက်သွားသည်။

မြေကမ္ဘာထိပ်တန်းအရှင်သခင်၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် တည်ဆောက်ထားသော အဝါရောင်ကမ္ဘာကြီးကတော့ တစ်လက်မမှမလှုပ်ရှားဘဲ တည်ငြိမ်နေခဲ့သည်။

သို့သော် ထိုကမ္ဘာကြီး၏လုံးပတ်အနေအထားက ကျုံ့ဝင်သွားပြီး စွမ်းအားကလည်း ပိုမိုသိပ်သည်းသွားကာ ဧကရာဇ်နှစ်ပါးကြား ခိုက်ရန်ဖြစ်ပွားမှုမှ နောက်ဆက်တွဲ ငလျင်များကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။

ကြာပန်းနီလေဟုတ်စီးကောင်းကင်ရွက်လေပတ်ပတ်လည်မှ ကြီးမားသော ကြာပန်းနီပွင့်ချပ်ကြီးများ ပြန်လည်ရုပ်သိမ်းလိုက်သည်။

မူလက ပွင့်ချပ်များထက်တွင် မတ်တတ်ရပ်နေကြသော ရန်ကျောက်ကဲနှင့် အခြားသူများသည်လည်း နောက်ပြန်ဆုတ်သွားကြရသည်။

“စိတ်မကောင်းစရာပဲ ၊ ဆက်ကြည့်လို့ မရတော့ဘူး”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း စိတ်မကောင်းစွာဖြင့် သူ့နံဘေးမှ မုကျွင်းနှင့်အတူ တူညီသောခံစားချက် မျှဝေလိုက်သည်။

ပိုးသားဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို တိုက်ခိုက်ရန်အတွက် သူ၏ အမတမှော်ဝင်လက်နက်ကို ကိုင်ဆောင်ထားပြီ ဖြစ်သည်။ သို့သော် ရန်ကျောက်ကဲနှင့် အခြားသူများမှာ တိုက်ပွဲ မည်သို့ရှိသည်ကို မသိနိုင်တော့ပေ။

သို့တိုင် ရန်ကျောက်ကဲက ယခုအချိန်ထိ တိုက်ပွဲကြည့်ရှုခဲ့ခြင်းမှ အကျိုးအကျေးဇူးများစွာ ရရှိခဲ့ပြီးဖြစ်သည်။

ရန်ကျောက်ကဲက ပိုးသားဧကရာဇ် အောင်ပွဲခံနိုင်မည်ဟု သဘာဝကျကျ မျှော်လင့်ထားသည်။

တစ်ချိန်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကြောင့် အမတခုံရုံးနယ်မြေသို့ ရောက်ရှိခဲ့ပြီး ထိုခရီးစဉ်က အလွန်အန္တရာယ်များခဲ့သည်။ သို့သော် ရန်ကျောက်ကဲကတော့ အမတခုံရုံးတည်ရှိမှုအကြောင်းသိရှိရသဖြင့် အလွန်ဝမ်းသာခဲ့ရ၏။

သူက မုကျွင်းကိုကြည့်ရင်း...

“ဒီတိုက်ပွဲပြီးရင် မင်းရဲ့ဆရာ အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့ တွေ့နိုင်မလား”

မုကျွင်းက...

“အားနာစရာပဲ ၊ တိုက်တိုက်ဆိုင်ဆိုင် ဆရာက ခရီးထွက်သွားတယ်”

“ဟင်....”

မုကျွင်းစကားကိုကြားတော့ ရန်ကျောက်ကဲ အံ့အားသင့်သွားသည်။

အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်မှ ကျောက်စိမ်းတောင်ဂိုဏ်းချုပ် လျိုရှန်းထုန်နှင့် စကားပြောဆိုစဉ်က ဤအကြောင်းကို ကြားသိခဲ့ရခြင်း မရှိပေ။

မုကျွင်းက ရှင်းပြသည်။

“ဒီတိုက်ပွဲမစခင်လေးကမှ စီစဉ်လိုက်ကြတာ ၊ တိုက်ပွဲပြီးလို့ မြေကမ္ဘာထိပ်တန်း အရှင်သခင် ပြန်ရောက်တာနဲ့ ဆရာ့ကို အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်ကိုလာဖို့ ဖိတ်ကြားထားတယ် ၊ ကြည့်ရတာ ကိစ္စကြီးတစ်ခုခု ဖြစ်ပြီထင်တယ်”

သူကဆက်ပြောသည်။

“ဆရာတင်မဟုတ်ဘူး ၊ တခြားထိပ်တန်းအရှင်သခင်တွေကိုလည်း ဖိတ်ကြားထားသေးတယ်လို့ သတင်းကြားတယ်”

ရန်ကျောက်ကဲက မျက်ဝန်းများကျဉ်းမြောင်းလိုက်ရင်း...

“ဒါဆို ထိပ်တန်းအရှင်သခင် (၁၀)ပါးလုံး အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်မှာ စုဝေးကြမှာပေါ့”

ယနေ့ပြုလုပ်မည့် တိုက်ပွဲရက်ကိုသတ်မှတ်ပြီးပြီးချင်း မြေကမ္ဘာထိပ်တန်း အရှင်သခင်နှင့် ပိုးသားဧကရာဇ်တို့ အထက်ဘုံကမ္ဘာမှ အတူတူထွက်ခွာသွားကြောင်း လျိုရှန်းထုန်ပြောပြကတည်းက ကိစ္စတစ်ခုရှိနေပြီကို ရန်ကျောက်ကဲ သတိပြုမိပြီးသား ဖြစ်သည်။

အုပ်စိုးရှင် (၃)ပါးနှင့် ဧကရာဇ် (၅)ပါးတို့နှင့် မတူညီစွာ နယ်မြေ (၁၀)ခု အရှင်သခင်များက အထက်ဘုံကမ္ဘာတွင်သာ နေထိုင်ကြပြီး သူတို့ကိုယ်ပိုင်နယ်မြေများမှ ထွက်ခွာသည်မှာ ရှားပါးသည်။

လှုပ်ရှားမှုများကို ခြေရာခံမိရန်ခက်ခဲသော အထက်ရပ်ထိပ်တန်း အရှင်သခင် တစ်ယောက်သာလျှင် ခြွင်းချက်ရှိသည်။

မြေကမ္ဘာထိပ်တန်းအရှင်သခင်က အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် အရှင်သခင်ပမာ ယေဘုယျကိစ္စရပ်များကို ဂရုစိုက်ပေးနေသူ ဖြစ်၏။

အုပ်စိုးရှင် (၃)ပါး ၊ ဧကရာဇ် (၅)ပါးတို့၏ သားစဉ်မြေးဆက် အဆက်အနွယ်များကြားတွင် မြေကမ္ဘာထိပ်တန်း အရှင်သခင်က ဘဏ္ဍာစိုးပမာဖြစ်သည်ဟု ရန်ကျောက်ကဲ ခံစားရသည်။

ဤသည်က အမှန်ပင် ဖြစ်၏။

အုပ်စိုးရှင်များနှင့် ဧကရာဇ်များ အခြားဆိတ်ကွယ်ရာသို့ရောက်နေသည့်အခါ ဝမ်ကျန်းချန်က အလယ်ပိုင်းကျွင်းထျန်းကောင်းကင်နယ်မြေနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိကိစ္စရပ်များကို အလွန်ကျွမ်းကျင်စွာ စီမံခန့်ခွဲရသည်ပင်။

သို့ပေသိ ဤသို့သော ပုဂ္ဂိုလ်မျိုးက အထက်ဘုံကမ္ဘာမှ ရုတ်တရက်ထွက်ခွာသွားသည်မှာ ထူးဆန်းသည် အသေအချာပင်။

ယခုတော့ ဝမ်ကျန်းချန်သာ မဟုတ် အခြားသော ထိပ်တန်းအရှင်သခင်များသည်လည်း သူတို့ ကိုယ်ပိုင်နယ်မြေများမှ ထွက်ခွာကာ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင် ပြည်နယ်တွင် စုရုံးရောက်ရှိကြမည် ဖြစ်သည်။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“အစ်ကို’မု’... အရင်ကရော ဒီလိုကိစ္စမျိုး ဖြစ်ဖူးလား”

မုကျွင်းက...

“ဖြစ်ဖူးတယ်... လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က...”

သူက ရိုးရှင်းစွာပင် ပြောလိုက်သော်လည်း သူ့မျက်နှာတွင် စိုးရိမ်သည့်အမူအရာများရှိနေပြီး မျက်ဝန်းများက အတွေးနက်နဲလျက် ရှိသည်။

ရန်ကျောက်ကဲက ခေါင်းညိတ်ပြရင်း တွေးလိုက်၏။

“ဒါက အမတခုံရုံးတာအိုဝါဒနဲ့ ပတ်သက်နေမလား ၊ မျှော်စင်ကမ္ဘာမှာဖြစ်ခဲ့တဲ့ကိစ္စတွေအရ ဆိုရင် ဗုဒ္ဓဘာသာနဲ့တိုက်ပွဲက မကြာခင်က ပိုပြီးပြင်းထန်လာတဲ့ပုံပဲ”

“ဒါကိုကြည့်ရင်... နှစ်ပေါင်းတစ်ရာမှာတစ်ခါ ထိပ်တိုက်ရင်ဆိုင်မှုက အပြင်းထန်ဆုံးအဆင့်ကို ရောက်တာ ဖြစ်ရမယ်”

ရန်ကျောက်ကဲ မျက်လုံးများကို မှေးစင်းလိုက်သည်။

“နှစ်ပေါင်းတစ်ရာဆိုတော့ သာမန်လူတွေရဲ့ အသက်ထက် နည်းနည်းပိုရှည်တယ် ၊ ယေဘုယျပြောရရင် လူတွေက အသက်အရှည်ဆုံးမှ အနှစ်တရာဝန်းကျင်ပဲမဟုတ်လား”

ပိုးသားဧကရာဇ် ၊ ချင်းယွမ်ဧကရာဇ်နှင့် ကမ္ဘာများစွာ အလွန်အထက်ဘုံကမ္ဘာမှ အခြားသော အထွတ်ထိပ် တန်ခိုးစွမ်းအားရှင်များက အမတခုံရုံးနှင့် ဗုဒ္ဓဘာသာတို့ကြား ပဋိပက္ခများကြောင့် ပြင်ပဗလာနယ်ထဲသို့ ထွက်ခွာသွားကြသည်ဟု ယခင်ကတည်းက ခန့်မှန်းထားပြီးသား ဖြစ်သည်။

ခိုင်လုံသောအထောက်အထား မရှိသည့်တိုင် ရန်ကျောက်ကဲက သူ၏အစောပိုင်း ခန့်မှန်းချက်မှန်ကန်ကြောင်း ပိုမိုယုံကြည်လာသည်။

ထိပ်တန်းအရှင်သခင် (၁၀)ယောက် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်တွင် စုဝေးပြီးပါက မည်သို့ဖြစ်လာမည်ကို ရန်ကျောက်ကဲ မသိရှိပေ။

သူတို့အားလုံး အထက်ဘုံကမ္ဘာတွင် ဆက်ရှိနေမည်လား သို့မဟုတ် ပြင်ပဗလာနယ်သို့ ထွက်ခွာသွားကြမည်လား။

ယင်ဟွမ်ဧကရာဇ်နှင့် နွီတိဧကရာဇ်တို့က ခွန်လွန်တောင်တွင်စောင့်ကြပ်ပေးနေဆဲ ဖြစ်သဖြင့် အထက်ဘုံကမ္ဘာ၏ အခြေအနေက တည်ငြိမ်နေဆဲ ဖြစ်၏။

သို‌သော် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်နှင့် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် စသည့်နေရာများတွင် ထိပ်တန်းအရှင်သခင်မရှိပါက အတိုင်းအတာ တစ်ခုအထိ အခြေအနေ ကသောင်းကနင်း ဖြစ်ပေလိမ့်မည်။

သူတို့ဦးခေါင်းထက်တွင် တောင်တစ်လုံးပမာ လေးလံသည့်အလေးချိန်ဖြင့် ဖိနှိပ်ထားသည့် အုပ်ချုပ်သူတစ်ယောက်မရှိပါက ကျင့်ကြံခြင်းအဆင့်မြင့်မားသူများ စိတ်ထင်တိုင်း မွှေနှောက်ရန် အခွင့်အရေးပိုမိုများလာပေမည်။

သို့သော် ဝါဒတောင်တည်ရှိရာ ကျူတောပင်လယ်ဒေသတ မှာတော့ ကသောင်းကနင်း ဖြစ်ရပ်များ မဖြစ်နိုင်သည်မှာ သေချာသည်။

အရင်တုန်းကတော့ မြစ်ကိုဖြတ်ကူးလာမည့် ကြောက်မက်ဖွယ်ရာ နဂါးများရှိခဲ့ပေမည်။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာခန့်က ကျူတောပင်လယ်ဒေသသို့ ဝင်ရောက်လာသည့် တာ့ရွှမ်မင်းဆက်ကဲ့သို့သော အင်အားစုများကို ဆိုလိုခြင်းပင်။

သို့သော် ဝါဒတောင်နှင့် ကြယ်ခြေလက်ဝါးသခင် ကွမ်းလီတဲ့တို့တိုက်ပွဲတွင် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်ရှိသော ကွမ်းလီတဲ့ သေဆုံးသွားခဲ့ကတည်းက အ‌ရှေ့တောင်နေဝန်း ကောင်းကင်ပြည်နယ် တစ်ခုလုံး တုန်လှုပ်သွားကြရသည်။

လူများစွာက အမတမှော်ဝင်ပစ္စည်း၏စွမ်းအားကြောင့် အနိုင်ရသည်ဟု ယုံကြည်ကြသော်လည်း ၊ မည်သို့ပင်ဖြစ်စေကာမူ သိုင်းသူတော်စင် နဝမအဆင့်ကျင့်ကြံသူတစ်ယောက်ကတော့ ဝါဒတောင်တွင် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရလဒ်အနေဖြင့် မည်သူမှ ဝါဒတောင်ကို ပေါ့ပေါ့ဆဆ သဘောမထားဝံ့တော့ဘဲ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့သည်။

အမတမှော်ဝင်ပစ္စည်းကို လိုချင်သူများ သေချာပေါက် ရှိပေလိမ့်မည်။ သို့တိုင် မျက်စိစုံမှိတ် ကျူးကျော်ဝံ့မည်တော့ မဟုတ်ပေ။

အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ အခြားသူများ ပိုင်နက်ကျူးကျော်လာရန်မှာလည်း လွယ်ကူမည် မဟုတ်ပေ။

အရှေ့တောင်ထိပ်တန်း အရှင်သခင် မရှိသော်လည်း အရှေ့တောင်နေဝန်း ကောင်းကင်ပြည်နယ်မှ သိုင်းသမားများက ကျူးကျော်သူများကို တွန်းလှန်ကြမည် ဖြစ်သည်။

အစကတော့ ဤအခွင့်အရေးကိုအသုံးချကာ ရန်ကျောက်ကဲက အရှေ့တောင်ထိပ်တန်း အရှင်သခင် ချောင်ကျယ်ထံ သွားရောက်လည်ပတ်ပြီး မိခင်ဖြစ်သူ၏အခြေအနေကို မေးမြန်းရန် စဉ်းစားခဲ့သည်။

သိုသော် ချောင်ကျယ်၏အမြင်မှာတော့ အမတခုံရုံးနယ်မြေသို့ ရောက်ခဲ့ပြီးဖြစ်သော ရန်ကျောက်ကဲအတွက် ‘နောက်ကျသွားပြီ’ ဖြစ်သည်။

“စိတ်မကောင်းစရာပဲ ၊ စိတ်မကောင်းစရာပဲ”

ရန်ကျောက်ကဲကိုကြည့်ရသည်မှာ အမှန်တကယ်ပင် စိတ်ကောင်းဖြစ်နေဟန် ရှိလေသည်။

All Chapters