← Chapters

တိုက်ပွဲအဆုံးသတ်

Vol. 67 Ch. 938

တိုက်ပွဲအဆုံးသတ်

Vol. 67 Ch. 938

အခန်း (၉၃၈) တိုက်ပွဲအဆုံးသတ်

ပိုးသားဧကရာဇ်နှင့် မြေကမ္ဘာထိပ်တန်းအရှင်သခင်တို့က သိရှိကြမည်ဖြစ်သော်လည်း သူတို့ထံမှ အခြေအနေများကို စုံစမ်းရန်မှာ ကောင်းသည့်အကြံမဟုတ်ဟု ရန်ကျောက်ကဲ ခံစားရသည်။

မြေကမ္ဘာထိပ်တန်း အရှင်သခင်ကတော့ ထည့်သွင်းစဉ်းစားရန် မလိုအပ်ပေ။

ပိုးသားဧကရာဇ်ကတော့ ရန်ကျောက်ကဲအပေါ် ဖော်ရွေဟန်ရှိသော်လည်း ရွှယ်ချူးချင်နှင့်ပတ်သက်ပြီး သူ၏အမြင်ကို အတည်မပြုနိုင်သေးပေ။

ကြည့်ရသည်မှာ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရုံသာ ရှိသည်။

သို့သော် အရာတိုင်းတွင် ကောင်းကျိုးဆိုးကျိုးရှိသည်သာပင်။

ယိုးမင်ဂမ္ဘီရစက်ဝန်း၏တည်ရှိမှုသည် အမတခုံရုံးကို ဆွဲ‌ဆောင်နိုင်ခဲ့သည်။

ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရစက်ဝန်းကိုအသုံးပြုပြီး အမတခုံရုံး အဆက်အနွယ်ဖြစ်သည့် ဟောက်ယန်အရှင်သခင် ‘ဖေးဟွာ’ ကို သတ်ဖြတ်လိုက်စဉ်က ၊ ယိုးမင်ဂမ္ဘီရစက်ဝန်းကိုတွေ့သည်နှင့် ဖေးဟွာ၏ခံစားချက်များ မူမမှန်ဖြစ်သွားကြောင်း သတိပြုခဲ့မိသည်။

ခံစားချက်အများစုက မုန်းတီးခြင်းနှင့် ဒေါသဖြစ်ခြင်း ဖြစ်၏။

ဟောက်ယန်နန်းတော် အဆက်အနွယ်မှ စွမ်းအားအကြီးမားဆုံး ကျင့်ကြံသူ ၊ တစ်ပါးတည်းသောဧကရာဇ်က ယိုးမင်ဧကရာဇ် ယင်ထျန်းရှလက်ချက်ဖြင့် အသက်ဆုံးခဲ့ရသည်။

သို့ဖြစ်ရာ ဖေးဟွာ၏ မုန်းတီးမှုနှင့်ဒေါသကို ရန်ကျောက်ကဲ နားလည်နိုင်သည်။

သို့တိုင် ဖေးဟွာ၏ခံစားချက်များထဲတွင် တစ်စုံတစ်ခုပါရှိနေသည်ကို ရန်ကျောက်ကဲ အာရုံခံမိသည်။

ထိုအရာက ဖေးဟွာကိုယ်တိုင်သာမက အမတခုံရုံးတစ်ခုလုံး၏ သဘောထားနှင့်လည်း သက်ဆိုင်သည်ဟု ရန်ကျောက်ကဲ ခံစားမိသည်။

သူ့လက်ထဲတွင်ရှိနေသည့် ယိုးမင်ဂမ္ဘီရစက်ဝန်းသည် အထက်ဘုံကမ္ဘာကိုကျော်လွန်ပြီး သတင်းကျယ်ပြန့်သွားပြီ ဖြစ်၏။

ဤသတင်းက အမတခုံရုံးသို့ ရောက်ရှိသွားလျှင် အခြေအနေများက တစ်မျိုးတမည်ပြောင်းလဲသွားနိုင်သည်။

ရန်ကျောက်ကဲက ဤအကြောင်းများကို စဉ်းစားရင်း နောက်သို့ဆုတ်သွားသည်။

အဖြူရောင်တိမ်တိုက်ချီစီးကြောင်းများက ဗလာနယ်တစ်ခုလုံး လွှမ်းခြုံသွားပြီး အနီရောင်မီးတောက်မီးလျှံ အလင်းတန်းများဖြင့် ထိပ်တိုက်တွေ့နေသည်။

ဧကရာဇ် (၂)ပါးတိုက်ခိုက်ရင်း မူလတိုက်ပွဲနေရာမှ တဖြည်းဖြည်း ရွေ့လျားသွားပြီး ပြင်ပဗလာနယ်ထဲသို့ ရွေ့လျားသွားပြီး အဆက်မပြတ် တိုက်ခိုက်သွားကြသည်။

တဖြည်းဖြည်း နောက်ဆက်တွဲ စွမ်းအားလှိုင်းလုံးငလျင်များ အားပျော့သွားသည်။

တိုက်ခိုက်သူ ဧကရာဇ် (၂)ပါး စွမ်းအား လျော့နည်းသွားသောကြောင့် မဟုတ်ပေ။ သူတို့ (၂)ယောက်က ကြည့်ရှုနေကြသည့် ပရိတ်သတ်များ ရှိရာနေရာနှင့် တဖြည်းဖြည်း ဝေးကွာသွားသောကြောင့် ဖြစ်၏။

ရန်ကျောက်ကဲနှင့် အခြားသူများက သူတို့နောက်သို့လိုက်ရန် မကြိုးစားကြပေ။

အစစ်အမှန်နတ်ဘုရားများ စွမ်းအားအပြည့်ဖြင့် ဤမျှအတိုင်းအတာအထိ တိုက်ပွဲဝင်သည့်အခါ သူတို့လိုက်ပါကြည့်ရှုရန် မသင့်လျော်တော့ပေ။

ဧကရာဇ် (၂)ပါးနောက်သို့ လိုက်ပါကြည့်ရှုနိုင်သူဆို၍ မြေကမ္ဘာထိပ်တန်းအရှင်သခင်သာလျှင် ရှိသည်။ မြေကမ္ဘာဧကရာဇ်ကတော့ မူလနေရာမှထွက်ခွာသွားပြီး တိုက်ပွဲကိုလိုက်ပါကြည့်ရှုသည့် တစ်ယောက်တည်းသောသူ ဖြစ်သည်။

သူက တိုက်ပွဲရက်ကို စီစဉ်ပေးခဲ့သူဖြစ်သဖြင့် လိုက်ပါကြည့်ရှုသည်မှာလည်း သဘာဝကျပေသည်။

ရန်ကျောက်ကဲနှင့် မြောက်ဖေးတောင်ထွတ်မှသိုင်းသမားများအပါအဝင် အခြားပွဲကြည့်ပရိတ်သတ်များမှာ ကြာပန်းနီရွက်လှေထက်တွင်နေထိုင်ရင်း တိုက်ပွဲရလဒ်ကို စိတ်ရှည်စွာ စောင့်ဆိုင်းရင်း ကျန်ရစ်ခဲ့ကြသည်။

တိုက်ပွဲကြည့်ရှုခြင်း အစီအစဉ်ကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

သို့ပေသိ တိုက်ပွဲက အချိန်အများကြီးမယူခဲ့ပေ။

ခဏအကြာမှာတော့ တောက်ပသည့်အနီရောင်အလင်းတန်းက အဝေးမှ အာကာသအမှောင်ထုကို ဖြတ်သန်းသွားပြီး အက်ကွဲသွားသည်။

ထို့နောက် အနီရောင်အလင်းတန်းများ ဖျတ်ခနဲလင်းလက်သွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားတော့၏။

အာကာသဗလာနယ်ထဲတွင် လောင်ကျွမ်းနေသည့်အပူဒဏ် တဖြည်းဖြည်းလျော့ပါးသွားပြီး အေးစက်တိတ်ဆိတ်မှုက မူလအတိုင်းပြန်လည်နေရာယူလာသည်။

တိုက်ပွဲကိုကြည့်ရှုနေသော ပရိတ်သတ်များအားလုံး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဧကရာဇ်မင်းများအကြား တိုက်ပွဲက နိဂုံးချုပ်သွားပုံရသည်။

တိုက်ပွဲတွင် ပိုးသားဧကရာဇ် အနိုင်ရခဲ့သည်။

ရန်ကျောက်ကဲဘေးနားမှ မုကျွင်းက သက်ပြင်းတစ်ချက် ချလိုက်၏။

အင်္ဂါဂြိုဟ်ပုဆိန်သွား လှံရှည်က ထိုက်ချင် အဆက်အနွယ်များကို အငြိုးထားခဲ့သည်မှာ ပိုးသားဧကရာဇ်၏ ဘိုးဘေးများက နဂါးမျိုးနွယ်များကိုကူညီပြီး ထိုအမတမှော်ဝင်လက်နက်ကို စည်းတံဆိပ် ခတ်ခဲ့သောကြောင့် ဖြစ်သည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူ၏ရန်ငြိုးကိုအဆုံးသတ်ရန် ထိုက်ချင်အဆက်အနွယ်များ အားလုံး၏ကိုယ်စားလှယ်အဖြစ် ပိုးသားဧကရာဇ်ကို စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ပိုးသားဧကရာဇ်နှင့်မတိုက်ခိုက်ခင် အခြားသော ထိုက်ချက်အဆက်အနွယ်များကို ဒုက္ခပေးခဲ့ခြင်း မရှိပေ။

အထက်ဘုံကမ္ဘာတွင် ထိုက်ချင်အဆက်အနွယ်ဆို၍ မြောက်ဖေးတောင်ထွတ်နှင့် ကျင်းထင်တောင်သာလျှင် ရှိသည်။

အမှန်တော့ ယခုတစ်ခေါက်အခြေအနေက အလွန်ထူးခြားသည်။

ပိုးသားဧကရာဇ်အနေဖြင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့်ရင်ဆိုင်ရမည့် တိုက်ပွဲအတွက် ပြင်ဆင်ရာတွင် တောင်ပိုင်းထိပ်တန်းအရှင်သခင်ချောင်ကျယ်က ‘ကျိုးထျန်းရှေးဟောင်းကျမ်း’ နှင့် “ယွမ်ဧကရာဇ်ဓားသိုင်း (၃)ခုရဲ့ ကျီဝေးဓားသိုင်း” တို့ကို ကိုးကားမှုပြုလုပ်ရန် ပေးအပ်နိုင်ပေသည်။

သို့သော် ကိုယ်ပိုင် အမတမှော်ဝင်လက်နက်တစ်ခု ပိုင်ဆိုင်ထားသော ပိုးသားဧကရာဇ်က မည်သူ့အကူအညီမှမယူဘဲ သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် တိုက်ပွဲကိုရင်ဆိုင်ခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူ့ကိုယ်သူမည်မျှယုံကြည်မှုရှိကြောင်း ထင်ရှားသည်။

တိုက်ပွဲအဆုံးသတ်ကတော့ ပိုးသားဧကရာဇ်၏ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သက်သေပြနေဟန်ပင်။

ရန်ကျောက်ကဲလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူ့စကားတည်ပုံတော့ရတယ် ၊ ဒီလိုမျိုးတိုက်ပွဲ အဆုံးသတ်သွားတာ အတော်အဆင်ပြေသွားတာပဲ”

အချိန်အတန်ကြာပြီးနောက် ခရမ်းရောင်ချီစွမ်းအားများ ပြန်လည်ထွက်ပေါ်လာသည်။

ဒါကိုမြင်တော့ အထက်ဘုံကမ္ဘာမှသိုင်းသမားများအားလုံး ပျော်ရွှင်စွာဖြင့် ပြိုင်တူအော်ဟစ်လိုက်ကြသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အထက်ဘုံကမ္ဘာနှင့် ဆက်စပ်မှုရှိသော်လည်း သူက သမိုင်းထဲတွင်ကျန်ရစ်ခဲ့သော အရာတစ်ခုဖြစ်ပြီး မကြာခင်ကမှ ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပိုးသားဧကရာဇ်ကတော့ လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်ကတည်းက အထွက်ဘုံကမ္ဘာတွင် အထွတ်ထိပ်ဖြစ်ခဲ့ပြီး ကျော်ကြားမှုဂုဏ်သတင်းကလည်း နက်နဲသည်။

ထို့ကြောင့် အခြားကိစ္စမရှိဘူးဆိုလျှင်တောင် ကြည့်ရှုသူပရိတ်သတ်များက ပိုးသားဧကရာဇ်ကို ပိုမိုအားပေးသလို အားကိုးမှုလည်းရှိကြသည်။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ကြည့်ရတာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ပြန်ဆုတ်သွားပြီထင်တယ် ၊ ပိုးသားဧကရာဇ်က သူ့ကိုမဖျက်ဆီးနိုင်သလို မသုတ်သင်လိုက်နိုင်ဘူး”

မုကျွင်းက...

“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အကြောင်းတစ်ခုခုကြောင့် နဂါးမျိုးနွယ်တွေကို အရမ်းမုန်းတယ် ၊ ဒါပေမဲ့ သူက ထိုက်ချင်အဆက်အနွယ်နဲ့ ရန်ငြိုးဖွဲ့တယ်ဆိုပေမယ့် သေလောက်တဲ့အထိ ရန်ငြိုးဖွဲ့တာတော့ မဟုတ်ဘူး”

“အခုတော့ သူက ပိုးသားဧကရာဇ်နဲ့မယှဉ်နိုင်ဘူးဆိုတာ သိသွားပြီပေါ့ ၊ ဒါပေမဲ့ သူ့ကိုယ်သူအသေခံပြီး တိုက်ပွဲဝင်စရာမလိုပါဘူး ၊ သူ့အစွမ်းသူ့အစနဲ့ဆိုရင် သူထွက်သွားချင်တယ်ဆိုရင် ပိုးသားဧကရာဇ်အနေနဲ့လည်း တားဆီးဖို့ခက်ခဲလိမ့်မယ်”

သူက ရန်ကျောက်ကဲကိုပြုံးပြရင်း...

“ပြီးတော့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က မီးလျှံထက်ယံအရှင်သခင်ရဲ့ လက်နက်အဖြစ် ရှိနေတုန်းပဲလေ ၊ ဒီတော့ ကြီးမားတဲ့ရန်ငြိုးမရှိဘဲ ပိုးသားဧကရာဇ်ကလည်း သူသေကိုယ်သေတိုက်ခိုက်မှာ မဟုတ်ပါဘူး”

“အမတမှော်ဝင်ပစ္စည်းတစ်ခုအနေနဲ့ ... အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဆွဲဆောင်မှုရှိပြီး တခြားအရာတွေနဲ့မတူကွဲပြားတာကိုမပြောခင် ၊ သူ့ကိုဖန်တီးခဲ့တဲ့ မီးလျှံထက်ယံအရှင်သခင်က အတော်ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပဲလေ ၊ ပြောကြတာတော့ ပြောကြတာတော့ ဒီတန်ခိုးစွမ်းအားရှင် အသက်ရှင်နေသေးတယ်တဲ့ ၊ ဘာပဲဖြစ်ဖြစ် အားလုံးက သတိရှိနေမှဖြစ်မယ်လေ”

မုကျွင်းက ရန်ကျောက်ကဲကိုလှည့်ကြည့်ရင်း...

“မင်းတို့ဝါဒတောင်မှာရှိနေတဲ့ ထူးကဲယန်စည်းတံဆိပ်နဲ့ ထူးကဲယင်သရဖူက အရမ်းအစွမ်းထက်တဲ့ အဆင့်မြင့်အထွတ်ထိပ် မှော်ဝင်ပစ္စည်းတွေဆိုပေမယ့် သူတို့က အမတမှော်ဝင်ပစ္စည်း မဟုတ်သေးဘူးလေ ၊ ဒီတော့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နဲ့ မတူညီနိုင်ဘူး”

သူတို့ (၂)ယောက် စကားပြောဆိုနေစဉ်မှာပင် ဗလာနယ်တစ်ခွင်လွှမ်းခြုံထားသော ခရမ်းရောင်ချီစွမ်းအားစီးကြောင်းများက ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေကြီးထက်သို့ ဆင်းသက်သွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။

တိုက်ပွဲလာရောက်ကြည့်ရှုကြသော ပရိသတ်များက ဂုဏ်ပြုစကားပြောကြားရန် ကြာပန်းနီရွက်လှေပေါ်သို့ တက်လာကြသည်။

ထိုသူများအားလုံးကို ကြာပန်းနီရွက်လှေထက်သို့ တက်ခွင့်ပြုခဲ့သည့်တိုင် ပိုးသားဧကရာဇ်က မည်သူ့ကိုမှတွေ့ဆုံခြင်းမရှိဘဲ ထိုက်စုယွမ်ကျွင်း ‘တောက်ယွိ’ ကိုသာ သွားရောက်တွေ့ဆုံခဲ့၏။

ပိုးသားဧကရာဇ်၏အပြုအမူက ကျန်းမော့ ၊ မုကျွင်း ၊ လျိုရှန်းထုန်နှင့် အခြားသူများအားလုံးကို တုန်လှုပ်သွားစေသည်။

ဤသို့ပြုလုပ်သည်မှာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့်တိုက်ပွဲတွင် ပိုးသားဧကရာဇ် ဒဏ်ရာအပြင်းအထန် ရသွားသောကြောင့် ဖြစ်နိုင်ပါသလား။

ပိုးသားဧကရာဇ်ဒဏ်ရာရခဲ့ပါက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ဒဏ်ရာက ပိုမိုဆိုးရွားနိုင်သည်။

ပိုးသားဧကရာဇ်က ဖုထင်ကိုတွေ့ဆုံခြင်းမရှိဘဲ တောက်ယွိကိုသာတွေ့ဆုံးခြင်းက ရန်ကျောက်ကဲကို မတူထူးခြားစွာ ခံစားရစေသည်။

သူနှင့်ဖုထင်က အမတခုံရုံးနယ်မြေသို့ အမှတ်မထင်ရောက်ရှိသွားခဲ့သဖြင့် အထက်ဘုံကမ္ဘာမှပုဂ္ဂိုလ်များအမြင်တွင် တားမြစ်မှုကို ချိုးဖောက်သူများအဖြစ် ရှုမြင်မည်လား မပြောတတ်ပေ။

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အမတခုံရုံး၏တည်ရှိမှုကို သိရှိပြီးနောက် မည်သို့ဖြစ်သည်ကို ရှင်းလင်းမပြနိုင်သော်လည်း ဖုထင်အနေဖြင့် ပုံမှန်မဟုတ်သော ခံစားချက်အချို့ကို ခံစားခဲ့ရသည်။

ဤသို့ခံစားရခြင်းက အခြေအမြစ်မရှိသော ခံစားချက်တစ်ခုမဟုတ်ကြောင်း ရန်ကျောက်ကဲ ယုံကြည်ခဲ့သည်။

ပိုးသားဧကရာဇ် ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင် ၊ အရှေ့မြောက်ထိပ်တန်းအရှင်သခင်တို့၏ ယခင်အချိန် သတိပေးစကားများအရ ဖုထင်ခံစားရသည်မှာ တစ်စုံတစ်ခုစစ်မှန်ကြောင်း ရန်ကျောက်ကဲ မှန်းဆနိုင်ခဲ့သည်။

အသက်ကြီးမှရရှိထားသော တစ်ဦးတည်းသောသမီးလေး ဤသို့သောအခြေအနေကြုံတွေ့ရသည့်အတွက် ပိုးသားဧကရာဇ် စိတ်ရှုပ်ထွေးနေမည်မှာ သဘာဝပင်။

ပိုးသားဧကရာဇ်မှာ ရောက်ရောက်ချင်း တိုက်ပွဲဝင်ခဲ့ရသဖြင့် သမီးဖြစ်သူဖုထင်ကို တွေ့ဆုံချိန်မရခဲ့ပေ။ သို့သော် နောက်ပိုင်းမှာတော့ သူမဘာဖြစ်ခဲ့သည်ကို သိရှိသွားမည် ဖြစ်၏။

အကယ်၍ တိုက်ပွဲမစတင်မီ ဖုထင် ဘာဖြစ်ခဲ့သည်ဆိုကြောင်း သိရှိခဲ့ပါက ဧကရာဇ်အနေဖြင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို သူသေကိုယ်သေတိုက်မည်လား မပြောနိုင်ပေ။

All Chapters