‘ရန်’ မိသားစုထာဝရပိုင်ဆိုင်သောဘဝတစ်ခု
Vol. 67 Ch. 939
အခန်း (၉၃၉) ‘ရန်’ မိသားစုထာဝရပိုင်ဆိုင်သောဘဝတစ်ခု
ရန်ကျောက်ကဲနှင့် ဖုထင်တို့က အမတခုံရုံးနယ်မြေထဲသို့ အတူတကွ ရောက်ရှိခဲ့ကြကြောင်း ပိုးသားဧကရာဇ်သိရှိသွားသည့်တိုင် သူက ရန်ကျောက်ကဲကို ဆင့်ခေါ်တွေ့ဆုံခြင်း မရှိပေ။
တိုက်ပွဲကြီးပြီးဆုံးသည့်နောက် ရန်ကျောက်ကဲ ၊ မုကျွင်းနှင့် အခြားသူများက အထက်ဘုံကမ္ဘာ ၊ အရှေ့တောင်နေဝန်း ကောင်းကင်ပြည်နယ်သို့ ပြန်လာခဲ့ကြသည်။
ပိုးသားဧကရာဇ်က သူတို့သားအဖနှစ်ယောက်ကို ဧည့်သည်တော်များအဖြစ် ဖိတ်ကြားခဲ့ပြီး အကြောင်းကြောင်းကြောင့် တွေ့ဆုံရန်ပျက်ကွက်ခဲ့သည်။
ယခုလည်း ရန်ကျောက်ကဲနှင့်တွေ့ဆုံရန် ရည်ရွယ်ချက်ရှိဟန် မတူပေ။
သို့သော် ဖုထင်ကတော့ မြောက်ဖေးတောင်ထွတ်မှ တပည့်အချို့စေလွှတ်ပြီး ရန်ကျောက်ကဲကို တောင်းပန်စကားဆိုခဲ့သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် တိုက်ပွဲတွင် ပိုးသားဧကရာဇ် ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့သလို သူသေကိုယ်သေ တိုက်ခိုက်ခဲ့ခြင်းလည်း မရှိပေ။
ထို့ကြောင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် တိုက်ပွဲရှုံးနိမ့်ပြီး ထွက်ခွာသွားသည်နှင့် တိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။
ထို့ပြင် တိုက်ပွဲပြီးသည်နှင့် ပိုးသားဧကရာဇ်က ပြင်ပဗလာနယ်ထဲသို့ အလျင်အမြန် ပြန်လည်ထွက်ခွာသွားပြီး အထက်ဘုံကမ္ဘာတွင် ဆက်လက်နေထိုင်ခြင်း မရှိခဲ့ပေ။
ဧကရာဇ်က အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မပြောသည့်တိုင် ရန်ကျောက်ကဲစိတ်ထဲမှာတော့ ခန့်မှန်းချက်အချို့ ရှိခဲ့သည်။
တိုက်ပွဲပြီးပြီးချင်း ပိုးသားဧကရာဇ် ပြန်လည်ထွက်ခွာမသွားသည်မှာ ဖုထင်၏ကိစ္စကြောင့် ဖြစ်နိုင်သည်။
ယခုအချိန်မှာတော့ ဖုထင်က မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးတွင် တံခါးပိတ်ကျင့်ကြံလျက် ရှိသည်။
သူမကိုယ်စား လူအချို့စေလွှတ်ခဲ့သော်လည်း သူမ၏လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်ကိုတော့ ဖုထင်က ပြောပြခဲ့ခြင်း မရှိပေ။
ဖုထင် အမတခုံရုံးသို့ရောက်ရှိခဲ့ပြီးနောက် သူမခံစားနေရသည့် နောက်ဆက်တွဲဆိုးကြိုးများကို ပိုးသားဧကရာဇ်သည်လည်း ဖြေရှင်းပေးနိုင်မည်လား မသေချာပေ။
အခြေအနေကိုကြည့်ရသည်မှာတော့ သိပ်ပြီးအကောင်းဘက်မှတွေးထားရန် မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော အလွယ်တကူဖြေရှင်းနိုင်သည့်ကိစ္စဖြစ်ခဲ့လျှင် ချောင်ကျယ်နှင့်လျိုကျန်းကူတို့က ရန်ကျောက်ကဲကို ဤကိစ္စနှင့်ပတ်သက်ပြီး ထပ်ခါတလဲလဲ သတိပေးနေမည် မဟုတ်ပေ။
မြောက်ဖေးတောင်ထွတ်မှတပည့်များကတော့ ဖုထင်စေလွှတ်၍သာ လာရသော်လည်း အခြေအနေမှန်ကို နားမလည်ကြပေ။
သူအဓိကလာရသည့် အကြောင်းရင်းက ယခင် ပိုးသားဧကရာဇ်တွေ့ဆုံရန်ပျက်ကွက်ခဲ့ပြီး ယခုတစ်ကြိမ်လည်း မတွေ့ဆုံနိုင်သည့်အတွက် တောင်းပန်စကားဆိုရန် ဖြစ်၏။
မြောက်ဖေးတောင်ထွတ်မှ တပည့်ကိုကြည့်ရသည်မှာ အနည်းငယ် စိတ်ရှုပ်ထွေးနေဟန် ရှိသည်။
ပိုးသားဧကရာဇ်၏ အဆင့်အတန်းအရ အမတကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို တွေ့ဆုံသည်ဖြစ်စေ မတွေ့ဆုံသည်ဖြစ်စေ အရေးမပါသောကိစ္စသာလျှင် ဖြစ်သည်။
ဖုထင်က သူတို့ကိုဘာကြောင့် တောင်းပန်စကားဆိုရန် စေလွှတ်ရသည်ကို နားလည်ရခက်လျှက်ရှိသည်။
သို့သော် မြောက်ဖေးတောင်ထွတ်မှ ရောက်လာသူများက အလွန်တရာယဉ်ကျေးပြီး မောက်မာသော အမူအရာများ မရှိကြပေ။
ရန်ကျောက်ကဲအနေဖြင့် အမတခုံရုံးနှင့် ပတ်သက်သည့်ကိစ္စများကို သူတို့ကို ပြောပြရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် လက်ခံတွေ့ဆုံပြီးနောက် ပြန်လွှတ်လိုက်သည်။
ယွမ်ကျန်းဖုန်း ၊ ဖုအန်းစု ၊ ဖန်ကျွင်းနှင့် ဝါဒတောင်မှ အခြားသောထိပ်တန်းအကြီးအကဲများကို တစ်ချက်ဝေ့ကြည့်ရင်း ရန်ကျောက်ကဲ စိတ်ထဲမှသက်ပြင်းချလိုက်သည်။
အမတခုံရုံးနှင့်ပတ်သက်သည့်ကိစ္စကို မြောက်ဖေးတောင်ထွတ်မှတပည့်များကို ပြောမပြနိုင်သလို ဝါဒတောင်မှလူမျးကိုလည်း ပြောပြရန် မဖြစ်နိုင်ပေ။
အမုန်းတရားမဲ့တာအိုနန်းတော် ပျက်စီးသွားပြီးနောက် သူ မည်သည့်နေရာသို့ ရောက်သွားပါသနည်းဆိုသော မေးခွန်းအား ဗလာနယ်စီးကြောင်းများအလယ် ပိတ်မိနေပြီး ပြန်လမ်းရှာဖွေရန် ခက်ခဲကြောင်းသာ ပြောနိုင်သည်။
ယွမ်ကျန်းဖုန်းနှင့်အခြားသူများ သိရှိပြီးသားဖြစ်သော ဗုဒ္ဓဘာသာ ကျင့်ကြံသူများကိုသာ ကောင်းမွန်သော ဖုံးကွယ်မှုအဖြစ် အသုံးပြုလိုက်ရသည်။
“အဖေ တံခါးပိတ်ကျင့်ကြံနေတုန်းလား”
ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်းနှင့် အခြားသူများကို နှုတ်ဆက်စကားဆိုပြီးနောက် သူ၏အိမ်တော်သို့ပြန်ရောက်သည်နှင့် အားဟူကိုမေးမြန်းလိုက်ခြင်းပင်။
မြောက်ပိုင်း သမုဒ္ဒရာကိုယ်ပွား ဝါဒတောင်တွင် ကျန်ရစ်ခဲ့သည့်အအတွက် ဖန်းယွင်ရှန်း သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်သွားကြောင်း ရန်ကျောက်ကဲ သိရှိခဲ့၏။ ထိုမျှမက သူနှင့်လူချင်းကွဲသွားပြီးနောက် ရန်တိသည်လည်း ဝါဒတောင်သို့ သူ့ထက်အရင် ပြန်လည်ရောက်ရှိနေခဲ့ကြောင်းကိုလည်း သိရှိခဲ့သည်။
အချိန်ကာလကိုတွက်ချက်ကြည့်လျှင် ရန်တိက အမတခုံရုံးနယ်မြေ သို့မဟုတ် ဗုဒ္ဓဘာသာနယ်မြေသို့ ရောက်ရှိခဲ့ခြင်း မရှိပေ။
သို့သော် ပြန်ရောက်သည်နှင့် ရန်တိက အလျှင်အမြန်ပင် တံခါးပိတ်ကျင့်ကြံခြင်းပြုလုပ်ခဲ့သည်။
ထိုသို့အလျင်စလိုပြုလုပ်ခြင်းမှာ ရန်တိအတွက် ရှားပါးကိစ္စပင်။
တံခါးပိတ်ကျင့်ကြံခြင်းမပြုမီ ရှင်းလင်းချက်ပေးထားခဲ့သောကြောင့် မကောင်းသည့်အရာမဟုတ်ကြောင်း သိရသဖြင့် ရန်ကျောက်ကဲ စိတ်သက်သာရာရသွားရသည်။
အားဟူက ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း...
“အိမ်တော်သခင်က တံခါးပိတ်ကျင့်ကြံနေတုန်းပဲ”
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး အားဟူကိုကြည့်ကာ ပြုံးလိုက်ရင်း...
“ယွင်ရှန်းနဲ့ ဂိုဏ်းတူအစ်ကို’ရွှီ’ တို့တောင် သိုင်းသူတော်စင်တွေဖြစ်ကုန်ကြပြီ ၊ မင်း ပိုပြီးကြိုးစားဖို့လိုတယ်”
အရည်အချင်းနှင့် နားလည်နိုင်စွမ်းမြင့်မားမှုတွင် သူ့အရှေ့မှ လူထွားကြီးသည် ရွှီဖေး ၊ ထန်ယုံဟောင်နှင့် အခြားသူများထက် မနိမ့်ကျပေ။
ရွှီဖေးက သမုဒ္ဒရာကမ္ဘာတွင် အချိန်ကြာမြင့်စွာနေထိုင်ကျင့်ကြံခဲ့ရသည်။
အားဟူက ရန်ကျောက်ကဲနောက်သို့ လိုက်ခဲ့ပြီး ရင်းမြစ်ကြွယ်ဝမှုများစွာ ရရှိခဲ့သလို မကြာသေးမီနှစ်ပိုင်းအတွင်း အထက်ဘုံကမ္ဘာတွင်နေထိုင်ခဲ့ရသဖြင့် ကျင့်ကြံခြင်းတွင် ရွှီဖေးနောက် သိပ်ပြီးနောက်ကျမကျန်ခဲ့ပေ။
သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် မရောက်သေးသည့်အတိုင် အသက် (၄၀)ဝန်းကျင်ဖြင့် အမတလက်ဖွဲ့သိုင်းဆရာသခင်အဆင့်သို့ရောက်ရှိခဲ့ပြီး ‘အမတလက်ဖွဲ့ကောင်းကင်ပလ္လင်’ ကို တည်ဆောက်နိုင်ပြီ ဖြစ်သည်။
သူ၏အသက်အရွယ်နှင့် ဤအဆင့်သို့ရောက်ရှိသည်မှာ အလွန်ငယ်ရွယ်သေးသည်ဟု ဆိုနိုင်၏။
အားဟူက အထက်ဘုံကမ္ဘာသို့ ရောက်ရှိသည်မှာ နှစ်အနည်းငယ်မျှသာရှိသေးဖြင့် ငယ်စဉ်ကပင် ထူးခြားသာလွန်သော အထက်ဘုံကမ္ဘာပတ်ဝန်းကျင်တွင် ကျင့်ကြံခဲ့ကြသော ဖုထင် ၊ လုန်ဟန့်ဟွာ ၊ ကျွမ်းကျောင်းဟွေ ၊ ကျန်းမော့နှင့် အခြားသူများကိုတော့ မယှဉ်နိုင်ခဲ့ပေ။
ထို့ပြင် ထူးကဲယင်သရဖူ၏ အကူအညီကိုရရှိထားသည့် ထူးကဲယင်မိန်းမပျို ဖန်းယွင်ရှန်း၏ ထူးခြားသောအခြေအနေနှင့်လည်း မယှဉ်နိုင်ပေ။
သို့ပေသိ အစွန်းရောက် ရှစ်ပါးကမ္ဘာတွင်တော့ ရန်ကျောက်ကဲနှင့် ရန်တိမှလွဲပြီး ဤမျှလျှင်မြန်သော ကျင့်ကြံခြင်းအဆင့်တက်သည့်အရှိန်အဟုန်မျိုး မည်သူ့တွင်မှ မရှိခဲ့ပေ။
ဟုတ်ပေ၏။
ဤ အမတလက်ဖွဲ့သိုင်းဆရာသခင်က ရန်ကျောက်ကဲ၏ အစေခံအဖြစ် ဆုံးဖြတ်ချက်ခိုင်မာစွာ ဆက်လက်နေထိုင်နေသည်ကို လူအများက နားမလည်နိုင်ဖြစ်ခဲ့ကြရသည်။
ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်က အားဟူထက်များစွာမြင့်မားသဖြင့် သူ့တွင် အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင် အစေခံတစ်ယောက်ရှိသည်မှာ သဘာဝကျသည် အမှန်ပင်။
သို့သော် ဤသို့သော်ဖြစ်ရပ်မျိုးက အစွန်းရောက်ရှစ်ပါးကမ္ဘာမပြောနှင့် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှာပင် အလွန်ရှားပါးလှပေသည်။
အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်အဆင့်သို့ ရောက်ပြီးနောက် သိုင်းသူတော်စင်အဆင့်တက်ရောက်နိုင်ရန် အလားအလာရှိသော သိုင်းကျင့်ကြံသူများသည် သူတို့၏ကိုယ်ပိုင်ဂုဏ်သိက္ခာကို သေချာပေါက် ပိုင်ဆိုင်မည် ဖြစ်သည်။
ဤသို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသော သိုင်းကျင့်ကြံသူများကို တွေ့ရသည်မှာ ရှားရှားပါးပါးပင်။
အခြားသော နောက်လိုက် အစေခံများမှာ ယေဘူယျအားဖြင့် ကျင့်ကြံခြင်းအဆင့် ထပ်မံတိုးတက်ရန် မျှော်လင့်ချက်မရှိသူများ ဖြစ်ကြသည်။
အသက်ငယ်ရွယ်ပြီး အကန့်အသတ်မရှိသော အနာဂတ်ကိုပိုင်ဆိုင်သည့် အားဟူကဲ့သို့သောသူများက အခြားသူများ၏ အစေခံလုပ်ချင်သည်မှာ မရှိသလောက်ပင်။
ရန်ကျောက်ကဲနှင့်ရင်းနှီးသော မုကျွင်း ၊ ကျန့်မင် ၊ ချန်ကျိလင်နှင့် ကျင်းထင်တောင်မှ အခြားသူများကိုအသာထား ၊ ဝါဒတောင်မှလူများသည်ပင် အားဟူ၏ခံယူချက်မပြောင်းလဲသည်ကို အံ့အားသင့်ခဲ့ကြသည်။
ရန်ကျောက်ကဲနှင့် ရန်တိတို့က အားဟူကို ဘယ်တုန်းကမှ ထိန်းချုပ်မထားခဲ့ပေ။
သို့သော် ဤလူထွားကြီးက အရင်အတိုင်းပင် သူ့နည်းသူ့ဟန်ဖြင့် ဆက်သွားနေဆဲ ဖြစ်၏။
ကမ္ဘာကြီးတွင်အရာများစွာ ပြောင်းလဲသွားသော်လည်း အားဟူဆိုသော ‘ဟွမ်ဟူထင်’ ၏နှလုံးသားထဲတွင် အိမ်တော်သငခ်က သူနှင့် သူ့အဘိုးကို ကယ်တင်ခဲ့ကြောင်း သတိရနေဟန်ပင်။ ထို့ကြောင့် သူက ကျင့်ကြံခြင်း အဆင့်မြင့်မားလာသည့်တိုင် သူ့ဘဝကို ‘ရန်’ အိမ်တော်က ထာဝရပိုင်ဆိုင်သည်ဟု တွေးထားဟန်ရှိသည်။
အားဟူက...
“သခင်လေး... ကျွန်တော် သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်ကိုတက်ဖို့ သိပ်မလိုတော့ဘူး ထင်တယ်”
ရန်ကျောက်ကဲက မျက်လုံးများကို မှေးစင်းရင်း...
“ဒါဆို မြန်မြန်အဆင့်တက်တော့ ၊ မဟုတ်ရင် ဟန်လုန်အာက မင်းကို ကျော်တက်သွားလိမ့်မယ်”
ထိုစကားကြားတော့ အားဟူ နှုတ်ခမ်းများကို တွန့်ကွေးလိုက်ရင်း...
“အဲဒီကောင်လေးကတော့...”
ထို့နောက် အားဟူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...
“ဒါနဲ့ သခင်လေး ၊ ကျွန်တော် ပြောစရာရှိတယ် ၊ ရှီကျွင်းလေး ပြင်ပကမ္ဘာကို ခရီးထွက်ရင်းနဲ့ ပစ္စည်းတစ်ခု ရလာတယ် ၊ အဲဒါကို သူကိုယ်တိုင်မကိုင်တွယ်နိုင်လို့ ဂိုဏ်းကိုတင်ပြလာတယ် ၊ အိမ်တော်သခင်က တံခါးပိတ်ကျင့်ကြံနေတော့ ဂိုဏ်းချုပ်ဟောင်းနဲ့ အကြီးအကဲ’ဖန်ကျွင်း’ က သခင်လေးကို လက်လွှဲပေးဖို့ စောင့်နေကြတာ”
ရန်ကျောက်ကဲက...
“ဟုတ်တယ် ၊ စောစောကပဲ ဆရာဘိုးဘိုးနဲ့ ဒုတိယဆရာဦးလေး အဲဒီအကြောင်းပြောပြတယ် ၊ အဲဒါက ထိုက်ချင်အဆက်အနွယ်နဲ့ဆက်စပ်နေတယ်လို့ ငါ ကြားတယ်”
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဝါဒတောင်က အလွန်ရှေးကျသော ထိုက်ချင်အမွေအနှစ်ကို ဆက်ခံသူအဖြစ် မှတ်ယူနိုင်သည်။
ဝါဒတောင်၏တည်ထောင်သူ ဆရာဘိုးဘိုး ‘ကောင်းကင်တည်ထောင်သူ’ ချိုးယွမ်သည် ဝါဒတောင်၏ အခြေခံအုတ်မြစ်ဖြစ်သော ‘ကြယ်တာရာသန့်စင်ချီ’ သိုင်းပညာကို နှစ်ပေါင်းများစွာကြာအောင် တီထွင်ဖန်တီးခဲ့သည်။
အစွန်းရောက်ရှစ်ပါး သိုင်းပညာအမွေအနှစ် (၈)မျိုးလုံးမှာ ဤသည်မှ ဆင်းသက်လာခြင်း ဖြစ်၏။
လက်ရှိတွင် ဝါဒတောင်က ထိုက်ချင်အဆက်အနွယ်နှင့် ပတ်သက်သည့်ကိစ္စရပ်များအားလုံးကို ကိုင်တွယ်ရန် ရန်ကျောက်ကဲထံ လွှဲပြောင်းပေးမည်ဟု သဘောထားခဲ့ကြသည်။
အားဟူက...
“ကြည့်ရတာ ဒီပစ္စည်းက ကျောက်ဂူအိမ်တော်တစ်ခုနဲ့ ဆက်စပ်နေတယ် ၊ အဲဒီကျောက်ဂူအိမ်တော်က နှစ်အနည်းငယ်နေမှ တစ်ကြိမ်ပေါ်လာပြီး တိုက်ဆိုင်မှုရှိတဲ့သူတွေသာ ရှာတွေ့နိုင်တယ်တဲ့”
“အချိန်တွက်ကြည့်ရင် အဲဒါက ဒီ (၂)နှစ်အတွင်းမှာ ဖြစ်သင့်တယ် ၊ ဒါပေမဲ့ လောလောဆယ်တော့ အတည်ပြုလို့ မရသေးဘူး”
ပြောပြီးသည်နှင့် အားဟူက ပစ္စည်းတစ်ခုကို ရန်ကျောက်ကဲထံ ကမ်းပေးလိုက်သည်။
ရန်ကျောက်ကဲက လက်ခံယူလိုက်ပြီး ထိုအရာက ကျိုးနေသည့် ဖူချန်နှင်တံတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရလေ၏။